အခန်း (၉)
နောက်တစ်နေ့ ရောက်လေသော် ယွင်ချဲ့ မျှော်လင့်တကြီး စောင့်နေခဲ့သော်လည်း အစ်မနှင့် ညီငယ်တို့ မရောက်လာကြသဖြင့် ဖုန်းဆက် ခေါ်သော်ငြား ဆက်သွယ်၍ မရခဲ့ပေ။ မနက်ဖြန် ကမ္ဘာပျက် ကပ်ဆိုက်တော့မည် ဖြစ်သောကြောင့် ယွင်ချဲ့ စိတ်ဓါတ်ကျ လာခဲ့ရသည်။ ညရောက်တော့မှသာ အစ်မနှင့် အဆက်အသွယ် ပြန်ရလေသည်။
“အားနာလိုက်တာ ရှောင်ချဲ့ ရယ် … မမယောက္ခမလေ မနေ့ညက ရုတ်တရက် ထဖျားနေလို့ .. ကျစ်ကျွင်းလည်း မရှိတော့ မမမသွားရင် မမကို ရန်လုပ်ကြတော့မှာ .. ချန်ချန်နဲ့ မနက်ဖြန် လာခဲ့မယ်လေ”
ယွင်ယောင် အသံမှာ မောပန်းခြင်းနှင့် တောင်းပန်ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး စကားကိုဖြောင့်အောင်ပင် မပြောနိုင်သောကြောင့် သူမ အနိုင်ကျင့်ခံရကြောင်း ယွင်ချဲ့ တန်းသိလိုက်သည်။ ဖြစ်နိုင်လျှင် ထိုမိသားစု၏ ယုတ်မာမှုကို အစ်မသိအောင် ပြလိုက်ချင်သော်လည်း အစ်မမှာ ကျိုးကျစ်ကျွင်းကို အလွန်ချစ်ရှာသည်။ အကယ်၍ သူပြောနိုင်ခဲ့လျှင်လည်း လက်ထပ်ပွဲကို သူမလက်လျော့မည်မဟုတ်ပေ။
“မဟုတ်ဘူး မမ .. အိမ်မှာပဲနေ ကျွန်တော် လာခေါ်မယ် .. အခုကစပြီး ချန်ချန်နဲ့ အတူတူ အိမ်မှာပဲနေ ဘယ်ကိုမှ မသွားကြနဲ့ .. တကယ်လို့ ကျိုး မိသားစုတွေက ဖုန်းဆက်လာရင် ပြန်မဖြေနဲ့ အိမ်မှာပဲနေပြီး ကျွန်တော် လာမှာကို စောင့်နေ”
စကားပြောနေရန် နောက်ကျနေပြီ ဖြစ်သောကြောင့် ယွင်ချဲ့ ကိုယ်တိုင် သွားခေါ်ရန် စီစဉ်လိုက်သည်။ မနက်ဖြန် ကမ္ဘာပျက်နေ့ပင်။ အစ်မနှင့် ချန်ချန်ကို နှစ်ယောက်တည်း လွှတ်ထားပေးရန် မဖြစ်နိုင်တော့ပေ။ ပျက်သုဉ်းကာလတွင် မိသားစုဝင်များကို ဆုံးရှုံးရခြင်းနှင့် အထီးကျန်ရခြင်း၏ နာကျင်မှုတို့ကို သူမခံစားချင်တော့ပေ။
“ဒါပေမယ့် .. ”
“မမ .. ကျွန်တော်က မမကို ရန်ပြုမှာမလို့လား .. ကတိပေးပါ တံခါးကို ပိတ်ထား လုံးဝမဖွင့်နဲ့ အပြင်လည်း မထွက်နဲ့”
ယွင်ယောင်မှာ သံသယစိတ်များနှင့် တွေဝေလာသော်လည်း ယွင်ချဲ့ ရှင်းပြရန် အချိန်မရှိတော့ပေ။ မနက်ဖြန် မနက်အချိန်တွင် ဖုတ်ကောင်များစွာ အုံကြွခြင်း ဖြစ်ပေါ်လာတော့မည်။ ယခုညတွင် အနည်းငယ် ရှိနိုင်သော်လည်း သာမန် လူတို့သိနိုင်မည် မဟုတ်ပေ။
“အင်းပါ .. နေရော ကောင်းရဲ့လား”
မောင်ဖြစ်သူက ထိုတမျှ တောင်းပန် ပြောဆိုနေသည်မှာ ပထမဆုံး ဖြစ်သောကြောင့် ယွင်ယောင်လည်း မငြင်းဘဲ လက်ခံလိုက်သည်။
“ကျွန်တော် နေကောင်းပါတယ် .. တစ်ခုကျန်သေးတယ် ခဏနေလောက်ဆိုရင် နှင်းကျလိမ့်မယ် အဲဒီအခါ ပြတင်းပေါက်ကို သေချာပိတ်ထားနော် .. ဘာကိုပဲမြင်ရ ကြားရပါစေ ပြတင်းပေါက်ကို လုံးဝမဖွင့်ပါနဲ့ ကြောက်လည်း မကြောက်ပါနဲ့ …ကျွန်တော့်ကိုယုံပါ ကျွန်တော်လာခေါ်မယ်နော်”
ယွင်ချဲ့မှာ လက်တစ်ဖက်က ဖုန်းကိုင်ထားလျက် လက်တစ်ဖက်က သူ၏ပစ္စည်းများကို အပြိုင်နယ်မြေသို့ ပို့နေသည်။ ဒီညတွင်းပင် သူအခြားမြို့သို့ ဉီးတည် ပြောင်းရွေ့တော့မည်။ ဖုတ်ကောင် အုံကြွခြင်းမှာ မနက်ဖြန်ထိ မဖြစ်လာနိုင်သေးဟု မျှော်လင့်ထားသဖြင့် မနက်ဖြန် မနက်မတိုင်မီ သူ၏အစ်မ၊ တူလေးနှင့် ညီငယ်တို့ကို အမီခေါ်ထားရမည်။
“မမကို လန့်အောင်မလုပ်ပါနဲ့ ချဲ့ .. ဘာဖြစ်နေလို့လဲ”
ယွင်ချဲ့ သူမကို မရှင်းပြတော့ပေ။
“ဘာမှမဖြစ်ဘူးနော် မမ .. နားလိုက်ဉီး ကျွန်တော် ကာကွယ်ပေးမှာမလို့ စိတ်ချလက်ချနားနေနော်”
“အင်းပါ ဂရုစိုက်ဉီးနော်”
ယွင်ချဲ့လည်း ဖုန်းချလိုက်ပြီး ကျောပိုးအိတ်ကို သယ်ကာ ရှင်းလင်းနေသော အခန်းကို တစ်ချက်ကြည့်လိုက်သည်။ အခြားမြို့သို့ သွားနိုင်သော အမြန်ရထား လက်မှတ်မှာ မနက်ဖြန် မနက်အထိ ရနိုင်တော့မည် မဟုတ်သောကြောင့် ယွင်ချဲ့ အမြန်ထွက်ကာ နှစ်ဘလောက် အကွာအဝေးရှိ ဂိုထောင်ထဲမှ သူငှားခဲ့သော ကုန်တင်ကားငယ်သို့ အမြန်ပြေးကာ ကိုယ်တိုင်မောင်းနှင်လာခဲ့သည်။
“မင်းဘာတွေ လုပ်နေတာလဲ ”
ကားပေါ် ရောက်ရောက်ချင်းပင် ယွင်ချန်ထံမှ ဖုန်းလာသဖြင့် ယွင်ချဲ့ အော်ပြောလိုက်ပြီး လက်တစ်ဖက်မှလည်း စတီယာရင်ကို ကိုင်လျက် မောင်းထွက်လာခဲ့သည်။ သူပြန်လာမည် မဟုတ်သောကြောင့် ဂိုထောင်တံခါးကိုလည်း သော့မခတ်ခဲ့တော့ပေ။
“Sorry အစ်ကိုရေ .. ဒီ၂ ရက်ထဲ ကူးစက်ဗိုင်းရပ်စ်ပိုး အသစ် ဖြစ်လာတော့မယ့်ပုံပဲ .. မနေ့က ဖုန်းပြောပြီးပြီးချင်း ပါမောက္ခက ဆေးရုံကို သွားပေးပါဆိုလို့ … နောက်ရက်တွေ လာခဲ့မယ်လေ”
ယွင်ချန်သည်လည်း မနေ့ည ကတည်းက ဆေးရုံတွင် အလုပ်ရှုပ်ခဲ့သဖြင့် အသံမှာမောဟိုက်သံတို့ ပါနေသည်။ အဆောင်ကို ပြန်ရောက်သည်နှင့် ဖုန်းကို ဖွင့်ကြည့်လေရာ အစ်ကိုဖြစ်သူက ကြိမ်ဖန်များစွာ ခေါ်ထားသည်ကို တွေ့လိုက်ရသည်။
“မင်းတို့တွေ အဲဒီကိစ္စကို မဖြေရှင်းနိုင်ဘူး … ယွင်ချန် မင်းဘယ်လို နည်းလမ်းကို သုံးမလဲ ငါမသိဘူး .. အခုလုံလုံခြုံခြုံရှိမယ့် နေရာကိုရှာပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နေ ပြီးရင် နေရာပို့လိုက် .. ငါ မမနဲ့ တူလေးကိုခေါ်ပြီး မင်းဆီလာခဲ့မယ်”
သေချာပါပြီ၊ Zombie Virus မှာ အချိန်တို အတွင်းမှာပင် ပျံ့နှံ့စပြုနေပြီး ထိုပိုးမျိုးကို သာမန် ကူးစက်ပိုးအဖြစ် လည်းကောင်း၊ အစိုးရအောက်မှ စမ်းသပ်နေသော ပိုးအဖြစ် လည်းကောင်း အမျိုးမျိုး ပြောဆိုကြလိမ့်မည်။ သေစမ်း၊ ယွင်ချဲ့ အသက်ကိုပြင်းပြင်း ရှူလိုက်ကာ မျက်နှာမှာလည်း ဖြူဖျော့လာသည်။ သူတို့ကို အမြန်လာစေရန် အစောကတည်းက သူစီစဉ်ခဲ့သင့်သည်။
“အစ်ကို .. တစ်ခုခု သိထားလို့လား”
ယွင်ချန် မျက်မှောင်ကြုတ် လိုက်သည်။ သူ၏အစ်ကိုကို အခြားများထက် သူပိုသိသည်။ မသေချာဘဲနှင့် ထိုသို့ပြောမည် မဟုတ်ပေ။
“ဘာကိုသိရမှာလဲ .. ဖြစ်လာမှာတွေကို တားလို့မရဘူး အချိန်တန်ရင် ဖြစ်လာမှာပဲ ယွင်ချန် .. ငါ့ကို မင်းရဲ့အစ်ကိုလို့ သတ်မှတ်သေးတယ်ဆိုရင် ငါပြောတာ နားထောင် အခုချက်ချင်း သွားပုန်းနေတော့ ငါလာခေါ်မယ့် အချိန်ထိ စောင့်နေ”
ယွင်ချဲ့ လှောင်ရယ်ဟန်ဖြင့် ပြုံးကာ ကမ္ဘာပျက်နေ့ကို လူအများ ကြိုသိထားလျှင်လည်း ထိုနေ့ကို ကျော်သွားပါ့မလား၊ ဖုတ်ကောင်များမှာလည်း လူတို့ကို မတိုက်ခိုက်ကြတော့ ပါမလား၊ လူအများလည်း အန္တရာယ် ကင်းကြပါမလား။
“သိပါတယ် .. ဂရုစိုက်မောင်းဉီး”
ယွင်ချန်သည် ယွင်ယောင် ထက်ပို၍ ပါးနပ်သဖြင့် တစ်ခုခု ဖြစ်လာနိုင်သည်ကို သူသတိထားမိပြီး ဖြစ်သည်။ ဖြစ်လာနိုင်သည့် အရာကို သူမယုံကြည်သော်လည်း ယွင်ချဲ့ကို သူယုံသည်။ ဟုတ်သည် မဟုတ်သည်ထက် ယွင်ချဲ့ ပြောသည်ဆိုလျှင် သူအကြွင်းမဲ့ ယုံကြည်သည်။
“အင်း လိပ်စာပို့ဖို့လည်း မမေ့နဲ့…”
ဒုန်း
ယွင်ချဲ့ စကားမဆုံးခင် သူ၏ကားမှာ အနက်ရောင်ကားကို ဝင်တိုက်မိလေသည်။
“ဘာဖြစ်တာလဲ .. ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ဘူး .. ငါပြောတာသာ မမေ့နဲ့”
ယွင်ချန် စိုးရိမ်တကြီး မေးနေစဉ် လေကာမှန်ကို ကြည့်ကာ တစ်ဖက်ကားမှ လူတစ်ယောက် ဆင်းလာသည်ကို ယွင်ချဲ့ မြင်လိုက်သဖြင့် ဖုန်းကိုပိတ်ချကာ တံခါးဖွင့်ပြီး ဆင်းသွားလေသည်။
“ဟေ့လူ .. မင်းဘယ်လို မောင်းလာတာလဲ .. ဒီကွေ့ကြောက တားထားတာ မသိဘူးလား ”
တစ်ဖက်လူက ယွင်ချဲ့ကို ဒေါသတကြီး ကြည့်ကာ ပြောလေသည်။
“ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုကြီးရာ တမင်လုပ်တာ မဟုတ်ပါဘူး … ရော့ ကျွန်တော့် ကျောင်းသားကတ်နဲ့ ဖုန်းနံပါတ် ယူထားလိုက် ..ကျွန်တော့်ကို ခဏလောက် လွှတ်ပေးလို့ရမလား ကျွန်တော် မထွက်ပြေးပါဘူး .. ကားပြင်ခ ဘယ်လောက်ကုန်မလဲ ဆိုတာသာ ကျွန်တော့်ကို ဖုန်းဆက် ပြောပေးပါနော်”
သူ့တွင် တာဝန်ရှိသည် ဆိုသော်လည်း ယွင်ချဲ့ ကိုယ့်ဘက်ကိုယ် ကာမပြောတော့ပေ။ ကမ္ဘာပျက်ကာလ မရောက်သေးသော်လည်း ဥပဒေလက်အောက်တွင် ရှိနေသေးသဖြင့် စည်းကမ်း မလိုက်နာလျှင် သူ ၂ ရက်တာ အချုပ်စခန်း ဝင်ရလိမ့်မည်။ အခုချိန်တွင် သူအမြန် ထွက်သွားရန်သာ စိတ်ထဲရှိနေပြီး အလျော်ပေးရန်မှာ မနက်ဖြန်ကိစ္စ ဖြစ်သည်။
“မရဘူး .. ဒီကျောင်းသားကတ်က မင်းဟာဟုတ်မဟုတ် ဘယ်လိုလုပ် သိမှာလဲ .. ယာဉ်ကြောရဲကို ခေါ်ပြီး ရှင်းခိုင်းရမယ်”
ထိုလူ၏စိတ်မှာ အနည်းငယ် နူးညံ့သယောင် မြင်ရသော်လည်း သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်သောကြောင့် ယွင်ချဲ့ ငိုချလေတော့သည်။
“ဒီမှာ .. ကျွန်တော် သွားစရာရှိလို့ပါ .. အခုလေးတင် အိမ်က ဖုန်းဆက်တယ် အမေက ရုတ်တရက်ကြီး ဉီးနှောက်သွေးယိုလို့ အရေးပေါ် ဆေးရုံတင် ထားရတယ်တဲ့ .. ကျွန်တော် အမြန်သွားရမှာမလို့ နောက်ကျသွားရင် အမေ့ကို ကျွန်တော် တွေ့လိုက်ရမှာ မဟုတ်တော့ဘူး .. တောင်းပန်ပါတယ် ကျွန်တော် တာဝန်မယူတာ မဟုတ်ပါဘူး ကျွန်တော် ပြန်ပေးပါ့မယ်နော် .. ဒီမှာကြည့် ကတ်ပေါ်က ဓါတ်ပုံမှာ ကျွန်တော့်ရုပ်ပဲလေ .. မယုံရင် ကျွန်တော့်နံပါတ်ကို ခေါ်လိုက်လို့ရတယ်”
“အယ် …”
ထိုလူက တုံ့ဆိုင်းသွားပြီး ယွင်ချဲ့ကို သနားသက်ညှာစွာ ကြည့်လိုက်မိသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် ထိုကားနက်ပေါ်မှ အရပ် ၆ ပေကျော်မည်ဟု ခန့်မှန်းရသည့် လူတစ်ယောက် ဆင်းလာလေသည်။ ထိုလူကို မြင်လိုက်ရပြီးနောက် ယွင်ချဲ့ မျက်ဝန်းများပြူးကျယ်ကာ စိတ်လှုပ်ရှား သွားလေသည်။
အမှန်တကယ် သူ့ကို တွေ့လိုက်ရပြီ။
“ဗိုလ်ချုပ် ရှင်း”
ယွင်ချဲ့နှင့် စကားပြောနေသူက တလေးတစား ဉီးညွှတ်ကာ ရှင်းဖုန်း အနောက်တွင် ရပ်နေလိုက်သည်။ ရှင်းဖုန်းလည်း ကျောင်းသားကတ်ကို ယူကာ ယွင်ချဲ့ကို ကြည့်လိုက်သည်။ ယွင်ချဲ့လည်း စိတ်လှုပ်ရှားလျက် ပြန်ကြည့်လေရာ ကမ္ဘာပျက်ကာလတွင်းက တွေ့ခဲ့ရပုံနှင့် ပြောင်းလဲသွားခြင်း မရှိပေ။ ပျက်သုဉ်းကာလ မရောက်ခင်နှင့် ရောက်ပြီးချိန်တွင်လည်း ထိုသူမှာ အလွန် ရန်လိုစိတ် ပြင်းသူပင်။ ထိုကဲ့သို့သောသူက ပျက်သုဉ်းကာလ ဖြစ်ပြီးနောက် စွမ်းအား မရရှိခဲ့လျှင် ထိုသူက သာမန်လူ မဟုတ်တော့ပေ။
“ယွင်ချဲ့ လား”
ကျောင်းသားကတ်ကို ကိုင်လျက် ယွင်ချဲ့ မေးကို လှမ်းကိုင်ကာ မျက်နှာကိုကြည့်ရင်း မေးလိုက်သည်။ ယွင်ချဲ့က လက်ကို မဖယ်ချဘဲ အမြန်ပြုံးပြကာ …
“ဟုတ်ကဲ့”
“စိတ်ဝင်စားစရာပဲ ”
ယွင်ချဲ့သည် ရှင်းဖုန်းကို လုံးဝ မကြောက်တော့ပေ။ ရှင်းဖုန်းလည်း စိတ်ဝင်တစား ပြုံးပြကာ …
“မင်းပြောနေတာတွေကို ငါမယုံဘူး ဒါပေမယ့် မင်းက စိတ်အား ထက်သန်နေလို့ ငါလွှတ်ပေးလိုက်မယ် .. ငါဒီနေ့ စိတ်ကြည်နေတာကိုပဲ ကျေးဇူးတင်”
ကျောင်းသားကတ်ကို ပစ်ပေးလိုက်ပြီး ရှင်းဖုန်း ရုတ်တရက် လက်ဆန့်ထုတ်ကာ ယွင်ချဲ့ နဖူးကို အသာ ပုတ်လိုက်ကာ ကားပေါ်သို့ ပြန်တက် သွားလေသည်။ ယွင်ချဲ့လည်း မရုန်းကန်တော့ဘဲ ကားပေါ် အမြန်တက်ကာ မောင်းထွက် သွားလေသည်။ သူတို့မကြာမီ ပြန်တွေ့ကြရဉီးမည်။
“မင်းသူ့ကို ကြိုက်နေတာလား”
ကားအနက်ပေါ်တွင် ရှိနေသည့် နောက်ထပ် ယောကျ်ားတစ်ယောက်က မေးလိုက်သည်။ ထိုသူမှာ ရှင်းဖုန်း၏ တစ်ဝမ်းကွဲအစ်ကို မော့ဝမ်းယန် ဖြစ်ပြီး အနောက်တောင်ပိုင်း၏ ဒုတိယဗိုလ်မှူးကြီး ဖြစ်သည်။ သို့သော် ချီးကျူး ဂုဏ်ပြုရလောက်သည့် အောင်မြင်မှုများ ရရှိခဲ့သော ရှင်းဖုန်း နှင့်ယှဉ်လျှင် မော့ဝမ်းယန်မှာ လူချမ်းသာ မိသားစုတစ်ခု၏ ဒုတိယမျိုးဆက် ဖြစ်သည်။ မော့ဝမ်းယန်မှာ သူ၏ရာထူးကို မိသားစုကြောင့် ရရှိခဲ့သော်လည်း အရည်အချင်း ရှိသူတစ်ယောက် ဖြစ်သည်။ သို့သော် အဆိုးမြင်ဝါဒ ရှိသူများကြောင့် သူ၏ပုံစံအမှန်ကို မည်သူမှ မမြင်ကြပေ။
“တပ်ကိုပြန်မယ်”
မော့ဝမ်းယန် ကိုစိုက်ကြည့်ကာ ရှင်းဖုန်း ပြောလိုက်သည်။
“အခုချက်ချင်း မြောက်ဘက်ပိုင်းကို အမြန်သွားတော့”
“ဟုတ်ကဲ့”
ယာဉ်မောင်းကလည်း ကားကိုအမြန် မောင်းထွက် သွားလေသည်။ မော့ဝမ်းယန်လည်း စနောက်သည့်ပုံကို လျော့ကာ …
“ကူးစက်ပိုးကို မင်းယုံလား .. အဲဒါကမ္ဘာပျက်အောင် လုပ်တာပဲမဟုတ်လား”
လွန်ခဲ့သောရက် အနည်းငယ်က တစ်နိုင်ငံလုံးတွင် ဆီးနှင်းများ ကျလာပြီးနောက် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွား ပျံ့နှံ့ခဲ့သည်။ မနေ့တနေ့ကပင် သာမန် ရောဂါပိုးအသစ်ဟု စမ်းသပ်စစ်ဆေးသူများက မှတ်ချက်ပြုကြသည်။ ပိုးကူးစက် ခံရသူများသည် လူများကို တိုက်ခိုက် ကိုက်ဖြတ်တတ်ကြပြီး အလွန် ကူးစက်မြန်သဖြင့် ဆေးရုံတချို့တွင် ထိုသူများကို ပိတ်လှောင်ထားရသည်။ ကာကွယ်ရေး အစီအစဉ်များ ကြိုတင်လုပ်ဆောင် ထားကြသော်လည်း လူအများ အထိတ်တလန့် ဖြစ်ကြမည်စိုး၍ မည်သည့် တရားဝင်သတင်းမှ ထုတ်ပြန်ထားခြင်း မရှိပေ။
ယွင်ချဲ့လည်း ကုန်ကားငယ်လေးကို မောင်းနှင်ကာ မြို့ပြင်သို့ ရောက်လာခဲ့သည်။ ဆီသိုလှောင် နေရာကို ရောက်လာခဲ့ချိန်တွင် အပြင်ဘက်တွင် ရပ်နားထားသော ရေနံတင်ယာဉ် အချို့ကို တွေ့လိုက်ရသည်။ ထိုနေရာသို့ တိတ်တဆိတ် အသာဝင် လာခဲ့စဉ် အလုပ်သမားတချို့ အပြင်ဘက်တွင် ထိုင်ကာ စကားပြော နေကြသည်ကို တွေ့လိုက်ရသည်။ ယွင်ချဲ့လည်း ရှေ့တစ်လှမ်းတိုးပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဆီတင်ယာဉ် အများအပြား ပျောက်ကွယ် ကုန်သည်။ အခြားသူများ သတိမမူမိခင် ယွင်ချဲ့လည်း အမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
“သေစမ်း ဆီတင်ယာဉ်တွေ ပျောက်ကုန်ပြီဟ ”
ဆီသိုလှောင်ရာ ဂိုထောင်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး ယွင်ချဲ့မှာ သူ၏ကုန်ကားငယ်လေးကို မောင်းနှင်ကာ ထွက်သွားနှင့် နေလေသည်။
***