YMR- အခန်း ၁၈

အခန်း (၁၈)

ယွင်ချဲ့ အခုထိတိုင် အိပ်မပျော်သဖြင့် အခြားသူများကို သန့်စင်ခန်း သွားဉီးမည်ဟု ပြောကာ သူ၏ စွမ်းအား နယ်မြေထဲသို့ ဝင်လာခဲ့သည်။

“သခင် ဒီကို မလာတာတောင် ကြာပြီနော် ကျွန်တော်က သတိရနေတာ”

ထင်ထားသည့် အတိုင်းပင် သားရဲက သူ့ရှေ့ပေါ်လာသည်။ သို့သော် ယွင်ချဲ့ ကြိုသိထားသောကြောင့် ခုန်အုပ်ခြင်းကို ရှောင်လိုက်ရာ သားရဲမှာ ချက်ချင်းပင် မျက်ရည်ဝဲလာပြီး …

“သခင် ကျွန်တော့်ကို မချစ်တော့ဘူး”

“မဟုတ်တာတွေ ငါမင်းကို ဘယ်တုန်းက ချစ်တယ် ပြောဖူးလို့လဲ”

ယွင်ချဲ့ သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

“ညောင်…သခင်”

လက်ကိုကို ယွင်ချဲ့ထံ ဆန့်ထုတ်ကာ ဟေးယွီ သည်းထန်စွာ ငိုကြွေးတော့သည်။ ယွင်ချဲ့လည်း သက်ပြင်းချကာ သားရဲ၏ လက်ကို ကိုင်လိုက်ပြီး …

“လိမ္မာတဲ့ ကောင်လေး ငါမင်းကို လိုအပ်နေတယ်”

“ဟင့်အင်း သခင်..သခင်မှ ကျွန်တော့်ကို မချစ်တာ”

သားရဲမှာ လက်ကို ပြန်ရုတ်လိုက်ပြီး လူတယောက်ကဲ့သို့ မြေကြီးပေါ်တွင် ထိုင်ချကာ နားနှစ်ဖက်ကိုလည်း လက်နှင့် အုပ်ထားလိုက်သည်။ သူသာ အကောင်သေးသေးလေး ဆိုလျှင် ယွင်ချဲ့ ထိုကောင်လေးကို ချစ်စရာ ကောင်းသည်ဟု တွေးမိလိမ့်မည် ဆိုသော်လည်း အရွယ်ကြီးသည့်အပြင် မျက်စောင်းလည်း ထိုးနေသဖြင့် ယွင်ချဲ့လည်း မည်သို့ တုံ့ပြန်ရမည်ကိုမသိတော့ပေ။

“သခင် ကျွန်တော့်ကို ဘာလို့ မချော့တာလဲ”

သူ့ကို ဘာမှပြန်မပြောသဖြင့် ယွင်ချဲ့၏ အာရုံစိုက်မှုကိုရအောင် ထပ်ကြိုးစားပြန်သည်။

“ကျွန်တော့်ကို လိုအပ်တယ်ဆို”

ထိုသားရဲနှင့်သာ အချိန် ထပ်ဖြုန်းနေလျှင် သူ၏မျှော်လင့်ချက်များ ပျောက်ဆုံးကုန်လေမလားဟု ယွင်ချဲ့ သံသယ ဝင်လာမိသည်။

“ဘာအတွက်လဲ”

တစ်ခုခုကို ရိပ်မိလိုက်သကဲ့သို့ ဟေးယွီလည်း မဆော့တော့ဘဲ ယွင်ချဲ့ ဘေးတွင်မှာ ထိုင်လိုက်သဖြင့် ယွင်ချဲ့လည်း ထိုင်ချကာ …

“ဟေးယွီ မင်းဒီကနေ ထွက်လာနိုင်မလား”

