EYYJ အပိုင်း ၃၉

‌အပိုင်း (၃၉) သွေးအေးသတ္တဝါများ

ယိုကျင့်၏ခြေလှမ်းများသည် လျင်မြန်လွန်းသောကြောင့် ယွဲ့မိသားစု၏ အကြီးအကဲအိမ်သို့ မိနစ်အနည်းငယ်အတွင်း ရောက်ရှိသွားခဲ့သည်။

ယွဲ့မိသားစုသည် ဂုဏ်သရေရှိ မိသားစု မဟုတ်သော်ငြား ချွေ့ဖုန်းတောင်၌ အခြေချကာ တိုးတက်ကြီးပွားလာသည်မှာ နှစ်တစ်ရာ သို့မဟုတ် နှစ်ရာကျော်မျှရှိပြီဖြစ်သည်။ ထို့အတွက် ယွဲ့မိသားစု၌ အကြီးအကဲအိမ်တော်များသည် အခြေတကျ ရှိပေသည်။ အကြီးအကဲ၏အိမ်သည် လှပကာ သေသပ်ပေသည်။ အုတ်ကြွပ်များဖြင့် မွမ်းမံထားပြီး ချွေ့ဖုန်းရွာ၏အလယ်၌ တည်ဆောက်ထားလေသည်။ ယိုကျင့်သည် တံခါးခေါက်လိုက်ပြီး ခဏအကြာ၌ တစ်စုံတစ်ယောက်မှ တံခါးဖွင့် ဖြေကြားလေသည်။ “မင်းက ဦးလေးယွဲ့တာ့ဖူရဲ့မြေးမလား။ ဒီလောက် နောက်ကျမှ ဘာလာလုပ်တာလဲ”

“ဦးလေး ချန်ရှန်း အကြီးအကဲအဘိုးကို အကူအညီတောင်းစရာရှိလို့ ၀င်ခွင့်ပြုပါ” ယိုကျင့်သည် အကြီးအကဲ၏မြေးဖြစ်သူ ယွဲ့ချန်ရှန်းအား ကပျာကယာ အကူအညီ‌တောင်းလေသည်။

လာရင်းကိစ္စမှာ အရေးကြီးကြောင်း ကြားသိသည်နှင့် ယွဲ့ချန်ရှန်းသည် သူမ၀င်ရန် တံခါးဖွင့်ပေးလိုက်သည်။

“လာ အထဲ၀င်ပြီး ပြောရအောင်”

သူသည် ယိုကျင့်အား ခန်းမကြီးထဲသို့ ခေါ်သွားကာ ထိုခန်းမထဲ၌ ယွဲ့အကြီးအကဲသည် ရေနွေးကြမ်း သောက်နေခဲ့သည်။ သူ့၌ လက်ဖက်ရွက်အကောင်းစား မရှိသော်ငြား အမြတ်တနိုး သောက်သုံးနေဆဲပင်ဖြစ်သည်။

ယိုကျင့်သည် အကြီးအကဲဆီသို့ လျှောက်သွားပြီးသည်နှင့် ဒူးထောက်ချလိုက်တော့သည်။

“သမီးနဲ့သမီးညီမလေးတွေကို ကယ်ပေးဖို့ အကြီးအကဲကို တောင်းဆိုပါတယ်”

ယွဲ့ရှန်ချွမ်းသည် အသက်ကြီးနေပြီဖြစ်ကာ ယိုကျင့်နှင့် မတွေ့ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည့်အတွက် ယိုကျင့်ကိုမှတ်မိရန် အချိန်ယူခဲ့ရသည်။ ယွဲ့ရှန်ချွမ်းဘေးရှိ ယွဲ့ချန်ရှန်းသည် အနားသို့ကပ်ကာ အရိပ်အမြွက် ပြောပြပေးရလေသည်။ “ဦးလေးယွဲ့တာ့ဖူရဲ့မြေးလေ ဒုတိယမိသားစုက ယိုကျင့်တဲ့”

ထိုမှသာ ယွဲ့ရှန်ချွမ်းသည် ယိုကျင့်အား မှတ်မိသွားတော့သည်။ သူ၏‌မုတ်ဆိတ်မွေးဖြူများကို ပွတ်သပ်ရင်း ဝေဝါးနေသည့် မျက်၀န်းများဖြင့် ယိုကျင့်အား ကြည့်လိုက်သည်။ “ကလေး ဒီလို ညကြီးမင်းကြီး ရောက်လာပြီး ‌ရောက်ရောက်ချင်း ဘာလို့ ဒူးထောက်နေရတာလဲ”

“အကြီးအကဲအဘိုးဆီ ညကြီး လာနှောင့်ယှက်ရတာက ယိုကျင့်မှာ အခြားနည်းလမ်း မရှိတော့လို့ပါ။ အဘိုးနဲ့အဘွားက လွန်ခဲ့တဲ့ဆယ်ရက်လောက်ကမှ မွေးထားတဲ့ သမီးရဲ့ အမြွှာမောင်နှမလေးကို သတ်ချင်နေလို့ပါ။ သမီးက ငယ်သေးလို့ ဘာမှ၀င်ပြောခွင့်မရှိလို့ပါ။ အကြီးအကဲကိုပဲ သမီးတို့ကို အကြင်နာထားပြီး စောင့်ရှောက်ပေးဖို့ လာမေးရတာပါ” ယိုကျင့်သည် ထိုသို့ပြောရင်း အကြိမ်ကြိမ် ဦးတိုက်ချနေခဲ့သည်။

“ဒီကလေးမတော့ ဘာတွေလျှောက်ပြောနေတာလဲ။ ဘာဖြစ်တာလဲ သေချာပြောစမ်း”

အကြီးအကဲသည် ယွဲ့တာ့ဖူတို့ ဇနီးမောင်နှံမှ မွေးကင်းစကလေးနှစ်ယောက်အား သတ်ရန် ကြိုးပမ်းနေကြောင်း ကြိုးစားနေသည်ကို ကြားသည်နှင့် မျက်မှောင်မကြုံ့ဘဲ မနေနိုင်ပါချေ။ ယခင်က ယွဲ့မိသားစု၌ ထိုသို့ဖြစ်ဖူးခဲ့ပေသည်။ ထိုအချိန်က သူသည် ယွဲ့တာ့ဖူအား သတိပေးခဲ့ဖူးသည်။ နှစ်အနည်းငယ်ကြာပြီးနောက် အဘယ်ကြောင့် ထိုသို့ထပ်ဖြစ်လာရသနည်း။

ယိုကျင့်သည် ယွဲ့ရှန်ချွမ်းအား ဇာတ်ကြောင်းရှည်ကို အတိုချုံ့ကာ သူမ ကြားခဲ့သည့်အရာများကို ခုနှစ်ဆယ်ရာခိုင်းနှုန်းမျှ အမှန်ပြောကာ မုသားအနည်းငယ် စွက်ခဲ့သည်။ “သမီးတို့ကို ကယ်ပေးဖို့ တောင်းဆိုပါတယ်”

ယိုကျင့်ပြောသည်များကို ကြားပြီးနောက် ယွဲ့ရှန်ချွမ်းသည် သက်ပြင်းခပ်နက်နက် ချလိုက်သည်။

“ကိစ္စက ဒီလောက်တောင် ဖြစ်နေမှတော့ ဒီလူအိုကြီးက ယွဲ့မိသားစုဆီ အလည်သွားရမှာပေါ့”

မည်သို့ပင်ဖြစ်စေ ထိုကလေးများသည် ယွဲ့မျိုးနွယ်၏ မျိုးဆက်များဖြစ်ကြသည်။ ယွဲ့တာ့ဖူတို့ ဇနီးမောင်နှံသည် မကောင်းသည့် ဘုန်းတော်ကြီးကြောင့် မွေးကင်းစကလေးနှစ်ယောက်ကို သတ်ရန် ကြိုးပမ်းသည်ဆိုပါက သူတို့လုပ်ရပ်များသည် စည်းကျော်ရာ ရောက်ပေသည်။

ယွဲ့ရှန်ချွမ်း အပြင်သွားမည်ကို ကြားသည်နှင့် ယွဲ့ချန်ရှန်းသည် မီးအိမ်ကို ယူကာ လူအိုကြီးအား ကူတွဲရင်း ယွဲ့မိသားစုအိမ်သို့ ဖြည်းဖြည်းချင်း ဦးတည်လေသည်။

……..

အိမ်နီးနားချင်းများသည် ယွဲ့မိသားစု၏ အသက်၀င်လှသော ပြဇာတ်ကို စိတ်၀င်တစား ကြည့်ရှုနေကြလေသည်။ ညနက်နေပြီဖြစ်သော်ငြား မအိပ်သေးသည့် ရွာသားများသည် ယွဲ့မိသားစု၏ခြံဝင်းမှ ရုတ်ရုတ်သဲသဲ အသံများ၊ ကလေးနှင့် မိန်းမ၏ ငိုသံများကို ကြားသောကြောင့် ယွဲ့မိသားစု၏ နံရံပေါ်သို့တက်ကာ ကြည့်ရှုနေကြတော့သည်။

ယိုကျင့်သည် ယွဲ့ရှန်ချွမ်း၏ နောက်မှ ဖြည်းညင်းစွာ လိုက်လာခဲ့သည်။ ယွဲ့မိသားစု၏ အိမ်တံခါး၀သို့ ရောက်သည်နှင့် အထဲမှ ညီမငယ်များ၏ ငိုသံများကြောင့် တစ်ခုခု ဖြစ်မှန်း ယိုကျင့်သိလိုက်လေသည်။ ကြည့်ရှုနေကြသူများမှ မည်သူ အရင်မြင်သည်မှန်း မသိသော်လည်း ထိုသူများသည် ယွဲ့မိသားစု၏ အကြီးအကဲရောက်သည်ကို သိသည်နှင့် လမ်းဖယ်ပေးလိုက်ကြသည်။ ပွဲကြီးပွဲကောင်းတော့စပြီ။

ယွဲ့မိသားစု၏ တံခါးသည် တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်သည်။ ယိုရင်နှင့် အမျိုးသမီးစုသည် အငယ်လေးနှစ်ယောက်အား ပွေ့ထားကာ ကာကွယ်ထားသည်။ အဘွားချန်၏ အခြေအနေသည် တိုးတက်လာပြီဖြစ်ကာ ကလေးများကို နှိပ်စက်ရန် ရောက်ရှိလာသည်။ သူမအား တားနေကြ၍ ကလေးနှစ်ယောက်ကို ကြာပွတ်ဖြင့် ရိုက်လိုက်သည်။

“နင်တို့တွေ အကုန်လုံးက ကပ်ဘေးတွေပဲ။ ဒီမှာလာငိုနေကြသေး။ ထပ်ငိုစမ်း ငါနင်တို့ကို ဒီနေ့ သေအောင်ရိုက်ပစ်မယ်”

ယိုကျူးနှင့် ယိုပေါင်သည် အငယ်လေးသုံးယောက်အား ကာထားလေသည်။ တစ်မိသားစုလုံးသည် ငိုကြွေးခုခံနေကြရင်း ပွက်လောရိုက်နေကြသည်။ ပြဿနာကြီးဖြစ်သော်ငြား ယွဲ့တာ့ဖူနှင့် ယွဲ့ချန်ဖူတို့မှာ ထွက်မလာကြပေ။

အဘွားချန်သည် အသက်ရှုကျပ်မတတ်ဖြစ်သွားပြီး ခြံ၀င်းအလယ်၌ အနည်းငယ် ယိမ်းထိုးနေသည်။ အမျိုးသမီးချန်သည် အဘွားချန်အား အနောက်မှ ထိန်းပေးလိုက်သည်။ “အမေ အမေက နေမကောင်းသေးဘူးလေ။ ဒေါသမထွက်ပါနဲ့”

“အဲ့ကပ်ဆိုးတွေက ငါ့အသက်ကို တိုအောင်လုပ်နေတာ ငါကကောင်းနိုင်ဦးမလား” အဘွားချန်သည် ယားယံလာကာ မကျေနပ်မှုကြောင့် အံကြိတ်လိုက်သည်။ သူမသည် အသက်ကြီးနေပြီဖြစ်သော်လည်း မိသားစု မကြီးပွားသေးသည်မှာ ထိုနက္ခတ်ဆိုးနှင့် ကလေးများကြောင့် ဖြစ်ပေမည်။ ထို့နောက် အဘွားချန်သည် အမျိုးသမီးချန်၏လက်ထဲသို့ ကြာပွတ်ထည့်ပေးလိုက်သည်။

“သွားရိုက်ချည်။ ဒီနေ့ အဲ့ကလေးနှစ်ကောင် သေမှဖြစ်မယ်”

“နင်က ဘယ်သူ့ကိုသတ်မလို့လဲ* မာန်ပြည့်နေသည့် အသံသည် တံခါးအပြင်မှ ထွက်ပေါ်လာလေသည်။ ထိုအသံသည် ခြံ၀င်းတံခါးကြားမှ ပြေးထွက်‌သွားသည့် ယိုကျင့် ခေါ်လာသော အကြီးအကဲ ယွဲ့ရှန်ချွမ်း၏အသံ ဖြစ်သည်။ သူသည် တိုက်ကြက်ကဲ့သို့ မာန်ဖီနေသည့် အဘွားချန်အား စိတ်ပျက်စွာ ကြည့်လိုက်သည်။

“ချန်အမျိုးသမီး မင်းရဲ့ဒေါသက နှစ်နှစ်အတွင်း ‌အတော်ကြီးလာတာပဲ”

“အ အကြီးအကဲ” ကောင်းကင်သည် မှောင်မည်းနေပြီဖြစ်သည်။ အဘွားချန်သည် မိသားစု၏ အတွင်းရေး ဖြေရှင်ချိန်၌ မည်သူအတင့်ရဲကာ ၀င်လာမှန်း မသိခဲ့ချေ။ ယွဲ့ချန်လုသည်သာ အကြီးအကဲ ယွဲ့ရှန်ချွမ်းကို မှတ်မိလေသည်။

အကြီးအကဲဟုခေါ်သံကြောင့် အဘွားချန်၏ ဆိုးဝါးလှသည့် ပုံရိပ်သည် တစ်မုဟုတ်ချင်း လွင့်ပြယ်သွားလေသည်။ သူမ၏ ဘ၀သည် အခက်အခဲမရှိသည့် ဘ၀ဟု ဆိုနိုင်ပေသည်။ ငယ်စဉ်ကတည်းကပင် မိဘ၏ချစ်မြတ်နိုးမှုရရှိပြီး ယွဲ့မိသားစုသို့ လက်ဆက်ပြီးချိန်၌လည်း ယွဲ့တာ့ဖူက သူမကို ဆူဆဲရိုက်နှက်ခြင်း မရှိခဲ့ချေ။ သူမ၏ဘ၀၌ အကြောက်ဆုံးအရာကို ပြပါဆိုလျှင် ယွဲ့မျိုးရိုး၏ အကြီးအကဲခေါင်းဆောင် ယွဲ့ရှန်ချွမ်းသာ ဖြစ်ပေမည်။

“ဒီလူအိုကြီးက အပြင်ခဏခဏ မထွက်တာတောင် မှတ်မိသေးတဲ့သူ ရှိသေးသားပဲ” ထို့နောက် ယွဲ့ရှန်ချွမ်းသည် ပရမ်းပတာဖြစ်နေသည့် မြင်ကွင်းကို အေးတိအေးစက်ကြည့်ကာ ပြောလေသည်။

“ဘာတွေဖြစ်နေကြတာလဲ။ ငါသာမသိခဲ့ရင် မင်းတို့တွေက ကိုယ့်မျိုးဆက်ကို ပြန်သတ်တော့မှာမလား”

ကပ်ဆိုးဖြစ်သည့် အငယ်လေးနှစ်ယောက်အား သတ်ရန်ကြိုးပမ်းခဲ့သည့် အဘွားချန်သည် မည်သည့်စကားမျှ မဆိုရဲပေ။ အမျိုးသမီးချန်သည် ခုခံပြောဆိုချင်သော်လည်း ပြဿနာဖြစ်သည့်အချိန်၌ ပျောက်နေခဲ့သော ယွဲ့တာ့ဖူသည် အပြင်ရှိ အသံများကြောင့် ထွက်လာခဲ့လေသည်။ “ဦးလေးရှန်ချွမ်း ဦးလေးလာမှာကို ဘာလို့ ကြိုအကြောင်းမကြားရတာလဲ “

ယွဲ့ရှန်ချွမ်းသည် ဝါရင့်သည့် လူကြီးဖြစ်ကာ အဘိုးဖြစ်သည့် ယွဲ့တာ့ဖူသည်ပင် ရွာ၌ ထိုလူကိုမြင်လျှင် တရိုတသေ ဆက်ဆံရပေသည်။

“မင်းအိမ်ကို အရင်ကလာတုန်းက ပြောဖူးပါတယ်။ ဇနီးကောင်းတစ်ယောက်က အိမ်ရဲ့ဘေးဒုက္ခတွေကို လျော့နည်းစေတယ်လို့။ အဲဒါကြောင့် မင်းမိသားစု၀င်တွေကို ကောင်းကောင်း တင်းကျပ်ဖို့ ပြောထားတယ် မဟုတ်ဘူးလား။ ဒီလောက်နှစ်တွေ ကြာတာတောင် မင်းကသူတို့ကို ကောင်းကောင်း မသွန်သင်ထားနိုင်ဘူး” ယွဲ့ရှန်ချွမ်းသည် အဘွားချန်ကိုလည်း မျက်နှာသာမပေးခဲ့ပေ။

“လောင်အာ့(ဒုတိယကလေး)က ခက်ခက်ခဲခဲနဲ့ သားတစ်ယောက်ရလာတာကို မင်းတို့က ကောင်းကောင်း ပြုစုရမဲ့အစား သတ်ဖို့ ကြိုးစားရဲနေတာပေါ့ ဟုတ်လား”

အကြီးအကဲ၏ ဆုံးမမှုကြောင့် ယွဲ့တာ့ဖူ၏ ရှိသမျှသိက္ခာသည် ပြောင်စင်သွားပြီဖြစ်ကာ အဘွားချန်သည်လည်း အကြီးအကဲကို စူးစိုက်ကြည့်နေသော်လည်း မည်သည့်စကားမျှ ပြန်မပြောရဲပေ။ သူမထိုသို့ ပြောဆိုခံရမှုအတွက် အကြီးအကဲ၏ဘေးရှိ ယိုကျင့်ကိုသာ အပြစ်တင်နေတော့သည်။ ဒီမကောင်းတဲ့ဟာလေး ‌ကြည့်ထားပေါ့။ နင့်ကို အနှေးနဲ့အမြန် သေအောင်လုပ်ပြမယ်။

ငါးလည်းသေကာ အသိုက်လည်း ပျက်နေချိန်၌ ယိုကျင့်သည် ထိုအရာများအပေါ် အာရုံစိုက်ရန် အချိန်မရှိခဲ့ပါချေ။ (ငါးလည်းသေ အသိုက်လည်းပျက်ချိန်= အသက်နဲ့ဘ၀ အတွက် ရုန်းကန်နေရချိန်) ယိုကျင့်သည် တံခါးမကြီးမှ ၀င်ပြီးချိန်၌ အမျိုးသမီးစုနှင့် ညီအစ်မများသည် ကြာပွတ်ရာများကြောင့် မျက်နှာ၌ အနီမှတ်များ ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ၀မ်းနည်းစွာဖြင့် အမျိုးသမီးစုနှင့် ညီမများကို ထူပေးလိုက်ကာ ယိုရင်၏လက်ထဲရှိ ဆယ်ယောက်မြောက် ညီမငယ်အား သူမ၏လက်ထဲသို့ ပွေ့ယူလိုက်သည်။ ထို့နောက် ငိုကြွေးနေသည့် ညီမငယ်များကို နှစ်သိမ့်လိုက်သည်။

“အကုန်လုံးတော်တယ်။ အငယ်လေးနဲ့ ခမ်းအာကို ကာကွယ်ပေးလိုက်နိုင်တာ တော်တယ်”

အစ်မဖြစ်သူ ပြန်လာသောကြောင့် ညီအစ်မများသည် စိတ်သက်သာရာ ရသွားကြကာ ယိုကျင့်၏ဘေး၌ ရပ်နေကြပြီး အဘွားချန်နှင့် အခြားလူများကို ရန်သူများနှင့် ရင်ဆိုင်သကဲ့သို့ ကြည့်နေကြသည်။

ယွဲ့ရှန်ချွမ်းသည် အဖြစ်အပျက်ကို စိတ်၀င်တစားကြည့်ရန် နံရံသို့ ကျော်တက်နေကြသော ရွာသားများကို ကြည့်လိုက်လေသည်။ ယွဲ့တာ့ဖူနှင့် အဘွားချန်အား မျက်နှာမပျက်စေရန် သက်ပြင်းချကာ ‌ပြောလေသည်။

“ဘာရပ်လုပ်နေတာလဲ။ အထဲ၀င်ပြောမယ်”

ယွဲ့တာ့ဖူသည် အနည်းငယ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ယွဲ့ရှန်ချွမ်းသည် ရွာသားများ အရှေ့၌ သူ့အား မျက်နှာပျက်စေမည်ကို စိတ်ပူနေခဲ့ရာ အကြီးအကဲပြောသော စကားကြောင့် ရွာသားများကို နှင်လွှတ်လိုက်တော့သည်။ ယိုကျင့်သည် အမျိုးသမီးစုအပြင် ညီအစ်မများနှင့်အတူ ပင်မဆောင်သို့ ၀င်ခဲ့လေသည်။ အမျိုးသမီးစုသည် ပင်မဆောင်သို့ ကျောမတ်ကာ ၀င့်၀င့်ကြွားကြွား ၀င်ခဲ့ခြင်းကြောင့် သူမ၏ဘေး၌ ရပ်နေရသည့် ယိုကျင့်သည် အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။

ယွဲ့ရှန်ချွမ်းသည် အသက်မဲ့သည့် မျက်၀န်းများဖြင့် ပြိုလဲတော့မည့် ဒုတိယမိသားစုရှိ ကလေးများကို ကြည့်ကာ အတွင်တွင် ခေါင်းရမ်းမိသည်။ မည်သို့ပင်ဖြစ်စေ ထိုအရာသည် မိသားစုအတွင်းရေး ဖြစ်ပေသည်။ ထို့နောက် ယွဲ့တာ့ဖူဘက်သို့လှည့်ကာ ဆွေးနွေးလေသည်။

“တာ့ဖူ ဒါက မင်းတို့ မိသားစု အတွင်းရေးဖြစ်လို့ ငါဝင်ပါလို့ မကောင်းဘူး။ ဒါပေမဲ့ မင်းတရားလွန်လာရင်တော့ ငါဒီတိုင်း ရပ်ကြည့်မနေနိုင်ဘူး။ မင်းကို ပြောဖူးပါတယ်။ ငါတို့မိသားစုက ဂုဏ်သရေရှိမိသားစု မဟုတ်ပေမဲ့ လျှို့ထန်မြို့မှာ အခြေစိုက်လာတာ နှစ်ပေါင်းနှစ်ရာ ကျော်နေပြီ။ အခြား မိသားစုတွေလို မကျော်ကြားပေမဲ့ ငါတို့က ကောင်းမွန်တဲ့မျိုးရိုးတစ်ခုပဲ။ ကျားတောင် ကိုယ့်သားသမီးကို ပြန်မစားဘူးကွ”

အကြီးအကဲ၏စကားကြောင့် ယွဲ့တာ့ဖူ၏ အိုမင်းနေသည့် မျက်နှာမှာ မြေကြီးသို့ စိုက်မတတ်ဖြစ်သွားလေသည်။ သူသည် ရှက်ရွံ့နေခဲ့ကာ အလောတကြီး ခွန်းတုံ့ပြန်လိုက်သည်။

“ကျွန်တော်လည်း အဲ့လိုမလုပ်ချင်ပါဘူး ဦးလေးရယ်။ အကုန်လုံးက ကျွန်တော့်မျိုးဆက်တွေပါ။ ဒါပေမဲ့ မွေးတာ ဆယ်ရက်တောင် မကြာသေးတဲ့ ကလေးတွေက ကျွန်တော်တို့ ယွဲ့မိသားစုတွေရဲ့ ကံကြမ္မာကို ဆိုးရွားသွားစေနိုင်တယ်”

ယွဲ့ရှန်ချွမ်းသည် ထိုစကားများကြောင့် စိတ်ညစ်စွာ ခေါင်းရမ်းလိုက်သည်။

“တာ့ဖူ မင်းပြောတာ မဟုတ်သေးဘူး။ ကလေးသေးသေးလေးတွေက မင်းတို့မိသားစု ကံကြမ္မာကို ဆိုးရွားစေနိုင်တယ်ပေါ့။ ဒီလောက်နှစ်တွေအကြာကြီး မင်းတို့မိသားစုက ရွာမှာ အဆင်ပြေဆုံး ဖြစ်လာခဲ့တာပဲ။ မလုံလောက်သေးဘူးလား”

ယွဲ့တာ့ဖူ၏ ခံရခက်သည့် မျက်နှာထားကို ကြည့်ကာ ယွဲ့ရှန်ချွမ်း သဘောပေါက် နားလည်သွားတော့သည်။

“တာ့ဖူ မင်းစိတ်က အလိုလောဘကြီးလိုက်တာ” ထို့နောက် မည်သည့်စကားမျှ ထွက်မလာသည့် ယွဲ့ချန်လုနှင့် အခြားလူများကို ကြည့်ရန်လှည့်လိုက်သည်။ သူမ၏စိတ်ထဲ၌ မိသားစုတစ်ခုသည် အဘယ်ကြောင့် ထိုမျှ သွေးအေးရက်စက်နိုင်ရသနည်းဟု တွေးတောမိသည်။ မမြင်ရသေးသည့် အနာဂတ်အတွက် ကိုယ်ပိုင်မျိုးဆက်ကို သတ်ဖြတ်ချင်နေကြလေသည်။

“ဒီတိုင်း ဆန်ကုန်မြေလေးတွေပဲကို သူတို့ကို အဲ့လိုနည်းနဲ့ ကျေးဇူးဆပ်ခိုင်းတာပဲ ကျေးဇူးတင်သင့်တယ်”

အဘွားချန်သည် အကြီးအကဲအား တိုက်ရိုက် ပြန်မပြောရဲသော်လည်း တီးတိုးပြောနေသေးသည်။

“သူများမိသားစုကိစ္စကို လာလျှာရှည်နေသေးတယ်” အဘွားချန်သည် ထိုသို့ တီးတိုးထော့ငေါ့နေသော်လည်း သူမ ပြောသည်များကို မည်သူမျှ မကြားစေရန် သေချာစွာ ပြောလေသည်။

ယွဲ့ရှန်ချွမ်းသည် ခုတင်ထောင့်စွန်း၌ထိုင်ကာ ကလေးငယ်များကို ကြည့်ရင်း ခေါင်းရမ်းမိသည်။ ယွဲ့တာ့ဖူသည် အသက်ကြီးလာလေ ‌‌မစဉ်းစားတတ်လေဖြစ်လာသည်။ သူသည် ယွဲ့တာ့ဖူဘက်သို့ ထပ်မံလှည့်ကာ မေးလေသည်။

“အဲ့တော့ မင်းဒီကလေးနှစ်ယောက်ကို တကယ်ပဲ စွန့်လွှတ်တော့မှာလား”

“အကြီးအကဲဘိုးဘိုး ဘွားဘွားက ပြောတယ်။ သမီးနဲ့ စန်းကျဲကို ရောင်းစားပစ်မယ်တဲ့” ယိုကျူးသည် တစ်ဖက်ရှိ ယိုကျင့်၏ အချက်ပြမှုကို ရသည်နှင့် သူမတို့ကို ရိုက်နှက်နေစဉ်အတွင်း အဘွားချန် ပြောခဲ့သည်များကို ထုတ်ပြောတော့သည်။

“ဘွားဘွားက ပြောသေးတယ်။ သမီးနဲ့မမကြီးကလည်း ကံဆိုးစေတာမလို့ ဝေးဝေးကို ရောင်းစားပစ်မယ်တဲ့”

“တာ့ဖူ မင်းကွာ” ယွဲ့ရှန်ချွမ်းသည် ယခုဖြစ်ပျက်နေသည်များကို မယုံကြည်နိုင်သေးပေ။

“ကပ်ဘေးဆိုက်ချိန်တောင်မှ ကိုယ့်ကလေးတွေကို ကျွေးမွေးနိုင်သ၍ ဘယ်မိသားစုကများ ရောင်းစားတာ တွေ့ဖူးလို့လဲ” ယွဲ့ရှန်ချွမ်းသည် ရင်နာလွန်းသဖြင့် ပြောပြီးသည်နှင့် ပြင်းထန်စွာ ချောင်းဆိုးတော့သည်။

ယွဲ့ချန်ရှန်းသည် အဘိုးဖြစ်သူ၏ နောက်ကျောဆီသို့ အမြန်သွားကာ စိတ်ငြိမ်စေရန် ဖြည်းညင်းသွာ ပွတ်သပ်ပေးလိုက်သည်။ “အဘိုး စိတ်ငြိမ်ငြိမ်ထားနော်။ တစ်ခုခုပြောချင်ရင် ဖြည်းဖြည်းချင်းစီပြော”

ခဏအကြာ၌ ယွဲ့ရှန်ချွမ်း၏ အခြေအနေသည် တည်ငြိမ်သွားလေသည်။ “ငါသာ ဒီနေ့မလာခဲ့ရင် အငယ်လေးနှစ်ယောက်က အသတ်ခံရပြီး အကြီးလေးတွေက ရောင်းစားခံရမှာမလား။ တာ့ဖူ မင်းရဲ့အတွေးတွေ ခေါင်းပါးလိုက်တာ”

တစ်မိသားစုလုံးသည် ခဏမျှ တိတ်ဆိတ်ကာ မည်သူမျှ အသံမထွက်ရဲကြချေ။ ယွဲ့ချန်လုသည် ယိုကျူးဘက်သို့လှည့်ကာ အားပြင်းစွာ လွှဲရိုက်လိုက်သည်။ “မင်းကို ဘယ်သူက စကားပြောခိုင်းလို့လဲ။ လူကြီးတွေ ပြောနေတာကို အဆင့်အတန်းမသိ ၀င်ပြောရဲတယ်”

သို့သော် ယိုကျူးပေါ်သို့ ယွဲ့ချန်လု၏လက် မရောက်ခင်ပင် အမျိုးသမီးစုက တားဆီးလိုက်နိုင်သည်။

“ယွဲ့ချန်လု ရှင်နဲ့ ရှင့်မိသားစုကို ကျွန်မစိတ်ကုန်လာပြီ။ ရှင် ကျွန်မသမီးတွေကို လက်ဖျားနဲ့တောင် မထိနိုင်စေရဘူး” အမျိုးသမီးစုသည် ကြက်မကြီးကဲ့သို့ သမီးများအပေါ် ထိုသို့ ရဲရင့်ခက်ထန်စွာ ကာကွယ်ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset