အပိုင်း (၄၁) ကွာရှင်းခြင်း
အရှေ့အရပ်မှ ရောင်ခြည်သန်းစပြုလေပြီ။ ယွဲ့မိသားစု၏ ပင်မဆောင်ရှိ မီးအိမ်မှာ တစ်ညလုံး လင်းထိန်နေခဲ့ပြီး တစ်မိသားစုလုံး မည်သည့်အကြံမှ စဉ်းစားမရခဲ့ချေ။
ယွဲ့တာ့ဖူသည် ဆေးရွက်ကြီးများကို များစွာ သောက်သုံးခဲ့လေသည်။ ပျံ့လွင့်နေသည့် မီးခိုးငွေ့များက အခန်းထဲရှိ မအိပ်စက်ရသေးသည့် လူများ၏ မျက်၀န်းကို ပို၍ဆိုးရွားစေခဲ့သည်။ ယွဲ့တာ့ဖူသည် ကြမ်းတမ်းကွဲအက်နေသော အသံဖြင့် ဆိုလေသည်။
“ကောင်းပြီလေ။ သူတို့ကိုခေါ်ထားတာက ဒုက္ခကို လက်ယက်ခေါ်သလို ဖြစ်နေမယ်။ သူတို့သွားချင်ရင် သွားပါစေ။ တစ်ခုတော့ရှိတယ်။ သူတို့ထွက်သွားမယ်ဆို လျှို့ထန်မြို့မှာ နေလို့မရဘူး။ အဝေးဆုံးကို ထွက်သွားရမယ်”
သူတို့သည် အချိန်ကိုက်ဗုံးအား အဝေးဆုံးမှာ ထားခြင်းဖြင့် အချိန်ခဏအတောအတွင်း ထိခိုက်မှု သက်သာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယွဲ့တာ့ဖူသည် ယိုကျင့်နှင့် အခြားလူများအား လျှို့ထန်မြို့နှင့် အဝေးဆုံး၌ နေခိုင်းစေလိုသည်။ ယိုကျင့်တို့သည်လည်း ထိုသို့စီစဉ်ထားမှန်း သူမ မသိခဲ့ပါချေ။ ကြက်ဖတွန်သံ သုံးချက်အပြီး အနောက်ခြံ၏ ဒုတိယခန်းရှိ လူတိုင်းသည် ကောင်းမွန်စွာ အိပ်စက်ရင်း နိုးထလာကြသည်။ သူတို့၌ ထုပ်ပိုးစရာ အများအပြားမရှိသော်လည်း ယိုကျင့်သည် အခန်းထဲရှိ ပစ္စည်းတစ်ခုကိုသာ ယူဆောင်ရန် ခွင့်ပြုခဲ့သည်။
“ကျန်တဲ့ဟာတွေ သယ်မလာနဲ့။ ကိုယ်လဲ၀တ်ရမဲ့ အ၀တ်အစားပဲ ထည့်လာခဲ့။ ကွာရှင်းစာကို ရတာနဲ့ လျှို့ထန်မြို့ကနေ အဝေးဆုံးကို ထွက်သွားမယ်” ထို့နောက် သူမသည် ရင်ကော့ကာ ယွဲ့မိသားစုအိမ်မှ ထွက်ပြီး လီကျန်းနှင့် အကြီးအကဲကို ဖိတ်ခေါ်ခဲ့သည်။
ယိုကျင့်သည် မနက်အစောကတည်းက ရောက်ရှိလာ၍ ဒုတိယမိသားစုမှ ကလေးများသည် ထွက်ခွာသွားရန် ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ယွဲ့ရှန်ချွမ်းသိလိုက်ကာ သက်ပြင်းနက်နက်ချမိသည်။
“ကောင်းပါပြီ။ ကလေးတွေ ငါ့မြေးတွေက အကုန် ကောင်းချီးမင်္ဂလာရှိတဲ့သူချည်းပဲ။ မင်းတို့လေးတွေက ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ကိုယ့်ပျော်ရွှင်မှုကို သွားရှာကြတော့”
လီကျန်းသည် မနေ့ညက ယွဲ့မိသားစု၌ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့မှန်း သိသော်လည်း ကွာရှင်းပြတ်ဆဲရန်ထိ ပြဿနာကြီးသွားမှန်း မသိခဲ့ချေ။ ယိုကျင့်သည် လီကျန်းအား အဖြစ်အပျက်များကို အတိုချုံးရှင်းပြချိန်၌ လီကျန်း၏တစ်ကိုယ်လုံး တုန်လှုပ်သွားတော့သည်။
“ယိုကျင့် ဒါမျိူးက မနောက်ကောင်းဘူး။ မင်းအမေကို ကွာရှင်းဖို့ အကြံပေးရဲတယ်ပေါ့။ မင်းသတ္တိက မသေးပါလား”
ပင်မဆောင်၌ ကလေးကိုပိုက်ကာ ရပ်နေသည့် အမျိုးသမီးစုသည် ခေါင်းကို အသာအယာ ရမ်းလိုက်သည်။ “ဦးလေးလီကျန်း အဲကိစ္စက ကလေးတွေနဲ့မဆိုင်ပါဘူး။ ယွဲ့မိသားစုကနေ ထွက်သွားတာက ကျွန်မရဲ့ဆုံးဖြတ်ချက်ပါ။ ဦးလေးလီကျန်းနဲ့ အကြီးအကဲတို့က သက်သေအဖြစ် လုပ်ပေးဖို့ မျှော်လင့်ပါတယ်”
ယွဲ့မိသားစု တစ်စုလုံးသည် တစ်ညလုံး အဖြေရှာသည့်တိုင် မည်သည့်ဖြေရှင်းနည်းမှ ရှာမတွေ့ခဲ့ချေ။ ထို့အပြင် ယိုကျင့်သိနေသည့် လျှို့ဝှက်ချက်များမှာ များပြားလွန်းသောကြောင့် သဘောတူရုံသာ ရှိတော့သည်။ လီကျန်းသည် ယွဲ့မိသားစု၀င်များ၏ အကြည့်ကြောင့် ချွေးပျံလျက်ရှိသည်။ ထို့နောက် အကြီးအကဲကို ကြည့်လိုက်ရာ ထိုလူသည် ခေါင်းရမ်းကာ သက်ပြင်းချနေ၏။ ယိုကျင့်၏ တိုက်တွန်းနေမှုကြောင့် ကွာရှင်းစောင်နှစ်စောင်ကို အချက်အလက်များ တူညီစွာ ရေးသားပေးခဲ့သည်။
ငယ်ရွယ်စဉ်အခါက တောင်မြောက် လှည့်လည်သွားလာခဲ့ဖူးသော စာအနည်းငယ်ဖတ်တတ်သည့် ယွဲ့တာ့ဖူမှလွဲ၍ အကုန်လုံးသည် စာမတတ်ကြသူများဖြစ်လေသည်။ ယွဲ့တာ့ဖူသည် လီကျန်း စာရေးပြီးချိန်၌ စာစောင်ကို အကြိမ်အနည်းငယ် စစ်ဆေးကာ အချက်အလက်အနည်းငယ် ထပ်ထည့်ရန် လီကျန်းအား တောင်းဆိုလေသည်။
“ပထမအချက် ယွဲ့မိသားစုက ထွက်သွားတာနဲ့ လျှို့ထန်မြို့မှာ ခြေမချရတော့ဘူး။ ဒုတိယအချက် ယွဲ့မိသားစုရဲ့ ဂုဏ်သတင်းညှိုးနွမ်းအောင် မပြုလုပ်ရသလို ငါတို့မျိုးရိုးနာမည်ကိုလဲ မသုံးရဘူး။ နောက်ဆုံးအနေနဲ့ ယွဲ့ယိုကျင့် မင်းပေးထားတဲ့ ကတိကိုတည်ရမယ်” ထိုသို့ဖြင့် ယိုကျင့်နှင့် ညီအစ်မများသည် ယွဲ့မိသားစုမှ ခွဲထွက်လိုက်နိုင်သည်။
ယွဲ့တာ့ဖူသည် ယိုကျင့်၏အမည်အား ထည့်ပြောသောကြောင့် လီကျန်းသည် အနည်းငယ် ထူးဆန်းသလို ခံစားရကာ ယိုကျင့်ကို ကြည့်လိုက်သည်။ ယိုကျင့်၏ သဘောတူမှုကို ရမှသာ လီကျန်းသည် စုတ်တံကိုကိုင်ကာ စာကြောင်းအနည်းငယ် ထပ်ဖြည့်လိုက်သည်။
“စစ်ကြည့်လိုက်ဦး။ ပြဿနာမရှိရင် ချန်လုနဲ့ အမျိုးသမီးစုတို့ လက်ဗွေနှိပ်လို့ရပြီ” အမျိုးသမီးစုသည်လည်း စာမတတ်သူဖြစ်ကာ ယိုကျင့်၏ ခေါင်းညိတ်ပြသည်ကို မြင်မှသာ စာရွက်၌ လက်ဗွေနှိပ်လိုက်တော့သည်။
လီကျန်းသည် ကွာရှင်းစာကို ယွဲ့ချန်လုနှင့် အမျိုးသမီးစုတို့အား အသီးသီးပေးလိုက်သည်။
“ပြီးပြီ”
ဒုတိယမိသားစုရှိ ကလေးများ ပြုံးပျော်နေကြသည်ကို မြင်သောအခါ ယွဲ့ရှန်ချွမ်း၏စိတ်ထဲ၌ သက်သာရာ ရသွားတော့သည်။ အစာငတ်သေမည်ကိုပင် မကြောက်ဘဲ ယွဲ့မိသားစုမှ ထွက်သွားရန် ကြိုးစားရုန်းကန်ရသည်ထိ ထိုကလေးများ၏ စိတ်သည် မည်မျှလောက်ထိ ထိခိုက်နာကျင်ခဲ့ရသနည်း။
အခြားလူများ၏ အတွေးကို ဂရုမစိုက်ဘဲ ယိုကျင့်သည် သူမ၏အိတ်ကပ်ထဲသို့ ကွာရှင်းစာရွက်အား သေချာစွာ ကောက်ထည့်လိုက်သည်။ ထို့နောက် သူမ၏ဘေးရှိ ရှောင်ကျိုအား ကောက်ချီကာ ထုတ်ပိုးထားသည့် အထုတ်အပိုးကို ကျော၌လွယ်လိုက်တော့သည်။ “အမေ သွားရအောင်”
“ရပ်စမ်း။ နင်တို့ယူသွားတာတွေ မှန်သမျှ ငါတို့ယွဲ့မိသားစုက ပစ္စည်းတွေပဲ။ နင်တို့၀တ်သမျှတွေလည်း ငါတို့ဟာတွေပဲ။ ထွက်သွားမယ်ဆို အကုန်ထားခဲ့ပြီးမှ ထွက်သွား* အဘွားချန်သည် ထိုဆန်ကုန်မြေများ ကိုယ်ရည်သွေးနေသည်ကို မြင်၍ မခံမရပ်နိုင်ဖြစ်နေလေသည်။ ထိုကလေးများ အထုပ်အပိုးကိုယ်စီ သယ်ကာထွက်သွားသည်ကို မြင်သည်နှင့် သူမ၏အသံကို ပိုမြှင့်လိုက်တော့သည်။
ကလေးများသည် ရုတ်တရက် ရပ်သွားကြသည်။ အဘွားချန်၏လုပ်ရပ်များကြောင့် အရိုးထဲစွဲနေသည့် အကြောက်တရားက သူမတို့အား အလိုလို ထိတ်လန့်စေသည်။ ညီမများသည် ယိုကျင့်ဆီသို့ လှည့်ကြည့်ကြလေသည်။ ယိုကျင့်သည် ထိုအယောင်ဆောင်ကျားများ၏ ဟိန်းဟောက်နေမှုကို အာရုံမစိုက်ချင်သောကြောင့် ယွဲ့အိမ်တော်၏ ထွက်ပေါက်ကိုသာ ဦးတည်သွားတော့သည်။ ယိုကျင့်ထွက်သွားသည်ကို မြင်သည်နှင့် ကျန်သည့်ညီမများလည်း နောက်မှ လိုက်လာကြလေသည်။
ထိုကလေးများသည် သူမအား အရေးမလုပ်ဘဲ ရှိမည်ဟု အဘွားချန် မျှော်လင့်မထားပေ။ အဘွားချန်သည် ယွဲ့ချန်ဖူနှင့် ယွဲ့ချန်လုတို့ဘက်သို့လှည့်ကာ အမိန့်ပေးတော့သည်။
“နင်တို့တွေ ဘာလို့ သစ်တုံးကြီးတွေလို ကပ်နေကြတာလဲ။ ငါ့ဖို့ အမြန်လိုက်မယူပေးသေးဘူးလား”
အဘွားချန်သည် အလိုမကျမှုကြောင့် ရူးမတတ်ဖြစ်နေသည်။
“တော်လောက်ပြီ။ တစ်နေ့တစ်နေ့ မပြီးနိုင်ဘူး” ယွဲ့တာ့ဖူသည် စိတ်ညစ်ညူးနေကာ အဘွားချန်ကို စိတ်ရှုပ်စရာဟု မြင်လာသည်။ ထိုအပေါက်ဆိုးသည့် မိန်းမအား သူမည်သို့ သည်းခံနိုင်မည်နည်း။ ထို့ကြောင့် ဆူငေါက်လိုက်တော့သည်။
ယွဲ့တာ့ဖူသည် သူမအား မျက်နှာသာမပေးသောကြောင့် အဘွားချန်သည် မြေကြီး၌ ထိုင်ကာ အော်ဟစ်ငိုကြွေးတော့သည်။
“ငါအသက်မရှင်ချင်တော့ဘူး။ ဟမ် အငယ်တွေက မျက်ဖြူဝံပုလွေတွေ (ကျေးဇူးကန်းတဲ့သူ)။ အကြီးတွေကျ ငါ့ကိုအနိုင်ကျင့်နေကြတယ်။ အမလေး ဘုရားရေ “ အဘွားချန်၏ အလိုမကျမှုကြောင့် ငိုကြွေးနေမှုကို အာရုံမစိုက်ချင်သောကြောင့် ယွဲ့တာ့ဖူသည် လှည့်ထွက်ကာ ပင်မဆောင်သို့ ပြန်သွားတော့သည်။ ယွဲ့အိမ်တံခါးမှ ထွက်ကာစ အကြီးအကဲနှက့်လီကျန်းသည် ငိုသံစူးစူးကို အပြင်မှ ကြားလိုက်ရသောကြောင့် စိတ်ပျက်စွာ ဆိုလေသည်။ “အကျင့်သိက္ခာမရှိတဲ့ မိန်းမကို လက်မထက်နဲ့”
……
ယိုကျင့်တို့အုပ်စုသည် ယွဲ့မိသားစုမှ ထွက်ပြီး အထုပ်အပိုး ကိုယ်စီလွယ်ကာ ရွာလမ်းမအတိုင်း လျှောက်လာကြသည်။ အာရုံစိုက်ချင်စရာဖြစ်သောကြောင့် ရွာသူရွာသားများသည် ဆူညံပွက်လောရိုက်စွာ မေးမြန်းတော့သည်။ “ယောက်မ ဘယ်သွားမလို့လဲ”
အမျိုးသမီးစုနှင့် ကလေးများသည် ဘာမျှမဖြေကြားဘဲ ပြုံးနေကြသည်။ သူတို့သည် ရွာ၀င်ပေါက်သို့ တည့်တည့်သွားပြီးနောက် လမ်းမကြီးပေါ်သို့ ရောက်ရှိကြသည်။ ထိုနေရာ၌ လျှို့ထန်မြို့သို့ သွားမည့် ခရီးသည်များကို ဆွဲဆောင်နေသော နွားလှည်းကို ငှာရမ်းလိုက်ပြီး ရွာသားများအား ပုစ္ဆာဖြေရှင်းရန် ချန်ထားခဲ့လေသည်။ ထွက်သွားပြီး နှစ်ရက်ကြာမှသာ အမျိုးသမီးစုနှင့် ယွဲ့ချန်လုမှာ ကွာရှင်းပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ကလေးများသည် အမျိုးသမီးစုနှင့်အတူ ထွက်သွားခဲ့ကြပြီဖြစ်သည်။
အမျိုးသမီးစုနှင့်ကလေးများသည် လှည်းပေါ်၌ ထိုင်နေကြသည်။ လျှို့ထန်မြို့ဈေးသို့ ခိုးထွက်ဖူးသည့် ယိုကျင့်မှ လွဲ၍ ကျန်သောသူများအတွက် ချွေ့ဖုန်းရွာမှ ထွက်ဖူးခြင်းမှာ ပထမဆုံးဖြစ်သည်။ ယိုရင်သည် နွားလှည်း၌ထိုင်ကာ အကူအညီမဲ့ကာ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ “မမကြီး ဘယ်သွားကြမှာလဲ”
အမျိုးသမီးစုသည် ယိုရင်၏ခေါင်းသေးသေးလေးအား ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်သည်။
“အမေတို့သွားဖို့ တစ်နေရာရာတော့ ရှိမှာပါ”
ယိုကျင့်သည် အစီအစဉ်တကျ ပြလုပ်ပြီးဖြစ်သည်။ နွားလှည်းပေါ်၌ သူမတို့မိသားစု၀င်များသာ ရှိသောကြောင့် ယိုကျင့်သည် သူမ၏အတွေးများကို မိခင်နှင့်ညီမဖြစ်သူများအား ပြောပြလိုက်သည်။
“အရင်ဆုံး မြို့ပေါ်တက်ပြီး တရားရုံးမှာ ကွာရှင်းစာကို တံဆိပ်တုံးထုပြီး တရား၀င်လုပ်ရမယ်။ ပြီးကျရင် ယွဲ့မိသားစုအိမ်ကနေ ခွဲထွက်ပြီး ရွာတစ်ရွာမှာ အခြေချပြီး လယ်လုပ်ကြတာပေါ့။ တဖြည်းဖြည်းနဲ့ ကောင်းလာမှာပါ”
ကလေးများသည် ထိုဘ၀မှာ မည်မျှ လှပကြောင်း ပုံမဖော်တတ်သော်လည်း အစ်မဖြစ်သူ၏ တည်မြဲနေသည့် အကြည့်များကြောင့် အလိုလို ခေါင်းညိတ်သဘောတူကြလေသည်။ “အွန်း”
ယိုကျူးသည် အပျော်ရွှင်ဆုံးလူ ဖြစ်ပေသည်။
“စန်းကျဲ နောက်ကျ သမီးတို့ကို ရိုက်မဲ့လူ မရှိတော့ဘူးမလား။ ဟုတ်တယ်မလားဟင်” ယိုကျူးသည် ဝေးကွာသွားပြီဖြစ်သော ချွေ့ဖုန်းရွာကို ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ ယခုဖြစ်ရပ်များသည် အင်မတန်လှပသည့် အိပ်မက်တစ်ခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေမိသည်။
ယိုကျင့်၏နှလုံးသားသည် ယိုကျူး၏ စကားများကြောင့် နာကျင်သွားကာ သူမအား တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“ဟုတ်တယ်။ ဘယ်သူမှ အစ်မတို့ကို မရိုက်တော့ဘူး” ကလေးများသည် ယွဲ့ချန်လု၏ ရိုက်နှက်မှုကို ငယ်စဉ်ကတည်းကပင် ခံခဲ့ရသည်။ အိမ်တွင်းအကြမ်းဖက်မှု ပုံရိပ်များသည် သူမတို့၏အမြင်ကို ကာဆီးထားသည့်နှယ် ဖြစ်နေ၍ ယခုအဖြစ်အပျက်များအား မယုံကြည်နိုင်ကြသေးပေ။
…..
လျှို့ထန်မြို့သို့ ရောက်သည့်အခါ ယိုကျင့်သည် သီးစုံပေါက်စီများအား အထုပ်ကြီးအပြည့် ၀ယ်ရန် သွားခဲ့သည်။ ထို့နောက် ပေါင်းမိုးပါသည့် မြည်းလှည်းကို မြို့တော်သို့သွားရန် ငှားရမ်းခဲ့သည်။ နေထွက်ချိန်၌ သူမတို့သည် ချွေ့ဖုန်းတောင်မှ ထွက်ခွာပြီးကာ နေ၀င်ချိန်၌ တင်းယွမ်မြို့တော်သို့ ရောက်လေသည်။ ညသည် အလွန်ပင် နက်လေပြီ။ ယိုကျင့်သည် လှည်းထဲရှိ ညီမများ၏ အိပ်ချင်မူးတူးမျက်နှာကို ကြည့်လိုက်သည်။ တရားရုံးပိတ်ချိန်ရောက်ပြီဟု တွေးမိသောကြောင့် လှည်းသမားဦးလေးအား ကုန်သည်များ လှည်းရပ်နားရာ နေရာကို မေးမြန်းလိုက်သည်။ ထို့နောက် သူမတို့အား ထိုနေရာထိ မောင်းပို့ပေးရန် တောင်းဆိုလိုက်သည်။
ယွမ်ငါးဆယ်ကို ငှားရမ်းခအနေဖြင့် ပေးလိုက်ပြီးနောက် အငယ်ဆုံးညီမဖြစ်သူအား ပွေ့ကာ ညီမများကို လှည်းရပ်နားစခန်းသို့ ဦးဆောင် ခေါ်သွားတော့သည်။ အကြီးဆုံးလှည်းရပ်နားစခန်းသည် ရွှမ်ဖန်းဟု ခေါ်သော လှည်းရောင်း၀ယ်ရေး စခန်းဖြစ်သည်။ ညစာစားချိန်ဖြစ်၍ ကုန်သည်များ စုဝေနေကြသည်။ ထိုသူများသည် သီးခြားအုပ်စုစီဖြင့် စည်းမျဉ်းများ ချမှတ်ထားကြသည်။ ပြဿနာမရှာသကဲ့သို့ ပြဿနာဖြစ်မည်ကိုလည်း ရှောင်ရှားကြသည်။ ယိုကျင့်သည် ဆိုင်ရှင်အား လူဆယ်ယောက်မျှ အိပ်နိုင်သည့် ကြီးမားသည့် ခုတင်ရှိသော အခန်းတစ်ခန်းပေးရန် မေးလေသည်။
ယိုကျင့်သည် အခန်းထဲသို့ရောက်သည်နှင့် တံခါးအား ကလန့်ချကာ ပွေ့ထားသည် ညီမဖြစ်သူအား ခုတင်၌ ချလိုက်သည်။ ပစ္စည်းများကို နေရာချပြီးနောက် ယိုပေါင်သည် လျှိုထန်မြို့မှ ယိုကျင့်၀ယ်လာသော ပေါက်စီထုပ်ကို ထုတ်ကာ တစ်ယောက်တစ်ခုစီစားကာ ရေနွေးအနည်းငယ် သောက်လိုက်သည်။ ထို့နောက် ကျေနပ်အားရစွာ အိပ်ရာပေါ်၌လှဲကြလေသည်။
အမျိုးသမီးစုသည် ယိုကျင့်၏လက်ထဲရှိ ငွေပမာဏအား မမေးခဲ့ဖူးပေ။ သို့သော် သမီးဖြစ်သူမှ လှည်းခအတွက် ယွမ်ငါးဆယ် ကုန်လိုက်သည့်အပြင် အခန်းငှားခအတွက် နှစ်ဆယ် ထပ်ကုန်လိုက်သေးသည်။ ခဏအတွင်းပင် ယွမ်ခုနှစ်ဆယ် ကုန်သွားပေသည်။ သူမတို့၌ မိသားစုဆယ်ယောက် ရှိပေသည်။ ကိစ္စရပ်ကြီးများအတွက် ငွေကုန်ကြေးကျများသည်မှာလည်း သဘာ၀ကျပေသည်။
ယခု သူမတို့မိသားစုများသာ ရှိသောကြောင့် အမျိုးသမီးစုသည် လွတ်လပ်ပေါ့ပါးကာ ယိုကျင့်ကို မေးလိုက်သည်။
“ကျင့်အာ သမီးမှာ ငွေဘယ်လောက်ကျန်သေးလဲ။ အမေ မနက်ဖြန် အလုပ်ထွက်ရှာလိုက်ရမလား။ ပိုက်ဆံနည်းနည်း စုမိလောက်မလားလို့”
ယိုကျင့်သည် ငြင်းဆိုလိုက်သည်။
“အမေက အခုမှ မီးတွင်းကာလမှာ ရှိသေးတယ်။ အငယ်လေးနဲ့ ခမ်းအာကလည်း ငယ်သေးတယ်။ အမေအလုပ်ထွက်လုပ်ရင် သူတို့ကို ဘယ်လိုလုပ်မှာလဲ။ သမီးမှာ ငွေနည်းနည်းကျန်ပါသေးတယ်။ အဲဒါနဲ့ တစ်နေရာရာမှာ အခြေချဖို့ လောက်ပါတယ်” ယိုကျင့်သည် ထိုသို့ပြောပြီးသည်နှင့် ကိုယ်နှင့်မကွာ ဆောင်ထားသည့် သူမ၏ငွေများကို ထုတ်လိုက်သည်။
“စုစုပေါင်း ယွမ်ခုနှစ်ဆယ်အပြင် ပေါက်စီ၀ယ်ဖို့ ဆယ်ယွမ်ကုန်ခဲ့သေးတယ်။ အရင်တစ်ခါက တတိယဒေါ်လေးက ယွမ်၁၀၀ပေးသွားတာကနေ နှစ်ဆယ်ကျန်တယ်။ ပြီးတော့ အရင်နှစ်က သမီးအမဲလိုက်တုန်းက ရတဲ့ ငွေတစ်ဆယ့်ခုနှစ်လျန်း ရှိသေးတယ်။ ငွေကို သုံးပုံပုံလိုက်မယ်။ အမေရယ် ယိုရင်ရယ် သမီးရယ် ခွဲကိုင်ထားမယ်။ တစ်ခုခုဖြစ်ရင် လိုရမယ်ရဖြစ်အောင်လို့”
ယိုကျင့်သည် ရှစ်လျန်းယူကာ သိမ်းထားလိုက်သည်။
“မနက်ဖြန် သမီး ရုံးတော်မှာ တံဆိပ်သွားထုလိုက်မယ်။ မိသားစုတစ်စု တည်ဖို့ ငွေကုန်မယ်ထင်လို့ သမီး ပိုယူသွားမယ်။ ကျန်တာကို သိမ်းထားလိုက်မယ်။ အမေက ငါးလျန်းသိမ်းပြီး ယိုရင်ကို လေးလျန်း သိမ်းခိုင်းမယ်”
ယိုကျင့်သည် ထိုမျှ ငွေစုထားမှန်း အမျိုးသမီးစုမသိခဲ့ချေ။ ငွေများကို ထုတ်လာသည့်အခါ သူမ တအံ့တဩ ဖြစ်ခဲ့ရသည်။ သူမသည် ငါးလျန်းကို ယိုကျင့်၏ရင်ခွင်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“အမေတို့မိသားစုက မိန်းကလေးတွေချည်းပဲ။ ပြီးတော့ ခမ်းအာကလည်း ငယ်သေးတယ်။ အဲ့တော့ အမေတို့က အမျိုးသမီးအိမ်ရာ တည်မလို့လား။ ပြီးရင်ရော အိမ်ထောင်စုတည်ပြီး ဘယ်သွားကြမှာလဲ”
သာ့ဖန်းအင်ပါယာခေတ်၌ အမျိုးသမီးများသည် ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်ခွင့် ရှိသည့်အပြင် အမျိုးသမီးအိမ်ရာများ၏ အခွန်အခသည် ယောက်ျားလေးအိမ်ရာ အခွန်အခ၏ တ၀က်ထက် အနည်းငယ်သာ ပို၍ ကုန်ကျပေသည်။
“ထားပါတော့။ အမေနဲ့ ယွဲ့ချန်လုတို့ ကွာရှင်းစာသာ တရား၀င်အောင်လုပ်ရမယ်။ ပြီးကျရင် အမျိုးသမီးအိမ်ရာ တည်ပြီး တင်းယွမ်မြို့တော်က ထွက်သွားကြမယ်။ ဒီမြို့တော်က ချွေ့ဖုန်းရွာနဲ့ ဝေးပေမဲ့ ၀မ်ထောင်တို့ညီအစ်ကိုနဲ့ ဦးလေးသုံးတို့ မိသားစုရှိသေးတယ်။ ပြဿနာ မဖြစ်အောင် ဝေးဝေးသွားတာ ပိုကောင်းတယ်” ယိုကျင့်သည် အစကပင် ကြိုတွေးထားခဲ့ပေသည်။ ကွာရှင်းစာအား တရား၀င်ဖြစ်အောင် လုပ်ပြီး မြို့တော်၌ အခြေအနေ မေးမြန်းရန် ရက်အနည်းငယ် နေရဦးမည်ဖြ စ်သည်။ ထို့နောက် တင်းယွမ်မြို့တော်မှ အခြားမြို့တော်သို့ အိမ်ထောင်စု ရွှေ့ပြောင်းရန် ရုံးတော်ကို တောင်းဆိုရမည်။ ထိုသို့ဖြင့် သူမတို့သည်လည်း ယွဲ့မိသားစုနှင့် ဝေးရာသို့ သွားနိုင်ပေမည်။
“ဟုတ်တယ် အမေတို့က တစ်မိသားစုတည်း မဟုတ်မှတော့ တွေ့လည်း ကောင်းတာဖြစ်လာမှာ မဟုတ်လောက်ဘူး” အမျိုးသမီးစုသည်လည်း ထိုသို့တွေးထား၍ ယိုကျင့်ပြောသည့် အကြောင်းအရာအား အကျိုးသင့်အကြောင်းသင့်သည်ဟု တွေးပေသည်။ ထို့ကြောင့် သဘောတူလိုက်သည်။
သို့သော် တစ်ခါတစ်ရံ အချို့အရာများသည် မျှော်လင့်ထားသည်ထက် ပို၍လျင်မြန်စွာ ဖြစ်ပျက်ပေသည်။ နောက်တစ်နေ့ မနက်ခင်း၌ ယိုကျင့်သည် ရုံးတော်တွင် အိမ်ထောင်စုစာရင်း ပြင်ဆင်ရန် စီစဉ်ထားသော်လည်း အမျိုးသမီးဟန်နှင့် လမ်းပေါ်၌ မတော်တဆတွေ့ဆုံခဲ့လေသည်။
…