ဟွိုင် မြို့သို့ အနည်းဆုံး ၂ နာရီကြာပြီးမှသာ ရောက်နိုင်မည် ဖြစ်သည်။ အစ်မတွင် စွမ်းအား ရှိနေသော်လည်း အစတွင် အားနည်းသော ရေစွမ်းအား ဖြစ်နေပြီး ကျိုးဇယ်ယွီမှာ စွမ်းအားမရှိသည့် အပြင် ချန်ချန် ကလည်း ကလေးတစ်ယောက်သာ ဖြစ်နေသည်။ သို့သော် လူဉီးရေ အလွန် ထူထပ်သော မြို့သို့ သူတို့ဖြတ်သန်း ကြရပေဉီးမည်။ ထိုအချိန်တွင် သူယုံကြည်ရသူနှင့် သူ့ကိုထောက်ပံ့ ပေးနိုင်သူမှာ ဟေးယွီသာ ရှိသည်။

“အင်း ….”

ယွင်ချဲ့ကို ဟေးယွီ မရေမရာ ကြည့်ကာ တွန့်ဆုတ်စွာဖြင့် …

“ဒါတော့ သခင့်အပေါ် မူတည်တယ် ကျွန်တော်က သခင့်စိတ်ဝိညာဉ်ရဲ့ သားရဲဖြစ်ပြီဆိုရင် ကျွန်တော်လည်း ထွက်လာလို့ ရတယ်”

ယေဘုယျအားဖြင့် မည်သည့် သားရဲအစောင့်ကမှ လူသားများနှင့် ချိတ်ဆက်ခြင်း မရှိသောကြောင့် သူခဏတာ တွန့်ဆုတ်နေမိသည်။ သို့သော် သခင်ဖြစ်သူကို အလွန် သံယောဇဉ်ရှိသဖြင့် သူဂရုမစိုက်ပေ။

“မင်းနဲ့ငါက ချိတ်ဆက်ထားပြီးသား မဟုတ်ဘူးလား”

ယွင်ချဲ့ ကြောင်သွားရသည်။ ဟေးယွီက သူ့ကို သခင်ဟု အမြဲခေါ်နေကျ မဟုတ်လား။

“ဘယ်ဟုတ်မလဲ ကျွန်တော်က ဒီနေရာကို စောင့်ရှောက် ပေးနေရုံပဲရှိတာ သခင်က ဒီနေရာကို ပိုင်တာမလို့ ကျွန်တော့်သခင် ဖြစ်လာတာ … သခင်သာ သေသွားရင် နောက်သခင် တစ်ယောက်ကို ဆက်ပြီး အမှုထမ်းပေးရုံပဲ .. ဒါပေမယ် စိတ်ဝိညာဉ် ချိတ်ဆက်လိုက်ရင် မတူတော့ဘူး၊ ချိတ်ဆက်တယ်ဆိုတာ သွေးကိုဖောက် စိတ်ဝိညာဉ်ကို ကြားခံအဖြစ် သုံးပြီး ချိတ်ဆက်ရတာ … ကျွန်တော်တို့တွေ ပေါင်းစည်းသွားရင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိညာဉ်က သခင်နဲ့ ဆိုင်သွားပြီ .. သခင်သေရင် ကျွန်တော်လည်းသေမယ် ကျွန်တော်သေရင်တော့ သခင်နာပဲ နာကျင်ရမှာ အသက်အန္တရာယ်တော့ မထိခိုက်ဘူး”

ထို့ကြောင့်ပင် အစောင့်များက လူသားများနှင့် မချိတ်ဆက်လိုကြပေ။ သူတို့အတွက် မတရားရာ ကျလွန်းသည်။

“အင်း .. လူတွေရဲ့ သက်တမ်းက အကန့်သတ်ရှိတယ် .. ငါနဲ့ချိတ်ဆက်မယ် ဆိုရင် မင်းအတွက် မတရားဘူး .. အဲဒါကို မေ့ထားလိုက်တော့”

ခဏတွေးပြီးနောက် ယွင်ချဲ့ ဖုန်ခါကာ ထရပ်လိုက်သည်။ သူ့အတွက် ဟေးယွီမှာ တိရစ္ဆာန်သာ မဟုတ် တစ်ဦးတည်းသော သူငယ်ချင်းလည်း ဖြစ်သည်။ ဒီကပ်ဆိုးကြီးကို ကျော်နိုင်ရန် သူယုံကြည်ချက် ရှိသော်လည်း အသက်ကြီး လာသည့်အခါ တစ်နေ့တော့ သူသေရပေဉီးမည်။ သက်တမ်းရှည်သော ဟေးယွီ အတွက် သူအသက် ကြီးသွားသကဲ့သို့ သူနှင့် လိုက်သေခိုင်းရသည်က မတရားပေ။

“ဟင် ”

ဒီတစ်ခါတွင် ဟေးယွီ ကြောင်အ သွားရသည်။ သူလက်လျှော့ လိုက်သည်လား။ လူသားများက သူတို့ကို ပိုင်ဆိုင်လိုကြသည် မဟုတ်လား။

“ငါနှစ်ရက်လောက်တော့ ဒီကို မလာနိုင်လောက်ဘူး .. စပါးတွေနဲ့ ဟင်းရွက်တွေကို သေချာကြည့်ထားဦး .. မှည့်လာရင် ငါ့အစား ရိတ်ထားပေး”

အဝေးမှ အစိမ်းရောင် လယ်ကွင်းကိုကြည့်ကာ ယွင်ချဲ့ ပြောပြီးနောက် ဟေးယွီကို ပွတ်သပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။ ယွင်ချဲ့ လက်ကို ဟေးယွီ ပြန်ဆွဲလိုက်ပြီး …

“သခင် .. သခင်နားလည်မှုလွဲနေပြီ .. ချိတ်ဆက်လိုက်ရင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိညာဉ်က သခင်နဲ့ ဆိုင်သွားပြီ ဆိုတော့ သခင်လည်း မအိုနိုင် မသေနိုင်တော့ဘူး”

ယွင်ချဲ့ ထွက်သွားမည် စိုးသောကြောင့် ဟေးယွီ စနောက်နေခြင်းကို ရပ်လိုက်သည်။ သူတို့အချင်းချင်း အဆက်အသွယ် သိပ်မရှိကြသည့်အပြင် တစ်ခါတလေ သခင်က သူ့ကို မနှစ်သက်ဟု ပြောတတ်သော်လည်း ယွင်ချဲ့က သူ့အပေါ် ဂရုစိုက်ကြင်နာသည်ကိုတော့ သူမငြင်းပေ။ သူအထီးကျန် ရသည်ကို မနှစ်က်ကြောင်း သိသဖြင့် ထွေထွေထူးထူး ကိစ္စမရှိသော်လည်း ဒီနေရာသို့လာကာ သူ့ကို အဖော်ပြုပေးတတ်သည်။ ထို့ကြောင့် သူ၏အသက်ကို စွန့်စားရမည် ဆိုလျှင်တောင် သူနှင့်အချိတ်အဆက် ဖြစ်နေစေချင်သည်။

“အမ် .. မအိုမသေဘူး ? .. အဲဒါက မကောင်းတာပဲ မဟုတ်ဘူလား”

ယွင်ချဲ့ မနှစ်မြို့စွာ ပြောလေသည်။ သူမသေမျိုး ဖြစ်ရသည်ကို စိတ်မဝင်စား။ အရင်ဘဝတွင် သုတေသီများက ခန္ဓာတွင်း ပြောင်းလဲသွားသည့် ဆဲလ်များမှာ ပိုမို အားကြီးလာပြီး သက်တမ်းလည်း ရှည်လာနိုင်သည်ကို ရှာတွေ့ခဲ့ပြီးကြပြီး ဖြစ်သော်လည်း အချိန် အကန့်အသတ် ရှိပေသည်။ မသေမျိုး ဖြစ်ရသည်က လူသားများအတွက် စိတ်ဝင်စားစရာ ကောင်းသော်လည်း အမှန်တကယ် လက်တွေ့တွင် မသေရခြင်းက ကောင်းမွန်ပါရဲ့လား။ ကိုယ့်အနီးရှိ ရင်းနှီး ချစ်ခင်ရသူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို ကြုံရခြင်း၊ ရင်းနှီးနှင့်ပြီးသော ပတ်ဝန်းကျင်တွင် သူစိမ်းဆန်လာခြင်း၊ လောကကြီးထဲတွင် တစ်ယောက်တည်း ကျန်ခဲ့ရခြင်း ထိုအခြေအနေများဖြင့် သူပျော်ရွှင်နိုင်မည်ဟု မထင်ပေ။

“တကယ်တော့ ချိတ်ဆက်တာက ဖျက်သိမ်းလို့ ရပါတယ်”

သို့သော် ခက်ခဲသည်။

“ဘာလို့တစ်ခါတည်း တန်းမပြောတာလဲ”

ယွင်ချဲ့ စိတ်တိုစွာ ကြည့်ပြီး စိတ်သက်သာ သွားကာ ..

