အခန်း (၁၆)
အတိတ်ဘဝတွင် ကမ္ဘာပျက်ကပ်ကို လေးနှစ်တာ ကြုံတွေ့ခဲ့ရသဖြင့် မည်သည့် နေရာတွင် ယာဉ်ကြော ပိတ်သည်ဖြစ်ဖြစ် မြို့ထဲမှ ရှောင်ကွင်း ထွက်သွားရန် မောင်းနိုင်သည်အထိ အလွန် ကျွမ်းကျင်လှသည်။ ယွင်ယောင်မှာ အလွန် မူးနောက်နေသဖြင့် ခုံပေါ်လဲနေလိုက်သည်။ ယွင်ချဲ့လည်း ကားကို အာရုံစိုက် မောင်းနှင်ရင်းပင် နောက်ကြည့်မှန် မှတစ်ဆင့် သူမကို ခဏခဏ ကြည့်နေရသည်။ သူမ ပြောင်းလဲသွားမည်ကို ယွင်ချဲ့ အလွန် စိုးတိတ်မိသည်။ သူချစ်ရသူများ ဖုတ်ကောင် ဖြစ်သွားကြသည်ကို အတိတ်ဘဝတွင် တွေ့ကြုံခဲ့ရရုံနှင့် လုံလောက်ပါပြီ။ ထိုအဖြစ်အပျက်ကို သူထပ် မကြုံချင်တော့ပေ။
“အစ်ကိုရေ ဒီအစ်မက …. နေရထိုင်ရ မသက်သာဘူးလား”
ထိုသူက ဘေးတွင် ထိုင်နေသော ယွင်ယောင် သက်သောင့်သက်သာ မရှိသည်ကို တွေ့လိုက်သဖြင့် အတော်ကြာအောင် စဉ်းစားလိုက်ပြီး သတ္တိကိုစုကာ မေးလိုက်သည်။
“မင်းမှာ သေချာတဲ့ လမ်းကြောင်း ရှိပြီလား”
နောက်ကြည့်မှန် မှတစ်ဆင့် အကြိမ်များစွာ ကြည့်ပြီးနောက် ယွင်ချဲ့ မဖြေဘဲ မေးခွန်း ပြန်ထုတ်လိုက်သည်။ ထိုလူလည်း အံ့အားသင့်ကာ ခေါင်းခါလိုက်ပြီး စိတ်ပျက်လက်ပျက် ပြုံးကာ …
“အဖေက ငါ့ကိုကယ်ဖို့အတွက် အမေကိုက်သတ်တာ ခံလိုက်ရတယ် …”
စာနာခြင်း မရှိသင့်စကား ဆိုသော်လည်း သူဘာကြောင့် ပြောထွက်သွားသည်ကို မသိလိုက်။ သူ၏မသိစိတ်က ယွင်ချဲ့ကို ယုံကြည်အားကိုး ထိုက်သူဟု ခံစား
“အဲဒီတော့ ..?”
ယွင်ချဲ့ ဘာမှမကြားရသော လူတစ်ယောက်ကဲ့သို့ အလွန် သွေးအေးနိုင်လှသည်။ ထိုသူလည်း အသာအယာပြုံးကာ …
“ဘာမှမဟုတ်တော့ဘူး”
သူဘယ်သူ့ဆီက သနားစာနာမှုကို မျှော်လင့်နေတာလဲ။ ဒီလို ဝရုန်းသုန်းကား ဖြစ်နေချိန် သူ့ကို ဘယ်သူကများ နှစ်သိမ့်ပေးနိုင်မှာလဲ။
“ကောင်းပြီလေ .. မင်းလုံခြုံတဲ့နေရာ မရောက်မချင်း ငါတို့နဲ့လိုက်ခဲ့ .. အတုံ့အလှည့် အနေနဲ့ မင်းသူ့ကို ဂရုစိုက်ပေးရမယ်”
အကြင်နာတရား မရှိသောသူ့ကို အပြစ်တင်၍ မရပေ။ ကမ္ဘာပျက်ကပ်တွင် သူလေးနှစ်ကြာအောင် နေထိုင်ခဲ့ရသဖြင့် သူအရင်က မည်မျှ သဘောထား ကြီးခဲ့ပါစေ အခုထိုကဲ့သို့ မဟုတ်တော့ပါ။ ယုံကြည်မှုအတွက် သူ့ကိုပင် သေချာမသိသော လူတစ်ယောက်ကို သူဘယ်လိုများ ယုံကြည်ရမှာလဲ။
“အာ .. သူအဖျားကျအောင်ထိ မစောင့် … ”
“အချိန်မရှိတော့ဘူး”
ထိုမိန်းကလေးကို အလွန် စိုးရိမ်နေသော ယွင်ချဲ့ကိုကြည့်ရင်း အခြေအနေကို သူခန့်မှန်းနိုင်သော်လည်း ယွင်ချဲ့၏ နောက်စကား တစ်ခွန်းကြောင့် သူစိတ်ရှုပ်ထွေးကာ ပို၍သိချင်လာသည်။
ဘေးတွင်လဲနေသော မိန်းကလေးကို ခိုးကြည့်ကာ ယွင်ချဲ့၏ အချိန်မရှိတော့ဘူး ဆိုသောစကားကို သူနားမလည်နိုင်ပေ။
“သူ့ကိုရေတိုက်ထား .. အမူအရာတွေကိုလည်း ဂရုစိုက်ကြည့်နေ .. တစ်ခုခု မူမမှန်တာတွေ့ရင် ချက်ချင်းပြော”
မရှင်းပြလိုတော့သဖြင့် ယွင်ယောင် သောက်ထားသော ရေဘူးကို ကမ်းပေးကာ ပြောလိုက်သည်။
“အင်း… အင်း”
နားလည်ရန် ခက်ခဲသော်လည်း အသက် ဆက်ရှင်သန်ရန် အတွက် သူတို့နှင့်အတူ သွားရန်သာ ရှိသည်ကို သူကောင်းကောင်း နားလည်သည်။
“ငါက ကျိုးဇယ်ယွီ”
ယွင်ချဲ့ကို ကြည့်လိုက်ပြီးနောက် ယွင်ယောင်၏ ခေါင်းကို ကျိုးဇယ်ယွီ သူ့ပခုံးပေါ် မှီစေလိုက်ပြီး ရေကို ခက်ခဲစွာ တိုက်လိုက်သည်။
“ယွင်ချဲ့”
ယွင်ချဲ့ မိတ်ဆက်ပြီးချိန်တွင် ကားမှာ မြို့ပြင်သို့ ရောက်သွားလေသည်။ အမြန်လမ်းမကို မရွေးဘဲ မြို့အရှေ့ဘက်ရှိ အိမ်ကြီးများ ရှိရာဘက်သို့ မောင်းကာ လမ်းကြားငယ်လေးများမှ မောင်းနှင် လာခဲ့သည်။ ထိုအိမ်ကြီးများ ရှိရာမှ ဟွိုင်မြို့ထိ ရောက်သော လမ်းကြောင်း ရှိသည်ကို ယွင်ချဲ့ ကောင်းကောင်း မှတ်မိသည်။ ထိုတောင်ကုန်းငယ် ဒေသမှာ ချမ်းသာသူများ နေထိုင်ကြသဖြင့် မြို့တွင်းကဲ့သို့ လူဉီးရေ မထူထပ်ပေ။ အမြန်လမ်းမနှင့် လမ်းမကြီးများမှာ လမ်းပိတ်ဆို့မှုများ ရှိနေနိုင်သဖြင့် အခြေအနေ မကောင်းလျှင်သော်မှ အမြန်လမ်းဟောင်း တစ်ခုတည်းသာ အသုံးပြုရနိုင်သည်။
“ကယ်ကြပါ .. ကယ်ကြပါ ..”
လမ်းတစ်လျှောက်တွင် ဖုတ်ကောင်များ လိုက်နေကြသဖြင့် ပြေးလာရသူများက လက်ဝှေ့ယမ်းပြကာ အကူအညီ တောင်းနေကြသော်လည်း ယွင်ချဲ့ လျစ်လျူရှုကာ အရှေ့တွင် လာပိတ်သော ဖုတ်ကောင် မှန်သမျှကို ကားနှင့်တိုက်ကာ မောင်းထွက် သွားလေသည်။ အိမ်ကြီးများရှိရာ နယ်ထဲ ရောက်သွားသောအခါ လူအများ ပြေးလွှား အော်ဟစ် နေကြသည်ကို တွေ့လိုက်ရသည်။
ဘုတ်
ကျိုးဇယ်ယွီက ယွင်ချဲ့ ကားကို ရပ်လိမ့်မည်ဟု ထင်လိုက်ချိန်တွင် ယွင်ချဲ့မှာ လီဗာကိုနင်းကာ အရှိန်နှင့် မောင်းထွက် သွားလေသည်။ အကြောင်းမှာ သွေးများ ပေကျံနေသော လူတစ်ယောက်က ကားကို လာရိုက်သောကြောင့်ပင်။ ကျိုးဇယ်ယွီမှာ ပါးစပ်ပင်ဟကာ အံ့ဩနေပြီးနောက် အတော်ကြာမှသာ ..
“သူ…သူက လူပဲ”
“ခဏကြာရင် သူ လူမဟုတ်တော့ဘူး မျက်လုံးက တိမ်ဝင်နေပြီ .. တစ်နာရီအတွင်း သူဖုတ်ကောင်ဖြစ်တော့မှာ မင်းက သူ့အစာ ဖြစ်ချင်လို့လား”
သူ့တွင် အကြင်နာတရား မရှိဘူး ဆိုသော်လည်း သွေးအေးသည်ဟု မဆိုလိုပေ။ ထို့အပြင် လမ်းမပေါ်တွင်လည်း အခြားသော လူများစွာ ရှိနေကြသည်။
“အာ .. ဆောရီး .. ငါ..ငါက …”
“မပြောနဲ့ .. မင်းသနားတတ်တာ ငါမကန့်ကွက်ဘူး .. ဒါပေမယ့် မင်းမထွက်သွားခင် မင်းရဲ့ သနားစာနာစိတ်ကို ထိန်းချုပ်ထားဖို့ ငါတောင်းဆိုတယ် .. ငါတို့ထဲမှာ မင်းကလွဲရင် အကုန်ထိန်းချုပ် နိုင်တယ်”
နောက်ကြည့်မှန်မှ ကြည့်ကာ ယွင်ချဲ့ ဆေးလိပ်သောက်ရင်း ပြောလေသည်။
ယွင်ချဲ့သည် အရင်ထက် ပို၍ယဉ်ကျေးစွာ ပြောဆိုသော်လည်း ကျိုးဇယ်ယွီ အနည်းငယ် ရှက်ရွံ့မိလေသည်။ ကမ္ဘာပေါ်တွင် သူ့ကိုယ်သူ မကာကွယ်နိုင်သေးဘဲ အခြားသူများကို ဘယ်လိုစောင့်ရှောက် ကာကွယ် ပေးနိုင်မှာလဲ။ အကယ်၍ ထိုလူ အသွင်မပြောင်းလျှင်တောင် သူတို့ကားရပ်ပေးမည်မဟုတ်။ ထို့အပြင် လမ်းတွင် ပိတ်နေသူများမှာလည်း ကားရှေ့ ပိတ်ရပ်ကြပြီးလျှင် ….
အကျိုးဆက်ကို တွေးကြည့်ရင်း ကျိုးဇယ်ယွီ ဖိမ့်ဖိမ့်တုန်သွားကာ …
“ကျေးဇူးတင်ပါတယ်”
ယွင်ချဲ့က သူ့ကို သင်ပေးနေသည်ကို နားလည်သော်လည်း အဓိက ဆိုလိုသည်မှာ ပြဿနာ မလုပ်ရန် တားနေခြင်း ဖြစ်သည်။
“မပြောနဲ့ .. ငါ့အစ်မကိုပဲ ဂရုစိုက်ပေး”
ယွင်ချဲ့လည်း မယဉ်ကျေးတော့ဘဲ ပြတင်းမှန်ချကာ ဆေးလိပ်ကိုပစ်လိုက်ပြီး …
“သေချာထိုင်နေ”
“ဟမ် ?”
ဒုန်း
“ဉီးဉီး ”
ကျိုးဇယ်ယွီ တုံ့ပြန်ချိန်ပင် မရလိုက်၊ ဆူညံသော အသံတစ်ခု နှင့်အတူ ကားထဲရှိသူများ မူးနောက်သွားကာ ချန်ချန်က ကြောက်လန့်တကြီးဖြင့် မျက်ရည်များ ကျလာလေသည်။ ယွင်ချဲ့ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ချန်ချန်၏ လက်ဖောင်းဖောင်းလေးကို ဆွဲကိုင်ထားလိုက်သည်။
“မကြောက်နဲ့နော်”
“အွန်း …”
ချန်ချန်လည်း သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင် မျက်ရည်များနှင့် လှမ်းကြည့်ကာ သနားစဖွယ် ခေါင်းညိတ်ပြလေသည်။ ထိုပုံစံကို ယွင်ချဲ့ ကြည့်နိုင်စွမ်း မရှိသော်လည်း အခြားနည်းလမ်း မရှိတော့ပေ။ လမ်းရှေ့တွင် နံရံက ပိတ်ကာ ထားသဖြင့် ဖောက်ထွက်ရန်သာ ရှိတော့သည်။
“ချန်ချန်က သတ္တိရှိတော့ ဉီးဉီးရဲ့ သတ္တိရှိတဲ့ တူလေးကို ဆုပေးမယ်နော်”
ချန်ချန် ခေါင်းကို ပုတ်ပေးလိုက်ပြီး ယွင်ချဲ့ သူ၏လက်ထဲတွင် ရောင်စုံသက်တန့် သကြားလုံးလေး ပေါ်လာအောင် လုပ်ပြလိုက်သဖြင့် ချန်ချန်လည်း သဘောကျစွာပြုံးလျက် …
“ကျေးဇူးတင်ပါတယ် ဉီးဉီး”
သစေမျး ဒီလူရူးနတောလားဟ။
အနောက်ခန်းတွင် ထိုင်လျက် ကျိုးဇယ်ယွီ အံ့ဩစွာ ခဏတိတ်ဆိတ် သွားလေသည်။ သူ့ကို အားကိုးသည်က မှန်ကန်ရဲ့လား။ ထိုလူ နံရံကြီးကို တိုက်ပစ်ကာ မောင်းသွားသည်၊ ကံကောင်းသည်က သူတို့ကားကြီးကို မောင်းနှင်လာခဲ့ခြင်းပင်။ ကျိုးဇယ်ယွီ တဖြည်းဖြည်းနှင့် အကူအညီ မဲ့လာသကဲ့သို့ ခံစားရသော်လည်း သူတို့နှင့် ခဏပင် ခွဲခွာရန် မတွေးသည်ကို သတိမထားလိုက်မိပေ။
***