အခန်း (၁၅)
ကမ္ဘာပျက်ကပ်က ရုတ်တရက် ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ချိန်တွင် လူအချို့မှာ ညဘက်အိပ်နေရင်းဖြင့် အသွင်ပြောင်းခဲ့ကြပြီး ကံကောင်းသူ အချို့မှာ စွမ်းအားများ ရရှိလာခဲ့ကြ သော်လည်း မည်သို့ အသုံးပြုရမည်ကို မသိကြပေ။ စွမ်းအား ရလာသည်ကို မသိသူများသည်လည်း ဖုတ်ကောင်များ၏ ကိုက်ဖြတ်ခြင်းကို ခံရပေဉီးမည်။ သို့သော် ပြောင်းလဲကာစ ဖုတ်ကောင်များမှာ လှုပ်ရှားမှု နှေးကွေးကြပြီး အမြင်အာရုံမှာလည်း ဝေဝါးကာ တိုက်ခိုက် နိုင်အားလည်း အလွန်နည်းသည်။ အကယ်၍ လူများသာ တည်ငြိမ်ကာ သတ္တိရှိကြသည် ဆိုလျှင် စွမ်းအား မရှိသူများပင် ထိုဖုတ်ကောင်များကို ရင်ဆိုင် တိုက်ခိုက်နိုင်သည်။
မည်သို့ပင်ဖြစ်ဖြစ် ကမ္ဘာပျက်ကပ်ဆိုက်သည့် ပထမဆုံးနေ့ ဖြစ်သောကြောင့် အင်တာနက် ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို့မှာ အသုံးပြု၍ ရနေသေးသည်။ အင်တာနက် အသုံးပြုသူ များပြားခြင်းကြောင့် ဆိုးဝါးသော အခြေအနေတစ်ခု ဖြစ်လာနေသည်ကို လူအများ သိပြီးကြလိမ့်မည် ဖြစ်သည်။ သို့သော် လူအများမှာ ရိုးအနေကြပြီး နိုင်ငံအစိုးရက သူတို့ကို ကယ်တင်လိမ့်မည်ဟု ယုံကြည်လျက် အိမ်ထဲတွင်သာ နေရန် ရွေးချယ်ခဲ့ကြသည်။ အချို့ အကင်းပါးကာ သတ္တိရှိသူများက ရင်ဆိုင်ရန်အတွက် ကြိုတင်စုဆောင်း ပြင်ဆင် ထားကြလေသည်။
ယွင်ချဲ့နှင့် အစ်မဖြစ်သူတို့၏ ဉီးတည်ချက်မှာ ယွင်ချန် ရှိရာမြို့သို့ သွားကြရန်ဖြစ်သည်။
“မမ .. ချန်ချန် ချီထားနော် .. ကျွန်တော် မောင်းမယ်”
တိုက်လှေကားတွင် ဖုတ်ကောင်များ ပြည့်နှက် နေသဖြင့် ယွင်ချဲ့ ထိပ်တိုက် မတွေ့ချင်သောကြောင့် ကားပါကင်နေရာ ရောက်သည်အထိ ဓါတ်လှေကား စီးသွားကာ အနားတစ်ဝိုက်ရှိ ဖုတ်ကောင်များ ရှင်းလိုက်ပြီး လေဟာပြင်ထဲမှ သူ၏အိမ်စီးကားကို ယူထုတ်လိုက်သည်။
“ကောင်းပြီလေ …”
ယွင်ယောင် ကြောက်လန့် နေသော်လည်း သူမ၏သားလေးကို တင်းကျပ်စွာ ဖက်ထားလျက် ကားရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ တစ်ချိန်တည်းတွင် ယွင်ချဲ့လည်း မောင်းသူခုံတွင် ထိုင်လျက် ယွင်ယောင်ကို ကြည့်လိုက်သည်။
“မမ .. နေရတာ အဆင်မပြေလို့လား”
သူမမျက်နှာထက် ချွေးစေးများမှာ သာမန်ထက် ပိုများပြားနေသည်။
“အင်း .. ကြည့်ရတာ မမဖျားနေပြီ ထင်တယ်”
သူမ၏မျက်နှာ နှစ်ဖက်မှာလည်း နီရဲကာ အပူမြင့်တက်လာပြီး ခေါင်းမှာလည်း မူးနောက်လာလေသည်။
“ဖျားနေတယ် ?”
ထိုလက္ခဏာမှာ ဖျားနာခြင်းကြောင့် မဟုတ်ပေ။ ယွင်ချဲ့ ခဏတာ တွေးတော နေလိုက်ပြီး လေဟာပြင်ထဲမှ ရေဘူးတစ်ဘူး ယူကာ ယွင်ယောင်ကို ကမ်းပေးလိုက်သည်။
“မမ ..အနောက်ခန်းကို သွားပြီး နားနေလိုက်ပါလား .. ချန်ချန်ကို ကျွန်တော် ကြည့်ထားလိုက်မယ် .. ရေများများ သောက်ဖို့ မမေ့နဲ့နော်”
သာမန်အားဖြင့် သူမ၏စွမ်းအား တစ်ခု နိုးထလာတော့မည်ဟု ယူဆရသော်လည်း အလွန် အဖျားကြီးသော လူအနည်းစုသာလျှင် ဖုတ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားကြသည်။ ယွင်ချဲ့ စိတ်ပူသော်လည်း ပထမအဆင့် ပြောင်းလဲမှုကို မတားနိုင်သဖြင့် သူလည်း ဘာမှလုပ်၍ မရတော့။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ချန်ချန် စောင့်ရှောက်ပြီး အစ်မကို စိတ်အေးအေးထားစေရန်ဖြစ်သည်။
“အင်း .. အဲ့လိုပဲ လုပ်လိုက်မယ်”
သားလေးကို အဖျားကူးမည် ဆိုသောကြောင့် ယွင်ယောင် များများ မစဉ်းစားတော့။ ချန်ချန်ကို ယွင်ချဲ့ထံ လှမ်းပေးလိုက်ပြီး ရေဘူးကိုယူကာ မော့သောက် လေတော့သည်။
“များများ သောက်ပေး မမ .. ချန်ချန်ကို မမနောက်ထပ် အများကြီး ဂရုစိုက်ပေးရဉီးမှာ”
ထိုရေမှာ တစ်ဖက် နယ်မြေလောကမှ စမ်းချောင်းရေဖြစ်ပြီး ယွင်ချဲ့က ဘူးနှင့်ထည့်ကာ အသင့်ပြင်ဆင် ထားခဲ့သည်။
“အင်း ..”
ယွင်ယောင် မစဉ်းစားနိုင်အောင်ပင် ခေါင်းမူးနောက် နေသဖြင့် ရေကိုအဝ မော့သောက်ကာ အနောက်ခန်းထဲသို့ ပြောင်းထိုင် လိုက်သည်။
“မေမေ …”
ချန်ချန် သူ၏လက်ကို ဆန့်လိုက်သဖြင့် ယွင်ချဲ့က ခေါင်းကို အသာပုတ်လျက် ကလေးထိုင်သော ခုံကို လေဟာပြင်ထဲမှ ယူလိုက်သည်။ ချန်ချန်ကို ကားရှေ့ခန်းတွင်သာ နေရာချ ထားလိုက်ပြီး အနောက်ခန်းထဲရှိသော ယွင်ယောင်ကို နောက်ကြည့်မှန် မှတစ်ဆင့် ကြည့်လိုက်သည်။ သူ၏အကြည့်များတွင်လည်း စိုးရိမ်မှုအပြည့်ပင်။ သူ၏အစ်မသာ ဖုတ်ကောင် ဖြစ်သွားခဲ့လျှင် … မဖြစ်နိုင်ပါ၊ သူတို့ ထိုတမျှ ကံမဆိုးနိုင်ပါ။
“မမ သေချာထိုင်ပြီး ဂရုတစိုက်နားနေနော် … လမ်းက စိတ်ချလို့မရ…”
“ဒုန်း”
ယွင်ချဲ့ စကားမဆုံးခင် အနောက်ခန်းတံခါး ပွင့်လာပြီး မရင်းနှီးသည့် လူတစ်ယောက် တက်လာလေသည်။ ထိုလူအနောက်တွင် ဖုတ်ကောင်များစွာ လိုက်လာနေပြီး ယွင်ချဲ့ မျက်နှာလည်း ပြောင်းလဲ သွားလေသည်။
“ဆင်းစမ်း ”
“ကျေးဇူးပြုပြီး မလုပ် … ဟင် အစ်ကိုပါလား”
