အခန်း (၁၀)
ယွင်ချဲ့ ပြောခဲ့သည့် အတိုင်းပင်၊ တစ်နိုင်ငံလုံး နေရာအနှံ့ သာမက ကမ္ဘာပေါ်မှ နေရာအများစုတွင် ထူးဆန်းသော နှင်းများ ရုတ်တရက် ကျဆင်းခဲ့သဖြင့် လမ်းကြောင်းများ ပိတ်ဆို့ကုန်ပြီး ယာဉ်ကြောပိတ်ဆို့ကာ ယွင်ချဲ့မှာလည်း လမ်းမထက် အချိန်ကြာစွာ ပိတ်မိနေခဲ့သည်။ နေရောင် ထွက်လာသည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်နေသော ကမ္ဘာကြီး၏ မနက်ခင်းမှာ အော်ဟစ်သံများနှင့် ဆူညံသွားလေသည်။ ထို့အပြင် လမ်းကြားများတွင် သာမက အိမ်အချို့တွင်ပါ စူးရှစွာ အော်ဟစ်သံများနှင့် ပြေးလွှားနေကြသဖြင့် ကမ္ဘာကြီးမှာ ဆူပူအုံကြွလာလေသည်။ ကမ္ဘာပျက်သုဉ်းခြင်း ကပ်ဘေး ဆိုက်ရောက် လာလေပြီ။
“ချန်ချန် မကြောက်နဲ့နော် .. မေမေတို့ကို ဉီးဉီး လာခေါ်လိမ့်မယ်နော်”
ကျန်းမြို့ရှိ ချောင်ယန် အိမ်ရာထဲမှ ၈ လွှာ၌ရှိသော အိမ်ခန်းထဲတွင် ယွင်ယောင်မှာ ကြောက်လန့်နေသော သူမ၏ ကလေးငယ်ကို ထွေးပွေ့ထားသည်။ သူမမျက်နှာမှာ ဖြူဖျော့လာသောကြောင့် သူမ နေမကောင်းဖြစ်နေခြင်း ဖြစ်နိုင်ပြီး သူမ၏သေးသွယ်သော ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံအောင် ပိတ်ထားသော်လည်း အပြင်ဘက်မှ အော်ဟစ်သံများကို အတိုင်းသား ကြားနေရသည်။
“မေမေ .. မေမေ ..”
ချန်ချန်မှာ အလွန် ကြောက်လန့်နေပြီး သူ၏ဝတုတ်နေသော လက်နှစ်ဖက်ကလည်း သူမလည်ပင်းတွင် တင်းကျပ်စွာ ဖက်လျက် ကပ်တွယ်နေသည်။ အမေဖြစ်သူက မငိုရန်ပြောထားသဖြင့် အသံထွက် မငိုသော်လည်း မျက်လုံးလေးများမှာ မျက်ရည်များ စိုရွှဲနေသည်။
“ဉီးဉီး ရောက်လာတော့မယ် မကြောက်နဲ့နော် .. ဉီးဉီးက မေမေတို့ကို သေချာပေါက်လာခေါ်လိမ့်မယ်နော်”
မကြာသေးခင်ကပင် သူမခင်ပွန်းထံ ဖုန်းခေါ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ပေ။ သူမစိတ်မပျက်ဟု ပြောလျှင် သေချာပေါက် အလိမ်အညာ တစ်ခုပင်။ သူမခင်ပွန်းကို အလိုအပ်ဆုံး ဖြစ်နေချိန်တွင် သူမ အနား မရှိသည့်အပြင် ဖုန်းနှင့်လည်း အဆက်အသွယ် မရခဲ့။ သို့သော် သူမ ဝမ်းနည်းရန် အချိန်မရှိပေ။ ပြတင်းတံခါး လိုက်ကာကို အသာလှပ် ကြည့်သည့်အခါ မကောင်းဆိုးဝါးများမှာ လူများအနောက်မှ ပြေးလိုက် ဖမ်းဆီးကာ ကိုက်ဖြတ် စားသောက်နေသည်ကို တွေ့လိုက်ရသဖြင့် သူမမေ့လဲမတတ် ဖြစ်သွားလေသည်။ သူမအတွက် မျှော်လင့်ရာ သူမ၏မောင် တစ်ယောက်သာ ရှိတော့သည်။ မနေ့ညက နှင်းများ ကျခဲ့ပြီးနောက် သူမ၏မောင်လေးမှာ တစ်ခုခုကို သိထားလိမ့်မည်ဟု သဘောပေါက် လိုက်ပြီး ယွင်ချဲ့ ကသာ သူမတို့ကို ကယ်တင် နိုင်လိမ့်မည်ဟု ယုံကြည်လိုက်သည်။
“ဉီးဉီး .. သားဉီးဉီးကို တွေ့ချင်တယ်”
ချန်ချန် ခေါင်းမော့ကာ ယွင်ယောင်၏ ညဝတ်စုံကို သူ၏လက်ကလေးများ ဆုပ်ကိုင်ကာ ပြောလေသည်။ ယွင်ယောင်သည် ချန်ချန်ကို မျက်ရည်သုတ် ပေးလိုက်ပြီး စားပွဲဘေးရှိ ဖုန်းကို လှမ်းယူလိုက်သည်။
“ဉီးဉီးကို ဖုန်းဆက် လိုက်မယ်နော်”
“အွန်း ..”
ချန်ချန် ခေါင်းညိတ်လိုက်ကာ ယွင်ယောင်က ယွင်ချဲ့ထံ ဖုန်းဆက်လေသည်။
“မမ ”
“ရှောင်ချဲ့ .. ”
ဖုန်းအတော်ကြာအောင် မြည်ပြီးတော့မှ ယွင်ချဲ့၏ အသံကိုကြားလိုက်ရသဖြင့် ယွင်ယောင် မျက်ရည်များ ကျဆင်း လာတော့သည်။ သူမမှာ သာမန် မိန်းကလေး ဖြစ်သောကြောင့် ဖြစ်ပျက်နေသည်တို့ကို မြင်လိုက်ရပြီးနောက် သတိလွတ်လုနီးပါး ဖြစ်သည်အထိ ကြောက်လန့် နေခဲ့သည်။ သူမခင်ပွန်းထံ ဆက်သွယ် မရလျှင်၊ သူမမောင်နှင့် အဆက်အသွယ် မရခဲ့လျှင်၊ သူမ၏သားလေးကို ဂရုမစိုက်ခဲ့ရလျှင် သူမအရုပ်ကြိုးပြတ် သကဲ့သို့ လဲကျသွားလိမ့်မည်။
“မမ မကြောက်နဲ့နော် .. ကျွန်တော် ခဏနေလောက် မြို့ထဲဝင်ပြီး မမတို့အိမ်ဆီ ရောက်လာတော့မယ် .. ဘာကိစ္စဖြစ်ဖြစ် တံခါးလုံးဝ မဖွင့်ရဖို့ကို မမေ့နဲ့နော်”
မြို့ထဲတွင် ယာဉ်ကြော ပိတ်မိနေခဲ့သော ယွင်ချဲ့ လမ်းကြောင်း ပြောင်းကာ မြို့သို့ ဉီးတည်သွားမည့် လမ်းဟောင်းပေါ်သို့ ရောက်နှင့်နေသည်။ လမ်းတစ်လျှောက်တွင်လည်း လူများကို လိုက်လံ ကိုက်ဖြတ်နေသည့် ဖုတ်ကောင်များနှင့် အော်ဟစ်သံများ ပြည့်နှက်နေသည်။ လမ်းတစ်လျှောက်တွင်လည်း ကားများ ပိတ်ဆို့လျက် ရှိနေသည်။ ကံကောင်းသည်က သူ၏ကုန်ကားငယ်ကို ချန်ထားခဲ့ပြီး အပြိုင်ကမ္ဘာထံမှ လျှပ်စစ်ကားငယ်ကို ထုတ်ယူလာခဲ့သည်။ ဖုတ်ကောင်များ အနံ့မရ၊ အသံမကြားစေရန် မကြာသေးခင်က ရရှိခဲ့သော လေထုစွမ်းအားနှင့် ကိုယ့်ကိုယ်ကိုယ် လေထုဖြင့် ရစ်ပတ်ပိတ်နှောင် ထားလိုက်သည်။ ဖုတ်ကောင်များက သူ့ကို ရှာမတွေ့ကြသော်လည်း အစ်မထံ အမြန်ရောက်ရန် လိုအပ်နေသဖြင့် ဓါးရှည်တစ်ချောင်းကို ပါယူလာခဲ့ပြီး လမ်းတွင်ပိတ်နေသော ဖုတ်ကောင်များကို ရှင်းလင်းပစ်ခဲ့သည်။
“ဒီကောင်တွေ ဘာလို့ မင်းကို မကိုက်ကြတာလဲ”
ယွင်ချဲ့ လျှပ်စစ်ကားကို မောင်းနှင်လာစဉ် သူနှင့်အသက် မတိမ်းမယိမ်းရှိသူ တစ်ယောက်က ကားပေါ်ခုန်တက်ကာ ယွင်ချဲ့ကိုလည်း ခွင့်မတောင်းဘဲ အနောက်ဘက်ခုံတွင် ဝင်ထိုင် နေလေသည်။
အစ်မနှင့် ဖုန်းပြောနေသော ယွင်ချဲ့မှာ မျက်မှောင်ကြုတ် လိုက်ပြီး …
“ဆင်းသွား ”
ဆူညံသံနည်းသည့် မိန်းကလေးစီး လျှပ်စစ်ကားကို ရွေးယူခဲ့သဖြင့် အခြားယောကျ်ား တစ်ယောက် ဝင်ထိုင် လိုက်သည်နှင့် အရှိန်လည်း လျော့ကြလာသည်။
“ကျေးဇူးပြုပြီး အစ်ကိုကြီးရာ .. ဒီမကောင်းဆိုးဝါးတွေက ကြောက်စရာ ကောင်းတယ် .. ကျွန်တော်က အစ်ကိုသွားမယ့် လမ်းပေါ်မှာရှိတဲ့ ဖုန့်ဟွောင်မြို့ကပါ .. အဲဒီအထိ စီးခွင့်ပြုပါနော်”
အနောက်ဘက်တွင် ထိုင်နေသည့် လူက သူ၏သက်တောင့်သက်သာ ခေါက်ချိုးနေသဖြင့် ထိုသို့ ကြောက်ဟန်ပြနေသော သူကို ယွင်ချဲ့ ကန်ချချင်စိတ် ဖြစ်လာမိသည်။
“ရှောင်ချဲ့ .. တစ်ခုခုဖြစ်လို့လား”
ယွင်ယောင်မှာ မောင်ဖြစ်သူကို စိုးရိမ်စွာမေးလိုက်သည်။ ထိုလူကို ဆင်းခိုင်းရန် ပြင်နေသော ယွင်ချဲ့ ခဏတာ လက်လျော့လိုက်ပြီး …
“ဘာမှမဖြစ်ဘူး မမ .. ကျွန်တော် နောက်နာရီဝက် လောက်နေရင် ရောက်မယ်နော် .. ဗိုက်ဆာနေမှာ စိုးလို့ တစ်ခုခုကြိုစားထားနော် ပြီးရင် ရှောင်ချန်ကို သွားခေါ်မယ်”
ကမ္ဘာပျက်ကပ်ဆိုက်သည့် ပထမဆုံးနေ့ ဖြစ်သောကြောင့် သောက်ရေနှင့် လျှပ်စစ်တို့မှာ ပုံမှန်အနေအထား အတိုင်း ရှိနေသေးသည်။ အစ်မဖြစ်သူ မကြောက်လန့်စေရန် အတွက် သူတစ်ခုခု လုပ်ဆောင်ရမည်။
“ဒါဆို ရှောင်ချန်ရော … သူဘယ်လိုနေလဲ မမလည်း မသိရသေးဘူး”
နောက်ထပ် မောင်တစ်ယောက်ကို စဉ်းစားမိလေတော့ ယွင်ယောင် အလွန် စိတ်ပူသွားသည်။
“ဘာမှမဖြစ်ဘူး မမ .. ကျွန်တော် အစွမ်းနည်းနည်း သုံးထားလို့ ဖုတ်ကောင်တွေ ကျွန်တော့်ကို ထိခိုက်အောင်လုပ်လို့ မရဘူး .. ကျွန်တော် မမကို ကာကွယ်ပေးမယ် .. ရှောင်ချန် ကိုလည်း စိတ်မပူပါနဲ့ သူ့ကို တစ်နေရာမှာ ပုန်းနေခိုင်းထားတယ်”
အမှန်တရားကို မဖုံးကွယ် ထားလိုသော်လည်း သူ၏ညီ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်မိသည်။ မည်သို့ပင် ဖြစ်ပါစေ အတိတ်ဘဝတွင် ကမ္ဘာပျက်ကပ် ဆိုက်ပြီး ၂ နှစ်ကြာသည်အထိ သူ၏ညီကို လုံးဝ ရှာမတွေ့ခဲ့ပေ။ ရှာတွေ့ခဲ့ချိန်တွင်လည်း မကြာသေးသည့် အချိန်က ကိုက်ခံထားရသော ဒဏ်ရာကြောင့် ညီဖြစ်သူမှာ ဖုတ်ကောင် ဖြစ်ခဲ့ရသည်။ အကယ်၍ကောင်းကောင်းမွန်မွန် မပုန်းနိုင်ခဲ့လျှင် အဆင်ပြေလိမ့်မည်ဟု ယုံကြည်ကာ အကောင်းဆုံးကိုသာ မျှော်လင့်ထားလိုက်သည်။
“မမဖုန်းအား နည်းနေပြီ .. ချက်ပြုတ်နေရင်း အားသွင်းထားဉီးမယ် သတိထားဉီးနော် ရှောင်ချဲ့”
“အင်း”
ယွင်ချဲ့ ဖုန်းချလိုက်ပြီး အနောက်ခုံတွင် ထိုင်နေသောလူနှင့် မငြင်းခုံလိုတော့သဖြင့် အစ်မထံ အမြန်ရောက်စေရန် ကားကိုအရှိန်တင်ကာ အမြန် မောင်းလာခဲ့သည်။ ယွင်ယောင် ချက်ပြုတ်နေစဉ် တစ်ယောက်ယောက်က တံခါးလာခေါက် နေသည်ကို ယွင်ချဲ့ မသိလိုက်ပေ။
“မေမေ ..”
နို့ဘူးလေးဖြင့် နို့သောက်နေသော ချန်ချန်မှာ အလန့်တကြား ဖြစ်ကာ နို့ဘူးပင် လွတ်ကျသွားပြီး ယွင်ယောင်၏ ခြေထောက်ကို ပြေးဖက်လေသည်။
ယွင်ယောင်လည်း ကြောက်လန့်သော်ငြား ချန်ချန် ခေါင်းကို အသာပုတ်ပေး လိုက်ပြီး …
“မကြောက်နဲ့နော် အသံလည်း မထွက်စေနဲ့ .. မေမေတို့ တံခါးမဖွင့်ရင် ဘယ်သူမှ မဝင်လာနိုင်ဘူး”
“ဟုတ် ..”
ချန်ချန် ခေါင်းညိတ် လိုက်သော်လည်း အမေ၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားမြဲပင်။ အပြင်ဘက်ရှိ သူများမှာ အလွန် တဇွတ်ထိုး နိုင်လှသည်။ အတော်ကြာသည်အထိ တံခါးကိုထုရိုက်နေသဖြင့် သူမတို့လည်း ပို၍ ကြောက်လန့်လာပြီး တစ်ခုခု ဖြစ်သွားမည် စိုးရိမ်သောကြောင့် ယွင်ယောင် ထိုင်ချလိုက်ပြီး သားကို လက်တစ်ဖက်နှင့် ဖက်ထားကာ ကျန်လက်တစ်ဖက်က သူမပါးစပ်ကို အုပ်ထားလိုက်သည်။
“ယွင်ယောင် တံခါးဖွင့်စမ်း ကောင်မ နင်ငါတို့ကို သေစေချင်နေတာလား .. အခုတံခါးဖွင့်စမ်း ”
“တံခါးဖွင့်စမ်း ”
တံခါးအပြင်ဘက်မှ ထုရိုက်သံများနှင့် ရင်းနှီးနေသည့် ဆဲဆိုခြင်းတို့က မရပ်တန့်သွားပေ။ သူမလက်ထဲရှိ ချန်ချန်မှာ တုန်လှုပ် ကြောက်ရွံ့လာပြီး မျက်ရည်များ ကျလာလသည်။
“အဲဒါ ဘွားဘွားပဲ မေမေ .. သားကြောက်တယ်”
“မကြောက်နဲ့ သားလေး .. မကြောက်နဲ့နော်”
ယွင်ယောင် ကြောက်လန့် နေသော်လည်း သားလေးကို အားပေးကာ စိတ်ကိုတင်းလျက် တံခါးမှန်ဘီလူး မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။
လူအများအပြား ရပ်နေကြပြီး သူတို့၏ကိုယ်ပေါ်တွင် သွေးများ ပေကျံကာ ရှုပ်ပွလျက်ရှိနေသည်။ သူတို့မှာ ယွင်ယောင်၏ ယောက္ခမ၊ ယောက်မနှင့် ယောက်မ၏ ကလေးနှစ်ယောက်ပင်။
ယွင်ယောင် ခင်ပွန်းဖြစ်သူ အတွက် စဉ်းစားပြီးနောက် တံခါးဖွင့်ပေး လိုက်သည်။
“အမေတို့ပါလား”
ဖြန်း
တံခါးဖွင့်ပြီးသည်နှင့် ယွင်ယောင် စကားပင် မဆုံးလိုက်ဘဲ ယောက္ခမဖြစ်သူ ကျိုးဝမ်က သူမကို ပါးရိုက်လိုက်သည်။ သူမနှင့်သားလေးတို့ ရပ်လျက်ရှိနေရာ ထိုလူတစ်စုက တိုးဝင်ကြသဖြင့် မြေပြင်ပေါ် လဲကျသွားလေသည်။ သူမကို မည်သူမှလည်း မကူညီကြပေ။ အိမ်ထဲ ဝင်ပြီးသည်နှင့် တံခါးကို အမြန်ပိတ် လိုက်ကြသည်။ အပြင်ဘက်တွင်လည်း ဖုတ်ကောင်များ၏ အော်သံများကို ရှင်းလင်းစွာ ကြားနေရသည်။
***