ERSY အခန်း ၂၇၄

အခန်း ၂၇၄ ။ မြေအောက်လောကမှမုန့်ပေါ်

“ငါ့ကို ကူညီပါဦး” ကူယွဲ့က ရွေးချယ်စရာမရှိတော့ဘဲ ရှန်းရင်ကို အကူအညီလှည့်တောင်းရတော့တယ်။

တုံ့ဆိုင်းမှုမရှိ ရှန်းရင်က သူမကိုယ်ပေါ် တွယ်တက်ဖို့ကြိုးစားနေဆဲ စားဖိုမှူးကို ကောက်ယူပြီး ကူယွဲ့ဘက် ပြေးသွားလိုက်တယ်။ သူမက ပိုင်ဇယ့်ဓားကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ မြေကြီးပေါ် လွှဲယမ်းချလာတယ်။

ကူယွဲ့က သူ့မသေမျိုးချီကို အမြန်အသက်သွင်းပြီး ယိချင်းနဲ့ ပိုင်ဇယ်တို့ရဲ့ ဇက်ပိုးကို ရိုက်ချလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မူးမေ့ဂါထာထုတ်သုံးလိုက်တာမို့ နှစ်ယောက်လုံး သတိလစ်သွား‌တော့တယ်။

“ဂိုဏ်းချုပ် အကြီးအကဲ” ဂျပုလေးက အလန့်တကြား ရှေ့ကိုလက်ညှိုးထိုးပြတယ်။

နှစ်ယောက်သား အချိန်မီ နောက်ပြန်လှည့်လိုက်တော့ သူတို့မျက်စိရှေ့ ဖြူဆွတ်နေတဲ့အလင်းထုကြီးကို မြင်လိုက်ရတယ်။ သူတို့ လူအုပ်ကြီးကို အတော်လေးဝိုးဝါးစွာသာ မြင်ရတော့တယ်။

အဲအင်းကွက်က ဒီကိုရောက်လာနေပြီ မြန်လိုက်တာ။

ကူယွဲ့ ဟုန်ယွီ့ဘက်အမြန်လှည့်လိုက်တယ်။ ဟုန်ယွီက ပြန်လည်ဝင်စားမှုစင်မြင့်ပေါ် တက်သွားတာ မြင်လိုက်ရတယ်။ သူ့ပတ်လည်မှာ ထူးဆန်းတဲ့ အင်းကွက်တွေနဲ့။ သူ ပိုင်ဇယ်နဲ့ စားဖိုမှူးကိုထိန်းချုပ်ဖို့ သုံးခဲ့တဲ့ပုလဲက ပြန်လည်ဝင်စားမှုစင်မြင့်အလယ်မှာ လွင့်မျောနေပြီး မျက်စိကျိန်းစရာ အဖြူရောင်အလင်းတန်းကို ထုတ်နေတယ်။ အထဲမှာတော့ ပုလဲထဲကနေ ဖောက်ထွက်ဖို့ ခြိမ်းခြောက်နေတဲ့ ပေါက်ကွဲမှုအရှိန်ဖိအားရှိတဲ့ပုံပဲ။

“လူတိုင်းရဲ့ အကြွင်းအကျန်ဝိညာဉ်တွေက အဲထဲမှာဖြစ်ရမယ်၊ သူက အဲဝိညာဉ်‌ပုလဲကို ဖောက်ခွဲဖို့ ကြိုးစားနေတာပဲ”

ကူယွဲ့မျက်နှာမှာ အရောင်အသွေး လုံးဝမရှိတော့ဘဲ ရှန်းရင်နဲ့ အကြည့်ချင်းဖလှယ်လိုက်တယ်။ တစ်ချိန်တည်း နှစ်ယောက်လုံး ဟုန်ယွီ့ဆီ အပြေး ပြေးလာခဲ့ကြတယ်။

ကူယွဲ့က သူ့ကိုယ်ထဲက ဓားချီအားလုံးကို အသက်သွင်းပြီး အင်းကွက်ပြင်နေတဲ့ ဟုန်ယွီ့ဆီ ဓားကို ဝှေ့ယမ်းလိုက်တယ်။

ဟုန်ယွီက သူ့ဆီ ဓားချီပမာဏအလိမ့်လိုက် ပြေးဝင်လာတာကို အာရုံခံမိတော့ သူ့လက်ကို ခါလိုက်တယ်။ သူ့နတ်ဘုရားစွမ်းအင်က ကူယွဲ့ရဲ့ဓားချီကို ချက်ချင်း လွင့်ပျောက်သွားစေတော့တယ်။

“ငါပြောပြီးပြီလေ – မင်းငါ့ကိုမတားနိုင်ပါဘူး”

ဟုန်ယွီ့အမူအရာက မည်းမှောင်သွားတယ်။

ကူယွဲ့က မဲ့ပြုံးပြုံးပြီး သူ့ရှေ့ကိုလက်ညှိုးထိုးလိုက်တယ်။

“ကျုပ်မတားနိုင်ပေမဲ့ သူတော့တားနိုင်တယ်”

ဟုန်ယွီ လှည့်ကြည့်လိုက်တော့ ရှန်းရင်က ပြန်လည်ဝင်စားမှု စင်မြင့်ပေါ် ရပ်နေပြီဆိုတာ မြင်လိုက်ရတယ်။ သူမက မျောလွင့်နေတဲ့ဝိညာဉ်ပုလဲကို လက်လှမ်းပြီး စင်ပေါ်ကနေ ဆင်းသွားတယ်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” ဟုန်ယွီက အထိတ်တလန့်ရေရွတ်တယ်။ နောက်ဆုံးတော့ သူ့မျက်နှာအမူအရာက ဒေါသအရိပ်အယောင်ပါလာပြီ။

“အဲဝိညာဉ်ပုလဲကို ချထားလိုက်”

ရုတ်တရက် လေပြင်းဓားတွေက ကောင်းကင်ကို ပြည့်သွားပြီး တစ်ချောင်းချင်းစီက ရှန်းရင်ကို ချိန်ရွယ်နေတယ်။

“ရှန်းရင် ဝိညာဉ်ပုလဲကို ဂရုစိုက်နော်”

ကူယွဲ့က လှမ်းအော်လိုက်တယ်။

ရှန်းရင် ပြန်ရင်ဆိုင်လိုက်တော့မယ် လုပ်နေချိန်မှာတင် ရပ်သွားပြီး တစ်ဖက်လှည့်ကာ အနောက်ကို ပေအနည်းငယ်ပြန်ဆုတ်ခဲ့တယ်။

လေပြင်းဓားတွေက ကောင်းကင်ကနေ ဆင်းသက်လာပြီး ပြန်လည်ဝင်စားမှုစင်မြင့်ပတ်ပတ်လည်ကို ဆင်းသက်ကုန်တယ်။

အင်းကွက်က ချက်ချင်း မည်းနက်သွားတာမို့ မြေအောက်ဘုံကို ဖုံးလွှမ်းထားတဲ့ အနီရောင်အင်းကွက်ကြီးတောင် တဖျတ်ဖျတ် လှုပ်သွားတဲ့ပုံ။

ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။

“ရှန်းရင် ပြန်လည်ဝင်စားမှုစင်မြင့်ဘေးက အင်းကွက် – အပြင်ဘက်က အဲဒီအနီကြီး – ဖျက်ဆီးလိုက်”

ရှန်းရင်က တုံ့ဆိုင်းမနေဘူး။ လက်တစ်ဖက်က ဝိညာဉ်ပုလဲကိုကိုင်ထားပြီး နောက်လက်တစ်ဖက်ကို လက်သီးဆုပ်ကာ မြေကြီးကိုထိုးချလိုက်တယ်။ ဝုန်းခနဲအသံကျယ်ကြီးနဲ့အတူ အင်းကွက်က စတင်အက်ကွဲလာတယ်။ အက်ကွဲကြောင်းတွေက အင်းကွက်တစ်လျှောက် အမြန်ပျံ့နှံ့လာပြီး အနီရောင်အလင်းကို ပိုပိုပြီး‌ ဖျော့တော့လာစေတယ်။ အက်ကွဲကြောင်းတွေက မြေကြီးထိပါ ဆက်လာပြီး အင်းကွက်အလွှာတွေကို ခွဲခြမ်းပစ်လိုက်တယ်။ နောက်တော့… ပြန်လည်ဝင်စားမှုစင်မြင့်က အက်သွားပါလေရော။

