အခန်း (၁၁)
“ဘာလို့ ထိုင်နေသေးတာလဲ .. ငါဆွဲထူပေး ရဉီးမှာလား”
ကျိုးဝမ် စိတ်မငြိမ် ဖြစ်နေသည့်အပြင် ယွင်ယောင်နှင့် ချန်ချန် တို့ကို တွေ့လိုက်သည့်အခါ ပို၍အလိုမကျ ဖြစ်သွားသည်။
“မေမေ ..”
ယွင်ယောင် ရင်ခွင်ထဲ ရှိနေသော ချန်ချန်က သူ၏လက် သေးသေးလေးကို မြှောက်ကာ အမေဖြစ်သူ၏ မျက်ရည်များကို သုတ်ပေးလေသည်။ လိမ္မာကာ သိတတ်လွန်းသော သားလေးကြောင့် ယွင်ယောင် စိတ်ကိုလျော့ချကာ …
“အမေ .. ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ”
သီးခြား စံအိမ်ကြီးထဲတွင် အိမ်ဖော်များ၊ ကိုယ်ရံတော်များနှင့် နေထိုင်သူများ သူမထံ ဘယ်လိုကြောင့် ရောက်လာကြတာလဲ။
“ကျစ်ကျွင်းက နင်နဲ့နင့်သားကို မခေါ်သွားခဲ့ဘူး ဆိုရင် ငါဒီကိုလာခဲ့မလား .. ငါတို့အတွက် ထမင်းဟင်းပြင်ပေး ”
အမှန်မှာ သူမသားကြောင့် မဖြစ်နိုင်ပေ။ မနေ့ညက စစ်တပ် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သော်လည်း ကျိုးကျစ်ကျွင်း နှင့်သာ အဆက်အသွယ်ရခဲ့ပြီး သူတို့ကို အိမ်ထဲတွင် စောင့်နေရန်နှင့် လာခေါ်မည်ဟု ပြောခဲ့သဖြင့် ယွင်ယောင်ကို လာရှာရန် မလိုခဲ့ပေ။ သို့သော် မနက်ရောက်သည့်အခါ အိမ်ဖော်များနှင့် ကိုယ်ရံတော်များမှာ မကောင်းဆိုးဝါး ဖြစ်ကုန်ကြကာ သူတို့ရှေ့တွင်ပင် လူများကို ကိုက်ဖြတ်ကုန်သဖြင့် အသက်လုကာ ထွက်ပြေးခဲ့ကြရသည်။ အစတွင် မြို့တော်သို့ ထွက်သွားချင်သော်လည်း ကိုယ်ရံတော် အများအပြားလည်း သေကုန်ကြပြီး ဖုတ်ကောင်များမှာ တစ်စတစ်စ ပိုမိုများပြားလာသဖြင့် အလွယ်တကူ ထွက်သွားရန် မဖြစ်နိုင်တော့ပေ။
“ကျစ်ကျွင်း ရော .. အဆင်ပြေရဲ့လား”
သူမခင်ပွန်းက သူမနှင့် သားလေးအတွက် စဉ်းစားပေးသည်ဟု သိရသဖြင့် ယွင်ယောင် စိတ်ထဲ နွေးထွေး သွားလေသည်။ ဖုန်းဆက် မရခဲ့သဖြင့် အနည်းငယ် စိတ်ပျက်ခဲ့ရသည်က ပျောက်ကွယ် သွားလေသည်။ သူမခင်ပွန်းက သူမကို ချစ်နေသရွေ့ သူမတစ်ခုခု မှားယွင်းသွားမည်ကိုလည်း မကြောက်တော့ပေ။
“ဒါပေါ့ .. သိပ်ကို အဆင်ပြေနေတာ .. နင်ကသူ့ကို ဒုက္ခရောက်စေချင်လို့လား ကောင်မ . နင်က စိတ်ထားမကောင်းမှန်း ငါသိတယ် .. ငါ့သားသေဖို့ကို မျှော်လင့်နေတာမလား အဲဒါမှ နင်တခြား ကောင်တွေနဲ့ ပလူးပလဲနေလို့ ရမှာလေ”
ကျိုးဝမ် မတ်တပ်ရပ်ကာ လက်ညှိုး ငေါက်ငေါက်ထိုးလျက် ပြောနေသဖြင့် ကိုယ်ရံတော်များလည်း အနောက်ဆုတ်ကာ ရပ်နေကြလေသည်။
“အမေ .. ကျွန်မ အဲဒီလို မဟုတ်ပါဘူး”
“မဖြစ်နိုင်ဘူး .. နင့်စိတ်က ယုံရတာ မဟုတ်ဘူး ဒီဟာလေးကလည်း ငါ့မြေးအရင်း မဖြစ်နိုင်ဘူး”
“အမေ .. ချန်ချန်က ကျစ်ကျွင်းရဲ့ သားအရင်းပါ .. ကျွန်မကို စော်ကားတာရတယ် သားလေးကိုတော့ မစော်ကားပါနဲ့ .. သူက ကျိုးမိသားစုဝင် တစ်ယောက်ပဲလေ”
ယွင်ယောင် မည်သည့် ကိစ္စကိုဖြစ်ဖြစ် သည်းခံနိုင်သော်လည်း သူမသားကို အနိုင်ကျင့်စော်ကားသည်ကိုတော့ သည်းမခံနိုင်ပေ။
ကျိုးဝမ်က သူမကိုထပ်ရိုက်ရန် လက်ရွယ် လိုက်သည့်အခါ ယွင်ယောင်၏ အကြီးဆုံးယောက်မဖြစ်သူ လင်းရှောင်ဟန်က သူမလက်ကို ဆုပ်ဖမ်းလိုက်ပြီး …
“မေမေ .. အပြင်က မကောင်းဆိုးဝါးတွေက လူအသံကြားမှ တိုက်ခိုက် တတ်ကြတာ မဆူပါနဲ့တော့ .. သမီးတို့အတွက် တစ်ခုခု ချက်ပြုတ်ပါစေ .. ဟောက်ဟောက်နဲ့ လန်လန်တို့ ဗိုက်ဆာနေကြပြီ”
လင်းရှောင်ဟန်က သူမကို ကာကွယ်ပြောပေးခြင်း မဟုတ်ပေ။ သူမ အိမ်ထောင် မကျခင်က သူမသည် မြို့တော်ဝန်၏ သမီးခဲ့သဖြင့် အစားအသောက် ချက်ပြုတ်ခြင်းကို သူမ မတတ်ကျွမ်းပေ။ သူမတို့ မနက်အစော နိုးထကာ ထွက်ပြေးခဲ့ကြရသဖြင့် ဗိုက်ဆာနေကြပြီ ဖြစ်သည်။
“ရှောင်ဟန်ကြောင့် အခုတော့ လွှတ်ပေးလိုက်မယ် .. သွားမချက်သေးဘူးလား”
ကျိုးဝမ် စူးရှစွာ ကြည့်ပြီးနောက် သူမ၏မြေးများကို ဖက်ထားကာ …
“ဘွားဘွား မြေးလေးတွေ ဗိုက်ဆာနေကြပြီလား .. ခဏနေကျရင် စားရတော့မယ်နော်”
ခွဲခြားစွာ ဆက်ဆံခြင်းကြောင့် ယွင်ယောင် မကျေနပ်မှုကို မျိုသိပ်လိုက်ကာ သူမသားလေးကို ချီလျက် မီးဖိုခန်းထဲသို့ ဝင်သွားကာ မချက်ပြုတ်ခင်တွင် သားလေးအတွက် နို့မှုန့်ဖျော်ပေးလိုက်သည်။ သူမ ချက်ပြုတ်ပြီးသည့်အခါ အိမ်ခန်း တစ်ခုလုံးမှာ ကမောက်ကမ ဖြစ်ကုန်လေသည်။ သူမဝယ်ထားသော သစ်သီးများနှင့် မုန့်တို့ကိုလည်း ထိုလူတစ်စု စားပစ်လိုက်ကြပြီး တစ်အိမ်လုံး အနှံ့ အမှိုက်များဖြင့် ပြည့်နှက် သွားလေသည်။
“ဘွားဘွား .. သမီးလည်း နို့ဘူးသောက်ချင်တယ်”
ချန်ချန် လက်ထဲမှ နို့ဘူးလေးကို မြင်လိုက်သည့်အခါ လင်းရှောင်ဟန်၏ လေးနှစ်အရွယ် သမီးက ကျိုးဝမ် လက်ကိုဆွဲကာ ပူဆာသဖြင့် ၇ နှစ်အရွယ် ကလေးကလည်း ပူဆာပြန်လေသည်။ ကျိုးဝမ်က သူမမြေး၏ခေါင်းကို အသာပုတ်ကာ မတ်တပ်ရပ်လိုက်ပြီး …
“နို့မှုန့်ဘယ်မှာလဲ .. လန်လန် သောက်ချင်တယ်လို့ ပြောနေတာ မကြားဘူးလား .. သွား ခွက်၂ ခွက် ယူလာခဲ့”
“အမေ .. အဲဒါက ချန်ချန် အတွက်ပါ”
နို့မှုန့်ကို ကြာကြာ သိမ်းထားလျှင် မကောင်းဟု ဆိုသောကြောင့် ယွင်ယောင် နို့မှုန့်တစ်ခါ ဝယ်လျှင် ဘူးတစ်ဝက်ထက် နည်းသည်ကိုသာ ရွေးယူတတ်သည်။ အခုပျက်သုဉ်းကပ်ရောက်လာသည် ဖြစ်သောကြောင့် ဝယ်ရန် အလွန်ခဲယဉ်း သွားသဖြင့် ချန်ချန် အတွက် အနည်းငယ် ချန်ထားမည်ဟု စီစဉ်ထားခဲ့သည်။
“ရေပဲသောက် .. အမျိုးယုတ်လေး”
“အမေ ”
ယွင်ယောင်ကို တွန်းတိုက်ကာ မီးဖိုခန်းထဲသို့ ကျိုးဝမ် ဝင်သွားလေသည်။ နို့မှုန့်ဘူးမှာ ကြောင်အိမ်ပေါ်တွင် သိမ်းထားပြီး ယွင်ယောင် တားရန်ပင် မမီလိုက်တော့ပေ။ သူမသား၏ အစားအစာကို ယူကာ ဧည့်ခန်းထဲ ဝင်သွားသည်ကို ကြည့်ရင်း ယွင်ယောင် စိတ်မထိန်းနိုင်ဘဲ မျက်ရည်များ ကျလာလေသည်။ ချန်ချန် မှာ လက်တစ်ဖက်က ဘူးကိုကိုင်ထားလျက် တစ်ဖက်က အမေဖြစ်သူ၏ ခြေထောက်ကို ဖက်ထားလိုက်သည်။
“မေမေ သားဗိုက်ပြည့်နေပြီ”
အခုချိန် ဗိုက်ပြည့် နေသော်လည်း နောက်တစ်နပ်စာအတွက် သူဘယ်လို စားသောက်ရတော့မှာလဲ။
သားလေးကို အမှန်တိုင်း မပြောနိုင်သဖြင့် မျက်ရည်ဝဲလျက် ခေါင်းညိတ် ပြလေသည်။ တစ်ဖက်တွင် ကျိုးမိသားစု မွေးစားသမီး ကျိုးထင်က မျက်မှောင်ကြုတ်လျက် …
“အကျင့်ပျက်မကတော့ အကျင့်ပျက်တာပဲ”
“နင်ဂရုစိုက်ရင်လည်း ငါချက်ထားတာ လာမစားနဲ့”
ကျိုးဝမ်မှာ သူမ၏ယောက္ခမ ဖြစ်သောကြောင့် သူမတုံ့ပြန် မပြောလိုသော်လည်း ကျိုးထင်ကို သူမသည်းခံမည် မဟုတ်ပေ။ သူမ၏ခင်ပွန်းအပေါ် ကျိုးထင် အကြည့်များမှာ မရိုးသားသဖြင့် သူမရိပ်မိလိုက်ပြီး မည်သည့် ကိစ္စကိုမှ မှားယွင်းခံမည် မဟုတ်ပေ။
“မေမေ သူ့ကိုကြည့်ဉီး”
ကျိုးထင် အလွန်ဒေါသ ထွက်သွားပြီး ကျိုးဝမ် လက်ကိုဆွဲကာ ပြောသဖြင့် ကျိုးဝမ် ဆူပူရန် ပြင်လိုက်စဉ် ယွင်ယောင် ရှောင်ထွက်ကာ မီးဖိုခန်းထဲသို့ ဝင်သွားပြီး စားသောက် ဖွယ်ရာများကို ယူလာပေးလေသည်။ ချန်ချန်မှာ နို့ဘူးကိုင်လျက် သူမအနောက်မှ တကောက်ကောက် လိုက်နေလေသည်။
“အရင်စားလိုက်ဉီး”
ဒေါက် ဒေါက် ဒေါက်
“မမ ကျွန်တော် ယွင်ချဲ့ပါ .. တံခါးဖွင့်ပါဉီး”
အချိန်အတော်ကြာ ဆာလောင် နေခဲ့ရသူများ အတွက် စားသောက်စရာများမှာ အလွန်ပင် မြိန်ရေယှက်ဖွယ် ရှိလှသည်။ ကျိုးဝမ်နှင့် အခြားသူများကလည်း ယွင်ယောင်နှင့် ချန်ချန် တို့ကို စိုက်ကြည့်လျက် စားပွဲသို့ ဉီးတည်သွားနေစဉ် ယွင်ချဲ့လည်း ရောက်လာလေသည်။
“ဉီးဉီးရောက်လာပြီ ”
ယွင်ချဲ့ အသံကြား လိုက်ရသဖြင့် ချန်ချန်လည်း အနည်းငယ် ပျော်ရွှင်သွားလေသည်။
ယွင်ယောင် တံခါးဖွင့်ပေးရန် အမြန်သွား လိုက်သော်လည်း ကျိုးဝမ်က တားလိုက်သည်။
“တံခါးကိုမဖွင့်နဲ့ အပြင်မှာ မကောင်းဆိုးဝါးတွေ ရှိနေတာ .. နင်က ငါတို့ကိုသေစေချင်လို့လား”
ကျိုးဝမ်က သူမရှေ့ရပ်လျက် စာနာစိတ်မရှိစွာ မေးလေသည်။
ယွင်ယောင် လက်သီးဆုပ်ကာ ရှင်းပြရန် ကြိုးစားလေသည်။
“အမေ အပြင်မှာ ကျွန်မမောင် ရောက်နေတယ် .. တံခါးမဖွင့်ရင် သူသေသွားလိမ့်မယ်”
“ငါတို့သေမှာထက် စာရင် ပိုကောင်းတာပေါ့”
“ဘာပြောလိုက်တာ ”
ကျိုးဝမ်၏ နောက်စကား တစ်ခွန်းက ယွင်ယောင်၏ ဒေါသစိတ်ကို ပေါက်ကွဲစေသည်။ ကျိုးမိသားစုက သူမကို ထိုတမျှ မုန်းတီးနေလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူမ ဆယ်နှစ်ကြာ ရှာဖွေကျွေးမွေး ပျိုးထောင်ပေးခဲ့သော မောင်လေး တစ်ယောက်ကို သူတို့ဘာကြောင့်များ အကြင်နာတရား ကင်းမဲ့နိုင်ရတာလဲ။
***