“စိတ်ဝိညာဉ်က ဘယ်လို ချိတ်ရမှာလဲပြော”

စိတ်ဝိညာဉ် ချိတ်ဆက်ခြင်းကို ဖျက်၍ ရသည် ဆိုသောကြောင့် ယွင်ချဲ့လည်း ပူပန်ရန် မလိုတော့ပေ။

“ရိုးရိုးရှင်းရှင်းပါပဲ .. သခင့်ရဲ့ သွေးတစ်စက် ကျွန်တော့်ကိုပေး”

ဟေးယွီ ခုန်လိုက်ကာ သူ့လက်ကို ကိုက်ပြီး လက်တစ်ချောင်းက သွေးကို ဖောက်လိုက်သည်။

“ကောင်းပြီလေ”

နောက်တစ်ကြိမ်လား။ သိပ်မကြာသေးခင်ကပင် ဓါးရှည်နှင့် ပေါင်းစည်းစဉ် ကလည်း ထိုသို့ပင် နာကျင်ခဲ့ရသည်။ သို့သော် သိပ်မကြာလိုက်၊ မိနစ်အနည်းငယ် ကြာပြီးနောက် နာကျင်မှုက ချက်ချင်း ပျောက်သွားသည်။

“ဒါပဲလား”

လွယ်လိုက်တာ၊

“ဘာထပ်ဖြစ်ချင်သေးလို့လဲ”

ဟေးယွီ ကြောင်သွားရပြန်သည်။ ယွင်ချဲ့ လက်ပိုက်ကာ သူ့ကိုပြုံးကြည့်နေပြီး …

“ဒါပေမယ့် မင်းဒီအရွယ်ကြီးနဲ့ ဆိုရင် …”

သူတို့ဒီလိုသာ ထွက်သွားပါက အစ်မဖြစ်သူသာ မြင်သွားရင် လန့်ဖျား ဖျားလောက်သည်။

“ဒီလောက်ဆို ရပြီလား”

ဟေးယွီ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ကျုံ့သွားကာ ကြောင်အရွယ်သာသာ ရှိသော ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။

“ဒါခွေးပေါက်လေးလား”

ယွင်ချဲ့ မဆင်မခြင်နှင့် နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။

“သွားတော့ အနားမကပ်နဲ့ ကျုပ်က အံ့ဖွယ်တောကောင်ဗျ”

ဟေးယွီ စိတ်ဆိုးစွာ ပြောလေတော့ ယွင်ချဲ့ ရယ်မောကာ သူ့ကို ကောက်ချီလိုက်ပြီး ..

“ဟုတ်ပါပြီ ကျွန်တော်မျိုးရဲ့ အံ့ဖွယ် တောကောင်ကြီးရေ .. လာ ပြင်ပကမ္ဘာကြီးကို ကြည့်ကြစို့”

သူတို့ ထိုနယ်မြေမှ ပျောက်ကွယ် သွားသည်။ ထူးဆန်းသည်က ဟေးယွီမှာ အခုတစ်ခေါက်တွင် သူမဟုတ်သကဲ့သို့ ငြိမ်သက်ကာ စကားနားထောင် နေသည်ဟု ယွင်ချဲ့ သူ့လက်ကို တင်းတင်း ဆုပ်ကိုင်လျက် တွေးမိသည်။ ထိုနေရာတွင် အကြာကြီး နေလာရသဖြင့် သူလည်း အထီးကျန်ကာ အပြင်ကို ထွက်ချင် နေလောက်ရောပေါ့။

ဟေးယွီနှင့် ယွင်ယောင်တို့ စတွေ့သည့် အချိန်တွင် အလွန်ပင် ရယ်ရသည်။ အထိန်းချုပ် မရှိသော အကောင်လေးက သူ့ကိုယ်သူ ခွေးပေါက်လေးဟု မှတ်ယူကာ ယွင်ယောင်ကို တွေ့သည်နှင့် ချက်ချင်း ဖက်တက်ခြင်း၊ စကားမပြောနိုင်ဟု သိထားသော အကောင်လေးက ယွင်ယောင် ရှေ့ ယောင်ယမ်းကာ စကားပြောမိတော့ တစ်ဖက်က လန့်သွားပြီး လက်ထဲမှ လွှင့်ပစ်မိခြင်း စသည့် ရယ်စရာ အဖြစ်တို့ ဖြစ်လာနိုင်သည်။

ဟွိုင်မြို့က တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့လည်း မဟုတ်၊ စီးပွားရေးမြို့လည်း မဟုတ်သော်ငြား တောရွာနယ်စွန် ဒေသများနှင့်ယှဉ်လျှင် လူဦးရေ ထူထပ်ပေသည်။ လူဦးရေ ထူထပ်လေ ဖုတ်ကောင်များလေ ဖြစ်သောကြောင့် သူတို့ကားလေးကို မြို့ထဲသို့ မဝင်နိုင်သေးခင်မှာပင် ဖုတ်ကောင် အုပ်စုကြီးနဲ့ ရင်ဆိုင်ရသေးသည်။

မြို့နှင့်နီးလာလေ အခြေအနေကလည်း တင်းမာလာလေဖြစ်ပြီး ယွင်ယောင်လည်း သားကိုပွေ့ကာ ကျိုးဇယ်ယွီလည်း ဓားကိုပိုက်လျက် ကားအပြင်ဘက်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

“ရောက်တော့မယ်”

လမ်းမကြီးပေါ် တက်ရန် ပြင်လိုက်စဉ် ကားရပ်သွားသဖြင့် ကားထဲက သူတွေလည်း စိုးရိမ်မှုက အထွတ်ထိပ် ရောက်ကုန်ကြသည်။

“ဟေးယွီ မင်း ချန်ချန်ကို ကြည့်ထား ကျိုးဇယ်ယွီနဲ့ မမက ကျွန်တော်နဲ့ လိုက်ခဲ့ .. ငါတို့အမြန်ဆုံး ကျောင်းကို ရောက်အောင် သွားရမယ်”

သူတို့ကို စိတ်မပူစေရန် မပြောတော့ဘဲ ယွင်ချဲ့ အမိန့်သာ ပေးလိုက်တော့သည်။ အခုချိန်စိတ်မပူရန် ပြောသော်လည်း စိုးရိမ်ပူပန် နေကြမည် ဖြစ်သောကြောင့် သူတို့စိုးရိမ်ကြောင့်ကြခြင်း မဖြစ်စေရန် ဒီကပ်ကြီးကို ရင်ဆိုင်တိုက်မှသာ ရတော့မည်။ ထိုအချက်ကို မည်သူမှရှောင်လွှဲ၍မရပေ။

“သခင် ကျွန်တော် ကြောက်တယ်”

ယွင်ယောင်နှင့် ကျိုးဇယ်ယွီတို့မှာ စကားပြောနိုင်စွမ်းမရှိ ဆွံ့အနေကြသော်လည်း ခွေးပေါက်လေးမှာ မျက်လုံး ကလယ်ကလယ်နှင့် ယွင်ချဲ့ ရင်ခွင်ထဲ ခုန်ဝင်သွားလေသည်။ ယွင်ချဲ့သည် သူ့ကို ခြေထောက်က ကိုင်ကာ လွှင့်ပစ်လိုက်သည်။

“အ … သခင်…”

“ဟေးယွီ တော်တော့ ပြဿနာမရှာနဲ့”

ခါးပတ်ဖြုတ်ရင်း ယွင်ချဲ့ ပြောလေသဖြင့် ဟေးယွီ ညည်းတွား နေသသည်ကို ရပ်သွားသည်။ ယွင်ချဲ့ တူလေးကို ယွင်ယောင် ထံမှယူလိုက်ပြီး ….

“မမ ရှောင်ချန်က ဖုတ်ကောင်တွေ ဝိုင်းတာခံနေရပြီး လာကယ်ကြဖို့ စောင့်နေလောက်မှာ”

“ဒါဆိုသွားကြရအောင် မမ.. မမကြိုးစားပါ့မယ်”

“ယွင်ယောင် ကြောက်နေသေးသော်လည်း ဣန္ဒြေမပျက်ပင်။ ကျိုးဇယ်ယွီကို ယွင်ချဲ့ လှည့်ကြည့် လိုက်သည်။ သူက ယောက်ျားလေးလည်းဖြစ်ပြီး အစ်မထက် အတွေ့အကြုံ ပိုရှိလေတော့ အဆင်ပြေလောက်မည်ဟု တွေးကာ စိတ်ငြိမ်အောင် လုပ်လိုက်သည်။

“ငါအဆင်ပြေပါတယ်”

ယွင်ချဲ့ မျက်လုံးကို ကြည့်ပြောလျက် ကျိုးဇယ်ယွီ ဓားကို တင်းတင်းဆုပ် ကိုင်လိုက်သည်။

“ကားပေါ်ကဆင်းကြတော့”

ယွင်ချဲ့ ကားတံခါး ဖွင့်ပေးကာ လက်တစ်ဖက်က ချန်ချန်ကို ချီထားပြီး နောက်တစ်ဖက်က ဓားကို ကိုင်ထားလျက်ပင်။

အပြင်ဘက်တွင် လျှောက်သွားနေသော ဖုတ်ကောင်များက သူတို့ကို သတိထားမိ သွားကာ တံခါးဖွင့် လိုက်သည်နှင့် သူတို့ထံ ပြေးလာကြလေသည်။ ဖြူဖပ်ဖြူရော် အသားအရေနှင့် မီးခိုးရောင် မျက်လုံးများက သူတို့ကို သရဲတစ္ဆေနှင့် တူစေသည်။ ယွင်ချဲ့ ပထမဆုံး ဖုတ်ကောင်ကို ကန်ကာ ကားထဲမှ ထွက်လိုက်ပြီး လက်ထဲရှိဓါးဖြင့် ဖုတ်ကောင်များကို သတ်ဖြတ် ရှင်းပစ်လေသည်။

“အား… အား ထွက်သွား ထွက်သွား”

အခြားတစ်ဖက်တွင် ကားပေါ်မှ ဆင်းလာသော ယွင်ယောင် ကြောက်အား လန့်အားဖြင့် မျက်လုံးမှိတ်ကာ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ဟိုဘက်ဒီဘက် ဝှေ့ယမ်း နေတော့သည်။

“ဒီကနေထွက်သွားစမ်း”

ယွင်ယောင်ကို ဖုတ်ကောင် တစ်ကောင် ဖမ်းမိခါနီးချိန်တွင် ခွေးပေါက်လေးက တဖြည်းဖြည်း အကောင်ကြီးလာကာ သူ၏ ချွန်ထက် သန်မာသော သွားများနှင့် ဖုတ်ကောင်များကို သွေးများ ပန်းထွက် လာသည်အထိ ကိုက်ခဲလိုက်သည်။ ဖုတ်ကောင်များ ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားသည်ကို ကြည့်ရင်း ကျိုးဇယ်ယွီ လန့်သွားရသည်။

ဘုရားရေ အဲဒါ ဘာကောင်ကြီးလဲဟ။

“တော်တယ်”

ဟေးယွီ ကို ယွင်ချဲ့ ပွတ်သပ် ပေးလိုက်သဖြင့် ဟေးယွီလည်း သူ့ဘက်ကို လှည့်ကြည့်ကာ …

“ဒါပေါ့ ကျွန်တော်က အံ့ဖွယ် တောကောင်ကြီးဆိုတာ မမေ့နဲ့ဦးလေ .. ကျွန်တော့်ရှေ့လာပြီး မာနလာကြီး ပြနေရင် အကုန်အသေပဲ

“ရှောင်ချဲ့ မမ …”

ယွင်ယောင်မှာ ကြည့်ကာ တုန်နေလျက်။

“နေသားကျအောင် သာလုပ်”

အပြစ်လည်းမဆို အားပေးစကားလည်း မပြောဘဲ ယွင်ချဲ့ အစ်မဖြစ်သူ၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ ထို့နောက် တစ်ဖက်လှည့်ကာ ဟေးယွီကို ခေါ်လိုက်ပြီး ချန်ချန်ကို ဟေးယွီ ကျောပေါ် တင်လိုက်သည်။

“ချန်ချန် ဒီနေရာမှာ လူဆိုးတွေ အများကြီး ရှိနေသေးတယ် .. ဦးဉီးနဲ့ မေမေက သူတို့ကို တိုက်ရမှာမလို့ သားကို ဟေးယွီ ကာကွယ်ပေးလိမ့်မယ် သူ့ကို သေချာဖက်ထားနော် ဟုတ်ပြီလား”

“အွန်း”

ချန်ချန် ခေါင်းညိတ်ကာ ဟေးယွီ၏ အမွေးထူထူကြီးများကို လက်သေးသေးလေးများဖြင့် ဆုပ်ကိုင် ထားသည်ကို ယွင်ချဲ့ ကြည့်ကာ သဘောကျစွာဖြင့် …

“တော်တယ် ငါ့တူလေး”

ယွင်ချဲ့ အပြုံး၏ နောက်ကွယ်တွင် မဖော်ပြနိုင်သော နာကျင်မှုများ ကိန်းအောင်းနေသည်။ ယခု ကပ်ဆိုးကြီးကြောင့်သာ မဟုတ်လျှင် နှစ်နှစ်အရွယ် ကလေးက ယခုအဖြစ်ကို မြင်တွေ့ရန် မလိုအပ်ပေ။

“ယွင်ချဲ့ ဖုတ်ကောင်တွေ လာနေပြီ”

သူတို့နောက်မှ ဖုတ်ကောင် အုပ်စုမှာ တဖြည်းဖြည်း နီးလာသဖြင့် ကျိုးဇယ်ယွီ ဓားကိုယူကာ သူတို့ကို ရင်ဆိုင်လိုက်သည်။ ဖုတ်ကောင် နှစ်ကောင်လောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီးသဖြင့် အားလုံးက သူ့အတွက် သိပ်ကြောက်စရာ မကောင်းတော့။

“ဟေးယွီ ချန်ချန်ကို မင်းနဲ့ အပ်ခဲ့မယ်နော် … သွားစို့”

ဖုတ်ကောင်အုပ်စုကြီးကို ကြည့်ကာ စုတ်ပြတ်နေပြီ ဖြစ်သော ကားကို ပြန်ယူရန် မကြိုးပမ်းတော့ပေ။ သူ၏ဓားကို ယူကာ ပြေးသွားပြီး ဖုတ်ကောင်များကို ပိုင်းဖြတ်လေသည်။ ယခုတစ်ခါတွင် ခေါင်းများကို မဖြတ်ဘဲ ခေါင်းထဲကိုသာ ဓားကိုစိုက်ကာ အမြုတေ ရှိနေရင်ဟု ခံစားရလျှင် ယူလိုက်ပြီး မရှိလျှင် ဓားကိုပြန်ဆွဲထုတ်ကာ နောက်တစ်ကောင်ကို ဆက်သတ်လေသည်။

“သခင် စောင့်ပါဦး”

“မမ သူ့နောက်လိုက်ကြစို့ .. ယွင်ချဲ့ ပြောတာဟုတ်တယ် .. ကျွန်တော်တို့ အသားကျအောင် လုပ်မှဖြစ်တော့မှာ”

ရှေ့ဆက် သွားနေသော မောင်လေးကြောင့် ယွင်ယောင်လည်း ဓားကိုယူကာ အမီလိုက်လေသည်။ အသားကျရန် အလွန် ခက်ခဲသည်ကို ယွင်ချဲ့ ဘယ်လိုကြောင့်များ နေသားကျသွားရတာလဲ…….။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset