အခန်း (၄၀)
“ဒါမထူးဆန်းပါဘူး ဖုတ်ကောင်တွေ အဆင့်တိုးလာတာ … အစွမ်းနဲ့လူတွေ တောင်မှ အဆင့်တိုးတာပဲ ဆိုတော့ ဖုတ်ကောင်တွေလည်း အစွမ်းတက် လာနိုင်တယ်လေ … အမြုတေရဲ့ အရောင်က သူတို့ရဲ့ စွမ်းရည်ကို ဖော်ပြပေးတယ် .. ဥပမာ အနီရောင်ဆိုရင် မီး .. အပြာရောင်ဆိုရင် ရေ ဒီလိုမျိုးပေါ့ .. အရောင်မရှိ ကြည်လင်နေတယ်ဆိုရင် သူ့မှာ စွမ်းရည် မရှိသေးဘူးလို့ သတ်မှတ်နိုင်တယ် .. နောက်ပိုင်းဆိုရင် ဖုတ်ကောင်တွေလည်း အစွမ်းရှိ လာနိုင်တယ်”
မနေ့ညက နှင်းထုကို မြင်ထားခဲ့သောကြောင့် ထိုအခြေအနေကို တွေးထင်ထားသဖြင့် ယွင်ချဲ့ အံ့ဩတုန်လှုပ်ခြင်း မရှိပေ။ လန်ယဲ့ဟန် ရှာတွေ့ခဲ့သော အမြုတေအရွယ်ကို သုံးသပ်ကြည့်လျှင် ဖုတ်ကောင်များသည် အဆင့် ၁ တွင် ရှိနေနိုင်သည်။
အဆင့် ၁ ထက် နိမ့်သော ဖုတ်ကောင်များသည် လှုပ်ရှားမှု နှေးကွေးကြပြီး အမြင်အာရုံမှာလည်း တိမ်စွဲနေသကဲ့သို့ ဝေဝါးနေသည်။ ထိုသို့သော ဖုတ်ကောင်များမှာ အမြန် ပုပ်ပွတတ်ကြပြီး ဆိုးဝါးသော အနံ့သည်လည်း လျင်မြန်စွာ ပြန့်လွယ်သည့်အပြင် သူတို့၏ဉီး ခေါင်းထဲရှိ အမြုတေမှာလည်း အရောင်မဲ့ကာ စွမ်းရည်လည်း မရှိတတ်ကြပေ။
အဆင့် ၁၊ အဆင့် ၂ ရှိသော ဖုတ်ကောင်များမှာ လျင်မြန် ဖျတ်လတ်ကာ ပို၍ သန်မာကြပြီး မျက်လုံးများသည်လည်း အဖြူရောင် ဖြစ်နေတတ်သည်။ သူတို့၏ အမြုတေများကို ကြည့်ခြင်းဖြင့် စွမ်းရည်များကို ခွဲခြားသိရှိနိုင်သည်။ ဖုတ်ကောင်များ အဆင့် ၃ သို့ ရောက်သွားခဲ့လျှင် စွမ်းအားရှိသော လူသားများနှင့် အပြိုင်တိုက်ခိုက် လာနိုင်ပြီး သာမန် လက်နက်များဖြင့် နှိမ်နင်းနိုင်မည် မဟုတ်တော့ပေ။
“ဒါက ဘာအတွက် သုံးရတာလဲ”
လက်ထဲတွင် ရွှေရောင် အမြုတေကို ကိုင်လျက် ရှင်းဖုန်း ထိုင်ကာ မေးလိုက်သည်။ ဖုတ်ကောင်များ၏ ဉီးခေါင်းထဲတွင် အမြုတေများ ရှိကြောင်းကို သူတို့သိရှိထားပြီး ဖြစ်သော်လည်း မည်သည့်အတွက် အသုံးဝင်သည်ကို မသိရပေ။ လန်ယဲ့ဟန်နှင့် ယွင်ချဲ့တို့က အရင်ကတည်းက အမြုတေများ စုဆောင်း နေခဲ့သဖြင့် အကြောင်းရင်းကို သိလိမ့်မည်ဟု သူတို့ထင်မှတ် ထားခဲ့သည်။
“ဒါကနေ ရတနာတစ်မျိုး လုပ်ပြီး မိန်းကလေးတွေကို ပေးလို့ရတာပေါ့”
ယွင်ချဲ့ စနောက်ကာ မျက်လုံးမှိတ် ပြလိုက်ပြီး အမြုတေများကို ယူသွားရန် လန်ယဲ့ဟန်ကို အချက်ပြ လိုက်သည်။
“မနက်စာ စားရအောင် .. ဒါတွေကို အမြန်စခန်းရောက်မှ ရှင်းကြတာပေါ့”
“ကောင်းပြီလေ”
ရှင်းဖုန်း နက်ရှိုင်းစွာ တွေးတောနေသဖြင့် လန်ယဲ့ဟန် စကားဆက် မပြောတော့ပေ။
လင်းကျန်း မြို့မှာ မြို့ကြီး မဟုတ်သော်လည်း ပြည်နယ်နှင့် မြို့တော်တို့ ကြားရှိနေသဖြင့် အလေ့အထ မတူသော နေရာ၂ ခုကို စုပေါင်း တွေ့နိုင်သကဲ့သို့ပင် ဖြစ်နေသည်။ လင်းကျန်း မြစ်သည် မြို့ပေါ်မှ ဖြတ်သန်း စီးဆင်းနေပြီး မြစ်တစ်ဖက်ခြမ်းတွင် ဝမ်ဝမ် ပြည်နယ်ရှိနေပြီး လုံခြုံရေးစခန်းမှာလည် ထိုမြစ်ပေါ်တွင် ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဝမ်ဝမ် ပြည်နယ်မှာ ရိုးရာအိမ်လေးဖြင့် ပြည့်နှက်နေပြီး ပြီးခဲ့သော နှစ်များက ခေတ်မီ အဆောက်အအုံများ အဖြစ် ပြုပြင်တည်ဆောက် ခဲ့သော်လည်း စိုက်ပျိုးလယ်ယာမြေများ များပြားစွာ ကျန်ရှိနေသေးသည်။ ပြည်နယ်ပိုင်း၏ အကာအရံမှာ မြင့်မားသော တောင်တန်းများ ဖြစ်နေသဖြင့် ပျက်သုဉ်းကာလ ကြုံလာစဉ် ထိုတောင်တန်းများ၏ အခြေဘက်တွင် လုံခြုံရေးစခန်း ထူထောင်ခဲ့ခြင်း ဖြစ်သည်။
“အရင်ကတော့ မြစ်ကိုဖြတ်ပြီး တံတားလေးစင်း ဆောက်ထားတာ အခုဒီလို ကပ်ဘေး ဖြစ်သွားတော့ စစ်တပ်က တံတားနှစ်စင်းကို ဖောက်ခွဲ ဖြိုချလိုက်ပြီး အမှတ် ၁ နဲ့ အမှတ် ၄ တံတားပဲရှိတော့တယ် … ငါတို့ အမှတ် ၁ တံတားနဲ့ နီးလာပြီ ဒါပေမယ့် အသက်ရှင် ကျန်ခဲ့တဲ့ သူတွေနဲ့ ဖုတ်ကောင်တွေက အဲဒီမှာ ရှိနေကြတယ်။ ပြီးတော့ အမှတ် ၁ တံတားရဲ့တစ်ဖက်ခြမ်း အဆုံးက စခန်းနဲ့လည်း အတော်ဝေးပြီး ယာဉ်ကြော ပိတ်တာတွေလည်း တော်တော်ဆိုးတယ် … အမှတ် ၄ တံတားကတော့ ဒီကနေ အလှမ်းဝေးတဲ့ ဆင်ခြေဖုံးမှာရှိပြီး ဖုတ်ကောင်တွေလည်း အတော်နည်းတယ်။ ဒါပေမယ့် အဲဒီကိုရောက်ဖို့ အကြာကြီး သွားရဉီးမယ်။ မြို့ကိုပဲ ဖြတ်မလား ကွေ့ပတ်ပြီး သွားမလားပဲ ရွေးစရာရှိတယ် .. ကွေ့ပတ် သွားရင်တော့ နေ့လယ်စောင်း ဒါမှမဟုတ် ညနေပိုင်းထိ ကြာသွားလိမ့်မယ် အဲဒါကြောင့် မြို့ကိုဖြတ်သွားတာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်တယ် မင်းတို့ရော”
မနက်စာ စားပြီးနောက် ရှင်းဖုန်း မြေပုံကို စားပွဲပေါ်ဖြန့်တင်ကာ ပြောပြနေပြီး ယွင်ချဲ့လည်း မြေပုံကိုကြည့်ကာ ခဏစဉ်းစားလိုက်ပြီး ….
“ကောင်းပြီလေ မြို့ကိုဖြတ်ပြီး သွားကြမယ်”
ယွင်ချဲ့သည် အတိတ်ဘဝတွင် လုံခြုံရေးစခန်းသို့ ရောက်ခဲ့သော်လည်း ကပ်ဘေးဆိုက်ပြီး အချိန်အတော်ကြာမှ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သူရောက်သွားချိန်တွင် မြစ်တစ်ဖက်ကမ်း နေရာကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး တံတားများကိုလည်း လုံခြုံရေး အပြည့်ချ ထားခဲ့သည်။ သို့သော် ယခုကပ်ဘေး ဆိုက်ခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည့်အပြင် အခြေအနေမှာလည်း ပြောင်းလဲ ကုန်သည်။ ထို့အပြင် သူတို့၏ လုံခြုံရေးအတွက် စခန်းကို အမြန်ရောက်ရန် လိုအပ်သဖြင့် ညနေစောင်းထိကြာအောင် မြို့ကို ကွေ့ပတ်၍ သွားခြင်းကို ယွင်ချဲ့ မစွန့်စားလိုပေ။
“ကောင်းပြီလေ လေ့ကျင့်ဖို့အတွက် အဆင်ပြေသွားတာပေါ့”
အစွမ်းမရှိသော လုဟိုင်ရွှမ်း ဓါးကို ဝှေ့ယမ်းကာ ပြောလေသည်။ အဖွဲ့ထဲတွင် သူတစ်ယောက်တည်းသာ အစွမ်း မရှိသော်လည်း သူ၏အပေါင်းအဖော်များ အတွက် အားနည်းချက်တော့ မဖြစ်စေလိုပေ။
“ဖုတ်ကောင်ကို သတ်ဖို့ မစောင့်နိုင်တော့ဘူး”
နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော ကျန့်ယာဖေး သည်လည်း မျက်နှာထက် သတ်ဖြတ်ချင်လိုသော အရိပ်အယောင်များ အပြည့်နှင့် ပြောလေသည်။ ကျိုးဇယ်ယွီလည်း ဘာမှမပြောဘဲ လန်ယဲ့ဟန် ပခုံးပေါ်ကို လက်တင်ကာ ရပ်နေသည်။ အားလုံး ပြင်ဆင်နေကြပြီး ယွင်ချဲ့ ကိုလည်း သူတို့နိုင်သမျှ နည်းလမ်းများဖြင့် ကူညီပေးကြလေသည်။
“ကောင်းပြီလေ”
ရှင်းဖုန်း မြေပုံသိမ်းလိုက်ကာ …
“ဘယ်သူ သေနတ်ယူမလဲ”
“သေနတ် ? ကျုပ်ကို တစ်လက်ပေး”
ကျန်သော သူများမှာ ကမ္ဘာပျက်ကပ် မကြုံခင်ချိန်တွင် အိမ်ရှင်မများ၊ ကျောင်းသားများ ဖြစ်ခဲ့ကြသဖြင့် သေနတ်အကြောင်း ဘာမှမသိကြပေ။ သေနတ်နှင့် အရင်းတနှီး မရှိခြင်းက သူတို့ကို အခက်တွေ့စေမည် စိုးသောကြောင့် ဓါးရှည်များကိုသာ ရွေးလိုက်သည်။ ထို့အပြင် ဖုတ်ကောင်များကို သေနတ်တစ်ချက်နှင့် ပစ်ခြင်းထက် ဓါးနှင့် ခုတ်ဖြတ်ခြင်းက ပို၍ပျော်စရာ ကောင်းသည်ဟု ယူဆထားကြသည်။
“မင်းမလုပ်နိုင်တာ ဘာရှိသေးလဲ”
ရှင်းဖုန်း စနောက်လိုက်ပြီး သေနတ် တစ်လက်ကို လေထဲမှထုတ်ယူကာ ယွင်ချဲ့ကို ကမ်းပေးလိုက်ချိန် သူ၏မျက်လုံးထဲတွင် စူးစမ်းလိုစိတ်နှင့် မေးခွန်းများစွာ ပြည့်နှက်နေသည်။
“ကျုပ်လည်း မသိဘူးလေ .. တစ်ရက်တော့ စူးစမ်းကြတာပေါ့”
ယွင်ချဲ့လည်း သေနတ်ကို အိတ်တစ်နေရာထဲတွင် ထည့်လိုက်ပြီး ချီပိုးကို ထုတ်ကာ ချန်ချန်ကို ရင်ဘတ်ပေါ်တွင် တွဲချည် လိုက်သည်ကို ယွင်ယောင် ဝင်တားလိုက်ပြီး …
“ကလေးကို မမ ကြည့်ထားလိုက်မယ် .. မမရဲ့အစွမ်းက တိုက်ခိုက်တဲ့ အခါ အသုံးမဝင်ဘူးလေ”
ယွင်ယောင် တိုက်ခိုက်ချင် ပါသော်လည်း သူမ၏အစွမ်းမှာ အတိုင်းအတာ တစ်ခုထိသာ အသုံးဝင်သည်ကို သူမ ဝန်ခံပါသည်။ ဟွိုင်မြို့ကို ဖြတ်သန်းလာခဲ့သော လမ်းတစ်လျှောက်မှာ အလွန် ကြမ်းတမ်းခဲ့သဖြင့် ကလေးကို သူမသာ စောင့်ရှောက်ရန် အကောင်းဆုံး ဖြစ်မည်ဟု ယူဆထားလေသည်။
“အားတင်းထားပါ မမရဲ့ မမရဲ့ ရေအစွမ်းကလည်း အရမ်းကို ရင်သပ်ဖွယ်ဖြစ်မှာ ကျွန်တော့်ကိုယုံ … မမများများ လေ့ကျင့်ပေးဖို့ လိုတယ်”
ယွင်ချဲ့ စကားပြောလျက် ဆက်၍ ချည်နှောင်နေပြီး မိုးကာအင်္ကျီကို ဝတ်ကာ ချန်ချန်ကို လုံခြုံအောင် ပတ်ထား ပေးလိုက်သည်။
“သွားကြစို့”
“အိုကေ”
ယွင်ယောင် လက်လျော့ကာ သူမ၏ဓါးကို ယူထုတ်လိုက်သည်။ ရှင်းဖုန်းလည်း ယန်းဟွိုင်အန်း နှင့် အခြားတစ်ယောက်ကို အချက်ပြလိုက်ရာ သူတို့သည်လည်း စက်သေနတ်များကို ကိုင်ကာ အရှေ့မှ ထွက်သွားကြပြီး ကျန်နှစ်ယောက်က ရှင်းဖုန်း အနားတွင် ကျန်ခဲ့ကာ စောင့်ရှောက် ပေးကြလေသည်။ အတိတ်ဘဝတွင် ရှင်းဖုန်းကို အားအနည်းဆုံး ခေါင်းဆောင်ဟု ခေါ်ရသည့် အကြောင်းရင်းကို ယွင်ချဲ့ သိလိုက်ရသည်။
မည်သည့်နေရာသို့ သွားသွား နောက်လိုက် အပေါင်းအပါ လေးယောက် အမြဲပါရှိပြီး နှစ်ယောက်မှာ သူ့ကို စောင့်ကြပ် ကာကွယ်ပေးရသည်။ ကောင်းမွန်စွာ ကာကွယ်ခံရပြီး တိုက်ခိုက်ခြင်း မရှိသဖြင့် လူအများအမြင်တွင် အားနည်းသည်ဟု ယူဆထားကြခြင်း ဖြစ်မည်။
***