EYYJ အပိုင်း ၄၀

အပိုင်း (၄၀) ကွာရှင်းမယ်

“ကျွန်မ ရှင်နဲ့ ကွာရှင်းချင်တယ်”

ထူးခြားသည့်အလင်းတစ်ခုက အမျိုးသမီးစု၏မျက်လုံးထဲတွင် လင်းသွားလေသည်။

“ ကျွန်မ ရှင်တို့ ယွဲ့မိသားစုကို လက်ထပ်ပြီးဝင်လာကတည်းက အရင်ဆုံး ရှင့်အမေရိုက်တာ ခံခဲ့ရတယ်၊ ကလေးတစ်ယောက် မွေးပြီးတော့ ကျွန်မက ရှင်ရိုက်တာ ခံခဲ့ရတယ်၊ ကျွန်မ ဒီလိုဘဝမှာ ထပ်မနေချင်တော့ဘူး”

“ နင့်လို့ အောက်တန်းစားတစ်ယောက်ကို ငါ့ယွဲ့မိသားစုကနေ ဝယ်ခဲ့တာလေ၊ နှစ်တွေအကြာကြီး နင်က ယွဲ့မိသားစုရဲ့ရေသောက်၊ ထမင်းစား နေလာပြီးမှ ကွာရှင်းချင်သေးတယ်ဟုတ်လား၊ အိပ်မက်မက်နေလိုက်”

ဘယ်သူမှ ဘာမှမပြာနိုင်ခင်မှာပင် အဘွားချန်သည် ဒရောသောပါးပြေးဝင်လာပြီး အမျိုးသမီးစုကို ပါးရိုက်ရန် လက်ဆန့်လိုက်တော့သည်။

ဘေးတွင် ယိုကျူးသည် ပြင်ဆင်လာခဲ့ပြီးဖြစ်၏။ သူမသည် အကောင်းဆုံးကြိုးစားကာ အဘွားချန်ကို ဖက်တွယ်ထားလိုက်တော့သည်။ သူမ၏ရှိသမျှအားဖြင့် သူမ၏လက်ကို ကြံမိကြံရာ လွဲချလိုက်တော့သည်။

“ သမီးအမေကို အနိုင်ကျင့်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ၊ အမေ့ကို အနိုင်ကျင့်ဖို့ ဘယ်သူခွင့်ပြုထားလို့လဲ”

ယိုကျူးသည် ပိန်ပါး ချိနဲ့သော်လည်း သူမ၏ခွန်အားက အနိုင်ရသွားတော့သည်။ ထိုတွယ်ဖက်ကာ တွန်းလိုက်ခြင်းကြောင့် အဘွားချန်၏ နံရိုးနာသွားတော့သည်။ အခိုက်တန့်အတွင်း သူမသည် ဖိနှိပ်ခံလိုက်ရတော့သည်။

“ အမလေး နင် လူသ-တ်ဖို့ကြိုးစားနေတာပဲဟဲ့၊ ချွေးမကြီး နင် အခုထိ လာမကူညီသေးဘူးလားဟဲ့”

ပျာယာခတ်သွားသည့် အမျိုးသမီးချန်သည် နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး မျက်လုံးနီနှင့် ယိုကျူးကို လှမ်းဆွဲရန် ရှေ့သို့ မြန်မြန် လှမ်းလိုက်လေသည်။ သူမသည် မတော်တဆ လက်တွင် ခြစ်မိသွားတော့သည်။

“ ဒီကလေး နင် ရူးသွားပြီပဲ”

ယိုကျင့်သည် ရှောင်ရှီကို ယိုရင်ထဲ လှမ်းပေးလိုက်ပြီးနောက် ယိုကျူးကို အမျိုးသမီးချန်၏ လက်သည်းများမှ ကယ်လိုက်လေသည်။ ရုတ်တရက်တွေဝေမှုက ယာယီလျှော့ကျသွားတော့သည်။

အမျိုးသမီးစုသည် ဝမ်းနည်းစွာ ပြုံးလိုက်ပြီး ကလေးကို လက်ထဲတွင် ချီလျက် ယွဲ့ရှန်ချွန်း ရှေ့တွင် ဒူးထောက်လိုက်ကာ

“ မျိုးနွယ်စုအကြီးအကဲ ကျွန်မ ယွဲ့မိသားစုနဲ့ လက်ထပ်ပြီးတာ ဆယ့်ငါးနှစ်ရှိပါပြီ၊ ကျွန်မရဲ့ ယောက္ခမတွေကို ရိုသေပြီး ကျွန်မ လင်ယောက်ျားကိုလည်း ပြုစုလုပ်ကျွေးပါတယ်၊ ပြီးတော့ ယွဲ့မိသားစုအတွက်လည်း ကလေးတွေ မွေးဖွားပေးပါတယ်၊ အကျိုးမရဘူးဆိုရင်တောင် အားထုတ်မှုတော့ ရှိခဲ့ပါတယ်၊ ကျွန်မ တစ်ယောက်ထဲ ခံစားရရင် ကံလို့ပဲ သတ်မှတ်လိုက်မှာပါ၊ ဒါပေမဲ့ ကျွန်မကလေးတွေက ကျွန်မခန္ဓာကိုယ်ထဲက ဖြစ်လာတဲ့ သွေးသားတွေပါ၊ သူတို့တွေ ကျွန်မကလေးတွေကို သတ်မှာကို ဘယ်လိုများ ရပ်ကြည့်နိုင်မှာလဲ၊ ကျွန်မကလေးတွေကို ခေါ်ပြီး ယွဲ့အိမ်ကနေ ထွက်သွားခွင့်ပြုပါရှင်”

ယွဲ့ရှန်ချွန်သည် သက်ပြင်းချလိုက်လေသည်။ သူသည် ယွဲ့မိသားစု၏ကိစ္စကို အနည်းအကျဥ်း ကြားသိထားသော်လည်း ဒီလောက်အထိ ဖြစ်နေမှန်းတော့ မသိခဲ့ချေ။ သူသည် ကွာရှင်းခြင်း မလုပ်ဖို့ နားချလိုက်လေသည်။

“ အမျိုးသမီးစု ကျုပ်ဒီမှာ ရှိနေရင် မင်းရဲ့ကလေးတွေ သူတို့ရဲ့အသက်ကို စွန့်လွတ်ရမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်း ကွာရှင်းမယ်ဆိုရင် ကလေးတွေအများကြီးနဲ့ မိန်းမတစ်ယောက်ထဲက ဘယ်လို အသက်ရှင်ကြမှာလဲ”

“ အဘိုးမျိုးနွယ်စုအကြီးအကဲက သမီးတို့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ်၊ သမီးတို့ ယွဲ့မိသားစုက ထွက်သွားနိုင်ရင် သမီးတို့ ငတ်ပြီးသေခဲ့ရင်တောင် တခြားသူတွေကို အပြစ်မပြောပါဘူး”

ယိုကျင့်သည်လည်း အမျိုးသမီးစု၏ဘေးတွင် ဒူးထောက်လိုက်လေသည်။ ကျန်ညီမငယ်လေးများက သူမ ဤသို့လုပ်လိုက်သည်ကို မြင်လိုက်သောအခါ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြတော့သည်။

“ သမီးတို့က အဘိုးမျိုးနွယ်စုအကြီးအကဲ သမီးတို့ရဲ့ဆန္ဒကို ဖြည့်ပေးဖို့ တောင်းပန်ပါတယ်”

“ မင်းတို့တွေ”

ယွဲ့ရှန်ချွန်းသည် ဒုတိယမိသားစုက သည်ကလေးများတွင် ဤသို့သောအတွေးများ ရှိလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူသည် အမျိုးသမီးစုက သူတို့ကို လှည့်စားထားသည်ဟု ထင်လိုက်လေသည်။ အမှန်တွင်တော့ အခြေအနေက ပြောင်းပြန်ပင်။

“မင်းတို့အားလုံးက ငယ်ကြသေးတယ်၊ ယွဲ့မိသားစုကနေ ထွက်သွားရင် အစာဝဝလင်လင် စားရဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်”

ယွဲ့မိသားစု၏ ကျန်လူများသည် ဒုတိယမိသားစုက ဆန်ကုန်မြေလေးများက အမျိုးသမီးစုနှင့် ယွဲ့မိသားစုမှ ထွက်သွားချင်နေလိမ့်မည်ဟု လုံးဝမစဥ်းစားမိကြချေ။ အဘွားချန်က ပထမဆုံး ငြင်းပယ်လိုက်လေသည်။ ရောင်းလိုက်ရင်တောင် သူတို့တွေ အနည်းဆုံးတော့ ငွေလျန်းနည်းနည်းပါးပါး ရအုံးမယ်။ သူမက ဘယ်လိုလုပ်ပြီး သူတို့ကို အလကား ပေးသွားနိုင်မှာလဲ။ အမျိုးသမီးချန်က ထူပေးထားပြီး သူမသည် ခုတင်တစ်ဖက်စွန်းတွင် ပြန်ထိုင်ကာ ကြမ်းကြမ်းတမ်းတမ်း ကြေညာတော့သည်။

“ ငါ့ယွဲ့မိသားစုရဲ့ဆန်ကို နှစ်ပေါင်းများစွာ စားလာပြီးမှ ထွက်သွားချင်တယ်ဟုတ်လား၊ ဖွီး ဒီလောကမှာ ဒီလိုအံ့ဩစရာကောင်းတဲ့ကိစ္စမျိုး ရှိသေးတယ်တဲ့”

အဘွားချန်သည် ထိုစကားကို ပြောလိုက်သောအခါ ကျန်သည့် ယွဲ့မိသားစုဝင်များက အသံမလှုပ်ရဲကြတော့ချေ။ သူတို့သည် မူလက ကလေးနှစ်ယောက်ကို တိတ်တိတ်လေး နှစ်သတ်ဖို့ စီစဥ်ထားပြီး သူတို့တွေ အသက်မကယ်နိုင်တော့ပါဟု အပြင်လူများကို ရှင်းပြရင် စဥ်းစားထားခဲ့လေသည်။ ထိုသို့ဆိုလျှင် ယွဲ့မိသားစု၏နာမည်ကိုလည်း ထိခိုက်မည် မဟုတ်တော့ချေ။ သို့သော် သူတို့သည် ကွာရှင်းမည့် အခြေအနေဖြစ်သွားရာ သတင်းပျံ့သွားလျှင် ယွဲ့မိသားစု မည်သို့ လေးစားခံရပါတော့မည်နည်း။ ယွဲ့မိသားစုက တစ်ယောက်စီသည် အတွေးကိုယ်စီဖြင့် အဘွားချန်ဘက်တွင် ရပ်ရန် ရွေးချယ်ခဲ့ကြတော့သည်။

တိတ်တိတ်လေး ထွက်သွားသည့် ယိုပေါင်သည် မီးဖိုသုံးဓားတစ်ချောင်းနှင့် ပြန်ရောက်လာပြီး ယွဲ့ရှန်ချွန်းရှေ့တွင် ဒူးထောက်လိုက်ပြီး

“ အဘိုးမျိုးနွယ်စုအကြီးအကဲ သမီးတို့ ဒီနေ့ ယွဲ့အိမ်က ထွက်မသွားနိုင်ဘူးဆိုရင် သမီး ဒီမီးဖိုချောင်ဓားကို သုံးပြီး မနက်ဖြန်ကျရင် အားလုံးကို ခုတ်ထစ်ပစ်မယ်၊ ပြီးရင် ကိုယ်တိုင်လည်း သတ်သေပစ်မယ်၊ သမီးရဲ့နိမ့်ကျတဲ့အသက်က တန်ဖိုးမရှိပါဘူး၊ အဘိုးက လက်ခံနိုင်တယ်ဆိုရင်တော့ အဘိုးသဘောပါပဲ”

လေသံသည် သူမ၏ အမှန်တကယ် လုပ်တော့မည့်ဟန်ကို ဖော်ပြနေလေသည်။ ထို့အပြင် သူမ၏မျက်လုံးများက ယွဲ့မိသားစုကို ဖောက်ထွင်းတော့မည့်နှယ် ကြည့်နေတော့သည်။

အမြဲလိုလို ပျော့ပြောင်းကာ အားနည်းနေသည့် ယိုပေါင်က မီးဖိုချောင်ဓားတစ်လက်နှင့် လူများကို ခြိမ်းခြောက်ရဲလိမ့်မည်ဟု မည်သူမှ ထင်မထားကြချေ။ သူမသည် အသက် ၇နှစ်အရွယ်ကလေး ဖြစ်သော်လည်း မီးဖိုချောင်ဓားကို ကိုင်ထားသည့်အသွင်က ထူးထူးခြားခြား ခြိမ်းခြောက်နေတော့သည်။ ယွဲ့ချန်ဖူနှင့် ယွဲ့ချန်လုပင် မနေနိုင်တော့ဘဲ စိတ်ထဲတွင် ကျောချမ်းသွားတော့သည်။ သူသည် အလိုလို နောက်သို့ တစ်လှမ်းဆုတ်သွားကြ၏။

“မင်းတို့တွေ ယွဲ့မိသားစုကနေ ထွက်သွားဖို့ ဆုံးဖြတ်ပြီးကြပြီပေါ့”

ယွဲ့ရှန်ချွန်းသည် မယုံနိုင်အောင် ဖြစ်နေတော့သည်။ ယွဲ့မိသားစုထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒုတိယမိသားစုက မိန်းကလေးတွေက သူတို့ရဲ့အသက်ကိုတောင် စွန့်ပြီး ယွဲ့မိသားစုဆီကနေ ဘာလို့ ထွက်သွားချင်နေကြတာလဲ။

ယိုကျင့်သည် ယွဲ့ရှန်ချွန်းကို ဦးချလိုက်ပြီး

“ သမီးတို့ ယွဲ့အိမ်ကနေ ထွက်သွားချင်ရုံပါ၊ နောက်ပိုင်း သမီးတို့ရဲ့ သေခြင်း ရှင်ခြင်းက ဘယ်သူ့ပြဿနာမှ မဟုတ်တော့ပါဘူး”

ထို့နောက် သူမသည် ယွဲ့တာ့ဖူဘက်သို့လှည့်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး

“ ရှင်တို့တွေ ကျွန်မတို့ကို ဆက်ခေါ်ထားရင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်ကြ၊ ကျွန်မတို့ တစ်နေ့ကျရင် ရူးသွားနိုင်တယ်၊ ဒီနေ့ ယိုပေါင်က မီးဖိုချောင်ဓား ကိုင်ထားတယ်၊ ရှင် အိပ်ပျော်နေတဲ့အချိန်မှာ ကျွန်မက ငါးသေတစ်ကောင်လို သတ်ပြီး ပိုက်ကွန်ပျက်သွားတဲ့ အခြေအနေကို လုပ်မိနိုင်တယ်”

ယိုပေါင်၏လက်ထဲက အရောင်တောက်နေသည့် မီးဖိုချောင်ဓားက အလွန် ခြိမ်းခြောက်နိုင်ဟန်သည်လား၊ ယိုကျင့်မျက်နှာပေါ်က ကြောက်စရာကောင်းသည့် မျက်နှာထားကြောင့်လား မသိပေ။ ယွဲ့မိသားစုမှ လူကြီးများအားလုံးသည် အလွန်ကြောက်လန့်သွားကြရာ နှလုံးခုန်နှုန်းပင် မြန်သွားကြတော့သည်။ သူတို့သည် စိတ်ထဲမှာ အလိုလို ခံစားမိနေလေသည်။ ယိုကျင့်က သူမသည် ပြောသည့်အတိုင်း လုပ်တော့မည်ဟု ခံစားနေမိကြလေသည်။

တော်တော် ဝမ်းနည်းစရာကောင်းတာပဲ။ မိသားစုကောင်းတစ်ခုက ဆွေးနွေးတိုင်ပင်ရမဲ့အစား ပြိုကွဲသွားပြီ။ ယွဲ့ရှန်ချွန်းသည် ခေါင်းခါလိုက်ပြီး

“ ကိုင်း ဒါကတော့ မင်းတို့ရဲ့ အတွင်းရေးကိစ္စဆိုတော့ ကျုပ် ကြားဝင်ရင် မသင့်တော်လှဘူး၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ဘယ်သူ့အသက်ကိုမှ အန္တရာယ်မပြုကြနဲ့”

သည်ကိစ္စတွင် သူသည် မည်သည့်ဘက်တွင် ရပ်သည်ဖြစ်စေ မသင့်တော်ချေ။ ထို့ကြောင့် သူသည် သည်အတိုင်း ဝင်မပါဘဲ နေလိုက်တော့သည်။ နောက်ဆုံး သူသည်လည်း ဒုတိယမိသားစု၏ ကလေးများကို စိတ်ရင်းဖြင့် ပိုသနားမိလေသည်။

ယိုကျင့်သည် ယွဲ့ရှန်ချွန်းကို ကျေးဇူးတင်စိတ်ဖြင့် ဖြည်းညင်းစွာ ကြည့်လိုက်ပြီး

“အဘိုး မျိုးနွယ်စုအကြီးအကဲ ကျေးဇူးပြုပြီး သမီးတို့အတွက် မျက်မြင်သက်သေလုပ်ပေးပါ၊ သမီးတို့ ယွဲ့မိသားစုကနေ ထွက်သွားရပါလိမ့်မယ်”

အမျိုးသမီးစုနှင့် တခြားသူများက နှုတ်ဆိတ်နေကြ၏။ သို့သော် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ဖက်သည့် အသွင်က သူတို့သည် ယိုကျင့်နှင့် သဘောထားတစ်ခုတည်း ဖြစ်ကြောင်း ပြသနေလေသည်။

“အခုတော့ မှောင်နေပြီ၊ ပြီးတော့ ညလေကလည်း ပြင်းတယ်၊ မင်းတို့တွေ ယွဲ့မိသားစုကနေ ထွက်သွားပြီးရင် ဘယ်ကိုသွားနိုင်မှာလဲ၊ မနက်ဖြန်မှ ဆက်ပြောကြပါလား”

နောက်ဆုံးတွင် ယွဲ့ရှန်ချွန်းသည် မိဘမဲ့ကလေးတစ်စုနှင့် မုဆိုးမက ယွဲ့မိသားစုမရှိဘဲ အသက်ရှင်နိုင်မည် မဟုတ်ဟု ခံစားမိသဖြင့် ကိစ္စကို အချိန်ဆွဲထားချင်လေသည်။ ကလေးများကို တစ်ခုလောက် စိတ်တည်ငြိမ်အောင် ထားလိုက်ပြီး သူတို့၏စိတ်များကိုလည်း ရှင်းသွားအောင် ထားလိုက်ချင်သည်။ သည်အခိုက်အတန့်အတွင်း စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်က သူတို့၏ ကျန်သည့်ဘဝကို ထိခိုက်စေနိုင်လေသည်။

ယိုကျင့်သည် အပြင်ဘက်က မှောင်မည်းနေသည့်ကောင်းကင်ကို လှည့်ကြည့်လိုက်၏။ သူမတစ်ယောက်ထဲဆိုလျှင် ဂရုမစိုက်ပေ။ သို့သော် အမျိုးသမီးစုနှင့် မွေးကာစကလေးများ အအေးမိလျှင် ဒုက္ခရောက်လိမ်မည်။ ထို့ကြောင့် သူမသည် မျိုးနွယ်စုအကြီး၏စကားကို ခေါင်းညိတ် သဘောတူလိုက်၏။

“ မနက်ဖြန်မနက်ကျရင် သမီး အဘိုးကို ထပ်ပြီး ဒုက္ခပေးရပါအုံးမယ်”

တစ်နည်းနည်းဖြင့် စိုးရိမ်နေသည့် ယွဲ့ရှန်ချွန်းကို ပြန်ပို့ပေးလိုက်ပြီးနောက် ယွဲ့မိသားစုက လူအားလုံးသည် မကျေနပ်မှုများကို ထုတ်ပြတော့သည်။ အဘွားချန်သည် ခုတင်ပေါ်လှဲချကာ ငိုကြွေးနေပြီး ယွဲ့တာ့ဖူသည် ခုတင်စွန်းတွင် ထိုင်ကာ ဆေးလိပ်ကြီးကို ဖွာနေလေသည်။ ယွဲ့ချန်လုသည် ဆန်ကုန်မြေလေးများကို ပညာပြချင်သော်လည်း ယိုပေါင်နှင့် သူမလက်ထဲက မီးဖိုချောင်ဓားကို မြင်သွားပြီး ဣန္ဒြေရရ ခေါင်းငုံ့နေလိုက်လေသည်။

ယိုကျင့်သည် ယိုရင်ကို အမျိုးသမီးစုနှင့် ကလေးများအား ခေါ်သွားရန် အချက်ပြလိုက်ပြီး ယိုကျူးနှင့် ယိုပေါင်ကို ပင်မခန်းထဲတွင် သူမနှင့် ခေါ်ထားလိုက်လေသည်။ သူမသည် ယွဲ့တာ့ဖူကို တည့်တည့်ကြည့်လိုက်ပြီး

“ အဘိုး မြို့မှာ စာသင်နေတဲ့ အဘိုးရဲ့ ဝင်ခွင့်စာမေးပွဲဖြေတော့မဲ့ အဖိုးတန်မြေးတွေကို ဘာမှမဖြစ်စေချင်ဘူးဆိုရင် သမီးတို့ကို ယွဲ့အိမ်ကနေ ထွက်သွားခွင့် ပြုလိုက်ပါ၊ နောက်ဆုံး ငွေလျန်း ၁၀၀က မိုးပေါ်ကနေ ကျလာတာမဟုတ်ဘူးလေ၊ သဘောတူမယ်မလား”

“ နင် ဘာပေါက်ကရတွေ ပြောနေတာလဲ”

ယွဲ့တာ့ဖူ၏မျက်လုံးထဲတွင် ပျာယာခတ်သွားသည့် အရိပ်တစ်ခု ဖြတ်ပြေးသွားတော့သည်။ သူမ ငွေလျန်း ၁၀၀ အကြောင်း ဘယ်လိုသိသွားတာလဲ။ သူ၏ မသင်္ကာသည့်အကြည့်က ယွဲ့ချန်လုထံ ကျရောက်သွားလေသည်။

“ လောင်အာ့ မင်းလား”

ယွဲ့ချန်လုလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ သူသည် ထိုအကြောင်းကို ဆန်ကုန်မြေလေးများအား မပြောပြခဲ့ဖူးချေ။ ယွဲ့တာ့ဖူ၏ မသင်္ကာသည့်အကြည့်အောက်တွင် သူသည် မြန်မြန်ခေါင်းခါကာ ငြင်းလိုက်လေသည်။

“ အဖေ ကျွန်တော်မပြောခဲ့ပါဘူး”

ယိုကျင့်သည် လှောင်နေသည့်အပြုံးတစ်ခု ထုတ်ပြလိုက်၏။ စတောင်မစရသေဘူး ခွေးခွေးချင်း စကိုက်နေကြပြီလား။ သူမက ပြောလိုက်လေသည်။

“ လူတွေကို မသိစေချင်ဘူးဆိုရင် မလုပ်နဲ့ပေါ့၊ သမီးတို့ ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ နောက်တစ်ခုထပ်လုပ်လည်း ဘာမှမထူးတော့ဘူး၊ ဒီမှာသေရမယ်ဆိုရင် သမီးနဲ့အတူတူ အဘိုးကိုပါ ခေါ်သွားရလိမ့်မယ်၊ ငွေလျန်း၁၀၀ကလည်း အကျိုးမဲ့ဖြစ်သွားမယ်၊ ပြီးတော့ အဘိုးရဲ့ အဖိုးတန်မြေးနှစ်ယောက်ရဲ့ အနာဂတ်လည်း ပြီးသွားပြီ၊ ဒါမှမဟုတ် သမီးတို့ကို သွားခွင့်ပေးလိုက်ပေါ့၊ အဘိုး ရွေးပါ”

“ ဒါဆိုရင် နင်တို့တွေ ယွဲ့မိသားစုကနေ ထွက်သွားပြီးတော့ ဒီကိစ္စကို ထုတ်မပြောပါဘူးလို့ ငါက ဘယ်လိုသိမှာလဲ”

ယွဲ့တာ့ဖူ၏ မျက်လုံးများသည် မှေးမှိန်နေလေသည်။ သူ၏ချောမွေ့နေသည့် ဘဝလေးသည် ဆန်ကုန်မြေလေးတစ်ယောက်ကြောင့် အခက်တွေ့ရလိမ့်မည်ဟု တစ်ခါမှ မစဥ်းစားခဲ့ဖူးချေ။ သူ့စိတ်က ဗေဒင်ဟောပေးခဲ့သည့်ဘုန်းကြီး၏ စကားကို ပြန်သတိရသွားတော့သည်။ အခုတော့ အားလုံးက အမှန်ဖြစ်လာနေသယောင်။

ယိုကျင့်သည် ပြုံးကာ ခေါင်းခါလိုက်ပြီး

“ အဘိုးမှာ ရွေးစရာမရှိပါဘူး၊ အဘိုး သမီးတို့ကို သွားခွင့်မပေးရင် ဒီအကြောင်းကို မနက်ဖြန် တစ်ရွာလုံး သိအောင် လုပ်ပစ်မယ်၊ သန်ဘက်ခါကျရင် အဘိုးဟာ စာမေးပွဲစစ်ဆေးသူတွေကို ငွေနဲ့ လာဘ်ထိုးခဲ့တဲ့အကြောင်း ဒီအနီးတဝိုက်က လူအားလုံး သိသွားလိမ့်မယ်၊ အဘိုးသမီးကို မယုံရင် စမ်းကြည့်လို့ရပါတယ်”

အခုတော့ သူမ၏လက်ထဲတွင် ဝှက်ဖဲရှိနေရာ ယွဲ့တာ့ဖူသည် သူလိုချင်သလို သူမနှင့် မဆွေးနွေးနိုင်တော့ချေ။

“ နင့်လို ဆန်ကုန်မြေလေးက နှစ်ပေါင်းများစွာ ငါ့ယွဲ့မိသားစုရဲ့ ရေကိုသောက် ထမင်းစားပြီးမှ ထွက်သွားချင်လို့ရမလား၊ ဒီလောက်ကောင်းတဲ့ကိစ္စမျိုး ဘယ်မှာရှိလို့လဲ”

ယခုတွင် မျိုးနွယ်စုအကြီးအကဲ ပြန်သွားပြီဖြစ်ရာ ခုတင်ပေါ်တွင် လဲလျောင်းနေသည့် အဘွားချန်၏ မိသားစုခေါင်းဆောင်စိတ်ဓာတ်သည် ပြန်ထွက်လာလေသည်။ သူမသည် သူမ၏တစ်ဘဝလုံး သူမ၏စိတ်တိုင်းကျ နေခဲ့ရလေသည်။ ငယ်စဥ်ကတည်းက သူမ၏လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည် သည်ဆန်ကုန်မြေလေးများက သည်လိုဆက်ဆံလာလိမ့်မည်ဟု စိတ်ကူးထဲပင် မထည့်ခဲ့ချေ။

“အဘွား သေချာစဥ်းစားနော်၊ သမီးတို့က ညီအစ်မ ၈ယောက်တောင် ရှိတာ၊ မျိုးနွယ်စုအကြီးအကဲ အသက်ရှင်နေသ၍ သမီးထဲက ဘယ်နှစ်ယောက်ကို အဘွားက ရောင်းနိုင်မှာလဲ၊ ပြန်စဥ်းစားကြည့်ရင် အဘွားရဲ့ အဖိုးတန်မြေးလေးတွေက တော်ဝင်စာမေးပွဲမှာ ရာထူးတစ်ခု ရခဲ့ရင် သမီးတို့ကလည်း ယွဲ့မိသားစုရဲ့ သခင်မလေးတွေ ဖြစ်သွားမှာ၊ အဲဒီအချိန်ကျရင် လက်ဖွဲ့ပစ္စည်းအတွက် ငွေ ပိုလိုလာမယ်မလား”

ယိုကျင့်သည် အဘွားချန်၏အားနည်းချက်ကို အလိုလိုသိထားပြီးဖြစ်သည်။ သူတို့ကို ဆယ်နှစ်ကျော် နှိပ်စက်လာပြီးနောက်မှတော့ သူမသည် လုံးဝသဘောမကျတဲ့ ဆန်ကုန်မြေလေးများအတွက် လက်ဖွဲ့ငွေ အများအပြားကိုပေးရန် အဘယ်မှာ ဆန္ဒရှိပါမည်နည်း။

သေချာသွားတော့သည်။ သူမသည် ထိုစကားများကို ပြောလိုက်ပြီးသည်နှင့်ချက်ချင်း အဘွားချန်သည် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။ သူမတွင် ဆန္ဒမရှိသည်မှာ ပြောရန်ပင်မလိုချေ။

သို့တိုင် ယိုကျင့်သည် ထိုမျှနှင့် မကျေနပ်သေးချေ။

“ ပြီးတော့ ယွဲ့ချန်လု ရှင်ကော လွှတ်မယ် ထင်နေတာလား၊ ကိုယ့်ဟာကိုယ်လည်း ပြန်ကြည့်လိုက်အုံး၊ တခြားလူကို အတုခိုးပြီး မယားပြိုင်တစ်ယောက်ကို လက်ထပ်ဖို့ ရှင့်မှာ ဘာအရည်အချင်းရှိလို့လဲ၊ ဥပဒေအရဆိုရင် တရားဝင်ဇနီးက ရှင့်ကို မယားပြိုင်ယူတဲ့အတွက် တိုင်တန်းခဲ့ရင် ရှင်နဲ့ ရှင့်ဝမ်ညန် ထောင်ထဲရောက်သွားနိုင်တယ်၊ ဘာလဲ၊ ရှင် မသိဘူးလား”

ယိုကျင့်၏စကားများသည် ယွဲ့မိသားစုကို မိုးကြိုးပစ်လိုက်သလိုပင်။ မယားပြိုင်တစ်ယောက်ယူတာက ထောင်ကျနိုင်သတဲ့လား။ ယွဲ့ချန်လု၏မျက်နှာသည် ချက်ချင်းလိုပင် ရှုံ့မဲ့သွားတော့သည်။ သူသည် ထိုအကြောင်းကို မသိခဲ့ချေ။ သို့သော် လူများက မယားပြိုင်တစ်ယောက် ယူသည့်အကြောင်း ပြောနေသည်ကိုတော့ ကြားခဲ့ဖူးသည်။ သူက ဘယ်လိုလုပ်ပြီး နှိုက်နှိုက်ချွတ်ချွတ် သိနိုင်မှာတဲ့လဲ။ ယိုကျင့်သည် ယွဲ့မိသားစု၏တုံ့ပြန်မှုကြောင့် ကျေနပ်သွားတော့သည်။

“ တကယ်လို့ ဒုတိယဦးလေးက ထောင်ကျသွားရင် ယွဲ့ဝမ်ထောင်ကရော စာမေးပွဲ ဖြေလို့ရပါအုံးတော့မလား”

