YMR- အခန်း ၁၂

အခန်း (၁၂)

“ဒါကျွန်မအိမ် .. ကျွန်မဝင်စေချင်တဲ့ သူကိုပေးဝင်မယ်”

ကျိုး မိသားစု၏ ချွေးမစဖြစ်သည်မှစ၍ အခုပထမဆုံးအကြိမ် ယောက္ခမဖြစ်သူကို တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကျိုးဝမ် ပြန်မပြောရသေးချိန်တွင် ယွင်ယောင် သူမ၏ကလေးကို ချီကာ တံခါးဝသို့ အမြန်ပြေး သွားလေသည်။

“သူ့ကိုတားကြ တံခါးကို မဖွင့်စေနဲ့”

ကျိုးဝမ်လည်း သတိဝင်လာပြီး အထိတ်တလန့် အော်လိုက်သဖြင့် ကိုယ်ရံတော်၂ယောက် ခဏတုံ့ဆိုင်း နေသော်လည်း အမြန်ပြေးသွားကာ ဖမ်းချုပ်လိုက်သဖြင့် ယွင်ယောင် တံခါးဖွင့်ရန် မမီလိုက်ပေ။

“ငါ့ကိုလွှတ် … နင်တို့တွေ ရှောင်ချဲ့ကို သတ်မလို့လား .. ငါ့ကိုလွှတ် …”

ဖြန်း ဖြန်း

လက်နှစ်ဖက်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားကြသဖြင့် ယွင်ယောင် လက်ထဲမှ ကလေးငယ် ပြုတ်ကျသွားပြီး ယွင်ယောင်လည်း အားကုန် ရုန်းကန်သဖြင့် ကျိုးဝမ် ဒေါသတကြီး သွားကာ သူမမျက်နှာကို နှစ်ချက်ရိုက်လိုက်ရာ ယွင်ယောင် မျက်နှာမှာ ဖူးယောင် သွားလေသည်။ ထိုအသံကို အပြင်ဘက်တွင် ရှိနေသော ယွင်ချဲ့ သေချာရှင်းလင်းစွာ ကြားလိုက်ရသဖြင့် တံခါးကို ဇောစိတ်နဲ့ ထုရိုက်နေတော့သည်။

“မင်းတို့တွေ ငါ့အစ်မကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့် ငါဝင်လာတဲ့အခါ မင်းတို့ကို အရှင်လတ်လတ် ခုတ်ပိုင်းပစ်မယ်”

“မိစ္ဆာကောင် ဝင်နိုင်ရင် ဝင်လာခဲ့လေ .. ငါကနင့်ကို ကြောက်နေရမှာလား”

ကျိုးဝမ်မှာ သူမကို ကာကွယ်ရန် ကိုယ်ရံတော်များ ရှိသည်ဟု စိတ်ချယုံကြည်ကာ ခါးထောက်လျက် ရပ်နေလေသည်။ ထိုစဉ် ရုတ်တရက် အပြင်ဘက်တွင် ရှိသော ယွင်ချဲ့ အသံတိတ်ဆိတ် သွားပြီး ဖုတ်ကောင်များ၏ ဟိန်းသံများကိုသာ ကြားရတော့သဖြင့် ယွင်ချဲ့ ကြောက်လန့်နေခြင်း ဖြစ်မည်ဟု ကျိုးဝမ် ယူဆကာ စိတ်ကျေနပ် နေလေသည်။ ထိုစဉ် လင်းရှောင်ဟန်က သူတော်ကောင်းယောင် ဆောင်လျက် …

“ယွင်ယောင် .. မေမေက မမတို့ကောင်းဖို့အတွက် လုပ်တာပါ အပြင်မထွက်ပါနဲ့ .. ဇာတ်လမ်းတွေထဲက ဖုတ်ကောင်တွေလို အပြင်မှာလည်း လူတွေ လိုက်ကိုက်နေကြတာ နေရာအနှံ့ပဲ … သူတို့သာ ဝင်လာခဲ့ရင် မမတို့ အကုန် သေကုန်လိမ့်မယ်”

“ဒါဆိုရင် ကျွန်မမောင်ကို အသေခံရမှာလား .. ဒီနေ့ အဲဒီနေရာမှာ အစ်မရဲ့ မောင်လေးဖြစ်နေရင် သူ့ကိုအပြင်မှာ အသေခံခိုင်းမှာလား”

ယွင်ယောင် တစ်မျိုးပြောင်းကာ မေးလိုက်သည်။ သူတို့က လူဖြစ်ကြသည်ဆိုလျှင် သူမမောင်က လူမဟုတ်တော့ဘူးလား။ ယခုတစ်ကြိမ် ထိုလူတို့ကို သူမ အလွန်စိတ်ပျက် မိသွားသဖြင့် ကျိုးကျစ်ကျွင်းနှင့် လက်ထပ်ခဲ့သည်မှာ မှန်ကန်လားဟူ၍ သံသယ ဖြစ်လာမိသည်။

နင့်ရဲ့မောင်နဲ့ ငါ့မောင်ကို ဘယ်လိုလုပ် နှိုင်းယှဉ်ရဲရတာလဲ။ လင်းရှောင်ဟန် စိတ်လျော့ကာ စကားပြောရန် ပြင်လိုက်သော်လည်း ကိုယ်ရံတော်များ ချုပ်နှောင်ထားသော ယွင်ယောင် ကိုကြည့်လျက် လက်လျော့ လိုက်သည်။ မည်သို့ပင်ဖြစ်ဖြစ် ယွင်ချဲ့ မဝင်လာနိုင်သောကြောင့် သူမကို တုံ့ပြန်မည့်သူ မရှိပေ။

“ကြိုးတစ်ချောင်းရှာပြီး သူ့ကိုချည်ထားလိုက် .. တံခါးဘယ်လို သွားဖွင့်မလဲဆိုတာ ငါကြည့်…”

“ဉီးဉီး”

ယွင်ယောင် အပေါ် အာရုံရောက်နေကြချိန် ချန်ချန်က ခုံရှည်တစ်လုံးကို ယူကာ တံခါးဖွင့် လိုက်သဖြင့် ဓါးရှည် ကိုင်ထားသော ယွင်ချဲ့ အထဲကို ဝင်လာခဲ့ပြီး လူနံ့ရသော ဖုတ်ကောင်များကလည်း အတင်းတိုးဝင်ရန် ကြိုးစားကြလေသည်။ အထဲသို့ ရောက်လုနီးပါး ဖြစ်ခဲ့သော ဖုတ်ကောင်၏ခေါင်းကို ယွင်ချဲ့ ဓါးနှင့် ခုတ်ဖြတ် လိုက်သောကြောင့် အခန်းထဲရှိ သူများ ကြောက်လန့်ကြကုန်သည်။ ဖုတ်ကောင်များကို တန်ပြန် တိုက်ခိုက်ရန် အလွန်ခက်ခဲကြောင်း သူတို့လည်း ကောင်းကောင်း သိသည်။

“ဉီးဉီး ”

ချန်ချန်က စိတ်လှုပ်ရှားစွာဖြင့် ယွင်ချဲ့ ခြေထောက်ကို ပြေးဖက်လေသည်။ ဖုတ်ကောင်များကို တိုက်ခိုက်ပြီးနောက် တံခါးကိုပြန်ပိတ်ကာ ချန်ချန်ကို ချီလျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲရှိသူများကို အေးစက်စွာ ကြည့်လိုက်ရာ ယွင်ယောင်ကို ချုပ်ထားသော ကိုယ်ရံတော် နှစ်ယောက်မှာ သူမကို လွှတ်ပေးကာ နောက်ဆုတ် သွားကြသဖြင့် ယွင်ယောင် အမြန်ပြေးကာ သူမမောင်ကို ဖက်ထားလိုက်သည်။

“ရှောင်ချဲ့ ….”

“မငိုနဲ့နော် ဘာမှမဖြစ်တော့ဘူး”

ယွင်ယောင်ကို ပွေ့ဖက်ထားလျက် ကျိုးထင်၏ မကျေမချမ်း ဖြစ်နေသော အကြည့်ကို မြင်လိုက်ရသည်။ ပျက်သုဉ်းကာလ၏ ပထမဆုံးနေ့တွင်ပင် သူမကို စတွေ့ခဲ့သော်လည်း ခဏတာ စိုက်ကြည့်ပြီးနောက် မျက်လုံးလွဲ လိုက်သည်။ ထို့နောက် အခန်းထဲရှိ နေသူတို့ကို ကြည့်လိုက်ရာ အားလုံးနီးပါး အတူတူ ရှိနေကြသည်ကို သတိပြုမိလိုက်သည်။ ယခုအခြေအနေကို သုံးသပ်ကြည့်လျှင် အတိတ်ဘဝက သူ၏အစ်မကို ငါးစာအဖြစ် ထားခဲ့ပြီး ကျန်သော သူများက ကိုယ်လွတ် ရုန်းခဲ့ကြလိမ့်မည်ဟု ခန့်မှန်းရနိုင်သည်။

ယွင်ချဲ့ အမှန်တိုင်းနီးပါး ခန့်မှန်းနိုင်ခဲ့ပြီး သူတို့လုပ်ခဲ့သည်က သူထင်ထားသည်ထက် ပို၍ ယုတ်ညံ့လှသည်။

“မေမေ မငိုနဲ့တော့နော် .. ဉီးဉီးက မေမေနဲ့သားကို စောင့်ရှောက် ပေးလိမ့်မယ်နော်”

ချန်ချန်က သူ၏ဝကစ်နေသော လက်လေးဖြင့် ယွင်ယောင် ကျောကို အသာပုတ်ကာ ချော့သိပ်ပေးနေလေသည်။ ထိုကလေးမှာ အလွန် ရိုးသားလှသည်။ သူ၏ဉီးလေးက ကာကွယ်ပေးမည်ဟူသော စကားကို တစ်ကြိမ်ထက် ပိုပြောခဲ့သဖြင့် ထိုစကားကို စိတ်ထဲတွင် စွဲမှတ်ထားပြီး သူ၏ဉီးလေး ရှိနေသရွေ့ အပြင်မှလိုက်ကိုက်နေသည့် လူဆိုးများလည်း သူတို့ကို ရန်မပြုနိုင်ဟု ယုံကြည်ထားလေသည်။

“အင်းပါ မေမေမငိုတော့ဘူးနော် ချန်ချန် လေးက အရမ်းသိတတ် လိမ္မာလိုက်တာ”

ချန်ချန်ကို မော့ကြည့်လိုက်ပြီး ယွင်ယောင် မျက်ရည်များကို သုတ်ပစ်ကာ ပြန်ပြောလေသည်။

“သူ့ကို ဘယ်သူရိုက်တာလဲ”

ယွင်ယောင်၏ နီရဲဖူးယောင်နေသော မျက်နှာကို ယွင်ချဲ့ တွေ့လိုက်သဖြင့် အေးစက်စက် အငွေ့အသက်များ ပြည့်နေသည့် မကျေနပ်သော အကြည့်များနှင့် ကြည့်ကာ မေးလိုက်သည်။ ယွင်ချဲ့ကို ယွင်ယောင် ကိုယ်တိုင် ကြောက်ရွံ့ လာသော်လည်း ချန်ချန်က မကြောက်ပေ။ ချန်ချန်သည် ယွင်ချဲ့ကို ချီခိုင်းလိုက်ပြီး ကျိုးဝမ်ကို စိုက်ကြည့်ကာ ယွင်ချဲ့ လည်ပင်းဖက်လျက် နားနားကပ် ပြောလေသည်။

“မေမေက ဘွားဘွားကို ပေးဝင်တယ် ဘွားဘွားက မေမေ့ကို ရိုက်တယ် … မေမေက တံခါးသွားဖွင့်တယ် ဘွားဘွား ထပ်ရိုက်တယ် …”

ချန်ချန်မှာ အလွန် ငယ်ရွယ် သေးသော်လည်း သူ၏အမေကို ကာကွယ်ပေးနေသည်။

ချန်ချန် ပြောသော စကားကြောင့် ကျိုးဝမ်ကို ယွင်ချဲ့ စူးစိုက်ကြည့်လိုက်သဖြင့် ကျိုးဝမ်လည်း ကြောက်လန့်ကာ ခြေလှမ်းများ နောက်ဆုတ် သွားလေသည်။ ယွင်ယောင်က သူမမောင်၏အင်္ကျီကို အမြန်ဆွဲကာ …

“ထားလိုက်ပါတော့ .. သူက ကျစ်ကျွင်းရဲ့ အမေပဲလေ .. မမတို့ အမြန်ပြင်ဆင်ပြီး ရှောင်ချန် ဆီသွားရအောင်”

သူမ သနားလာခြင်းကြောင့် မဟုတ်ဘဲ အပြင်ဘက်တွင် ဖြစ်နေသည်ကို သူမသေချာမသိရသည့်အပြင် ထိုမကောင်းဆိုးဝါးများကို နှိမ်နင်းရန် အစိုးရက စစ်တပ်များစေလွှတ်မည်ကို စိုးရိမ်လာကာ ကျိုး မိသားစုကလည်း သူမ၏မောင်ကို ရန်ပြုလာမည်ကိုလည်း စိတ်ပူလာသည်။ မျက်နှာ အရိုက်ခံရရုံလေးကို သူမ သည်းခံနိုင်ပါသည်။ သူမကြောင့် သူမမောင်စိတ်လိုက်မာန်ပါ လုပ်ခဲ့မိလျှင် သူမ စိတ်မသက်မသာ ဖြစ်ရလိမ့်မည်။

အစ်မဖြစ်သူကို လှည့်ကြည့်ပြီး ယွင်ချဲ့ ပြုံးပြကာ …

“အခန်းထဲသွားပြီး မမနဲ့ ချန်ချန် အတွက် အဓိက အသုံးလိုနိုင်မှာကိုပဲ ရွေးပြီး ထုပ်ပိုးလာခဲ့နော် .. ကျန်တာတွေ လမ်းမှာကြုံရင် ဝင်ဝယ်လို့ရတယ်”

“ဟုတ်ပြီ”

မောင်ဖြစ်သူက သူမစကားကို နားထောင်သဖြင့် ယွင်ယောင် ခေါင်းညိတ်ကာ ယွင်ချဲ့ထံမှ ချန်ချန်ကို ချီယူလိုက်ပြီး သူမအခန်းထဲသို့ ဝင်သွားလေသည်။

“နင်…နင်ဘာလုပ်မလို့လဲ”

ယွင်ယောင် အခန်းထဲ ရောက်သွားသည်နှင့် ယွင်ချဲ့ ဓါးရှည်ကိုကိုင်လျက် ကျိုးဝမ်ထံသို့ တစ်လှမ်းချင်း လှမ်းလာသဖြင့် သူမ ကြောက်လန့်ကာ အနောက်သို့ ယိုင်ကျသွားသည်။ ဖုတ်ကောင် တစ်ကောင်ကို ခေါင်းဖြတ်ခဲ့သည့် ယွင်ချဲ့၏ပုံရိပ်မှာ သူတို့အတွေးထဲ ထပ်လဲလဲ မြင်ယောင်နေရသည်။ ထို့ကြောင့်ပင် သူတို့မောင်နှမကြား ကြားဝင်ဖြတ်ပြောခြင်း မလုပ်ရဲကြပေ။ ယွင်ချဲ့လည်း အပြင်ဘက်တွင် ဖုတ်ကောင်များကို တစ်ကောင် ရှင်းလင်းခဲ့သဖြင့် အပြင်ဘက်တွင် ရှုပ်ပွနေလေသည်။

“ငါ့အစ်မကို နာကျင်စေတဲ့ လူမှန်သမျှ ငါပြန်ပြီး လက်စားချေမှာပဲ .. အဲဒီတော့ မသေချင်ရင် ငါနဲ့ဝေးဝေးနေကြ”

ကျိုးဝမ်ကို ကာကွယ်ရန် လာကြသော ကိုယ်ရံတော်များကို ယွင်ချဲ့ စိုက်ကြည့်ကာ ပြောပြီးနောက် ကျိုးဝမ် ရှေ့တွင် ရပ်နေလိုက်သည်။

ဖြန်း ဖြန်း ဖြန်း

“အ ”

အခြားသူများမှာ အလွန် ကြောက်ရွံ့ နေကြသဖြင့် မလှုပ်ရဲကြပေ။ ကျိုးဝမ်လည်း နာကျင်လွန်းသောကြောင့် အော်လိုက်မိသော်လည်း ယွင်ချဲ့ လုံးဝ မသနားပေ။ သူမကို အချက်ရေများစွာ ရိုက်နှက်ခဲ့ပြီး မျက်လုံးမှာလည်း ညိုမည်းကာ ပါးစပ်မှပင် သွေးများ စိမ့်ကြလာသည်။ ယွင်ချဲ့ ရှေ့ကိုကိုင်းကာ အသံနိမ့်ချလျက်

“ခင်ဗျားကို ဒီနေ့သတ်လိုက်ရင် ကျုပ်ညှာတာရာ ကျသွားလိမ့်မယ် .. ကျိုးကျစ်ကျွင်းကို သွားပြောစရာမလိုဘူး ကျုပ်ကိုယ်တိုင် ခင်ဗျားဆီ လာခဲ့မယ် .. အဲဒီအခါ ကျုပ်နဲ့ ကျုပ်အစ်မအပေါ် ခင်ဗျား အကြွေးတင်ခဲ့တာတွေ တစ်ခုချင်း ပြန်ဆပ်စေရမယ်”

စကားပြောပြီးနောက် ကျိုးဝမ်ကို ယွင်ချဲ့ ကြောက်စရာကောင်းစွာ ပြုံးပြလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset