အခန်း ၂၈၄ ။ မျက်နှာပြင် ကျူးကျော်မှု
ကူယွဲ့နဲ့ ရှန်းရင်တိုက်ခန်းမှာ ၅ရက်၆ရက်ကြာ နေခဲ့တယ်။ ဒါပေမဲ့ ရှန်းကျင်းက ပေါ်မလာသေးဘူး။
ကူယွဲ့က ရှန်းရင်ရဲ့ ဂိမ်းဆီ နောက်တစ်ကြိမ် ဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသား ငြင်းလိုက်တော့တယ်။ သူမရဲ့ မီးလောင်ရာလေပင့်တဲ့သူ မရှိတော့ ရှန်းရင်လည်း ရွေးစရာမရှိတော့ဘဲ သူမရဲ့ ခေတ်ဟောင်းဂိမ်းလေးတွေဆီပဲ ပြန်သွားရတော့တယ်။
တစ်ဖက်မှာတော့ ဖေဖေနျိုက ကြယ်ကွန်ရက်ရဲ့ နည်းပညာထဲ စိတ်ဝင်စားနေတယ်။ လက်ပတ်ရဲ့ မတူညီတဲ့လုပ်ဆောင်ချက်တွေကို သုတေသနလုပ်ရင်း အလုပ်များနေလေရဲ့။
“ဗိုက်ဆာလိုက်တာ” ရှန်းရင် ဆိုဖာပေါ် ပျင်းတိပျင်းရွဲထိုင်ချလိုက်တယ်။ သူမကြည့်ရတာ လုံးဝကို ဂိမ်းဆော့တဲ့ပုံစံနဲ့ ကွဲပြားနေတယ်။
“ဖေဖေနျို၊ နင် ငါပြောနေတဲ့ အဲစားသောက်ဆိုင်ကို စမ်းမစားကြည့်ချင်တာ သေချာရဲ့လား”
“သွားစမ်းပါ” ကူယွဲ့က မျက်ဆန်တွေလှန်လိုက်တယ်။ သူ ငုံ့ပြီး နောက်တော့ ဖုန်းကိုကောက်ယူကာ အင်တင်တင်နဲ့ အော်ဒါမှာလိုက်တယ်။ ငါ့ရဲ့နေစရိတ်စားစရိတ်အတွက် ပေးတယ်ပဲမှတ်ထားလိုက်
သူ အစားသရဲဘက် စိန်းစိန်းဝါးဝါးလှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့တွေ ရှန်းကျင်း ဘယ်ချိန်မှ ပြန်ရောက်လာမလဲ မသိဘူး။
သူ စပြီး မဆိုစလောက် မသက်မသာဖြစ်လာတယ်။ ဒီတစ်လျှောက်လုံး ရှန်းရင်ပါးစပ်က ဒီတိုင်း အငြိမ်မနေနိုင်တာလို့ သူထင်ခဲ့တာ။ သူက အစားသရဲအဖြစ် မွေးဖွားလာပြီး သူမက သဘာဝအလျောက် cheat ပေါ့။ အဲဒါကြောင့် သူမခန္ဓာကိုယ်က တစ်ခုခုလွဲနေတယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့တာပဲ။ ရှန်းရင်ကလည်း အများကြီးစဉ်းစားတတ်တဲ့သူမဟုတ်ဘူး။ ရှန်းကျင်းသာ တစ်ခုခုလွဲနေမှန်း သတိမထားမိခဲ့ရင် သူတို့တွေ ရှန်းရင်တစ်ခုခုဖြစ်နေတာ ဘယ်တော့မှ သိခဲ့မှာမဟုတ်ဘူး။ သူတို့တွေ သူမကို အစားအသောက်လျှော့ဖို့တောင် ဖျောင်းဖျမိလောက်တယ်။
အဲဒါမဟုတ်သေးဘူး – စားဖိုမှူးက တစ်ခုခု နားလည်ခဲ့တာပဲဖြစ်ရမယ်။ အဲဒါကြောင့် ဟင်းချက်ဖို့ အမြဲ မီးဖိုချောင်ထဲမှာပဲ အောင်းနေခဲ့တာဖြစ်နိုင်တယ်။ သူက သူမကို အမြဲထောက်ထားတတ်သူဆိုပေမဲ့ ဝဖိုင့်သွားမှာကို ဘယ်တော့မှ စိုးရိမ်တဲ့ပုံမပေါ်။
ကူယွဲ့က သူ့ရင်ထဲ ပြောမပြတတ်တဲ့ အပြစ်ရှိစိတ်ကိုခံစားလိုက်ရတယ်။ ရုတ်တရက် သူ သူမအဖေအနေနဲ့ တာဝန်မကျေခဲ့သလို ခံစားနေရတယ်။ သူ မိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီး စာအုပ်တွေပိုဖတ်သင့်လား။
(ˇˍˇ)
အော်ဒါ ရောက်မလာခင် ကူယွဲ့ သူတို့မှာထားတဲ့ ကိတ်မုန့်တွေကို ရေခဲသေတ္တာထဲကနေ ကိတ်မုန့်တချို့ထုတ်လိုက်တယ်။ စားစရာရောက်မလာခင်ထိ ရှန်းရင်အစာအိမ် ဗလာမကျင်းနေတာ သေချာအောင် လုပ်ချင်ခဲ့ရုံပဲ။
ရုတ်တရက် သူ သတိပေးသံလိုမျိုး တတီတီအသံတွေ အိမ်ထဲမှာ ကြားလိုက်ရတယ်။ အသံတွေက သူဝတ်ထားတဲ့ လက်ပတ်ကနေလည်း ထွက်လာနေတယ်။
“မျက်နှာပြင်ထဲ သတိပေးချက်ပဲ” စောနက ဆိုဖာပေါ် ငါးသေတစ်ကောင်လို လှဲနေတဲ့ ရှန်းရင်က ရုတ်တရက် ထခုန်တယ်။ သူမက ထိုင်ခုံဆီ အပြေးသွားပြီး တစ်စုံတခုကို နှိပ်လိုက်တယ်။ စခရင်တစ်ခုက တစ်ခါတည်း ခုန်တက်လာပြီး ရင်းနှီးနေတဲ့ အပြာရောင်ဂြိုဟ်တစ်ခုပုံကို ပြသထားလေတယ်။
အဲဒါ… ကမ်ဘာလား။
“ရှောင်ရင်” နောက်အခိုက်အတန့်မှာတော့ ယောက်ျားတစ်ယောက် စကားပြောသံ ထွက်လာတယ်။ နောက်တစ်ခရင်တစ်ခု လေထဲလင်းလာပြီး အပြာရောင်ယူနီဖောင်းနဲ့ လူတစ်ယောက် အဲပေါ် ပေါ်လာလေတယ်။
“ဦးလေး… ခိုင်ထျန်း” ရှန်းရင် ကြောင်သွားတယ်။
စခရင်ထဲကလူက နှုတ်ခမ်းကိုသပ်တယ်။
“ငါ အကြိမ်ပေါင်းများစွာပြောပြီးပြီ – ငါ့ကို အစ်ကိုကြီးလို့ခေါ်ပါဆို ငါအဲလောက်အိုလို့လား”
အဲလူက ခေါင်းယမ်းတယ်။
“မင်း စောနက အဲသတိပေးချက်ကို မြင်လိုက်တယ်မလား”
“ဟုတ်” ရှန်းရင်က ခေါင်းညိတ်တယ်။
“မင်းနားရက် ရထားတယ်ဆိုတာ သိပေမဲ့ အဲဂြိုဟ်က မင်းနဲ့နီးတယ်၊ ငါက အခုနယ်မြေTမှာဆိုတော့ အခုထွက်သွားလို့မရဘူး၊ တစ်ချက်ကြည့်ပေးဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ”
“ဟင့်အင်း” သူမ ချက်ချင်း ငြင်းလိုက်တယ်။
“အဲလိုမလုပ်ပါနဲ့၊ ရှောင်ရင် ငါတို့တွေက လုပ်ဖော်ကိုင်ဖက်အနေနဲ့ တစ်ယောက်ကို တစ်ယောက်ကို တစ်ယောက် ကူညီရမယ်လေ”
“အချိန်ပိုကြေးမှမရတာ”
“ရှောင်ရင်…” ခိုင်ထျန်းမျက်နှာက ရှုံ့တွနေပေမဲ့ မျက်ရည်တွေတော့ ရှိမနေ။ ရုတ်တရက် သူတစ်စုံတစ်ရာကို တွေးမိသွားတယ်။ အံကိုကြိတ်ရင်း သူပြောလိုက်တယ်။
“ကြယ်ကွန်ရက်ရဲ့ အွန်လိုင်းဂိမ်းအသစ်ရဲ့ အတွင်းပိုင်းမူဝါဒတွေကို စမ်းသပ်ခွင့်”
“သဘောတူတယ်”
“…”
“တည်နေရာပို့လိုက်ပါ”
ရှန်းရင်က ချက်ချင်း သူမစခရင်ပေါ် တတောက်တောက် နှိပ်တော့တယ်။ တစ်အောင့်နေတော့ သူမဆီ နံပါတ်အုပ်လိုက်ကြီး ရောက်လာတယ်။
“ဒီနံပါတ်တွေက ထူးဆန်းတယ်” ခိုင်ထျန်းက သူမကိုသတိပေးတယ်။
“အရင်က ဒီဂြိုဟ်နဲ့နီးတဲ့ မြေပုံအညွှန်းတွေ မရှိခဲ့ဘူး၊ မင်း သတိထားမှဖြစ်မယ်နော်”
“ကောင်းပါပြီ”
“အပင်ပန်းခံပေးလို့’ကျေးဇူးနော်” အဲလူက ခေါင်းညိတ်ပြပြီး ပျောက်သွားတော့တယ်။
ကူယွဲ့က သိချင်စိတ်နဲ့ လျှောက်လာခဲ့တယ်။
“အဲဒါ ဘယ်သူလဲ”
“ငါ့အစ်မရဲ့ တခြားလက်ထောက်” ရှန်းရင်က ပြန်ဖြေပြီးမှ တစ်ခဏစဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်တယ်။
“ငါ့ လုပ်ဖော်ကိုင်ဖက်”
“နင့်အစ်မမှာ လက်ထောက်ဘယ်နှစ်ယောက် ရှိလဲ” မျက်နှာပြင်စီမံရေးက အသင်းကြီးတစ်သင်းနဲ့ ဖွဲ့စည်းထားတာလို့ ဘာလို့ခံစားနေရတာပါလိမ့်။
“နှစ်ယောက်တည်းပဲ” ရှန်းရင်က နံပါတ်တွေကို ချင့်တွက်ရင်း ဖြေလိုက်တယ်။
“သာမန်အခြေအနေတွေအောက်မှာ သူမက ဘာလက်ထောက်မှ မရှိပါဘူး၊ ဒါပေမဲ့ ခိုင်ထျန်းရဲ့ အခြေအနေက… ထူးခြားတယ်”
“ထူးခြားတယ်လား”
“သူက ဒီမျက်နှာပြင်က မဟုတ်ပေမဲ့ ဘာကြောင့်မှန်းမသိ သူ့မျက်နှာပြင်ကို ဖွင့်လို့မရဘူးလေ၊ အစ်မကြီးလည်း ရွေးစရာမရှိဘဲ သူ့ကို နေခွင့်ပေးလိုက်ရတာ”
ကူယွဲ့ ခေါင်းညိတ်ပြီး သူမကိုလှည့်ကြည့်လိုက်တယ်။
“မင်းကရော”
“ငါလား” ရှန်းရင် တန့်သွားတယ်။ ဒေါသတကြီး သူမကပြောလိုက်တယ်။
“သေချာပေါက် ငါ… နောက်ဖေးပေါက်ကနေ ဖြတ်လာခဲ့တာပေါ့”
“…” သူမက ဒါနဲ့ပတ်သက်ပြီး အဲလောက် ဘွင်းဘွင်းရှင်းရှင်း ဖြစ်ဖို့လိုလို့လား။
“ကောင်းပြီလေ” ရှန်းရင် သူမရှေ့က စခရင်ကို ပိတ်လိုက်ပြီး ကူယွဲ့ကိုလှည့်ကြည့်လိုက်တယ်။
“ဖေဖေနျို စွန့်စားခန်းထွက်ကြရအောင်”
ကူယွဲ့ မျက်ဆန်လှန်ကာ သူမကို ဖော်လိုက်တယ်။
“မင်း သောက်ကျိုးနည်း နည်းလမ်းမသိတာမလား”
“…”
————
နဂိုအရတော့ မျက်နှာပြင်သတိပေးချက်တွေက မျက်နှာပြင်တစ်ခုလုံးရဲ့ တည်မြဲမှု ခြိမ်းခြောက်ခံရတော့မှ ထွက်လာတာ။ ဥပမာအနေနဲ့ သူတို့က အာကာသမုန်တိုင်း၊ အာကာသ အုံကြွမှုမျိုး ဒါမှမဟုတ် မျက်နှာပြင်ကျူးကျော်မှုမျိုးရှိတဲ့အချိန်ကျမှ အသံထွက်လာတာ။
မျက်နှာပြင် စီမံထိန်းသိမ်းသူတွေပဲ ဒီလိုသတိပေးချက်မျိုးကို အာရုံခံနိုင်တယ်။ ဒါပေမဲ့ ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူရှန်းကတော့ သိသိသာသာ ကျွမ်းကျင်သူပဲ။ သူမက မူမမှန်မှုသေးသေးလေးနဲ့တောင်မှ အသံထွက်တဲ့ သတိပေးစနစ်ကို ဖန်တီးထားတာ။
စိုးရိမ်တကြီးနဲ့ ကူယွဲ့က သတိပေးချက်ရှိတဲ့ဘက်ကို ဓားပျံနဲ့ထွက်လာခဲ့တယ်။ ဒါက အမတဘုံမဟုတ်၊ ခေတ်သစ်ကမ္ဘာ။ ရှန်းရင်က ဒီကမ္ဘာရဲ့ နည်းပညာကို အမြဲအလိုလို အထင်သေးနေပေမဲ့ သူ ဘယ်နိုင်ငံရဲ့ ရေဒါစနစ်ထဲမဆို မတော်တဆ ပျံသန်းသွားပြီး ကျူးကျော်သူအဖြစ် သတ်မှတ်ခံရရင် ဖောက်ခွဲခံရဖို့ အန္တရာယ်များတယ်။ ကံကောင်းလို့ ရှန်းရင်က ဒီတစ်ကြိမ်တော့ သူ့ကို စိတ်မပျက်စေခဲ့ဘူး။ သူမ သူ့ကိုပေးခဲ့တဲ့ လက်ပတ်က ဘယ်ရေဒါမှ သူ့ကိုအာရုံမခံမိအောင် ကူညီပေးလေတယ်။
သူတို့ လမ်းတစ်လျှောက်တွေ့ခဲ့တဲ့ လေယာဉ်ပျံတွေကတောင် လက်ပတ်မှာ အလိုအလျောက် ကိုယ်ပျောက်လုပ်ဆောင်ချက်ရှိလို့ သူတို့ကိုသတိမထားမိဘူး။ သူတို့မှာ ရှိခဲ့သမျှအသုံးအဆောင်ထက် ပိုပြီးတောင် အသုံးဝင်တယ်။ ကူယွဲ့ သူသုံးနေတဲ့ နည်းပညာကို ဂုဏ်မယူမိဘဲမနေနိုင်ဘူး။
“ဒီမှာလား” ကူယွဲ့ အဆုံးသတ်မဲ့ပုံမပေါ်တဲ့ ပင်လယ်ကို ငုံ့ကြည့်ပြီး တန့်သွားတယ်။
ကူယွဲ့ မြေပုံအညွှန်းကိုကြည့်ကာ ခေါင်းညိတ်လိုက်တယ်။
“ဒီမှာပဲ”
“ဒီမှာ ဘာမှမရှိပါလား”
“အချိန်မကျသေးလို့လေ”
ရှန်းရင်က သူ့ကို အောက်ဘက်ကို နိမ့်ပျံဖို့ အမူအရာပြလာတယ်။ သူတို့တွေ ကျွန်းလေးတစ်ကျွန်းပေါ် ရပ်လိုက်တယ်။ ရှန်းရင် သူမလက်ပတ်ကို သူမထိလိုက်ပြီး စခရင်တစ်ခုပေါ်လာစေကာ နံပါတ်တွဲတွေပြသနေလေတယ်။ သူမ လေထဲ အချိန်ရေစက်ကို အသက်သွင်းလိုက်ချိန် စက်ပေါ်မှာ ငါးမိနစ်ကျန်တယ်။
ရှန်းရင် အရိပ်တစ်ခုထက် မပိုတဲ့ စခရင်ပေါ် သူမလက်ညှိုးနဲ့ အလုပ်လုပ်နေတယ်။ နံပါတ်တွေက စခရင်ပေါ်ပြေးနေဆဲ။
“ထူးဆန်းတယ်…” သူမက ရုတ်တရက် မျက်မှောင်ကြုတ်တယ်။
“ဘာဖြစ်တာလဲ”
“ဒီဒေတာက အာကာသနဲ့ အချိန်ထဲ ပေါက်ကွဲမှုမျိုး ရှိနေတဲ့ပုံနဲ့မတူဘူး”
“ဘာဆိုလိုတာလဲ”
“ဒါမျက်နှာပြင် ကျူးကျော်မှုပဲ၊ တစ်ခုခု ငါတို့ဆီ လာနေပြီ” ရှန်းရင်အမူအရာ မည်းမှောင်သွားပြီး ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်တယ်။
တကယ်ပဲ သူတို့ရှေ့ကကောင်းကင်က တွန့်သွားတယ်။ သူတို့ရှေ့ဘာမှမရှိပေမဲ့ တစ်ခုခု ဖောက်ထွက်လာတော့မဲ့ပုံမျိုး။ ပြီးတော့ အဲအရာက အတော်လေးကြီးမားပုံပဲ။
“ထွက်လာနေပြီ” ရှန်းရင် အမြန် နောက်ပြန်ဆုတ်လိုက်တယ်။ ကူယွဲ့ သူမကိုဒီလောက်တည်တံ့နေတာ မမြင်ဖူးတာမို့ စိတ်လှုပ်ရှားလာတယ်။
“ဘာများဖြစ်မလဲ”
“ငါလည်းမသိဘူး၊ ဒါက တခြားမျက်နှာပြင်ကပဲ၊ ဒီမျက်နှာပြင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်”
“ဒါဆို ငါတို့ဘာလုပ်သင့်လဲ”
“ပြန်သွားရင်ပြန်သွား… မဟုတ်ရင် ဖျက်ဆီးပစ်”
ကူယွဲ့ရင်ထိတ်သွားတယ်။ ချက်ချင်းပဲ သူ သူ့အမတဓားကို ဆင့်ခေါ်လိုက်တယ်။ မိနစ်ပိုင်းအတွင်း သူတို့ပတ်လည်မှာ အင်းကွက်တချို့ သူချလိုက်တယ်။
အခြေအနေက ကောင်းတဲ့ပုံမပေါ်။
သူတို့ရှေ့က ကောင်းကင်က ခုပိုပြီးတောင် အပြင်းအထန်ခါယမ်းနေပြီ။ သူတို့ဘေးက အချိန်ရေတွက်စက်က သုညရောက်တော့မယ်။ ဆယ့်စက္ကန့်တောင် မရှိတော့ဘူး။
ငါး… လေး… သုံး… နှစ်… တစ်
…