အခန်း (၄၂)
“ဒါ ထွက်ပြေးတာ မဟုတ်ဘူး အကွက်ကျကျ ခြေလှမ်းဆုတ်တယ်လို့ ခေါ်တယ် .. ငါတို့က လုံခြုံရေးစခန်းကို သွားမှာ ဖုတ်ကောင်တွေကို စုဆောင်းတာ မဟုတ်ဘူး … စခန်းကို ရောက်ဖို့လမ်းတွေ အများကြီးရှိတယ် ဖုတ်ကောင်တွနဲ့ ထိပ်တိုက် တွေ့စရာ မလိုဘူး”
အလွန် လျင်မြန်စွာပင် အချိန်ခဏလေး အတွင်း ယွင်ချဲ့ မီတာ ၂ဝ ကျော်သော အကွာအဝေးသို့ ပျံသန်း သွားလေသည်။ အခြားသူများမှာ အမြန်မီအောင် ပြေးလိုက်သွားကြပြီး အနောက်မှာလည်း ဖုတ်ကောင်များစွာ ပြေးလိုက် လာလေသည်။
ဖုတ်ကောင်များသည် အမြန်နှုန်းနှင့် ခံစားသိရှိမှုနှုန်း တိုးတက်လာသည်ကို သူတို့အားလုံး သတိပြုမိလိုက်ကြသည်။ သူတို့မည်မျှပင် လျင်မြန်စွာ ပြေးနေပါစေ ဖုတ်ကောင်များမှာ သူတို့နှင့် ကပ်လုနီးပါး ဖြစ်အောင်ပင် ပြေးလာနိုင်ကြပြီး အရေအတွက်မှာလည်း ပို၍ တိုးများ လာလေသည်။
“သေစမ်း! ဒီကောင်တွေ ဘယ်နားက ထွက်လာကြတာလဲ”
ထောင့်နေရာ တစ်ခုခုကို ယွင်ချဲ့ တွေ့လိုက်သည့်အခါ ထိုနေရာရှိ ဖုတ်ကောင်များကို ရှင်းလင်းပစ်မည်ဟု ကြံရွယ်လိုက်လျှင် ထိုနေရာမှ ဖုတ်ကောင် အများပြား ထွက်လာကြသဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းလည်း အခက်တွေ့ကာ ကျိန်ဆဲလိုက်ကြသည်။
“မင်းတစ်ခုခု ခံစားမိလား”
ရှင်းဖုန်း စနောက်ခြင်း မရှိဘဲ ခပ်တည်တည်ဖြင့် ပြောလေသည်။
“ကြည့်ရတာ ထောင်ချောက်ဖြစ်မယ် .. ဖုတ်ကောင်တွေ မဖြစ်နိုင်ဘူး”
သူတို့မှာ လွတ်မြောက်လုနီးနီး ဖြစ်ချိန်တွင် အနောက်မှ လိုက်လာသော ဖုတ်ကောင်များမှာ သူတို့ကို အခြားတစ်နေရာသို့ ဉီးတည်သွားစေရန် အမျိုးမျိုး လုပ်နေကြသည်။ ထိုအခြေအနေကို အဆင့် ၃ ရှိသော ဖုတ်ကောင်ပင် မဆိုနှင့်၊ လူသားပင် လုပ်နိုင်စွမ်း မရှိသေးပေ။
“သွားကြည့်မလား”
“ကြည့်ကြတာပေါ့”
သူတို့နှစ်ယောက် အချင်းချင်းကြည့်ကာ မြို့တွင်းထဲသို့ အမြန်သွား လိုက်ကြသည်။
“ဆရာ …”
“အစ်ကို ချဲ့ .. ဘာလုပ်မလို့လဲ”
ယန်းဟွိုင်အန်းနှင့် ကျိုးဇယ်ယွီတို့ အော်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ အပြေးလိုက်သွားကြလေသည်။
“တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ”
ယွင်ချဲ့ အများအပြား မရှင်းပြတော့သော်လည်း ဝိညာဉ် ထိန်းချုပ်ခြင်း သို့မဟုတ် ဖုတ်ကောင်များကို ထိန်းချုပ်ခြင်း အစွမ်းကို ပိုင်ဆိုင်သူ သို့မဟုတ် သိရှိသူကသာ ဖုတ်ကောင်များကို ထိန်းချုပ်ထားခြင်း ဖြစ်မည်ဟု သူသိလိုက်သည်။ ထိုအစွမ်းတို့မှာ ရင်ဆိုင်ရန် မလွယ်သဖြင့် ယခု တိုက်ခိုက်ရသည်မှာ အနည်းငယ် ခက်ခဲပေလိမ့်မည်။
ယွင်ချဲ့၏ အနေအထားကို ကြည့်ကာ အခြေအနေ ဆိုးဝါးလာကြောင်း ကျိုးဇယ်ယွီ ချက်ချင်း သဘောပေါက် လိုက်သည်။ သူတို့လာခဲ့ရာ လမ်းတစ်လျှောက်တွင် ယွင်ချဲ့ မည်သည်ကိုမှ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ ယခုတစ်ခေါက် ရင်ဆိုင်ကြရမည့် အရာမှာ ပို၍ အန္တရာယ်ကြီးမည်ပုံပင်။
“ယာဖေး .. အဲဒီ ဖုတ်ကောင်တွေကို တားထားလိုက်”
လမ်းမအပြင်ဘက်သို့ မထွက်ခင် ကျန့်ယာဖေးကို ယွင်ချဲ့ အော်ပြော လိုက်သဖြင့် သူမ ချက်ချင်းရပ်ကာ အခြားသူများ ကျော်တက် သွားသည်ကို စောင့်ပြီးနောက် ခြေကိုပြင်းစွာဆောင့်နင်း လိုက်သည်။
အနည်းငယ် အကြာတွင် ကွန်ကရစ် လမ်းမကြီးမှာ ကျိုးပဲ့ ကွဲအက်သွားပြီး ဖုတ်ကောင်များကို ချုပ်ဖမ်း ထားလိုက်သည်။ ကျန့်ယာဖေးမှာ မြေထုစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမနှင့် ၂ မီတာ ပတ်လည်အကွာမှ မြေထုကို ဖျက်ဆီး ပစ်နိုင်သဖြင့် ထိုအစွမ်းမှာ လူသားများနှင့် ဖုတ်ကောင်များကို မြှုပ်နှံရန် အကောင်းဆုံး နည်းလမ်းပင်။
ထိုဖုတ်ကောင်များကို ခဏထိန်းချုပ် လိုက်ပြီးနောက် ကျန့်ယာဖေး လှည့်ထွက်ကာ ထွက်ပေါက်သို့ အမြန် ပြေးသွားလေသည်။
“သတ်ပစ်လိုက် !”
“သခင် ဘာလုပ်မလို့လဲ .. သခင်ပြောတော့ အကွက်ကျကျ ခြေလှမ်းဆုတ်တာဆို .. ဘာကြောင့် ကျွန်တော့်ကို ကတိမတည် ရတာလဲ”
လိုဏ်အဆုံးမှာ မြို့အလယ်ပင်။ ထိုအချိန် လမ်းဆုံ လမ်းခွများတွင် လမ်းပိတ်သော စက်ယာဉ်များ မရှိဘဲ ဖုတ်ကောင်များသာ ပြည့်နှက်နေသည်။ ယွင်ချဲ့ လက်ထဲတွင် ချွန်ထက် ရှည်လျားသော ဓါးတစ်ချောင်းကို ကိုင်ထားပြီး ဟေးယွီ သည်လည်း သူနှင့်အတူ ရပ်ကာ လက်သည်းများကို ဝှေ့ယမ်းနေသည်။
ကိုယ့်ကိုယ်ကို အစွမ်းမရှိသူဟု ယူဆထားသော လုဟိုင်ရွှမ်းက သူ၏ဓါးဖြင့်သာ ဖုတ်ကောင်များကို သုတ်သင်နေပြီး ရေအစွမ်း ရရှိထားသူ ယွင်ယောင် သည်လည်း ဘေးမှနေကာ တစ်ယောက်နှင့် တစ်ယောက် ကူညီပေးနေလေသည်။ မီးအစွမ်း ပိုင်ဆိုင်သူ လန်ယဲ့ဟန်၊ ယန်းဟွိုင်အန်းနှင့် လေအစွမ်း ပိုင်ဆိုင်သူ ကျိုးဇယ်ယွီ တို့မှာ သူမတို့ ဘယ်ဘက်တွင် ရပ်နေကြပြီး ကျောက်ကောင်းနှင့် အခြား ကျန်သူများမှာ သူမတို့၏ ညာဘက်တွင် ရပ်နေကြလေသည်။ စွမ်းအားများနှင့် တိုက်ခိုက်ကြသည့် အပြင် ဗုံးများဖြင့်လည်း ပစ်ခတ်နေကြသည်။
ရှင်းဖုန်း လက်ထဲတွင် သေနတ်နှစ်လက် ရှိနေပြီး အနောက်ဘက် တစ်နေရာတည်းကိုသာ ရှင်းလင်းပေးနေပြီး ဖုတ်ကောင်များကိုလည်း တစ်ချက်ပင် ရပ်တန့်ခြင်းမရှိ ပစ်ခတ်နေလေသည်။ သူကျည်ဆန်များကို တစ်ချက်ပင် မလဲကြောင်း မည်သူမှ သတိမထား မိလိုက်ကြပေ။
ဖုတ်ကောင်များ၏ အော်သံများ နှင့်အတူ သေနတ်သံလည်း ရောထွေးနေသည်။ ကျန့်ယာဖေးလည်း အမြန် ရောက်လာသည်နှင့် ချက်ချင်း သူမခြေကို ဆောင့်လိုက်ပြီးနောက် များစွာသော ဖုတ်ကောင်သည်လည်း တွင်းကြီး တစ်ခုထဲ ကျသွားကာ ပိတ်မိ ကုန်လေသည်။ တစ်ချိန်တည်းတွင် သူမလက်ကို ဝှေ့ယမ်း လိုက်သည်အခါ နံရံအကာများမှာ မြေပေါ်မှမြှောက်တက်သွားကာ ထိုဖုတ်ကောင်များ အပေါ် ကျသွားလေရာ များစွာသော ဖုတ်ကောင်များ တစ်ချိန်တည်းတွင် သေကြေကုန်လေသည်။
***