အခန်း ၂၈၃ ။ တိုက်ခိုက်မှုပြီးမြောက်
၃၀မိနစ်အကြာ။
ကူယွဲ့က မဲ့ပြုံးပြုံးတယ်။
“ဒါ… မင်းရှာနေတဲ့ အထိန်းတော်လား”
“အမှန်ပဲ”
ငါ့ခြေထောက်ကိုမှန်။ ဒါ သစ်ပင်မဟုတ်ဘူးလား။
သူ့ရှေ့က သစ်ပင်လူကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ လူက သစ်ပင် ပင်စည်လောက် ကျယ်ပြန့်တယ်။ သူ့ခေါင်းထိပ်မှာက သစ်ရွက်စိမ်းတွေရှိနေတယ်။ သူ့ကိုယ်ကနေ ထွက်နေတာကတော့ လေနဲ့အတူ ယိမ်းနွဲ့နေတဲ့ သစ်ကိုင်းတွေ။ အချိန်နဲ့အမျှ သူ့သစ်ကိုင်းတွေကို သုံးပြီး ဆံပင်ပြင်သလိုမျိုး အရွက်တွေကို ပြင်နေသေးတယ်။
ချီး၊ သစ်ပင်အမဟ။
“ရှန်းရင် ဒါဘာလဲ၊ မုန်လာဥဖြူရဲ့ အမျိုးလား”
ကူယွဲ့က ရှန်းရင်ကို ဘေးဆွဲခေါ်ကာ ခပ်တိုးတိုးမေးလိုက်တယ်။
“သစ်ပင်ဂြိုဟ်သားဟ”
“သူက သစ်သားဓာတ် ဆေးကုနည်းတွေ သိတာလား”
“ဟင့်အင်း”
“ရေဝိညာဉ်ကြောလား”
“ဟင့်အင်း”
“ဒါဆို မုန်လာဥဖြူလောက် မကောင်းဘူး;”
ကူယွဲ့က သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
“စိတ်အေးအေးထားစမ်းပါ၊ သစ်ပင်ဂြိုဟ်သားက ကြယ်ကွန်ရက်ထဲမှာ ရှားပါးမျိုးစိတ်ပဲ၊ သူ့မျိုးစိတ်တွေက ထူးခြားတဲ့အစွမ်းတွေရှိပြီး S အဆင့် တိုက်ခိုက်ရေးအစွမ်းတွေရှိတယ်၊ သူတို့ကို ရှာဖို့ အရမ်းခက်တာဟ”
“အထိန်းတော်လို့ မင်းမပြောခဲ့ဘူးလား”
“အမှန်ပဲ” ရှန်းရင်က ခေါင်းညိတ်လိုက်တယ်။ သူမနောက်က သစ်ပင်လူကို တစ်ခုခု အချက်ပြလိုက်သလိုမျိုး အားပေးဟန်နဲ့ လှည့်ကြည့်လေတယ်။
သစ်ပင်အမက ပြုံးပြီး ရှေ့နှစ်လှမ်းတက်လာတယ်။ သူမ မျက်လုံးတွေကို ပိတ်လိုက်ပြီး ဘေးနှစ်ဖက်မှာ ချထားတဲ့လက်တွေကို ခပ်တင်းတင်း ဆုပ်လိုက်တယ်။ သူမတစ်ကိုယ်လုံးတင်းမာသွားပြီး သူတို့ကို ဦးညွှတ်လာတယ်။ ရှိသမျှစွမ်းအင် ထုတ်သုံးနေရပုံပဲ။
ကူယွဲ့ထခုန်ကာ မျက်လုံးတွေပြူးသွားတယ်။ ဒီသစ်ပင်လူသားက တကယ်ပဲ ကြီးမားတဲ့အစွမ်းတွေ ရှိနေတာ ဖြစ်နိုင်လား။
အဲသစ်ပင်လူသားရဲ့အမူအရာက ပိုပြီးတောင် နာကျင်လာတဲ့ပုံ။ သူမက ငုံ့သထက်ငုံ့လာတယ်။ ခေါင်းပေါ်က သစ်ရွက်စိမ်းတွေက ရုတ်တရက် အစိမ်းရောင်အလင်းစက်တွေအဖြစ် ပြောင်းလဲကုန်လေရဲ့။ ရုတ်တရက် သူမက မတ်မတ်ရပ်တယ်။
ရွှီးခနဲ အသံတချို့ ပေါ်လာပြီး သူမခေါင်းပေါ်က သစ်ရွက်တွေကြား အသီးတွေ ရုတ်တရက် ပေါ်လာတော့တယ်
-_-|||
သစ်ပင်လူသားက အားရပါးရပြုံးပြီး ရှန်းရင်ကို သစ်သီးတစ်လုံး ကမ်းပေးတယ်။
“စားမလား” ရှန်းရင်က အနီရောင်အသီးတစ်လုံး ကမ်းပေးတယ်။
ကူယွဲ့ ။ ။ “…”
သူ စားပွဲကို မှောက်ပစ်ချင်လာပြီ ဒါကို သောက်ကျိုးနည်း အထိန်းတော်လို့ ခေါ်တာလား။ မင်း ဒီတိုင်း လှုပ်ရှားတဲ့ သစ်သီးလှည်း လိုချင်ရုံ မဟုတ်လားဟ။
(╯‵□′)╯(┻━┻
——————
တစ်နာရီအကြာ။
“ဒီနယ်မြေAမှာ အမှတ်၁သိန်း ရနိုင်တာ သေချာရဲ့လား”
ကူယွဲ့က သူ့ရှေ့ကတွင်းကို လက်ညှိုးထိုးကာ မေးလိုက်တယ်။
“အွန်း အွန်း အွန်း၊ ဒါ နယ်မြေAရဲ့ ပထမအဆင့်သားရဲပဲ” ရှန်းရင် အပေါ်ကိုလက်ညှိုးထိုးကာ စခရင်တစ်ခုကို အသက်သွင်းလိုက်တယ်။ တကယ်ပဲ သားရဲကို A+ အဆင့်အဖြစ် ပြသထားတယ်။
“တစ်ကောင်ပဲရှိပြီး တခြားမရှိတော့ဘူးလား”
“ဟင့်အင်း”
“အုပ်စုလိုက်ကြီးလည်း မရှိဘူးနော်”
“သေချာပေါက် မရှိဘူးပေါ့”
“ကောင်းပြီ၊ မင်းကို နောက်တစ်ကြိမ် ထပ်ယုံလိုက်မယ်”
ကူယွဲ့ လေစည်းချိပ်တစ်ခု ဖန်တီးလိုက်တော့ လေပြင်းဓားအဖြစ် ပြောင်းလဲသွားတယ်။ သူ တွင်းပေါက်ကြီးထဲ တန်းတန်းမတ်မတ် ပစ်ထည့်လိုက်တယ်။
တစ်အောင့်နေတော့ တွင်းပေါက်ကြီးထဲ လှုပ်ရှားမှုရှိလာတယ်။ အော်သံကျယ်ကြီးနဲ့အတူ မြေကြီးက တုန်ယင်နေတော့တယ်။ အားကောင်းတဲ့ချီတွေ တွင်းထဲကထွက်လာပြီး ပုံရိပ်မည်းကြီးတစ်ခု ပေါ်လာခဲ့တယ်။
ကူယွဲ့ ရင်တုန်သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်တယ်။ အကောင်ကြီးကြီးပုံစံပဲ။ ချက်ချင်း သူ အကာအကွယ်အင်းကွက်တွေကို ပတ်ပတ်လည်မှာချကာ ဓားကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး တွင်းကို စူးစူးစိုက်စိုက်ကြည့်လိုက်တယ်။ အမည်းရောင်ပုံသဏ္ဌာန်ကြီးက နီးကပ်သထက် နီးကပ်လာပြီး ထူးဆန်းတဲ့အသံတွေကို သူ ဝိုးတဝါး ကြားလိုက်ရတယ်။
တစ်ခဏအကြာမှာတော့ ကြီးမားတဲ့ အရိုးစားတီကောင်ကြီးတစ်ကောင် တွင်းထဲပေါ်လာတယ်
(⊙_⊙)
ကူယွဲ့က နှုတ်ခမ်းကို သပ်ကာ မျက်လုံးကိုမယုံရဲဖြစ်နေတယ်။ မြေပြင်ပေါ်က သားရဲက ဂျယ်လီတုံးလိုပဲ။ ဖောက်ထွင်းပြီးလည်း မြင်ရတယ်။ ဒါက နယ်မြေA က နံပါတ်တစ်သားရဲလား။
အာဝူး…။
သားရဲအော်ဟစ်တဲ့ပုံက လုံးဝကို အန္တရာယ်ကင်းတဲ့ဟန်။
ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ ကောင်းပြီလေ၊ ရှန်းရင်က သူ့ကို ဒီတစ်ကြိမ် မလိမ်ခဲ့ဘူးပဲ။ ဒါက တကယ့်ကို နယ်မြေ A ရဲ့ သားရဲသေးသေးလေး။ သူ့ဓားကိုယမ်းပြီး သားရဲကို တိုက်ခိုက်လိုက်တယ်။ ဖျတ်ခနဲမြည်သံနဲ့အတူ ဂျယ်လီက ငါးပိုင်းခြောက်ပိုင်း ပြတ်ထွက်သွားခဲ့တယ်။
“သွားကြစို့လား” ကူယွဲ့ တစ်ဖက်ကိုလှည့်ကာ ရှန်းရင်ကို လက်ယမ်းပြပြီး ဓားကိုသိမ်းဖို့လုပ်လိုက်တယ်။
သူ့နောက်ကနေ အာဝူး… အာဝူး… ဆိုတာတွေ ကြားလိုက်ရတယ်။ အော်သံတွေ ဆက်တိုက်ပဲ။
လှည့်ကြည့်လိုက်တော့ သူ့ဆီတစ်ရှိန်ထိုးလာနေတဲ့ တီကောင်လေးငါးကောင်။
ဘာတွေဖြစ်နေတာလဲ။
ကူယွဲ့ တန့်သွားပြီး ဓားချီတွေကို ဖုတ်ပူမီးတိုက်အလိုလိုဆင့်ခေါ်ကာ တီကောင်တွေကို သူတို့နဲ့အတူ တိုက်ခိုက်တော့တယ်။ တီကောင်တွေက ပိုင်းပြတ်သွားပေမဲ့ ဒီအပိုင်းသေးသေးလေးတစ်ခုချင်းစီက သားရဲလေးအသစ်အဖြစ် ပြောင်းလဲသွားတယ်။ ရုတ်တရက် သူ့ရှေ့ တီကောင်၂၀လောက် ရှိသွားပြီ။
ဒါက…။
“ရှန်းရင် တစ်ကောင်ပဲရှိတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား”
“အင်းလေ… တစ်ကောင်ပဲရှိတာပါ”
“ငါ့ခြေထောက်ကို တစ်ကောင် ပုံတူပွားနိုင်တယ်လို့ မင်းမပြောခဲ့ဘူးလေ”
“ငါလည်း ခုမှသိတာဟ”
“လဲသေလိုက်”
တီကောင်တွေက မြေကြီးပေါ် ပြည့်သွားပြီး အားလုံးက သူတို့ဆီ တစ်ရှိန်ထိုးပြေးဝင်လာတယ်။ တချို့ဆို သူတို့ပေါ်ခုန်တက်ဖို့ပါ လုပ်လေတယ်။ သူတို့က ကူယွဲ့အင်းကွက်ကြောင့် ပြန်ကန်ထွက်သွားပြီး တစ်ကောင်စီက နှစ်ကောင်အဖြစ် ကွဲထွက်ကုန်တယ်။ နောက်ထပ်တီကောင်၂ကောင်က အဖွဲ့ထဲ ပူးပေါင်းလာတယ်။
ဆယ်မိနစ်အတွင်း သူတို့တွေ သားရဲအုပ်ကြီးဝိုင်းခံလိုက်ရတယ်။ သူတို့တွေက တိုက်ခိုက်ဖို့ခက်ပေမဲ့ နံပါတ်အရေအတွက် တိုးလာတာ။ တစ်ဦးတည်းသောခန္ဓာကျင့်ကြံသူ ရှန်းရင်ကလည်း မကူညီနိုင်။ ကူယွဲ့ ဘာလုပ်ရတော့မလဲ။
သူရင်ထိတ်သွားတယ်။ ရုတ်တရက် သူတို့နဲ့အတူ တခြားလူတစ်ယောက်ရှိတာကို မှတ်မိသွားပြီး အနောက်က အထိန်းတော်ဘက်လှည့်လိုက်တယ်။
“အင်း သစ်-”
သူ စကားမဆုံးခင် တစ်ယောက်ယောက် သဲတူးနေသံကိုကြားလိုက်ရတယ်။ သူတို့နောက်က သစ်ပင်လူသားက သူတို့မသိလိုက်ခင်မှာတင် ကျွင်းတူးပြီး ဖျတ်ခနဲ အထဲကိုခုန်ဝင်သွားခဲ့ပြီ။ စက္ကန့်ပိုင်းအတွင်း သစ်ပင်တစ်ပင်လုံး မြေကြီးထဲ မြုပ်သွားလေတယ်။
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
ခွေးမ*သား
凸(艹皿艹)
သူတို့က ရှားပါးမျိုးစိတ်လို့ သူမ မပြောခဲ့ဘူးလား။ ရှာဖွေရခဲယဉ်းတယ်ဆို။
ဖြစ်နိုင်တာက သစ်ပင်လူသားက သူ့သူငယ်ချင်းတွေကို သစ္စာဖောက်မိနေတယ်ဆိုတာ သိလို့ထင်တယ်။ မြေဆီလွှာတွေက ဖွာသွားပြီး အနီရောင်သစ်သီးတစ်လုံး ထွက်လာလေတယ်။
နှစ်ယောက်သား ။ ။ “…”
ဒါ… စွန့်ပစ်ထားခဲ့တဲ့အတွက် တောင်းပန်မှုလား။
ဒါ ဂိမ်းဂြိုဟ်မဟုတ်ဘူး။ ငတုံးဂြိုဟ်လို့ အကျိုးနည်းခေါ်သင့်တာ
***
ကူယွဲ့နဲ့ ရှန်းရင် နောက်ဆုံးတော့ သူတို့မစ်ရှင်ကို ပြီးမြောက်သွားခဲ့တယ်။ နှစ်နာရီ ကြာညောင်းခဲ့ပေမဲ့လည်းပေါ့။ သူတို့ တီကောင်တွေရဲ့ ဖိသိပ်တာကို ခံရခါနီးဆဲဆဲမှာတင် ဒီသားရဲလေးတွေက မိုးကြိုးကို ကြောက်တယ်ဆိုတာ သိခဲ့ရတယ်။
သူက ချက်ချင်း မိုးကြိုးတံဆိပ်ကိုဖန်တီးပြီး မြေပြင်တစ်ခုလုံးကို မီးလောင်ကျွမ်းနေတဲ့အနံ့တွေ ပြည့်သွားစေခဲ့တယ်။ တီကောင်တစ်ကောင်မှ မကျန်တော့ဘူး။
သူ့ဘေးမှာတော့ စနစ်ရဲ့စခရင်က အသံမြည်ပြီး ပြသလာတယ်။ မစ်ရှင် ပြီးမြောက်ပါပြီ
သူ့ရမှတ်က ၅၀၁၀၀ ဆီ ခုန်တက်သွားတယ်။ တခြားရမှတ်၅၀၀၀၀ကတော့ တစ်ချိန်လုံး ဘေးမှာရပ်ပြီး ကူယွဲ့ကို ကြည့်နေရင်း တီကောင်တစ်ကောင်ပေါ် မတော်တဆ တက်နင်းမိတဲ့ ရှန်းရင်ဆီ ရောက်သွားခဲ့လေတယ်။ မြေကြီးထဲ မြုပ်နေတဲ့ သစ်ပင်လူသားကတော့ သူ့အကူအညီကင်းမဲ့မှုကြောင့် တစ်မှတ်မှ မရလိုက်ဘူး။
“ငါတို့ ဘယ်ဆက်သွားသင့်လဲ” ကူယွဲ့ ရှန်းရင်ကို သူ့ဘေးဆွဲခေါ်လိုက်တယ်။ တစ်အောင့် စဉ်းစားပြီးနောက်မှာတော့ သူက သူ့စာရင်းကိုသူ ဆွဲထုတ်လိုက်တယ်။ ကိုယ်တိုင်သိအောင်လုပ်တာက ပိုပြီးဘေးကင်းမယ်လို့ထင်တာပဲ။
“တော်ပြီ၊ အိမ်ပြန်ကြစို့”
ကူယွဲ့ သူမကို အထူးအဆန်းကြည့်လိုက်တယ်။
“ငါတို့ သားရဲတွေ ထပ်မသတ်တော့ဘူးလား”
ရှန်းရင်က သက်ပြင်းချတယ်။
“ငါပင်ပန်းလွန်းနေပြီ” သူမ ဆက်မသွားနိုင်တော့ဘူး။ မဟုတ်ရင် သူမအစ်မက သူတို့ဘယ်သွားလဲဆိုတာ သိသွားလိမ့်မယ်။
“…” ငါ့ခြေထောက်ကို ပင်ပန်း။ သားရဲတွေအားလုံးကို တိုက်ခိုက်ခဲ့ရသူက သူ မဟုတ်ဘူးလား။
ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ အကြည့်လွှဲလိုက်တယ်။ သူ တစ်အောင့်စဉ်းစားပြီးနောက်မှာတော့ မကန့်ကွက်တော့ဘူး။ သူ သူ့စခရင်ဘေးက ခလုတ်ကို နှိပ်လိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ သူ့ပတ်လည်မှာ အလင်းရောင်တန်းတွေ ပေါ်လာခဲ့တယ်။
သူတို့ တိုက်ခန်းထဲ ပြန်ရောက်နေခဲ့ပြီ။ သူ အလင်းဦးနှောက်လို့ ရှန်းရင်ခေါ်တဲ့ လက်ပတ်ကို လှမ်းကြည့်လိုက်တယ်။ ရုတ်တရက် အပြင်စကြ၀ဠာဆီ သွားပြီး သူကိုယ်တိုင် ရှာဖွေစူးစမ်းချင်စိတ်တွေ တကယ်ကို တဖွားဖွားပေါ်လာခဲ့တယ်။
မသိလိုက်ပါဘဲ သူ့မသေမျိုးချီကို အသက်သွင်းမိသွားတယ်။ မီးတောက်တစ်ခု သူ့လက်ဖဝါးထဲ ပေါ်လာတယ်။ ရှန်းရင်ပြောတာ မှန်တယ် – ဂြိုဟ်အပြင်ဘက်မှာတောင် သူ့ကျင့်ကြံဆင့်ရှိသေးတယ်။
…