အခန်း (၈)
“ကလေးလည်း မဟုတ်တော့ဘူး ဒီလိုလုပ်မနေနဲ့ … အေးပါ အေးပါ မပြောတော့ဘူး မနက်ဖြန် တူလေကို ခေါ်ပြီး လာခဲ့မယ်နော်”
ယွင်ချဲ့ မျက်ရည်ဝဲ လာသည်နှင့် ယွင်ယောင်လည်း ငိုချင်လာမိသည်။ ထို့နောက် အိပ်ရာငယ်ထဲတွင် အိပ်နေသော သူမ၏သားကို ချီယူလိုက်သည်။ ဖန်သား မျက်နှာပြင်ပေါ်တွင် လူတစ်ယောက်ကို မြင်လိုက်ရသည့်အခါ သူ၏ဖောင်းဥနေသော လက်လေး နှစ်ဖက်ကို ဆန့်ထုတ်ကာ …
“ဉီးဉီး .. ဉီးဉီး …”
အသက် ၂ နှစ် အရွယ်သာ ရှိသေးသော ကျိုးဇီချန် မှာ ဝဝတုတ်တုတ်နှင့် အလွန်ချစ်စရာကောင်းသော ကလေးလေးပင်။
“ဉီးဉီးကို သတိရရဲ့လား ချန်ချန်”
လက်ကို ဆန့်ထုတ်ကာ မျက်နှာပြင်ပေါ်တွင် ပေါ်နေသော တူလေးဖြစ်သူ၏ မျက်နှာဖောင်းဖောင်းလေးကို လှမ်းထိလျက် မျက်ရည်ကျလာကာ ချန်ချန်ကို အနာတရဖြစ်အောင် မည်သူကိုမှ လုပ်ခွင့်ပေးမည် မဟုတ်တော့ဟု စိတ်ပိုင်းဖြတ် ထားလိုက်သည်။
“ဟုတ် ဉီးဉီး … ဆေးကြီး ခါးခါး …”
ချန်ချန်က ဆေးသောက်ရသည်ကို မကျေနပ်ကြောင်း ယွင်ချဲ့ကို တိုင်ပြောလေသည်။ ထို့နောက် ခြေထောက်ကို မြှောက်ကာ ပါးစပ်ထဲ ထည့်ဝါးပြနေသဖြင့် ယွင်ချဲ့မှာ စိတ်မထိန်းနိုင်ဘဲ ရယ်မောမိလိုက်ပြီး ယွင်ယောင်က အလျင်အမြန် တားလိုက်လေသည်။
“မေမေ ”
ချန်ချန် စိတ်မလိုမကျဖြစ်ကာ မျက်နှာ ဆူပုတ်လျက် အော်ငိုလေတော့သည်။ ယွင်ယောင်မှာ ချန်ချန် ခေါင်းကို အသာပုတ်လျက် …
“ထပ်မဝါးနဲ့တော့ ဟုတ်ပြီလား”
“ဟုတ်”
ကလေးငယ်လေးက သနားစဖွယ် မျက်နှာထားဖြင့် ယွင်ချဲ့ကို ကြည့်လိုက်သဖြင့် ယွင်ချဲ့ ခေါင်းခါကာ ပြုံးပြလေသည်။
“ချန်ချန် နေမကောင်းဘူးလား”
“နှာစေးလို့ပါ ဘာမှဖြစ်ဘူးနော် သားဆေးများများ သောက်တယ်နော်”
စကားတတ်လွန်းသော သူမ သားလေးကြောင့် ယွင်ယောင် စိတ်ထဲ အလွန်ကြည်နူးမိလေသည်။ အကယ်၍ သူမယောက်ျားမှာ တစ်နှစ်ပတ်လုံး သူမတို့ နှင့်အတူ မရှိနိုင်လျှင်လည်း သားလေး ရှိနေသဖြင့် သူမအတွက် လုံလောက်သည်ဟု ခံစားရသည်။
“မမ .. မနက်ဖြန် ချန်ချန်ကို ခေါ်လာရမယ်နော် .. ချန်ချန် မေမေ့စကား နားထောင်နော် .. မနက်ဖြန် ဉီးဉီးကို လာတွေ့မယ်မလား”
ပျက်သုဉ်းကာလ ဖြစ်ပြီးနောက်တွင် ကိုယ်တွင်း စွမ်းအားများမှာ နှစ်မျိုးနှစ်စားနှင့် ဖြစ်ပေါ်လာတတ်ပြီး တစ်မျိုးမှာ မွေးရာပါစွမ်းအား နိုးထလာခြင်း ဖြစ်သည်။ သူသိခဲ့ရသလောက် ပျက်သုဉ်းကာလ မတိုင်ခင် ၂ ရက်အလိုတွင် ယောကျ်ား အများစု နေမကောင်း ဖြစ်ကြပြီး ပျက်သုဉ်းကာလ ဖြစ်ပြီးနောက်တွင် ထိုယောကျ်ားများမှာ စွမ်းအားများ ရရှိလာကြသည်။ နောက်တစ်မျိုးမှာ ဖုတ်ကောင်များ၏ တိုက်ခိုက်ခြင်း၊ ကိုက်ခြင်းခံရပါက စွမ်းအင်တစ်မျိုး ရရှိနိုင်ပြီး မရခဲ့လျှင် ၆ နာရီအတွင်း ဖုတ်ကောင် ဖြစ်သွားပေလိမ့်မည်။ သူ၏တူလေးမှာ စွမ်းအင်ရမည်လား၊ သာမန် အအေးမိခြင်းလား သူလည်း ခွဲခြားမရပေ။
“စောစောအိပ်တော့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဉီး .. ဟုတ်ပြီလား”
“ဉီးဉီး တာ့တာ ”
အစ်မနှင့်တူလေးတို့က နှုတ်ဆက် လိုက်ပြီးနောက် ယွင်ချဲ့လည်း video call ကိုပိတ်ချကာ ညီငယ်ဖြစ်သူ ယွင်ချန်ကို ဖုန်းဆက်လေသည်။
“ဘာလုပ်နေလဲ ချန်”
ဖုန်းမဖြေခင်မှာပင် အချိန်အတော်ကြာအောင် ဖုန်းသံမြည် နေခဲ့သည်။
ယွင်ချဲ့မှာ ဖုန်းကိုင်လျက် အိပ်ရာထက် လဲလျောင်းနေသည်။ အစ်မ၊ တူလေးတို့ နှင့်အတူ ဖုန်းပြောပြီးနောက် စိတ်လှုပ်ရှားခြင်း မရှိတော့သော်လည်း နှုတ်ခမ်းထက် ပါးပါးလေး တောက်ပသော အပြုံးက ဖြစ်တည်နေလျက် ရှိသည်။
“ဘာလုပ်ရမှာလဲ စာတမ်း ရှာဖွေနေတာပေါ့ .. ဘာလို့ဖုန်းဆက်တာလဲ”
ယွင်ချန်မှာ စာလေ့လာရာတွင် ယွင်ချဲ့ထက် ပို၍တော်သည်။ အထက်တန်း ကျောင်းတွင် ဆရာတစ်ယောက်က အတန်းကို ကျော်၍ရသည်ဟု အကြံပေးခဲ့သော်လည်း ယွင်ချဲ့ကြောင့် အတန်းမကျော် တက်ခဲ့ပေ။ ယွင်ချန်သည် ဆေးကျောင်းကို မြင့်မားသော အမှတ်များဖြင့် အောင်မြင် ဝင်ရောက်နိုင်ခဲ့ပြီး စာသင်နှစ်တစ်ဝက် ကုန်ပြီးနောက် အငယ်တန်းကို တစ်ဆင့်ဆင်းခဲ့သည်။ ပြီးခဲ့သော နှစ်မှစ၍ စီနီယာများ နှင့်အတူ လက်တွေ့လုပ်ခွင့်ရခဲ့ပြီး ပျက်သုဉ်းကာလသာ မရှိခဲ့လျှင် ယွင်ချန်မှာ အနာဂတ်တွင် ထူးချွန်သော ခွဲစိတ်ဆရာဝန် တစ်ယောက်ဖြစ်မှာ အသေအချာပင်။
“ရှောင်ချန် .. ငါဒီရက်ပိုင်း နေလို့သိပ်မကောင်ဘူး .. ခြေလက်တွေ ကိုက်ခဲပြီး ခေါင်းမူးနေတယ် .. မင်းမနက်ဖြန် ခွင့်ယူပြီး ငါ့ကို ၂ ရက်လောက် လာပြုစုပေးပါလား”