ရှုပ်ပွနေသော အသွင်အပြင်နှင့် ကားပေါ် တက်လာသူက အံ့ဩစွာ ကြည့်နေလေသည်။ ထိုသူမှာ ယွင်ချဲ့ အခုမြို့သို့ ဉီးတည် မောင်းလာခဲ့စဉ်က သူ၏လျှပ်စစ်ကားပေါ်သို့ ခွင့်မပြုဘဲ တက်လာခဲ့သော သူဖြစ်နေသည်။
ဖုတ်ကောင်များမှာလည်း လိုက်မီလာပြီး ပြတင်းမှန်ကို ထိရိုက်လုနီးပါး ဖြစ်လာသဖြင့် ယွင်ချဲ့လည်း နောက်ကြည့်မှန်မှ နေ၍ ထိုသူနှင့် ကြောက်လန့်နေသော အစ်မကိုကြည့်ကာ ကားကိုမောင်းနှင်လိုက်သည်။
အမြန်လမ်းမကြီးပေါ်တွင် ကားများ ပိတ်ဆို့နေသဖြင့် အချို့မှာ အော်ဟစ်ကာ ကားများပေါ်မှ ပြေးလွှားနေပြီး အချို့မှာ ဖုတ်ကောင်ရှေ့သို့ ရောက်သွားကြရကာ ကံကောင်း၍ လွတ်မြောက် သွားကြသူမှာလည်း ဖုတ်ကောင်များနှင့် ရင်ဆိုင်ကြရပြန်သည်။ အဝေးမှနေ၍ အခြေအနေကို ကြည့်ကာ လမ်းမကြီးမရွေးဘဲ လမ်းကြားငယ်လေးများကို ရွေးချယ် သွားခဲ့သော်လည်း ဖုတ်ကောင် အချို့ကို တွေ့ခဲ့ရပြန်သည်။
“ဟေ့လူ … သူတို့က ခင်ဗျားကိုတော့ မကိုက်ကြဘူးနော်”
ကားစက်သံ နောက်လိုက်နေကြသော ဖုတ်ကောင်များကို ကြည့်လျက် ထိုသူက သံသယဖြစ်ကာ မေးလိုက်မိသည်။
“မင်းစကား ထပ်ပြောမယ်ဆိုရင် ဆင်းတော့”
ယွင်ချဲ့က နောက်ကြည့်မှန် မှတစ်ဆင့် ထိုသူကို အေးစက်စက် စိုက်ကြည့်လေသည်။ သူ၏လေထုစွမ်းအားမှာ နိုးထကာစဖြစ်ပြီး ရက်အတော်ကြာအောင် မသုံးခဲ့ရသဖြင့် အစပျိုး အဆင့်တွင်ပင် ရှိနေသေးသည်။ သို့သော်လည်း ကံကောင်းစွာပင် ကားတစ်စီးလုံးကို ကာနိုင်သည်အထိ အသုံးပြုနိုင်သဖြင့် ယွင်ချဲ့ စိတ်ချနေရသည်။
“အာ …”
‘ဒီလူ တော်တော် ရက်စက်တာပဲ’
ထိုသူစိတ်ထဲမှ တွေးက ရုတ်တရက် သူ၏အိမ်မှ အဖြစ်အပျက်ကို ပြန်မှတ်မိလိုက်သည်။ သူအိမ်ပြန်လာခဲ့သည့် အချိန်တွင် သူ၏အမေမှာ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားခဲ့ပြီး အဖေမှာ ပုန်းနေခဲ့သည်။ သူပြန်လာခဲ့သဖြင့် အဖေ ထွက်ပြေးလာကာ တံခါးဖွင့်ပေး လိုက်သည့်အခါ အမေက အဖေ၏ပခုံးကို ကိုက်လိုက်ပြီး အဖေက ဖုတ်ကောင် ဖြစ်နေသည့် အမေကိုဖက်ထားရင်း သူ့ကိုထွက်ပြေးရန် အော်ပြောနေခဲ့သည်။
အဖေဖြစ်သူမှာ သူ့ကိုကယ်ရင်း သေဆုံးခဲ့ရသည်။
လက်နှစ်ဖက်ကလည်း ဒူးနှစ်ဖက်ကို သေချာ ဆုပ်ကိုင်ထားလျက် ခေါင်းငုံ့ကာ မျက်ရည်များ အဆက်မပြတ် ကျဆင်း လာလေသည်။ သူအသက် ဆက်ရှင်မည်၊ သူသေချာပေါက် ဆက်လက် ရှင်သန်ရမည်။
***