အခန်း (၁၃)
“ရှောင်ချဲ့ ..”
အပြင်ဘက်မှ အသံကြားရသဖြင့် ယွင်ယောင် အခန်းထဲမှ ထွက်လာပြီး ယွင်ချဲ့ကို ဆူပူသည့်ပုံစံနှင့် ကြည့်လေသည်။ ထိုအခါ ယွင်ချဲ့မှာ အပြစ်လုပ်ထားသည့် ကလေး မျက်နှာချိုသွေးဟန်ဖြင့် ပြုံးပြကာ စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ပြီးနောက် လေထုထဲမှ စားပွဲတစ်လုံး ယူထုတ်လိုက်ပြီး မနေ့က သူချက်ပြုတ်ထားခဲ့သော ငါးပေါင်း၊ အမဲသားနှပ်၊ ဝက်သားစွပ်ပြုတ်၊ ဂေါ်ဖီထုပ်ကြော်တို့ကို တုံ့ဆိုင်းခြင်းမရှိ ယူထုတ်လိုက်သည်။ တစ်ဖက် နယ်မြေဒေသမှာ အစားအစာများ၏ အပူငွေ့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားသဖြင့် ပူနွေးလတ်ဆတ်လျက်ရှိနေသည်။
“ရှောင်ချဲ့ … ဘယ်လိုလုပ် …”
သူ မှော်အစွမ်း တတ်ကျွမ်းသည်လား။ ယွင်ယောင် အံ့အားသင့်လျက် ယွင်ချဲ့ကို တစ်လှည့်၊ လေထဲမှ ပေါ်လာသည့် အစားအစာတို့ကို တစ်လှည့် လက်ညှိုးထိုးလျက် ကြည့်နေသည်။ သူဘယ်တုန်းကများ စွမ်းအားနဲ့ ဖြစ်သွားရတာလဲ။
လေထုထဲမှ ပစ္စည်းများ ထုတ်ယူနေသော ယွင်ချဲ့ကို ကြည့်ကာ အခြားသူများမှာလည်း မှင်သက် နေကြလေသည်။ ပျက်သုဉ်းကာလ အစဖြစ်သောကြောင့် စွမ်းအားအကြောင်းကို မသိကြသေးပေ။
“ဝါး .. ဉီးဉီးက အစွမ်းရှိတာပဲ”
မှော်အစွမ်းရှိသည်ဟု ထင်လိုက်သော ချန်ချန် တစ်ယောက်တည်း သာလျှင် စိတ်လှုပ်ရှားစွာ လက်ခုပ် တီးလေသည်။ ယွင်ချဲ့ ကိုယ်ကိုကိုင်းကာ ချန်ချန်ကို ချီယူလိုက်ပြီး သူ၏ဇွန်း၊ ပန်းကန်လုံးနှင့် တူတစ်စုံတို့ကို ယူကာ အံ့အားသင့်နေသော အစ်မဖြစ်သူအား …
“ဒါက လေဟာပြင် စွမ်းအားပါ .. မမ အမြန်လာစားလေ ဗိုက်ဖြည့်ပြီးရင် ရှောင်ချန်ဆီ အမြန်သွားရမှာ”
လေဟာပြင် စွမ်းအားမှာ ကမ္ဘာပျက်ကပ် အစတွင် အလွန်ရှားပါးသော စွမ်းအင် တစ်မျိုးဖြစ်ပြီး မိမိအနားရှိ လေထဲတွင် ဂိုထောင်တစ်ခု ရှိနေပုံနှင့် တူသည်။ ထိုစွမ်းအား ရှိသူတို့မှာ ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ ထွက်ပြေး သွားလာနိုင်ပြီး ပစ္စည်းတစ်ခုခု ပျောက်သွားမည်ကို စိုးရိမ်ရန်မလိုပေ။ ထိုစွမ်းအား ရှိသူများသည် အစတွင် မိမိအစွမ်းကို ဖုံးကွယ်လေ့ရှိပြီး အကယ်၍တစ်ယောက်ယောက် သိသွားခဲ့လျှင် ထိုသူ၏ကိုယ်ပိုင် ဂိုထောင်အဖြစ်သို့ပင် ပြောင်းလဲ သွားနိုင်ပေသည်။
ယွင်ချဲ့က ကျိုး မိသားစုရှေ့တွင် မိမိအစွမ်းကို ပြသရဲသည်မှာ သူ့ကိုကြောက်ရွံ့စေရန်ဖြစ်သည်။ ထို့အပြင် ကျိုး မိသားစုမှာ ယခုနေရာတွင် ခဏကြာအောင် ပိတ်မိနေမည်ဖြစ်ပြီး သူတို့ လွတ်မြောက် သွားသည့်အခါ လေဟာပြင် အစွမ်းကို ထူးဆန်းသည်ဟု ထင်မြင်ကြတော့မည် မဟုတ်ပေ။ ထိုမိသားစု ပိုယုတ်ညံ့လာမည်ကို စိုးရိမ်နေခဲ့ပြီး သူအချိန်မီ ရောက်လာကာ တားလိုက်နိုင်သည်။ အကယ်၍ ဖြစ်လာခဲ့လျှင် အစ်မဖြစ်သူရှေ့တွင် သူတို့ ပိုင်းဖြတ်မိလိမ့်မည်။ သို့သော် အစ်မက ကမ္ဘာပျက်ကပ်ကို မကြုံဖူးသဖြင့် ယွင်ချဲ့ စိတ်လိုက်မာန်ပါ မလုပ်တော့ပေ။ ရက်စက်ခြင်း ပြသူမှာ သူမဖြစ်သင့်ပေ။
“အွန်း ..”
ယွင်ယောင် စားပွဲရှေ့လာကာ ထိုင်လိုက်သည်။ ယွင်ချဲ့ သူယူလာခဲ့သော အကောင်းစား ကလေးထိုင်ခုံပေါ်တွင် တူလေး ဖြစ်သူကို ထိုင်စေလိုက်သည်။ ထို့နောက် ပန်းကန်လုံးထဲ ထမင်းအပြည့်ကာ တူတစ်စုံနှင့် အစ်မထံ ကမ်းပေးလိုက်သည်။ တူလေးဖြစ်သူ ကျိုးဇီချန် က မစောင့်နိုင်တော့ဘဲ …
“အသား ဉီးဉီး .. သား အသားစားချင်တယ် ”
“စားရမှာပေါ့”
အရင်အတိတ် ဘဝတွင်လည်း ယွင်ချဲ့ သူ၏တူလေးကို အလိုလိုက်ခဲ့သည်။ တူငယ်လေးအတွက် ဝက်သားစွပ်ပြုတ်ကို ပန်းကန်လုံးနှင့် အပြည့် ဖြည့်ပေးလိုက်ကာ အသားနွင်ပေးလေသည်။
“ဉီးဉီး .. စားလို့ကောင်းနေတာပဲ”
ယွင်ယောင်၏ ကောင်းမွန်သော စောင့်ရှောက်မှု အောက်တွင် ကြီးပြင်းလာခဲ့ရသဖြင့် ယွင်ချဲ့ ခွံ့ကျွေးရန် ပြင်လိုက်သော်လည်း ချန်ချန်က တူကိုကိုယ်တိုင်ယူလျက် ကိုယ်တိုင်ခူးစားပြီး ဉီးလေးဖြစ်သူကို လက်မထောင်ပြလေသည်။
“စားကြမယ်နော်”
ချန်ချန် ခေါင်းကိုပုတ်လျက် ယွင်ချဲ့ ပန်းကန်လုံးနှင့် တူကိုယူလိုက်လေသည်။ သူမတို့မနေ့ညက မလာခဲ့ကြသဖြင့် ယွင်ချဲ့ ဘာမှမစားရ မသောက်ရသေးပင်။
ယွင်ယောင် သူမမောင်လေးနှင့် သားဖြစ်သူကိုကြည့်ရင်း အတွေးလွန်နေသည်ကို ရပ်လိုက်ပြီး ထမင်းစားရန် ပြင်လိုက်သည်။ ရှောင်ချဲ့ ပြောသည်မှာ အမှန်ပင်၊ သူတို့စားသောက်ပြီး အားရှိမှသာလျှင် ရှောင်ချန်ကို ရှာဖွေနိုင်မည် ဖြစ်သည်။
“သမီးလည်း စားချင်တယ် သမီးလည်း အသားစားချင်တယ်”
“ဘွားဘွား .. အသားခွက် သွားယူပေးပါနော်”
ထိုအချိန် တစ်ဖက်စားပွဲပေါ်တွင် ကျိုး မိသားစုအတွက် အမြန်ကြော်လှော် ထားရသော ငါးဟင်းသာ ရှိနေတော့သည်။ ကျိုးဝမ်၏ ဘယ်ညာ တစ်ဖက်စီရှိနေသော ကလေးနှစ်ယောက်က ယွင်ချဲ့ထံမှ အသားဟင်း ယူပေးရန် မျက်နှာ ဆူပုတ်လျက် ပူဆာနေကြသည်။ သို့သော် ကျိုးဝမ်မှာ ယွင်ချဲ့ကို ကြောက်လန့်နေသည်။ အခြားသော အချိန်များတွင် သူမ၏မြေး နှစ်ယောက်ကို အမြဲအလိုလိုက် ထားသော်လည်း အခုမူ နို့မှုန့်ဘူးကို လုယူသကဲ့သို့ယူရန် သူမသတ္တိ မရှိတော့ပေ။ အရင်အချိန်များတွင် ယွင်ယောင်မှာ ထိုကလေး နှစ်ယောက်အတွက် ခွဲဝေပေးတတ်သည်။ သို့သော် ယွင်ယောင် သဘောကောင်း နေလျှင်တောင် သူမအပေါ် သူတို့ပြုမူခဲ့သည်တို့နှင့် သူမ၏မောင်ကို သတ်ပစ်ရန် ကြံစည်ခဲ့သည့် သူမတို့ကို မေ့ပျောက်လိမ့်မည် မဟုတ်ပေ။
ယွင်ယောင်သည် သာမန်မိန်းကလေး ဖြစ်သော်လည်း သူမတွင် သည်းခံနိုင်စွမ်းမှာ အတိုင်းအတာနှင့်ပင်။ သူမ၏မောင် နှစ်ယောက်နှင့် သားလေးကို မထိပါးသရွေ့ သူမအရာရာကို သည်းခံပေးနိုင်သည်။
“သားဗိုက်တင်းသွားပြီ”
ချန်ချန်က သူ၏ပြည့်ဖောင်းနေသော ဗိုက်လေးကို ပွတ်ရင်း လေချဉ်တက်ကာ ပြောလေသည်။ ယွင်ချဲ့လည်း သဘောကျစွာ ကြည့်လိုက်ပြီး …
“မေမေ့ကို သွားကူလိုက်နော် .. ပြီးရင် ဉီးငယ်ဆီ သွားကြမယ်”
“ဟုတ် ဉီးဉီး .. သားကိုဖက်ပေးဉီး”
ချန်ချန် ခေါင်းညိတ်ကာ သူ၏ပြည့်ဖောင်းဖောင်း လက်ကလေးကို ဆန့်ကာ ဖက်ခိုင်းလေသည်။ ယွင်ချဲ့လည်း ချန်ချန်ကို ကလေးထိုင်ခုံပေါ်မှ ချီယူကာ တစ်ဖက်ကို လှည့်လျက် ကျန်နေသော အစားအသောက်၊ ပန်းကန်များနှင့် စားပွဲထိုင်ခုံတို့ကို လေဟာပြင်ထဲသို့ ပြန်ပို့လိုက်သည်။ ကျိုး မိသားစုတို့ကလည်း သူတို့၏ ကြွယ်ဝမှုနှင့် အာဏာတို့ကြောင့် အခြားသူများကို အမှုမထားသော်လည်း အခု ယွင်ချဲ့က သူတို့ကို အထင်သေးဟန် ကြည့်လိုက်သဖြင့် ကျိုး မိသားစုစိတ်ထဲတွင် မကျေမနပ် ဖြစ်ကုန်လေသည်။
ယွင်ချဲ့ကို သတ်ရန် ကြံစည်နေကြသော သူတို့ကို ယွင်ယောင် စိတ်ထဲတွင်ပျောက်ကွယ်သွားရန် မျှော်လင့်နေခဲ့သည်။ အခုတွင် သူမ ဟွိုင်မြို့သို့သွားကာ သူမ၏မောင်လေးဖြစ်သူကို ရှာဖွေပြီး မိသားစုကို လူစုံအောင် စုနေချင်လာသည်။
“မေမေ .. သူတို့တွေ မေမေ့ကို လူကြီးလို လေးစားကြသေးရဲ့လား”
အိပ်ခန်းထဲ ဝင်သွားသော ယွင်ချဲ့ကို ကြည့်ကာ ကျိုးထင် မကျေနပ်စွာ ပြောလိုက်သည်။ သူမသည် ကျိုးကျစ်ကျွင်းကို လုယူသွားခဲ့သော ယွင်ယောင်ကို မကျေမနပ်ဖြစ်နေပြီး ယွင်မျိုးရိုးဆိုသည်နှင့် သူမစိတ်ထဲ အလိုလို မုန်းတီးလျက်ပင်။
“ဒီကထွက်သွား ”
“အ .. မမေ ”
မည်သို့ပင်ဖြစ်ဖြစ် ကျိုးဝမ်က သူမကိုအပြင်သို့ တွန်းထုတ် လိုက်သောကြောင့် သူမ ထိုအကြောင်းတို့ကို မစဉ်းစားနိုင်တော့ပေ။ ကျိုးထင် နောင်တရလျက် ခေါင်းငုံ့နေပြီး သည်းခံနေရလေသည်။
ကျန်သော မိသားစုဝင်တို့မှာ မျက်နှာပျက် နေကြသည်။ ယွင်ချဲ့၏ ရက်စက်သော ပုံရိပ်က သူတို့၏စိတ်ထဲတွင် နက်နဲစွာ မြင်ယောင် နေလျက်ရှိသည်။
“မမ ဘဏ်စာအုပ်နဲ့ ပိုင်ဆိုင်ခွင့် စာချုပ်တွေ မယူနဲ့တော့လေ .. သွားလာရလွယ်ပြီး လွတ်လွတ်လပ်လပ် ဖြစ်မှာမျိုးပဲ ဝတ်လိုက် ပြီးတော့ ဒေါက်ဖိနပ် မစီးခဲ့နဲ့”
ယွင်ချဲ့ တံခါးဘောင်ကို မီရပ်ကာ ဘဏ်စာအုပ်နှင့် ပိုက်ဆံအိတ်ကို ကိုင်နေသော ယွင်ယောင်ကို ကြည့်လျက် ယွင်ချဲ့ ရယ်လိုက်မိသည်။ သူ၏အစ်မက အရာရာကို အကောင်းမြင်နေလျက်ပင်။
“ဘဏ်စာအုပ် မယူရဘူးလား”
ယွင်ယောင် တွန့်ဆုတ်နေမိသည်။ သူမ၏မောင် နှစ်ယောက်လုံးမှာ ကောလိပ်ကျောင်းသား အရွယ်သာရှိနေပြီး သူမသားလေးမှာ အသက် ၃ နှစ်ပင် မပြည့်သေး၊ သူမတို့ ပိုက်ဆံမရှိဘဲ ဘယ်လိုနေကြရမှာလဲ။
“မမ ကျွန်တော်ပြောတာကို နားထောင်ပါ”
မရှင်းပြတော့ဘဲ ယွင်ယောင် လက်ထဲမှ စာအုပ်များကို ယူထုတ်ကာ ခုတင်ထက် တင်ထားသော အိတ်ကိုကြည့်ကာ …
“ဒါအကုန်ပဲလား”
“နေဉီး .. ချန်ချန် အတွက် အဝတ်အစားတွေ ထည့်လိုက်ဉီးမယ်”
ယွင်ယောင် ဘဏ်စာအုပ်အကြောင်း ငြင်းခုံရန် အချိန်မရသဖြင့် ဗီရိုကိုဖွင့်ကာ သားလေး၏ အဝတ်အစားများကို ရွေးထုတ်နေလေသည်။ ယွင်ချဲ့ အနောက်ကို လှည့်ကြည့်လေရာ သူ၏အရုပ်များကို အိတ်ထဲ ပစ်ထည့်နေသော ချန်ချန်ကို တွေ့လိုက်လေသည်။
“ချန်ချန် ခရီးထွက်မလို့လား”
တူလေးရှေ့တွင် ယွင်ချဲ့ ထိုင်ချကာ အိတ်ကို ပိတ်ပေးလိုက်ပြီး နှာခေါင်းကို အသာညှစ်လိုက်သည်။
“သားတို့ရဲ့ ဉီးငယ်လေးဆီ သွားကြမယ်လေ ”
ချန်ချန်၏ ရိုးသားလွန်းသော စကားကြောင့် ယွင်ချဲ့ အံ့ဩသွားကာ သဘောကျစွာ ရယ်မောလိုက်သည်။
“ဒါပေါ့ ဒါပေါ့ … ဉီးငယ်လေးဆီ သွားပြီး လူဆိုးတွေကို ဘယ်လိုရှင်းပစ်ရမလဲ သွားသင်ကြမယ်နော်”
“ဟုတ် ”
ချန်ချန် သဘောကျစွာ ခေါင်းညိတ် ပြလေသည်။ သူ၏ဉီးလေးဖြစ်သူမှာ အလွန် အစွမ်းထက်သူ တစ်ယောက်ဖြစ်သည်ဟု ချန်ချန် ထင်မှတ်ထားလိုက်သည်။
***