ညီငယ်ကို လိမ်လည်ရန် မလွယ်ကူသောကြောင့် ယွင်ချဲ့ ပါးစပ်ကို တစ်ချက် တစ်ချက်ပိတ်ကာ ချောင်းဆိုး ပြလေသည်။
“အသံနားထောင် ရသလောက်တော့ မင်းက ကောင်းကောင်းမွန်မွန်ပါပဲ”
သူ၏ညံ့ဖျင်းသော သရုပ်ဆောင်မှုကြောင့် ယွင်ချန် သူ့ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။ ယွင်ချဲ့လည်း ကြံရာမရဖြစ်ကာ ခေါင်းခါလိုက်ပြီး …
“တကယ်ပါ ရှောင်ချန် ရာ .. ငါနေလို့ တကယ် မကောင်းဘူး .. မင်းကို စိတ်မပူစေချင်လို့ ငါနဲ့ ၂ ရက်လောက် လာနေပါလားနော်၊ မင်းရဲ့အလုပ်လည်း အချိန်မရွေး လုပ်လို့ရတာပဲကို .. ပြီးတော့ မမနဲ့ ချန်ချန်လည်း မနက်ဖြန် လာမှာလေ မင်းရော သူတို့ကို မတွေ့ချင်ဘူးလား”
ယွင်ချဲ့ စကား အနေအထားကို ကြည့်၍ တစ်ချက်တစ်ချက် ဟန်ဆောင် ချောင်းဆိုးပြရသည်။
“မနက်ဖြန်တော့ မရဘူး သန်ဘက်ခါ လာခဲ့မယ် .. ရတယ်မလား”
“သန်ဘက်ခါဆို အရမ်းနောက်ကျ သွားလိမ့်မယ်”
ယွင်ချန် စကားမဆုံးခင်မှာပင် သူအလျင်အမြန် ဖြတ်ပြော မိလိုက်သည်။
သူစိတ်လိုက်မာန်ပါ ပြောမိသည်ကို သတိရသွားပြီး အလျင်အမြန်ပင် …
“မဟုတ်ဘူး ရှောင်ချန် .. ငါမင်းကို တကယ် လိုအပ်လို့ပါ … အစ်ကိုက တောင်းဆိုတယ်လို့တွေးပြီး မနက်ဖြန် လာခဲ့ပါနော်”
ယွင်ချဲ့ ဆက်၍ နေမကောင်းဖြစ်ဟန် မဆောင်နိုင်တော့ပေ။
“အစ်ကို အမှန်တိုင်းဖြေ .. လွန်ခဲ့တဲ့ ၁ဝ ရက် ညနေပိုင်းလောက်က တစ်ခုခု မတော်တဆ ဖြစ်ခဲ့တာလား”
ယွင်ချန်မှာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ရုတ်တရတ် မေးလေသည်။
လွန်ခဲ့သော ၁ဝ ရက် အကျော်ညက သူပြန်မွေးဖွား နိုးထလာသည့်အချိန် မဟုတ်လား။
ထိုသို့ကြားပြီးနောက် ယွင်ချဲ့ စိတ်လှုပ်ရှားကာ မဝံ့မရဲဖြစ်လာပြီး …
“မင်းဘယ်လို သိတာလဲ”
“ငါတို့က အမြွှာတွေဆိုတာ မေ့နေတာလား .. အဲဒီညက ညသန်းခေါင်ကြီး ချွေးစေးရွှဲပြီး လန့်နိုးလာတာ .. အစ်ကို မင်းဘာဖြစ်လို့လဲ”
ထိုအခိုက်တွင် ယွင်ချန် တခြားအရာကို မတွေးနိုင်ပေ။ အကယ်၍ ယွင်ချဲ့သာ ရုတ်တရက် လာဖို့မခေါ်ခဲ့လျှင် ထိုအကြောင်းကို သူမေ့ပျောက်ပျောက် ဖြစ်လုနီးပါးပင်။
“ဘာမှမဖြစ်ပါဘူး ငါအိပ်မက်ဆိုး မက်ပြီး လန့်နိုးခဲ့တာ .. ရှောင်ချန် မင်းမနက်ဖြန် လာခဲ့ရင် ဘာအိပ်မက် မက်ခဲ့လဲဆိုတာ ငါပြောပြမယ် ဟုတ်ပြီလား”
သူ၏ညီငယ်မှာ အလွန် ထက်မြက်သော သူပင်။ အကယ်၍ သူမပြောခဲ့လျှင် သူစုဆောင်းထားခဲ့သော ပစ္စည်းများစွာကို မြင်သည့်အခါ သူ့ကို နားလည်ပေးလိမ့်မည် မဟုတ်သည့်အပြင် သူ့ညီငယ် မသိအောင် လျှို့ဝှက်ချက်များ ရှိနေ၍ မဖြစ်ကြောင်း ယွင်ချဲ့ သဘောပေါက်သည်။
“ငါ့ကိုမလိမ်နဲ့ မင်းတစ်ခုခု ကြုံခဲ့ရလို့ဖြစ်မယ် .. ထားလိုက်တော့ .. မနက်ဖြန် အမြန်ရထားနဲ့ လာခဲ့မယ် မနက်ဖြန် နေ့လယ်လောက် အနောက်ကျဆုံး ရောက်မယ်ထင်တယ် … ငါ့ကို အမှန်တိုင်းမပြောရင် မင်းငါ့အစ်ကို မဟုတ်တော့ဘူး”
ယွင်ချန် ဖုန်းကို အမြန်ချ လိုက်သော်လည်း စိုးရိမ်စိတ်တို့ ပြည့်နေသည်။
ခဏကြာပြီး နောက်မှ ယွင်ချဲ့လည်း ဖုန်းချလိုက်သည်။ သူ၏ညီငယ်သည် အမှန်ကို မခန့်မှန်းနိုင်သော်လည်း အမှန်နှင့် အလွန်နီးစပ်သည်။ သူကိုယ်တိုင် မကြုံတွေ့ခဲ့ရလျှင် သူဘာကြောင့် ဒီလိုဖြစ်နေရမှာလဲ။
နောက်တစ်ဆင့်မှာ သူတို့ရောက်လာမည့် အချိန်ကို စောင့်နေရန်နှင့် လူစုံသည့်အခါ သူတို့ကို အနောက်တောင်ဘက် တစ်နေရာရှိ ဌာနချုပ်တစ်ခုသို့ ခေါ်သွားရန် ဖြစ်သည်။ အနောက်တောင် ဌာနချုပ်မှာ အတိတ်ကာလတွင် အကြီးမားဆုံးနှင့် အငြိမ်သက်ဆုံး နေရာဖြစ်ခဲ့သည်။ အကြောင်းရင်းမှာ စစ်သားအများစုနှင့် အတိတ်တွင် စွမ်းအား မရရှိခဲ့သဖြင့် အားအနည်းဆုံး ဗိုလ်မှူး၏ နာမည်ရခဲ့သော ရှင်းဖုန်းတို့ နေထိုင်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် ရှင်းဖုန်းတွင် ထူးချွန်သော ငယ်သားများနှင့် စွမ်းအားပြည့် လူအများအပြားက သူ့လက်အောက်တွင် ခိုလှုံတာဝန်ယူ ပေးကြပေသည်။
ယွင်ချဲ့ သူ၏အဖွဲ့နှင့် တာဝန်လုပ်ဆောင်စဉ် ရှင်းဖုန်းတို့ ရင်းနှီးခဲ့သည်။ တိုက်ပွဲတွင် သူနှင့်အဖွဲ့တို့ တိုက်ခိုက်ခြင်း မရှိသော်လည်း အားနည်းကြသည် မဟုတ်ပေ။ အနောက်တောင် ဌာနချုပ်နှင့် တပ်သား အများစုရှိနေခြင်းက လုံခြုံစိတ်ချရသည်ဟု သူယုံကြည်သည်။ သူ၏အစ်မနှင့် တူလေးမှာ ငြိမ်သက် စိတ်ချရသည့် နေရာလိုအပ်သည်။ တိုက်ခိုက်ရန် အတွက် သူနှင့် ရှောင်ချန်သာ တာဝန်ယူကြမည် ဖြစ်သည်။
***