အခန်း (၄၁)
တံခါးဖွင့် လိုက်သည်နှင့် တံခါးနားတွင် ရှိနေသော ဖုတ်ကောင်များ ဝရုန်းသုန်းကား ပြေးလာကြလေရာ ရှေ့ဆုံးနှစ်ကောင်ကို ယန်းဟွိုင်အန်း ရှင်းပစ်လိုက်ပြီး ကျန်သော ဖုတ်ကောင် အချို့ကို ကျိုးဇယ်ယွီနှင့် လန်ယဲ့ဟန်တို့ သုတ်သင် ပစ်လိုက်သည်။ ယွင်ချဲ့မှာ သေနတ်ပစ်ရန်ပင် အခွင့်အရေး မရသဖြင့် ဖုတ်ကောင်များ၏ ခေါင်းများကို ပိုင်းဖြတ်ကာ ပဲပုပ်အရွယ်ရှိသော အမြုတေများကို ထုတ်ယူ လိုက်သောအခါ အမြုတေများမှာ အရောင်မရှိ ကြည်လင်နေပြီး တစ်ခုတည်းသာလျှင် အပြာရောင်ဖြစ်နေသည်။
“ကားပေါ်တက်ကြ”
ယွင်ချဲ့၏ အိမ်စီးကားပေါ်တွင် လူများ ပြည့်ကျပ်နေသဖြင့် ရှင်းဖုန်းလည်း လေဟာနယ်ထဲမှ ကားတစ်စီး ထုတ်ယူလိုက်ပြီး ထိုကားကို ရှင်းဖုန်း၏ နောက်လိုက် တစ်ယောက်ဖြစ်သူ ကျောက်ကောင်းက မောင်းလေသည်။ ဆင်ခြေဖုံးတွင်သာ ရှိနေကြသေးပြီး လမ်းတစ်လျှောက်တွင် ဖုတ်ကောင်များ မရှိသဖြင့် သွားရာလမ်းတွင် ရှိသော ဖုတ်ကောင်များကို တိုက်ပစ် လိုက်လေသည်။
မြို့ထဲနှင့်နီးလာလေ လမ်းအခြေအနေမှာလည်း ပို၍ ဆိုးဝါးလာသည်။ ဖုတ်ကောင်များနှင့် စွန့်ပစ်ခံခဲ့ရသော ကားများမှာ လမ်းပေါ်တွင် ပိတ်နေပြီး ကားထဲတွင်လည်း ဖုတ်ကောင်များ ပိတ်မိနေကြသည်။ ကားထဲရှိ တစ်ယောက်မှာ ဖုတ်ကောင်အဖြစ် ပြောင်းသွားပြီး အခြားသူများကို ကားပေါ်တွင် ကိုက်သတ် လိုက်ပုံရသည်။ ကံကောင်းသည်က ဟေးယွီသည် သူတို့အရှေ့မှ သွားကာ ကာကွယ်ပေးနေပြီး လမ်းတွင် ပိတ်နေသော ကားများကို ရှင်းလင်းပေးသဖြင့် သူတို့အနေဖြင့် လမ်းများကို ရှင်းစရာမလိုဘဲ အလွယ်တကူ သွားလာနိုင်ပေသည်။
“ဆရာ .. အရှေ့မှာကားတွေ အရမ်းများနေတာ ကျွန်တော်တို့ လမ်းဆင်းလျှောက်မှရမယ် ထင်တယ်”
လမ်းမပေါ်တွင် ဖုတ်ကောင်များ၊ ကားများ ပြည့်နှက် နေသောကြောင့် ကားမောင်းနှင်ရန် မလွယ်တော့သဖြင့် ကျောက်ကောင်း ကားရပ်ကာ ရှင်းဖုန်းကို ပြောလေသည်။
“ကောင်းပြီလေ”
ရှင်းဖုန်း ခေါင်းညိတ်ကာ ယွင်ချဲ့ အကြည့်ဖလှယ်ပြီး အချက်ပြလျက် သူတို့နှစ်ယောက် ထရပ်လိုက်သည်နှင့် အခြားသူများလည်း ကားပေါ်မှဆင်းကာ ဖုတ်ကောင်များကို ရှင်းလင်းရန် အသင့်ပြင် လိုက်ကြသည်။ ကျောက်ကောင်း မပြောလျှင်လည်း လမ်းတွင် မောင်းသူမရှိသော ကားများ ပိတ်ဆို့နေသည်ကို သူတို့သိကြသည်။
“ဉီးဉီး … လူဆိုးတွေကို သွားနှိမ်နင်းဉီး မှာလား”
ချန်ချန် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ယွင်ချဲ့ ကြည့်လိုက်သဖြင့် ယွင်ချဲ့လည်း ခေါင်းညိတ်ပြကာ …
“ဟုတ်တယ် .. သားကြောက်လို့လား”
“မကြောက်ပါဘူး”
ချန်ချန် သူ၏ချိုလိမ်ကို ယူထုတ်ကာ ပါးစပ်ထဲတွင် ထည့်လိုက်ပြီး မျက်နှာမှာလည်း ဖြူစင်မှုနှင့် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်ရပေသည်။
“လိမ္မာတယ်”
ယွင်ချဲ့လည်း မိုးကာကို ဆွဲယူကာ လွှားခြုံလိုက်သည်။ တစ်ချိန်တည်းတွင် လေထုစွမ်းအား၏ တွန်းကန်မှုကြောင့် မီတာ အနည်းငယ် အကွာသို့ ယွင်ချဲ့ လွှင့်ပျံသွားပြီး သူ၏ဓါးဖြင့် ဖုတ်ကောင် တစ်ကောင်၏ ခေါင်းကို ထိုးစိုက်လိုက်ရာ အမြုတေမှာလည်း အပြင်သို့ လွင့်ထွက် သွားလေသည်။ ယွင်ချဲ့ လေထုစွမ်းအားကို အသုံးပြုကာ အမြုတေကို လေထဲမှတစ်ဆင့် သူ၏အိတ်ထဲသို့ ရောက်စေလိုက်သည်။
“မင်းဘာလုပ်နေတာလဲ .. မြန်မြန်လာလေ”
“မင်း စိတ်အနှောင့်အယှက် မဖြစ်အောင် နေလို့မရဘူးလား”
“ထွက်သွားကြ”
“မင်းကတော့ တော်တော် စိတ်ဆတ်တာပဲ”
ကျိုးဇယ်ယွီနှင့် အခြားသူများမှာ ဓါးကိုဝှေ့ယမ်းရင်း သူတို့ကို အမီလိုက်လာနေပြီး လန်ယဲ့ဟန်နှင့် ကျန်သေးသူများလည်း ယွင်ချဲ့တို့ကို မီလုနီး လာလေသည်။ ရှင်းဖုန်း တစ်ယောက်တည်းသာ လှုပ်ရှားခြင်း မရှိပေ။ သူ၏လှုပ်ရှားမှုမှာ အလွန်လျင်မြန် ဖျတ်လတ်ပြီး စောင့်ကြပ် ပေးနေသော နောက်လိုက်နှစ်ယောက်၏ အလယ်တွင်သာ အမြဲနေရာယူထားသည်။
နိုင်ငံတွင်းတွင် ဖုတ်ကောင်များ ရာချီထောင်ချီ ရှိနေပြီး ထိုဖုတ်ကောင်များကို သူတို့ရှင်းပစ်ရန် မဖြစ်နိုင်ကြောင်း ယွင်ချဲ့သိသည်။ အကယ်၍ ဖြစ်နိုင်မည် ဆိုလျှင်တောင် တစ်ချိန်တွင် သူတို့ပင်ပန်း လာနိုင်မည် သို့မဟုတ် စွမ်းအားများကို လွန်စွာ အသုံးပြုလိုက်မည် ဆိုလျှင် သူတို့မှာ ဖုတ်ကောင်များ၏ အစာဖြစ်သွားနိုင်သည်။
မြို့သို့သွားရာ လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကို နှိမ်နင်းခဲ့ကြပြီးနောက် ယန်းဟွိုင်အန်း၏ လမ်းပြမှုဖြင့် လူအနည်းငယ်သာ ရှိနိုင်သော လမ်းကိုရွေး၍ ရှောင်ကွင်း သွားကြလေသည်။ ထိုအချိန်တွင်ပင် ဟေးယွီကို လမ်းကြော အခြေအနေကို ကောင်းမွန်စွာ ကြည့်နိုင်ရန်အတွက် မြင့်မားသော နေရာကို ရှာဖွေ့ကြည့်ရန် ယွင့်ချဲ့ ချော့မြူပြောဆို နေရသည်။ အကယ်၍ ဖုတ်ကောင် များပြားနေခဲ့လျှင် လမ်းကြောင်းပြောင်းကာ အခြားတစ်နေရာသို့ ဉီးတည်သွားရန် အတွက်ပင်။ ထိုသို့လုပ်ခြင်းဖြင့် ခရီးစဉ်မှာ သူတို့ထင်ထားသည်ထက် ပို၍မြန်ဆန် နေသည်။
“တစ်ခုခုတော့ မှားနေပြီ”
ဟေးယွီမှာ လမ်းကြောင်း အခြေအနေကြည့်ရန် အရှေ့မှ ထွက်သွားပြီးနောက် ယွင်ချဲ့ ရုတ်တရက် ရပ်တန့်သွားသည်။ မြို့အလယ်နှင့် ပို၍ နီးကပ်လာသော်လည်း ထူးဆန်းစွာပင် ဖုတ်ကောင်များမှာ နည်းသထက် နည်းလာလေသည်။
“ဒါဆိုရင် ဟေးယွီ ပြန်လာတာပဲ စောင့်လိုက်ကြ….”
“သခင် .. အရှေ့မှာ သူတို့ရဲ့အသိုက်ပဲ .. အဲဒီထဲက တစ်ကောင်က ကျွန်တော့်ကို မီးနဲ့ပစ်လိုက်တာ အရမ်းနာတာပဲ”
ရှင်းဖုန်း စကားမဆုံးခင်တွင် ဟေးယွီ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ ဟေးယွီ စကားကို မည်သူမှ နားမလည်သေးချိန်တွင် ဖုတ်ကောင်များမှာ ပို၍နီးကပ် လာလေသည်။
ယွင်ချဲ့လည်း လေသံမာမာဖြင့် …
“သေဟန်ဆောင်မနေနဲ့ .. မင်းပြောတဲ့ တစ်ကောင်က ဘယ်လောက် အားကြီးလဲ”
“သူ့အရှိန်ကလည်း အရမ်းမြန်ပြီး အရမ်းလည်း သန်တယ် .. မီးအစွမ်းကို သုံးတာကလည်း လန်ယဲ့ဟန်ထက် ပိုပြီး ကျွမ်းကျင်တယ်”
ဟေးယွီလည်း အပျက်အစီး ပုံကြားမှထကာ ယွင်ချဲ့ ရှေ့သို့ လမ်းလျှောက် သွားလိုက်ပြီး ….
“သခင်က ကျွန်တော့်ကို စိတ်မပူဘူးလား”
မည်သည့် အချိန်ပင်ဖြစ်ဖြစ် ဟေးယွီမှာ လူသနားစဖွယ် ဖြစ်အောင် အမြဲပြောတတ်သည်။
“မင်းကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာမလား .. သန်မာကြမ်းတမ်း ပြီးသားပဲကို”
အခြားသူများလည်း မျက်လုံးလှန် ကြည့်လိုက်သည်။
“တစ်ကောင်တည်းလား”
ဟေးယွီ ပြောသည်ကို လျစ်လျူရှု လိုက်ပြီး ယွင်ချဲ့ ဆက်မေးလိုက်သည်။ အဆင့် ၃ ရှိသော ဖုတ်ကောင်မှသာလျှင် စွမ်းအားကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပြီး ရက်အနည်းငယ် အတွင်းတွင် ဖုတ်ကောင်များ အဆင့်တက် သွားသည်မှာ မဖြစ်နိုင်ပေ။
“တစ်ကောင်ပဲ တွေ့ခဲ့တယ် နောက်ထပ် ရှိဉီးမယ်လို့ ထင်တယ် … သခင်ကြောက်နေလို့လား”
ဟေးယွီ စနောက် လိုက်သည်ကို ယွင်ချဲ့ ကလည်း …
“ငါတစ်ခုခုကို ကြောက်နေတဲ့ပုံစံ မြင်ဖူးလား”
“ကောင်းပါပြီ….”
ဟေးယွီ ကျေနပ်စွာ အနောက်ပြန်ဆုတ် သွားလိုက်သော်လည်း ယွင်ချဲ့ လက်မြောက်ကာ …
“ငါတို့အရှေ့က လမ်းပိတ်နေတာ တခြားလမ်းက ပတ်သွားကြမယ်”
“အမ် .. ပြောတော့ မကြောက်ဘူးဆို .. အခုတော့ လွတ်အောင် မပြေးတော့ဘူးလား”
ယွင်ချဲ့ စကားကြောင့် ဟေးယွီ သာမက ကျိုးဇယ်ယွီ တို့လည်း အံ့ဩသွားလေသည်။ ရှင်းဖုန်း တစ်ယောက်တည်းသာ တည်ငြိမ်လျက် ရှိနေပြီး အကြောင်းမှာ ယွင်ချဲ့ စကားပြော လိုက်စဉ်က စနောက်နေကြောင်း သူသိထားသောကြောင့် ဖြစ်သည်။
***