အခန်း (၄၆)
အနောက်တောင် လုံခြုံရေးစခန်း အပြင်ဘက်တွင် အသက်ရှင် ကျန်ရစ်ခဲ့ကြသော လူများ တန်းစီကာ စခန်းထဲဝင်ရန် စောင့်နေကြလေသည်။ အကုန် ပင်ပန်းသောက ရောက်နေကြသဖြင့် မလှုပ်ရှား လိုသဖြင့် ငြိမ်နေကြသည်။
ဂိတ်သုံးခု ရှိသော်လည်း အကြီးဆုံး ဂိတ်မှတစ်ဆင့် အစစ်ဆေးခံပြီး ဖြတ်သွား၍ ရနိုင်ပြီး တစ်ခါတစ်ရံ အချို့ကားများမှာ တခြားဂိတ် နှစ်ခုမှ ဖြတ်ခွင့်ရသည်။ အစပိုင်းတွင် လူအများစုက ထိုအချက်ကို သဘောမကျ ကြသော်လည်း စစ်တပ်မှ သေနတ်ကိုင်ကာ စောင့်ကြပ် နေကြသော စစ်သားများ ရှိသဖြင့် ထိတ်လန့် နေရသည်။
အကယ်၍ ဆူပူထကြွလာလျှင် စစ်တပ်က လက်နက်သုံးကာ နှိပ်ကွပ်မည်မှာ မလွဲဧကန်ပင်။ စခန်းထဲသို့ ရောက်နှင့်ပြီး သူများမှာလည်း တုံးအသည်တော့ မဟုတ်၊ ကမ္ဘာကြီးမှာ အခုချိန်တွင် ပြောင်းလဲသွားပြီး အင်အားက သာလျှင် ဖြေရှင်းပေးနိုင်မည်ကို သူတို့နားလည် ထားလေသည်။
ထိုအချိန် သွေးများ ပေကျံနေသော ကားနှစ်စီး ရောက်လာကာ ထိုလူများ၏ အာရုံကို ဖမ်းစားသွားလေသည်။
“စစ်ဆေးဖို့အတွက် ကားပေါ်ကဆင်းပါ”
ကားနှစ်စီးမှာ တံခါးအသေး ရှေ့တွင် ရပ်သွားပြီး သေနတ် လွယ်ထားသော စစ်သားတစ်ယောက်က ကားမှန်တံခါးကို ခေါက်ကာ ပြောလိုက်သည့် အခါ ဗလတောင့်တောင့်နှင့် ဒဏ်ရာ ရနေသော လူတစ်ယောက် ဆင်းလာသည်။
“အစ်ကို ကျောက် !”
ကားမောင်းလာသော ကျောက်ကောင်းမှာ ရှင်းဖုန်း ဖွဲ့ထားသော ကျောက်ယန်း အဖွဲ့သည် စစ်တပ်နဲ့ရင်းနှီးပြီး စခန်းကိုလည်း အများအပြား ထောက်ပံ့ ထားသောကြောင့် သူတို့ကို စစ်သားအများစု သိကြလေသည်။
“တံခါးမြန်မြန်ဖွင့်ပါ .. ဒီတစ်ခါ ငါတို့ယူလာတဲ့ ပစ္စည်းတွေက အရေးကြီးတယ် အထဲကို အမြန် အရောက်ပို့မှ ဖြစ်မှာ”
ကျောက်ကောင်း ခေါင်းညိတ်ကာ ပြောလေသည်။ သူကားပေါ်ကနေ ဆင်းရန်မလိုသော်လည်း ယွင်ယောင်မှာ သေလုနီးနီး ဖြစ်နေပြီး ယွင်ချဲ့လည်း သတိမေ့နေသဖြင့် သူတို့အတွက် အစစ်ဆေးခံနေရန် အချိန်မရှိပေ။
“ကိစ္စမရှိပါဘူး ! ဒါပေမယ့် ဒဏ်ရာတွေ ရလာကြတာ ဆိုတော့ ခဏလောက် မနားတော့ဘူးလား .. ပြီးတော့ ကားပေါ်မှာ လာတဲ့သူတွေကို စစ်ဆေးရဦးမယ်”
ကျောက်ကောင်းကို စစ်သားများ မဝံ့မရဲကြည့်ကာ ပြောသည်။ ဂိတ်မှ ဖြတ်သွားသူများသည် တိုက်ရိုက် ဝင်နိုင်သည် ဆိုသော်လည်း အစစ်ဆေးရမည် ဖြစ်သည်။ ယခု ဘေးကင်းသော စခန်းကို အချိန်တိုအတွင်း တည်ဆောက်ရန် မလွယ်ကူသောကြောင့် စည်းမျဉ်း စည်းကမ်းကို လိုက်နာရမည် ဖြစ်သည်။
“စွမ်းအား ပိုင်ဆိုင်ထားတဲ့ သူတွေ ဒဏ်ရာ သေးသေးလေးလောက်နဲ့ သန္ဓေ မပြောင်းသွားဘူး ဆိုတာ သုတေသီတွေ မပြောထားဘူးလား … ငါတို့ထွက်သွားတာ ရက်ပိုင်းပဲရှိတယ် မင်းတို့က အာခံရဲနေပြီပေါ့”
ကျောက်ကောင်း၏ အပြုအမူကြောင့် ထိုစစ်သားလည်း မည်သို့ လုပ်ကိုင်ရမည်ကို မသိတော့ပေ။
“ဒါကအထက်က လုပ်ထားတဲ့ စည်းကမ်းမို့ပါဗျာ .. ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့”
“မင်း…”
ကျောက်ကောင်း ထိုစစ်သားကို အင်္ကျီကော်လံမှ ဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်မှ လက်သီးဖြင့် ရွယ်လိုက်ချိန် အနီးအနားမှ စစ်သားများ ချက်ချင်းပင် သူ့ကို သေနတ်နှင့် ချိန်လိုက်ကြသဖြင့် သူအချိန်မရွေး သေနတ်နှင့် အပစ်ခံရနိုင်သည်။
“ကျောက်ကောင်း”
မတိုးသာ မဆုတ်သာသော အခြေအနေကြောင့် ရှင်းဖုန်း ကားမှန်တံခါးကို ချကာ ရုပ်လုံးပြ လိုက်လေသည်။ သူ့ကို မြင်ကြတော့မှသာ စစ်သားများလည်း လေးစားသမှုပြုပြီး သေနတ်များကို ပြန်လည် ရုပ်သိမ်း သွားကြသည်။
“သူတို့က သူတို့အလုပ်ကို လုပ်နေကြတာပဲလေ .. အားလုံး ကားပေါ်က ဆင်းလိုက် ငါ့ဘာသာ မောင်းဝင် သွားလိုက်မယ်”
ရှင်းဖုန်းမှာ သွေးတစ်စက်ပင် မစွန်းသော အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး စစ်သားလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှင်းဖုန်း ပြောသည်ကို လက်ခံလိုက်ကြသည်။ ထိုလူသည် စစ်တပ်နှင့် တစ်ခုခု ပတ်သက်နေပြီး စစ်တပ်ထဲတွင်လည်း ထူးချွန်အောင်မြင်သော မှတ်တမ်းများ ရှိနေသဖြင့် သူ့ကို တပ်သားတိုင်း လေးစားကြသည်။
ကားပြတင်းမှန် ပြန်တင်လိုက်ပြီး ရှင်းဖုန်း တစ်ဖက်လှည့်ကာ ပေါင်ပေါ်တွင် လဲနေသော ယွင်ချဲ့ကို ဂရုတစိုက် ချီလိုက်ပြီး …
“ငါ ယွင်ချဲ့နဲ့ သူ့အစ်မကို အရင်ခေါ်သွားမယ် .. မင်းတို့ အစစ်ခံပြီးရင် မင်းတို့ကိုခေါ်ဖို့ လူတစ်ယောက် လွှတ်လိုက်မယ်”
စခန်းထဲသို့ အမြန် မဝင်နိုင်လျှင် ယွင်ယောင်အား မကယ်နိုင်တော့မည်ကို သူစိုးရိမ်သည်။ ထိုအခါ ယွင်ချဲ့ ဝမ်းနည်းနေသည်ကို ကြည့်ရန် သူ၏နှလုံးသားက ခံနိုင်ရည်မရှိပေ။
“ကောင်းပြီ”
ကားပေါ်ရှိသူများ ခေါင်းညိတ် ပြလိုက်ပြီးနောက် ကျန့်ယာဖေး တွန့်ဆုတ်စွာဖြင့် …
“အစ်ကို ရှင်း .. ချန်ချန်ကိုရော ခေါ်သွားပေးပါလား သူက ကလေးပဲ ရှိသေးတာ … သူနိုးလာလို့ ယွင်ချဲ့တို့ကို မတွေ့ရင် ငိုလိမ့်မယ်”
ယွင်ချဲ့ မေ့လဲသွားချိန် မှစ၍ လမ်းတစ်လျှောက်တွင် ချန်ချန် ငိုကြွေးလာခဲ့ပြီး ပင်ပန်းသဖြင့် အိပ်ပျော် သွားလေသည်။ အသက်နှစ်နှစ် သုံးနှစ်သာ ရှိသေးသော်လည်း ဖြစ်ရပ်ဆိုးများစွာ ကြုံတွေ့ခဲ့ရသဖြင့် လောကကြီးက သူ့အပေါ် ရက်စက်လွန်းသည်။
“သူ့ကိုငါ့ဆီပေး”
ယွင်ချဲ့ ရုတ်တရက် ထပြောလေသည်။ ယွင်ချဲ့ နိုးလာကာ လက်များကို ဆန့်ထုတ်လိုက်သော်လည်း အစွမ်းများ သုံးထားသဖြင့် အလျှင်း မသက်သာသေးပေ။
“အစ်ကို ချဲ့ …”
“ရပါတယ် စွမ်းအားသုံးထားလို့ ဖြစ်နေရုံပါ”
ကားပေါ်ရှိလူများ စိတ်ပူစွာ ကြည့်နေကြပြီး ကျန့်ယာဖေး သည်လည်း လက်ထဲမှ ကလေးကို ချီထားလျက်ပင်။ ယွင်ချဲ့ ပြုံးပြနေသော်လည်း ထိုအပြုံးက သူတို့ကိုပို၍ပင် စိုးရိမ်စေသည်။
“ချန်ချန် ကို သူ့ဆီပေးလိုက်”
ယွင်ချဲ့ကို အတော်ကြာအောင် ကြည့်ပြီးနောက် လန်ယဲ့ဟန် ပြောသည်။ ယွင်ချဲ့ကို သူယုံကြည်သည်။
ကျန့်ယာဖေး ခေါင်းညိတ်ကာ မတ်တပ် ရပ်လိုက်ပြီး ချန်ချန်ကို ယွင်ချဲ့ ပေါင်ပေါ်သို့ ဂရုတစိုက် ချပေးလိုက်သည်။ သူ့အပေါ်တွင် ရှိနေခဲ့သော ခွေးလေးမှာလည်း အချိန်အတော်ကြာပျောက်ကွယ်နေသည်။ အကြောင်းမှာ ယွင်ချဲ့ မမေ့မြောခင် ဟေးယွီကို လေဟာနယ်ထဲ ပို့လိုက်ပြီး ထို့ကြောင့်ပင် ယွင်ချဲ့ မေ့လဲသွားရခြင်း ဖြစ်သည်။
“တကယ်လို့ လိုအပ်လာရင် မင်းမှာစွမ်းအားရှိတာ သူများတွေကို အသိပေးလည်း ကိစ္စမရှိဘူး”
စခန်း၏ စည်းကမ်းများကို အခြားသူများထက် ယွင်ချဲ့ ကောင်းကောင်းသိသည်။ အထူးသဖြင့် စွမ်းအား ရှိသူများတွင် ကပ်ဘေးအစတွင် မည်သို့သွားသွား လေးစားခံရမည့်အကြောင်းကိုပင်။
“အင်း”
လန်ယဲ့ဟန်လည်း အမြုတေများစွာ ထည့်ထားသော အထုပ်ကို ယွင်ချဲ့ ကိုပေးပြီး ကားပေါ်က ဆင်းလိုက်သည်။ ကျန့်ယာဖေးလည်း ယွင်ချဲ့ကို တစ်ချက်ကြည့်ကာ ဆင်းသွားသည်။ ကျိုးဇယ်ယွီနှင့် ကျန်ခဲ့သူများ သူတို့ကို စောင့်နေကြသည်။
“မင်းအဆင်ပြေတာသေချာလား”
ကားမောင်းထိုင်ခုံသို့ မသွားခင် ယွင်ချဲ့ ပေါင်ပေါ်တွင် အိပ်နေသော ချန်ချန်ကို ကြည့်ကာ ရှင်းဖုန်း မေးလိုက်သည်။ အခုချိန်တွင် ယွင်ချဲ့မှာ အလွန် အားနည်းနေလေသည်။
“အစ်မကို ကယ်ပေးပါ ဒါဆိုရင် ခင်ဗျားကို အကြွေးတင်သွားပြီ .. နောက်တစ်ခါ ခင်ဗျား ဘာတောင်းဆိုဆို ကျုပ်လုပ်ပေးမယ်”
သူတောင်းဆိုနေသည်ကို သိသဖြင့် ယွင်ချဲ့ ယဲ့ယဲ့လေး ပြုံးကာ အခုချိန်တွင် ယွင်ယောင်ကို ကယ်ရန်သာ အရေးကြီးဆုံး ဖြစ်ကြောင်း သွယ်ဝိုက် သတိပေးလိုက်သည်။
“လူတွေအများကြီး ငါ့အတွက် လုပ်ပေးလိမ့်မယ်”
ကားမောင်းသူခုံတွင် ရှင်းဖုန်း ထိုင်လိုက်ပြီး ကားကို မောင်းနှင် လိုက်သည်။ ထိုအချိန်တွင် တံခါးအငယ်မှာလည်း ပွင့်သွားကာ ကားလည်း မောင်းဝင်သွားပြီး မြင်ကွင်းမှ လျင်မြန်စွာ ပျောက်သွားလေသည်။
အနောက်တောင် လုံခြုံရေးစခန်းသည် စစ်တပ် လက်အောက်မှ အာဏာရမျိုးရိုး ဖြစ်သော မော့ မိသားစု၊ ဝမ် မိသားစုနှင့် ဝေ့ မိသားစုတို့က ထိန်းချုပ်ထားပြီး ကမ္ဘာပျက်ကပ် အစတွင် သူတို့အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြသည်။
စခန်းကို အပိုင်းများစွာ ခွဲခြားထားပြီး အလယ်တွင် စစ်တပ်နှင့် အစိုးရအရာရှိများ နေထိုင်လေသည်။ ထို့နောက် အထဲမှနေ၍ အပြင်ဘက်သို့ ဧရိယာ A မှ F အထိ နေရာခြောက်နေရာ ခွဲထားပြီး ဧရိယာ A မှာ အကောင်းဆုံးဖြစ်ကာ ဧရိယာ F ဖြစ်ပြီး ထိုဧရိယာများမှာ အသက်ရှင် ကျန်သူများက စခန်းအတွက် မည်မျှ လုပ်ပေးနိုင်သည် အပေါ်မူတည်၍ ခွဲခြားနေထိုင်ရခြင်း ဖြစ်သည်။
ကောင်းကျိုးများများ ရအောင် လုပ်ပေးနိုင်လျှင် အကောင်းမွန်ဆုံးသော ဧရိယာ A တွင် နေထိုင်နိုင်မည်ဖြစ်ပြီး မလုပ်ပေးနိုင်လျှင် ဧရိယာ F တွင် နေထိုင်ရပေမည်။ မည်သည့် အချိန်တွင်ဖြစ်ဖြစ် ဆင်းရဲသူနှင့် ချမ်းသာသူတို့၏ ကွာခြားချက်က အလွန် ကြီးမားလေသည်။
ထို့အပြင် စခန်း၏ အနောက်ဘက်တွင် အထူးနေရာရှိသည်။ ထိုနေရာတွင် အိမ်ရာအချို့ကို သေသပ်စွာ ဆောက်လုပ်ထားပြီး အိမ်ရာ တစ်ခုစီတွင် အထပ် လေးထပ်ရှိကာ ကြီးမားသောတံတိုင်းများဖြင့် ကာရံထားသည်။ ကပ်ဘေးမတိုင်မီ ထိုအိမ်ရာကို ကျောက်ယန်း အဖွဲ့က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကပ်ဘေးဖြစ်ပြီး နောက်တွင် ရှင်းဖုန်းက ပစ္စည်းပစ္စယများစွာကို ထောက်ပံ့ပေးကာ ထိုနေရာကို သူ့အား အပိုင်ပေးရန် တောင်းဆိုလိုက်သည်ကို စစ်တပ်ပင်ဖြစ်စေ၊ အစိုးရပင်ဖြစ်စေ ကန့်ကွက်ခွင့် မရှိပေ။ အတိုချုပ် ပြောရလျှင် အနောက်တောင် စခန်းမှာ ရှင်းဖုန်း ပိုင်ဆိုင်သော နယ်မြေဖြစ်သည်။
“ဆရာပြန်လာပြီ”
ကားတစ်စီး ဝင်ရောက် လာပြီးနောက် ထိုကားထဲမှ ရှင်းဖုန်း ဆင်းလာသဖြင့် သူ့ကို စောင့်နေကြ သူများလည်း အနားတွင် ဝန်းရံကြကုန်သည်။ ရှင်းဖုန်း ခေါင်းညိတ်ပြကာ အနောက်ကို ပြန်လှည့်လိုက်ပြီး ယွင်ယောင်ကို ချီလိုက်သည်။ တည်ငြိမ်ဟန်ရှိပြီး မျက်မှန်နှင့် လူတစ်ယောက်က သူ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး …
“အိမ်အပြန် လက်ဆောင်တွေ ယူလာတာလား”
ထိုသူမှာ ကူးမင်ရွှမ်း ဖြစ်ပြီး ကျောက်ယန်း အဖွဲ့၏ ဒုတိယခ ေါင်းဆောင်လည်းဖြစ်သည်။ ရှင်းဖုန်း မရှိသည့် အချိန်တွင် သူတာဝန် ယူရသည်။
“ရှုကျဲကို ခေါ်ပြီး လူတွေ လာကယ်ခိုင်းလိုက်”
ယွင်ယောင်ကို ကူးမင်ရွှမ်း အားချီခိုင်းလိုက်ပြီး ရှင်းဖုန်း ကားပေါ် ပြန်တက်သွားကာ ကလေးတစ်ယောက်ကို လက်တစ်ဖက်နဲ့ ချီထားပြီး နောက်တစ်ဖက်ဖြင့် ယောက်ျားလေး တစ်ယောက်ကို တွဲကာ ဆင်းလာခဲ့သည်။
“ဆရာ .. ဆရာ့မှာ ကလေးတောင် ရှိနေပြီပေါ့”
အနည်းငယ် ပိန်သွယ်သွယ် လူတစ်ယောက်က သူတို့သုံးယောက်ကို လက်ညှိုးထိုးကာ ပြောသော်လည်း စကားမဆုံးခင် အချိန်တွင် ဘေးရှိ အခြားသူများက ထိုလူကိုဆွဲကာ ပါးစပ်ကို ပိတ်ထား လိုက်ကြသည်။
“ဆရာ .. ဟောင်လင်းက စနောက်တတ်တာ ဆရာလည်း သိတာပဲလေနော်”
ပါးစပ်ပိတ် ခံထားရသော ချူးဟောင်လင်းမှာ ရုန်းကန်နေပြီး အခြားနှစ်ယောက်ကတော့ သူ့ကို ချုပ်ထားလျက်ပင်။ ဆရာကို စနောက်၍မဖြစ်၊ သူနှင့်အတူ သူတို့လည်း အပြစ်ပေးခြင်း မခံနိုင်ပေ။
ယွင်ချဲ့ကို တွဲထားကာ ရှင်းဖုန်း အိမ်ရာသို့ သွားနေစဉ် အနည်းငယ် ပိန်ရှည်ကာ စတိုင်ကျစွာ ဝတ်ဆင်ထားသော ရုပ်ရည် ချောမောသည့် လူတစ်ယောက်မှာ ပျော်ရွှင်စွာ ပြေးလာနေသော်လည်း ယွင်ချဲ့ကို သတိထားမိ သွားသောအခါ ခြေလှမ်းများ ရပ်သွားပြီး …
“အစ်ကို ဖုန်း ဒါဘယ်သူလဲ”
ထိုသူမှာ ယွင်ချဲ့ကို ရန်လိုစွာ ကြည့်သည်။ အနောက်တွင် ကျန်နေသော အခြားသူများမှာလည်း ခြေလှမ်း နောက်ဆုတ် သွားကြပြီး တစ်ခုခု ဖြစ်တော့မည်ကို စောင့်မျှော်နေကြဟန်ပင်။
ယွင်ချဲ့ အားနည်း နေသော်လည်း ထိုလူ၏ စိတ်ထဲမှ ရန်လိုမှုကို ခံစားမိနေသည်။ ရှင်းဖုန်းကို ယွင်ချဲ့ မော့ကြည့်လိုက်ပြီး အနည်းငယ် ဝမ်းနည်း သွားသော်လည်း ရယ်လိုက်မိသည်။ သူက အပြင်လူ ဖြစ်သွားပြီ မဟုတ်လား။
သို့သော် သူ ရှင်းဖုန်းကို အမှန်တကယ် နမ်းခဲ့သည်။ ရှင်းဖုန်းတွင် ချစ်သူရှိနေကြောင်း ယွင်ချဲ့ သိခဲ့လျှင် သူနှင့် ပရောပရည် လုပ်ခဲ့မည် မဟုတ်ပေ။
***