ယွဲ့ဝမ်ထောင်နှင့် ယွဲ့ဝမ်လီတို့သည် ယွဲ့မိသားစု၏ မျှော်လင့်ချက်ဝှက်ဖဲတစ်ခုဟု ဆိုနိုင်လေသည်။ သို့သော် ယခုတော့ သည်ဝှက်ဖဲကို ယိုကျင့်က ကိုင်ထားသည်။ သူတို့သည် သည်ကိစ္စကိုမည်သို့ အဆင်ပြေအောင် လုပ်နိုင်ပါမည်နည်း။ သူတို့သည် ဒုတိယမိသားစုက လူအားလုံးကို သတ်နိုင်သည်လည်း မဟုတ်ပါလား။

ယွဲ့တာ့ဖူသည်လည်း ကူကယ်ရာမဲ့သည့်အခြေအနေသို့ ရောက်သွားတော့သည်။ အိမ်ဦးနတ်က ဆုံးဖြတ်ချက် မချနိုင်လျှင် တခြားလူများက မည်သို့ လုပ်ရပါမည်နည်း။ သူတို့အယောက်တိုင်းမှာ ကြောင်ကြောင်တောင်တောင်နှင့် ကြည့်နေရန်သာ တတ်နိုင်တော့သည်။ ခဏကြာပြီးနောက် ယွဲ့တာ့ဖူက မျက်နှာသေဖြင့် ပြောလိုက်၏။

“ ငါ နင်တို့ကို အမျိုးသမီးစုနဲ့အတူတူ ထွက်သွားဖို့ ကတိပေးနိုင်တယ် ဒါပေမဲ့ နင်ကလည်း ငါ့ကို အာမခံရမယ်”

ဘာအာမခံလဲဆိုတော့ ဟုတ်တာပေါ့ သူ့ရွှေမြေးလေးနှစ်ယောက်ရဲ့ အနာဂတ်ကိုလေ။

ယိုကျင့်သည် ပြုံးရင်းခေါင်းခါပြလိုက်ပြီး

“ အဘိုး နားမလည်သေးဘူးလား၊ အဘိုးနဲ့ ဒီကလူအားလုံးက သမီးနဲ့ ဆွေးနွေးလို့ရတဲ့ အနေအထား မဟုတ်ဘူး ဆိုတာလေ၊ ဒါပေမဲ့ သမီး ကတိပေးနိုင်ပါတယ်၊ သမီးတို့တွေ ယွဲ့မိသားစုက ထွက်သွားနိုင်သ၍ အခုချိန်ကစပြီး ယွဲ့မိသားစုအကြောင်း ဘာမှတစ်ခု ထုတ်ပြောမှာမဟုတ်ဘူး၊ တစ်ခုပဲ အနာဂတ်မှာ တစ်ခုခုဖြစ်လာရင် သမီးတို့ကို လာမရှာပါနဲ့၊ ဘယ်လိုလဲ”

“ နင့်ကိုယ်နင်များ အဲလောက်အရေးပါတဲ့သူလို့ ထင်နေတာလား၊ ဟွိုင်ပင်လေးနည်းနည်း ရတာနဲ့ နင့်ကိုယ်နင် ရတနာတစ်ခုလို ထင်နေတာလား”

အဘွားချန်သည် သူမကို ပေါ်တင်မပြောရဲချေ။ ထို့ကြောင့် မျက်နှာရဖို့အရေး မတော်မရာ ဆဲရေးနေတော့သည်။ သို့သော် မည်သူကမှ သူမကို ဂရုမစိုက်ကြချေ။ သူမလုပ်သမျှ အချည်းနှီး ဖြစ်သွားသဖြင့် ဆောင့်ကြီးအောင့်ကြီး ဖြင့် စူပုတ်ကာ နှုတ်ဆိတ်သွားတော့သည်။

ယိုကျင့်သည် လိုအပ်တာအားလုံးကို ပြောခဲ့ပြီးဖြစ်၏။ သူမသည် ယိုကျူးနှင့် ယိုပေါင်တို့ကို ခေါ်ကာ အနောက်ဆောင်သို့ ပြန်လာခဲ့တော့သည်။

“ အဘိုးတို့ အချင်းချင်းဆွေးနွေး လိုက်ကြအုံးပေါ့”

သို့သော် အခုတော့ သည်လိုဖြစ်နေတော့သည်။ ယွဲ့မိသားစုတွင် မည်သို့သော အဖြေမျိုး ရှိလာနိုင်ပါမည်နည်း။ ပင်မဆောင်မှ မိသားစုတစ်ခုလုံးသည် ခေါင်းရှောင်သည့် စကားများကိုသာ ပြောကြတော့သည်။ သူတို့သည် တစ်ညလုံး အချည်းနှီးဖြစ်ခဲ့ရပြီး ဘာအစီအစဥ်မှ ပေါ်မလာကြတော့ချေ။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset