အခန်း (၄၇)
“ဒဏ်ရာရထားတဲ့ သူကို အရင်ကယ်ဉီး”
ရှင်းဖုန်း ထိုလူကို ကျော်သွားသဖြင့် အခြားသူများလည်း ရှင်းဖုန်း အနောက် လိုက်လာကြကာ ထိုလူတစ်ယောက်တည်း ကျန်ခဲ့လေသည်။ ထိုသူသည် နေရာတွင်ပင် ကြောင်အစွာ ရပ်နေပြီး ခြေဆောင့်ကာ ရှင်းဖုန်းတို့ နောက်ကို လိုက်သွားသည်။
“သူက ရှုကျဲ အလင်းစွမ်းအင် ပိုင်တာ .. ငါ့ကို တစ်ဖက်သတ်ကြီး မင်္ဂလာဆောင် ပေးမနေနဲ့”
သူတို့၏ ဆက်ဆံရေးကို ယွင်ချဲ့ အတွေးများနေကြောင်း ရှင်းဖုန်း သတိထားမိသဖြင့် ကြိုတင် သတိပေးလိုက်ခြင်း ဖြစ်သည်။
“လူချောလေးပဲလေ အဟဲ”
ယွင်ချဲ့ အားပြု၍သာ ရယ်လိုက်ရသည်။ ရှင်းဖုန်းလည်း ယွင်ချဲ့ကို တစ်ချက်ကြည့်ကာ ခါးကို အသာဆိတ် လိုက်သည်။ အသိစိတ်မရှိသော ကလေးသူငယ် အတိုင်းပင်။ သူ့ကို ရည်းစားပွေရှုပ်ဟုများ ထင်မှတ်နေသလားပင်။ သူ့ထံ လာကမ်းလှမ်း ကြလျှင်တောင် သူစိတ်မဝင်စားဟု ထိုသူတို့ကို ပြောထားခဲ့ပြီး ဖြစ်သည်။
ထိုအချိန်တွင်ပင် ဒုတိယအထပ်မှ အခန်းတွင် ကူးမင်ရွှမ်းသည် ယွင်ယောင်ကို ကုတင်ပေါ်သို့ အသာအယာ ချလိုက်ပြီး မှောက်လျက် နေစေကာ သူမ၏ ကျောဘက်မှ အဝတ်စကို ဖြတ်ပစ် လိုက်သည်။ အလွန် အရေးကြီးသည့် အချိန်ဖြစ်နေသောကြောင့် တွေးတောနေရန် အချိန်မရှိပေ။
သူမကျောပေါ်မှ ဒဏ်ရာကို ဆေးကြော လိုက်သည့်အခါ ကုတ်ခြစ်ရာ လေးခု ပေါ်လာသည်။ ဒဏ်ရာများမှာ နက်လွန်းသဖြင့် အသားစများပင် မြင်နေရသည်။ ဒဏ်ရာများ၊ လူအလောင်းများကို မြင်သားကျနေသော ကူးမင်ရွှမ်းပင် ထိတ်လန့် သွားရသည်။
“မမ…”
ဒဏ်ရာများကို မြင်လိုက်သဖြင့် ယွင်ချဲ့ အပြေးလာကာ ခုတင်ဘေးတွင် ဒူးထောက်ကာ ယွင်ယောင် လက်များကို ဆုပ်ကိုင်ထားပြီး မျက်ရည်များလည်း ဝဲနေသဖြင့် မျက်လုံးများပင် နီရဲနေသည်။ အနောက်မှ လိုက်လာသော ချူးဟောင်လင်းနှင့် အခြားသူများလည်း အလွန်ထိတ်လန့် သွားကြလေသည်။ ထိုသို့ ကြောက်မက်ဖွယ် ဒဏ်ရာများ ရထားသည့်တိုင် သူမ ဘယ်လိုလုပ်များ အသက်ရှင် နေနိုင်သေးတာလဲ။
သူတို့၏ သံသယများကို မည်သူမှ မဖြေရှင်းနိုင်ပေ။ ရှင်းဖုန်း လည်း ကလေးကိုချီထားရမှ သူ၏လူများထဲမှတစ်ယောက်ကို ချီခိုင်းလိုက်ပြီး ယွင်ချဲ့ ကို ဆွဲထားလိုက်ကာ …
“ရှုကျဲ သူ့ကိုကုပေးပါစေ”
ယွင်ချဲ့ ပူဆွေးနေသည်ကို သိသော်လည်း အခုချိန်တွင် ကုသရမည်က ပထမ ဉီးစားပေးပင်။
“အင်း”
အခုချိန်တွင် ယွင်ချဲ့မှာ နှစ်သိမ့်မှုကို လိုအပ်နေသော်လည်း ရှုကျဲ၏ အကြည့်ကြောင့် ရှင်းဖုန်း၏ လက်များကို ဖယ်ချလိုက်သည်။ အခုချိန်တွင် ယွင်ယောင် အသက်ထက် မည်သည့် အရာမှ အရေးမကြီးသောကြောင့် ရှင်းဖုန်းနှင့် ရှုကျဲတို့ မည်သည့် ဆက်ဆံရေးပင် ဖြစ်ဖြစ် ရှုကျဲကို စိတ်တိုအောင် မလုပ်ချင်ပေ။
“သူကဘယ်သူလဲ .. ငါက ဘာကြောင့် ကယ်ပေးရမှာလဲ”
ရှုကျဲ စိတ်အလိုမကျ ဖြစ်နေသဖြင့် ယွင်ယောင်ကို မထူးခြားစွာ လက်ညှိုးထိုးကာ မေးလိုက်သည်။ အခုချိန်မှာ ကပ်ဘေးကာလ ဖြစ်နေပြီး လူအများအပြားလည်း သေကြေနေကြသည်ကို နေသားကျနေပြီ ဖြစ်သော်လည်း သူ၏စကားများမှာ နှစ်သက်ဖွယ် မကောင်းလှပေ။ အမှန်မှာ ရှင်းဖုန်း၏ တောင်းဆိုချက် ဖြစ်သည့်အပြင် ယွင်ယောင် သည်လည်း သာမန် ဖြတ်သွားဖြတ်လာ သူမဟုတ်ပေ။
အဖွဲ့ထဲတွင် တစ်ဦးတည်းသော အလင်းစွမ်းအား ပိုင်ရှင်ဖြစ်သောကြောင့် ရှင်းဖုန်း သည်းခံနေခဲ့သော်လည်း အခုချိန်တွင် ရှင်းဖုန်း မျက်နှာပျက် သွားသည်။
“သူ့ကိုကယ်လိုက် ငါထပ်မပြောချင်ဘူး”
ရှင်းဖုန်း စူးရှသော အကြည့်များနှင့် ကြည့်လိုက်ရာ ရှုကျဲ တုန်သွားပြီး ယွင်ချဲ့နှင့် ယွင်ယောင်ကို ပို၍ပင် မုန်းတီး သွားသဖြင့် ခေါင်းမာလျက်ပင် …
“မလုပ်နိုင်ဘူး ငါ့ကိစ္စမှ မဟုတ်တာ”
ပြောပြီးနောက် ရှုကျဲ အခန်းထဲမှ ပြေးထွက်သွားသည်။ ရှင်းဖုန်းနှင့် အခြားသူများ ဒေါသထွက်နေချိန် ရုတ်တရက် ဓါးနက်တစ်ချောင်း ပေါ်လာကာ ပျံထွက် သွားလေသည်။
ရှုကျဲ တံခါးဖွင့်တော့မည့် အချိန်တွင် ဓါးမှာ မျက်နှာဘေးက ဖြတ်သွားပြီး တံခါးတွင် ထိုးစိုက်သွားလေသည်။ တံခါးပျဉ်ပေါ်တွင် ကျန်နေခဲ့သော ဓါးရိုးမှာ တကျီကျီ မြည်နေလျက်ပင်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသူများ အားလုံး ထိတ်လန့် သွားရသည်။ ထိုဓါး မည်သည့် နေရာက ထွက်ပေါ်လာသည် သူတို့ မြင်ပင် မမြင်လိုက်ရပေ။
ဓါးရိုးနက်ကို ကြည့်ကာ ရှုကျဲ ကြောက်အား လန့်အားဖြင့် ခြေထောက်များ ချိလာကာ ထိုင်လျက် ကျသွားလေသည်။
“ခင်ဗျား ပေးထားတဲ့ကတိ မှတ်မိတယ်မလား .. တကယ်လို့ ကျုပ်အစ်မ အသက်မရှင်နိုင်ရင် သူ့ကိုသတ်မှာ”
ယွင်ချဲ့ ခုတင်ကို မှီကာထိုင်နေပြီး မျက်နှာပေါ်တွင်လည်း ဒေါသများ ပြည့်နှက်နေသည်။ သူအားနည်း နေသော်လည်း သူ၏အသံမှာ အလွန် ခက်ထန်ပြီး အချိန်မရွေး လူသတ်နိုင်သည့် အရိပ်အယောင် ရှိနေသဖြင့် မည်သူမှ ဝင်မပြောရဲပေ။
“ငါ့စကားငါတည်ပါတယ်”
အလင်းစွမ်းအား ပိုင်ဆိုင်သူသည် ရှားပါးသော်လည်း ရှင်းဖုန်း တွန့်ဆုတ်ခြင်းမရှိ ယွင်ချဲ့ကို သဘောတူ လိုက်သည်။ သူ့အတွက် ကျင့်ဝတ်က ကျင့်ဝတ် ဖြစ်သောကြောင့် သူ့အဖွဲ့၏ အမိန့်ကို မနာခံရန်မလိုပေ။
အခြားသူများ တိတ်ဆိတ်လျက် ရပ်နေကြလေသည်။ ကမ္ဘာပျက်ကပ် မတိုင်ခင် ရှုကျဲက အလွန် ကျော်ကြားသူ တစ်ယောက်ဖြစ်ခဲ့ပြီး သူ့ပရိသတ်များ၊ ထောက်ပံ့သူများ၏ အလိုလိုက်ခြင်း ခံခဲ့ရသည်။ ကပ်ဘေး ဆိုက်ပြီး နောက်တွင်လည်း အလွန်ရှားပါးသော အလင်းစွမ်းအင် ပိုင်ရှင်များ အနက်မှ တစ်ယောက် ဖြစ်လာသဖြင့် ပို၍ပင် ဘဝင်မြင့် သွားလေသည်။ သူ့အပေါ် အဖွဲ့ဝင်များ စိတ်ပျက် နေကြသော်လည်း အဖွဲ့ခေါင်းဆောင်ကြောင့်သာ သည်းခံနေကြခြင်း ဖြစ်သည်။
“ကျေးဇူးပဲ”
ယွင်ချဲ့လည်း လေထုထဲမှ ရေဘူးတစ်ဘူး ထုတ်ယူ လိုက်လေသည်။ သူ၏စွမ်းအား အကြောင်းကို မည်သူကိုမှ လျှို့ဝှက် မထားတော့ပေ။ ယွင်ချဲ့ နေပြန်ကောင်း သွားသည်ဟု ခံစားလိုက်ပြီးနောက် ရှင်းဖုန်း အံ့သြစွာ စိုက်ကြည့် နေသည်ကို ဂရုမစိုက်ဘဲ ရှုကျဲ ထံသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။
စွမ်းအားသုံးခု ပိုင်ရှင် !။ တခြားသူများမှာ ယွင်ချဲ့၏ အခြား စွမ်းအားများကို မသိသေးသဖြင့် မအံ့ဩကြသော်လည်း ရှင်းဖုန်း သိသည်။ သို့သော် သူအလိမ် ခံရသကဲ့သို့ မခံစားရပေ။ အကယ်၍ ယွင်ချဲ့သာ သာမန်လူ တစ်ယောက်ဆိုပါက ရှင်းဖုန်း ထိုတမျှ စိတ်ဝင်စားမည် မဟုတ်ပေ။
“မင်းဘာလုပ်မလို့လဲ .. အစ်ကို ဖုန်း !”
ရှုကျဲ ကြောက်လန့် နေသဖြင့် ခြေလှမ်းများ နောက်ဆုတ်သွားကာ ရှင်းဖုန်းကို ကူညီပေးရန် လှမ်းခေါ်လိုက်သည်။ ယွင်ချဲ့ ထိုသို့ လုပ်နိုင်သည်အထိ ရှင်းဖုန်း ခွင့်ပြုထားပြီး သည်ကိုပင် မေ့သွားလောက်သည် အထိ ရှုကျဲ ကြောက်ရွံ့နေသည်။
“စွမ်းအားတွေကို စုပ်ယူလို့ရတဲ့ အကြောင်း မင်းသိနေမလားလို့ တွေးနေတာ .. ကြည့်ချင်လား”
ရှုကျဲ ကို သေချာ ကြည့်နိုင်ရန်အတွက် ယွင်ချဲ့ ထိုင်ချလိုက်ပြီး ရှုကျဲ မျက်နှာကို ထိလိုက်သည်။ ယွင်ချဲ့ ပုံစံမှာ ရှုကျဲ ကြောက်လန့် နေသည်ကို သဘောကျနေပုံပင်။ ထို့နောက် နူးညံ့သောလေသံဖြင့် ….
“လူတစ်ယောက်က အခြားသူရဲ့ စွမ်းအားတွေကို အလွယ်လေး ယူလို့ရတယ် … ဖုတ်ကောင်တွေရဲ့ အစွမ်းက သူတို့ ခေါင်းထဲမှာရှိတဲ့ အမြုတေက နေရသလို စွမ်းအားပိုင်ရှင် လူတစ်ယောက်ရဲ့ စွမ်းအင်ကလည်း သူ့ခေါင်းထဲမှာ ရှိနေတာ .. အဲဒီလူရဲ့ ခေါင်းကို ဖောက်ပြီး ဦးနှောက်ကို စုပ်ယူလိုက်ရင် သူ့စွမ်းအားကို ပိုင်သွားပြီပေါ့ .. ရွံစရာတော့ ကောင်းပေမယ့် ငါ့အစ်မကိုသာ ကယ်နိုင်မယ်ဆိုရင် ငါသည်းခံရမှာပေါ့ ဟုတ်တယ်မလား”
လေသံက နူးညံ့ညင်သာ သော်လည်း စကားလုံးများမှာ သွေးပျက်ဖွယ်ပင်။ ယွင်ချဲ့ ပုံစံမှာ နတ်ဆိုး တစ်ကောင်နှင့် တူနေလေသည်။
“အား! မလုပ်နဲ့ .. အစ်ကို ဖုန်း ကျွန်တော့်ကို ကယ်ပါဦး !”
ရှုကျဲ တစ်ကိုယ်လုံး တုန်ယင် နေလေသည်။
“ဝိုး .. ဒီလို အဖိုးတန်တာမျိုး ဘယ်လို ရှာတွေ့ခဲ့တာလဲ … သူပြောတာ အမှန်ပဲလား”
ကူးမင်ရွှမ်း အံ့သြတကြီးဖြင့် ရှင်းဖုန်းကို မေးလေသည်။ သူတို့မှာ စစ်သားဖြစ်သောကြောင့် အင်အားသုံးကာ ပြောဆိုကြသော်လည်း ယွင်ချဲ့မှာမူ စကားလုံးအချို့နှင့်ပင် မာနကြီး လွန်းသော ရှုကျဲကို နှိပ်ကွပ် နိုင်ပေသည်။
ကူးမင်ရွှမ်းကို ရှင်းဖုန်း စိုက်ကြည့်လိုက်ပြီး ကြည့်လိုက်ပြီး မာန်ဝင့်ဟန်ဖြင့် …
“မင်းက အမှန်အမှားတောင် မပြောတတ်တော့ဘူးလား”
အမှန်စင်စစ် ရှင်းဖုန်းလည်း သေချာမသိပေ။ ယွင်ချဲ့မှာ စွမ်းအားများနှင့် ဖုတ်ကောင်များ အကြောင်းကို အကျွမ်းတဝင် ရှိကြောင်း သူသိသော်လည်း ယွင်ချဲ့ စကားတို့မှာ မယုံကြည်နိုင်စရာပင်။
“ဟာ…”
ရိုးအလွန်းသော ကူးမင်ရွှမ်း ကိုယ့်နှာခေါင်းကို ထိလိုက်သည်။ လက်တွေ့ကျကျ ပြောရလျှင် ယွင်ချဲ့ ပြောသည်က မဖြစ်နိုင်သော်လည်း ယွင်ချဲ့က အတည် ပြောနေသဖြင့် သူသုံးသပ်၍ မရပြန်ပေ။
“ဒါပေမယ့် သူက တကယ့်ကို ရတနာပါပဲ”
ရှင်းဖုန်းလည်း ပြုံးလိုက်မိပြီး သူ၏အပြုံးက မည်မျှ တောက်ပ နေသည်ကို သူကိုယ်တိုင်ပင် သတိမထားမိပေ။
“နောက်ဆုံး အခွင့်ရေးပေးမယ် .. ကယ်မှာလား မကယ်ဘူးလား”
အခုချိန်တွင် ယွင်ချဲ့ သူ၏အစ်မက လွဲ၍ အခြား မည်သည်ကိုမှ ဂရုမစိုက်တော့ပေ။
ရှုကျဲလည်း ခုတင်အနားသို့ အမြန်ပြေးသွားကာ သူ၏အစွမ်းကို အသုံးပြုလေသည်။
“ဂရုစိုက်ဦး”
ယွင်ချဲ့ စိတ်သက်သာရာ ရသွားသော်လည်း အလွန် တုန်ယင်နေသဖြင့် လဲကျလု နီးနီးတွင် ရှင်းဖုန်း အမြန်လာကာ သူ၏ လက်မောင်းထဲတွင် ပွေ့ထားလိုက်သည်။
“မင်းလည်း ဆေးကုဖို့လိုနေပြီ”
ယွင်ချဲ့၏ သေးသွယ်သော ခါးကိုကိုင်ထားလျက် ရှင်းဖုန်း ရင်ထဲမှ ပထမဆုံးအကြိမ် ဆစ်ခနဲ နာကျင် သွားရလေသည်။
“မမက….”
ရှင်းဖုန်းကို မှီထားကာ မျက်လုံးပင် မဖွင့်နိုင်သော်လည်း အစ်မ ဖြစ်သူအတွက် စိုးရိမ်ပေးနေလေသည်။
“စိတ်လျှော့ပါ ဒဏ်ရာက ပြန်ကောင်းနေပြီ”
အလင်းစွမ်းအင်ကြောင့် ယွင်ယောင် ဒဏ်ရာများ သက်သာ လာလေသည်။ ရုတ်တရက် ယွင်ချဲ့ကို ရှင်းဖုန်း ပွေ့ချီသွားပြီး အခန်းထဲက ထွက်မည့်ဟန် ပြင်လိုက်သည်ကို ကူးမင်ရွှမ်း သတိထားမိ လိုက်သဖြင့် တံခါးထဖွင့် ပေးကာ ရယ်ပြလိုက်သည်။
“မင်းပင်ပန်း နေလောက်ရောပေါ့ သွားပြီး သူ့ကို ရေချိုးပေးလိုက် ဒီမှာ ငါတာဝန် ယူလိုက်မယ်”
ရှင်းဖုန်းလည်း ကူးမင်ရွှမ်း ပြောသည်ကို မငြင်းဆန်ပေ။ သူထွက်သွားဟန် ပြင်လိုက်ပြီးနောက် …
“ဟောင်လင်း .. ကလေးကို ငါ့အခန်းဆီ ခေါ်သွားလိုက်”
“ဟုတ်ကဲ့”
ပြဿနာများကို ဖြေရှင်းပြီးပြီ ဖြစ်သောကြောင့် ကျန်သော ကိစ္စများမှာ ကူးမင်ရွှမ်း၏ တာဝန်ပင်။ ချူးဟောင်လင်းလည်း ဆိုဖာပေါ်တွင် လဲနေသော ကလေးကိုချီကာ ထွက်သွားလိုက်ပြီးနောက် ကျန်သော သူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့လေသည်။
***