ရှန်းရင် ။ ။ “…”

ကူယွဲ့ ။ ။ “…”

ဟုန်ယွီ ။ ။ “…”

“အာ… ဖေဖေနျို၊ ငါ တမင်သက်သက်လုပ်တာ မဟုတ်ပါဘူးလို့ပြောရင် ယုံမလား”

“မင်းဖင်ကိုယုံ” ကူယွဲ့ ရုတ်တရက် သူမကိုလည်ပင်းညှစ်ပစ်ဖို့ ထိန်းချုပ်မရတဲ့ဆန္ဒတွေ ခံစားလိုက်ရတယ်။

“မင်းက သောက်ကျိုးနည်းစပိုင် မဟုတ်လား” သူမ မြေကြီးကို ခွဲတာတင်ဆိုးနေပြီကို ဘာလို့ ပြန်လည်ဝင်စားမှုစင်မြင့်ကိုပါ အက်ကွဲအောင် လုပ်ဖို့လိုသလဲ။ သူမက ဟုန်ယွီနဲ့တစ်ဖွဲ့တည်းဖြစ်ရမယ်၊ မဟုတ်ဘူးလား။

ဒါပေမဲ့ အားလုံးက အဆင်ပြေနေသေးတယ် – ပြန်လည်ဝင်စားမှုစင်မြင့်က အက်သွားပေမဲ့ မပြိုကျသေးဘူး။

ဝုန်း…။

အက်ကွဲသံတွေက ပတ်ပတ်လည်မှာ အက်ခိုးထပ်လာပြီး မြေကြီးက အရှိန်ပြင်းစွာ တုန်ခါတော့တယ်။ ရှန်းရင် သူမလက်သီးကို ရုပ်ဖို့ အခွင့်အရေးတောင်မရခင် မြေပြင်ပေါ်က အက်ကွဲကြောင်းတွေက တစ်မီတာလောက် ဟသွားတယ်။ အက်ကွဲကြောင်းအဟက ပြန်လည်ဝင်စားမှုစင်မြင့်ဆီ တန်းတန်းမတ်မတ် ဦးတည်နေလေရဲ့။

ဟိုလီရှစ် ဟိုလီရှစ် ဟိုလီရှစ်

သူ တွေးမိထားတဲ့ဟာ မှန်လာပြီ။ ကူယွဲ့ ဖြူဖျော့သွားတယ်။ ငါတို့တော့ သွားပြီ၊ သွားပြီ၊ သွားပြီ…။

“ဖေဖေနျို၊ ငါ့ကို နင့်ဓားပေး”

“ဟမ်” ကူယွဲ့ အသက်ရှူအောင့်ပြီး ဆဲနေတုန်းရှိသေးတယ်။

ရှန်းရင်က သူ့ဓားကိုဆွဲလုပြီး တစ်ဖက်လှည့်ကာ ညာဘက်ဆီပြေးတယ်။ သူမလက်ထဲ ဓားကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး မြေကြီးကို ထိုးချကာ နောက်အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်တယ်။

ညာဘက်ခြမ်းမှာ ပိုပြီးကြီးမားတဲ့အက်ကွဲကြောင်းပေါ်လာပြီး ပြန့်ထွက်သွားချိန် ပြန်လည်ဝင်စားမှုစင်မြင့်ဆီ ဦးတည်နေတဲ့ အက်ကွဲကြောင်းတွေကို တားဆီးပစ်လိုက်တယ်။ စင်မြင့်ပတ်ပတ်လည်က မြေကြီးလည်း ပြန်တည်ငြိမ်လာပြန်တယ်။

ကူယွဲ့ စိတ်သက်သာရာရပြီး သက်ပြင်းပူကြီးထုတ်လိုက်တယ်။ သေစမ်း၊ သူ သေလုနီးပါး ကြောက်သွားတာ။

“အကြီးအကဲ၊ ဂိုဏ်းချုပ်” ရုတ်တရက် နောက်ထပ် ထိတ်လန့်တကြားအော်သံထွက်လာတယ်။

နှစ်ယောက်သားလှည့်ကြည့်ပြီး မျက်လုံးပြူးသွားခဲ့တယ်။

“ဂျပုလေး” သူတို့ သတိမထားမိခင် ဟုန်ယွီက ဂျပုလေးကို ပြန်လည်ဝင်စားမှုစင်မြင့်ဆီ ဆွဲခေါ်သွားပြီ။

“ခင်ဗျားဘာလိုချင်တာလဲ”

“ဝိညာဉ်ပုလဲက မရှိတော့ဘူး၊ ဒီမိန်းကလေးဝိညာဉ်က ထူးခြားတယ်၊ ပြန်လည်ဝင်စားမှုစင်မြင့်ကို ဖျက်ဆီးဖို့အတွက်လည်း သုံးလို့ရတယ်” ဟုန်ယွီက ကိစ္စကြီးတစ်ခုကို အောင်မြင်လိုက်ဟန် သူတို့နှစ်ယောက်ကို ပြုံးပြတယ်။ သူက ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ဂျပုလေးနဲ့အတူ ချက်ချင်း ခုန်ချသွားတယ်။

“ဂျပုလေး” ကူယွဲ့ အော်လိုက်တယ်။ သူ အပြေးသွားဖို့ကို နောက်ကျလွန်းသွားပြီ။ နှစ်ယောက်သား ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ပျောက်သွားတယ်။ ရွှေရောင်အလင်းကြီးထွက်လာတော့ ကူယွဲ့နှလုံးသား ရပ်သွားသလိုပဲ။ ဟုန်ယွီ ဒါကို တမင်သက်သက်လုပ်တာပဲ ဖြစ်ရမယ်။ သူက ပြန်လည်ဝင်စားမှုစင်မြင့်ကို ဖျက်ဆီးဖို့ ဝိညာဉ်ပုလဲတောင် လိုအပ်ခဲ့တာ မဟုတ်လောက်ဘူး။ သူက ဂျပုလေးဝိညာဉ်ကို ‌တစ်လျှောက်လုံး အသုံးချချင်နေခဲ့တာပဲ။

“ငါတို့ဘာလုပ်သင့်လဲ၊ ရှန်းရင် မင်း ဂျပုလေးကိုမြင်ရလား”

“ဟင့်အင်း” ရှန်းရင်က ခေါင်းယမ်းပြပြီးတဲ့နောက် ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားတယ်။

“ဖေဖေနျို၊ နင့်မှာ ဂျပုလေးရဲ့ အကြွင်းအကျန်ဝိညာဉ်ကို ထည့်ထားတဲ့ပုလဲရှိလား”

“အင်း ဒါပေမဲ့-”

“ပစ်ထည့်လိုက်”

“ဘာ”

“မြန်မြန်”

ကူယွဲ့ သူ့မှာရှိတဲ့ဝိညာဉ်ပုလဲကို ထုတ်ပြီး ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ပစ်ထည့်လိုက်တယ်။ နောက်အခိုက်အတန့်မှာ ဝုန်းခနဲအသံကျယ်ကြီး ကြားလိုက်ရတယ်။ ပြန်လည်ဝင်စားမှုစင်မြင့်က တစ်လက်မချင်းစီ ပြိုကျလာခဲ့တယ်။ အဲထဲကရွှေရောင်အလင်းက အရပ်မျက်နှာမျိုးစုံကို ပေါက်ကွဲထွက်သွားသလိုမျိုးပဲ။ အစက်အမှုန်လေးတွေအဖြစ် ဝေ့ဝဲနေပြီး ဓာတ်မီးအလင်းလိုမျိုး ဖြည်းဖြည်းချင်း မှောင်မည်းလာတယ်။

ကူယွဲ့ သူ့ပတ်လည်က ရွှေရောင်အစက်အပြောက်တွေကို ‌အူတူတူစိုက်ကြည့်နေမိပြီး မျက်နှာ ပျက်သွားတယ်။

“ဂျပုလေး သူ-”

“သူပြန်ရောက်လာပြီ” ရှန်းရင်က ကြားဖြတ်ပြောတယ်။

“ဘာ” ကူယွဲ့ တန့်သွားတယ်။ ဒါပေမဲ့ ရှန်းရင်က ရွှေမှုန်လေးတွေ ပျံသန်းနေတဲ့နေရာဆီ လှည့်ကြည့်နေပြီ။

သူက သူမအကြည့်နောက် လိုက်ကြည့်လိုက်တော့ စောနက မှိန်သွားတဲ့ မီးအလင်းရောင်က နောက်တစ်ကြိမ် တောက်ပလာတာမြင်လိုက်ရတယ်။ ပြီးတော့ အမြင့်ကိုပျံသန်းသွားတာ နေရာစုံဆီ ပျံ့ထွက်သွားခဲ့တယ်။ ဟုန်ယွီ့အင်းကွက်ကြောင့် အရွယ်အစားကျုံ့သွားတဲ့ မြေအောက်ဘုံက နောက်တစ်ကြိမ် ကျယ်ပြန့်လာပြန်တယ်။

ပတ်ပတ်လည်မှာ ရွှေရောင်အလင်းစက်တွေ။ ရေလွှမ်းသလိုမျိုး တားလို့မရနိုင်။ ရှန်းရင် အရင်တစ်ခေါက်က မြေအောက်ဘုံက အရမ်းကို လင်းထိန်နေတာပဲလို့ ဘာလို့ပြောမှန်း ကူယွဲ့ နောက်ဆုံးတော့ နားလည်သွားပြီ။ တကယ်ပဲ အရမ်းကိုတောက်ပနေတာ။ သူ မော့ကြည့်လိုက်တာနဲ့ မြေအောက်ဘုံတစ်ခုလုံး ရွှေရောင်အလင်းတွေ ဖုံးနေတာ မြင်လိုက်ရတယ်။ အဆုံးမသတ်နိုင်တဲ့ ပင်လယ်လိုပဲ။ တစ်ခုတည်းသော အမည်းရောင်အရိပ်တွေက ‌မိုးကုပ်စက်ဝန်းကို ဟိုနဲ့ဒီ ဖြတ်သန်းနေတဲ့ ယင်မြစ်။

ဒါ… မေ့ပျောက်မြစ်လား။ ပြန်လည်ဝင်စားမှုစင်မြင့်မှာတင် မဟုတ်ဘဲ မြေအောက်ဘုံတစ်ခုလုံးလား။

ကူယွဲ့ ငေးငိုင်နေဆဲ။ ရုတ်တရက် သူ့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားတယ်။ ရွှေပင်လယ်က အပြာရောင်ပင်လယ်နဲ့ ကောင်းကင်ယံအဖြစ် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားတယ်။

ဒါ… ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နယ်နိမိတ်လား။

ကူယွဲ့ လှည့်ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ လူတစ်ယောက်က မနီးမဝေးကနေ သူတို့ဆီ လျှောက်လာတာမြင်လိုက်ရတယ်။ သူမမျက်နှာမှာ လှပတဲ့အပြုံးတစ်ခု ဆင်မြန်းထားတယ်။

“ဂျပုလေး” ကူယွဲ့က ရင်တုန်သွားတယ်။ ကောင်းတယ် – သူမ အဆင်ပြေတာပဲ သူရှေ့ လျှောက်သွားမို့ရှိသေး ရှန်းရင်ရဲ့ အသံ ကြားလိုက်ရတယ်။

“မုန့်ပေါ်”

“…” ဘာ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset