အခန်း ၂၇၃ ။ ဝိညာဉ်ထိန်းချုပ်သိုင်း
အဲလူက သတိပြန်ဝင်လာချိန် သူ့အေးဆေးပြီး ကြင်နာတဲ့ဟန်ပန်အမူအရာကို ဆက်ပြီး ထိန်းထားတယ်။ ပိုင်ဇယ့်ကိုပြုံးပြကာ သူကပြောလာတယ်။
“ပိုင်ဇယ်ရှန်းကျွင်း၊ အတော်ကြာပြီနော်”
“ဘာလို့ ခင်ဗျားဖြစ်နေတာလဲ” ပိုင်ဇယ်က သူ့မျက်လုံးကိုတောင် သူမယုံနိုင်။ သူ ဟုန်ယွီနဲ့ အဆက်အဆံရှိခဲ့တာ အတော်ကြာပြီ။ တစ်ဖက်လူက လောကကြီးရဲ့တခြားရေးရာတွေကို စိတ်ထဲမထားသူအနေနဲ့ အမြဲသတ်မှတ်ခဲ့တာလေ။ သူက အမြဲကြင်နာပြီး ဘယ်သူနဲ့မှ ပဋိပက္ခ မဖြစ်ဖူးဘူး။
သူက ကောင်းကင်လောကတစ်ခုလုံးမှာ ကျင့်ကြံဆင့်အမြင့်ဆုံးဆိုပေမဲ့ တောရိုင်းသားရဲတွေကိုတောင် အန္တရာယ်မပေးဘူး။ သူက သူ့ကိုယ်ပိုင်သိုင်းတွေကိုတောင် တခြားသူနဲ့ မျှဝေချင်တဲ့လူစားမျိုး။
“ဟုန်ယွီ၊ ခင်ဗျား… တကယ်ပဲ မြေအောက်လြောကို ဖျက်ဆီးချင်နေတာလား”
ဟုန်ယွီ့အပြုံးက ပိုပြီးတောင် ပီပြင်လာတယ်။ အနေခက်မှုမရှိ သူကပြောတယ်။
“ဒါက ဘဝပေးတာဝန်ပဲ”
“ဘာလို့လဲ” ပိုင်ဇယ်က မြေအောက်လောကကို ဖျက်ဆီးချင်သူက သူလို့ လုံးဝမစဉ်းစားဖူးဘူး။
“ငါလုပ်သမျှက သုံးလောကရဲ့ ဘုံသားတွေအတွက်ပဲ”
“သာမန်လူတွေအတွက်လား၊ မြေအောက်ဘုံ မရှိဘဲ သုံးလောကရဲ့သက်ရှိတွေက ဘယ်လို ပြန်ဝင်စားနိုင်မှာလဲ”
“ငါပြန်လည်ဝင်စားမှုတွေ ထပ်မလိုချင်တော့ဘူး”
ပိုင်ဇယ် တန့်သွားတယ်။
“ဘာဆိုလိုတာလဲ”
ဟုန်ယွီ့မျက်လုံးထဲ တိမ်ဖုံးသွားပြီး မျက်နှာက တည်ငြိမ်နေဆဲ။ တစ်အောင့်ကြာတော့ သူကဖြေတယ်။
“ပိုင်ဇယ်၊ ငါက မင်းနဲ့ကွာခြားတယ်၊ ငါက ရှေးဟောင်းကာလတည်းက အသက်ရှင်လာခဲ့တာ၊ ငါ့အနီးစပ်ဆုံးမိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုထားသွားကြတာ မြင်ခဲ့ရတယ်၊ မိတ်ဆွေပဲဖြစ်ဖြစ် ရန်သူပဲဖြစ်ဖြစ် သံသရာစက်ဝန်းထဲဝင်သွားတာနဲ့ အားလုံးကို မေ့သွားကြတယ်၊ ငါက တစ်ယောက်တည်း ကျန်ရစ်နေခဲ့ရတာ၊ သူတို့ဝိညာဉ်က တူတူပဲဆိုပေမဲ့ အရင်တုန်းကလူ မဟုတ်တော့ဘူး၊ ငါ သူတို့ကို ပြန်ရအောင် ဘယ်လိုလုပ်ရမလဲ ထပ်တလဲလဲ စဉ်းစားနေခဲ့တာ”
ဟုန်ယွီက အတိတ်က နာကျင်စရာအပိုင်းကို ပြန်စဉ်းမိသွားဟန် သက်ပြင်းချတယ်။ သူ့မျက်လုံးတွေက အရည်လဲ့နေဆဲ။
“ဒီလောကမှာ သေမျိုးပဲဖြစ်ဖြစ်၊ အမတပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ဘယ်သူမှ တကယ်တော့ ထာဝရ အသက်မရှင်နိုင်ဘူး၊ အမတတွေရော နတ်ဘုရားတွေရောပဲ၊ တစ်နေ့ကျရင် ငါတို့အားလုံး ကြွေဆင်းသွားရမှာ၊ သံသရာစက်ဝန်းထဲဝင်ပြီးရင် ငါတို့အားလုံးက တခြားသူဖြစ်လာမှာ”
သူ့အမူအရာက မည်းမှောင်သွားပြီး လူအုပ်ကြီးကို အာရုံစိုက်တယ်။
“သုံးလောကထဲကလူတိုင်း ထာဝရအသက်ရှင်မှုကို ရှာဖွေနေကြတယ်၊ သေမျိုးတွေက မသေမျိုးကို တက်လှမ်းချင်ပြီး အမတတွေကတော့ နတ်ဘုရား ဖြစ်ချင်တယ်၊ တစ်ဖက်မှာတော့ နတ်တွေက… ကြွေလွင့်ရသေးတာပဲ၊ ငါက ပထမဆုံး ရှေးဟောင်းနတ်ဘုရားတွေကြား တစ်ယောက်တည်းသော အသက်ရှင်ကျန်ရစ်သူပဲ၊ လူတွေက ချီလင်းတွေနဲ့ လိပ်နက်တွေကို မှတ်မိကြသေးရဲ့လား၊ ငါစဉ်းစားမိတာ ငါတို့မှာ အကန့်အသတ်မရှိတဲ့ဘဝ ရှိရဲ့သားနဲ့ ဘာလို့ ငါတို့အားလုံး အဆုံးသတ်ကို ကြုံတွေ့နေရသေးတာလဲ”
သူက ရုတ်တရက် စပ်ဖြီးဖြီး လုပ်ပြီး အရင်အတိုင်း သူ့ကြင်နာတဲ့အမူအရာ ပြန်ဖြစ်သွားတယ်။ သူ့ကိုယ်က နတ်ဘုရားအရောင်အဝါတွေ ထွက်လာတယ်။
“နောက်ကျ ငါနောက်ဆုံးတော့ နားလည်သွားခဲ့တယ်၊ သံသရာစက်ဝန်းကြောင့် ဒီလောကထဲ ဘယ်သူ့မှာမှ အစစ်အမှန် ထာဝရအသက်ရှင်မှုဆိုတာ မရှိဘူး”
ပိုင်ဇယ်က လန့်သွားပြီး သူ မြေအောက်ဘုံကို ဘာလို့ဖျက်ဆီးချင်ရလဲဆိုတာ နားလည်သွားခဲ့တယ်။
“ခင်ဗျားက ပြန်လည်ဝင်စားမှုစင်မြင့်ကို ဖျက်ဆီးချင်တာပဲ”
“သံသရာစက်ဝန်းမရှိရင် ပြန်လည်ဝင်စားမှုဆိုတာ မရှိဘူး” ဟုန်ယွီက မတုန်မလှုပ်ဖြေတယ်။
“မြေအောက်ဘုံမရှိရင် ပြန်လည်ဝင်စားမှုစင်မြင့်ဆိုတာ ရှိမှာမဟုတ်ဘူး၊ သုံးလောကထဲက သက်ရှိတွေက ဘယ်တော့မှ သံသရာစက်ဝန်းထဲ ဝင်စရာမလိုရင် သေခြင်းရှင်ခြင်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ အဲဒါကမှ ထာဝရအသက်ရှင်မှု အစစ်အမှန်ပဲ – သုံးလောကထဲက သက်ရှိတိုင်း ပိုင်ဆိုင်မဲ့ ထာဝရအသက်ရှင်မှု”
“ခင်ဗျား…” ပိုင်ဇယ့်မျက်လုံးပြူးသွားတယ်။
“ခင်ဗျားရဲ့အဲအင်းကွက်က လေလွင့်ဝိညာဉ်တွေ ဘယ်လောက်တောင်သတ်မိလိုက်လဲဆိုတာ သိရဲ့လား၊ ပြန်လည်ဝင်စားမှုစင်မြင့် မရှိရင် သူတို့ ပြန်ဝင်စားနိုင်တော့မှာမဟုတ်ဘူး၊ သူတို့ဒီလောကထဲကနေ ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်”
နာကျင်သွားတဲ့အကြည့်က ဟုန်ယွီရဲ့မျက်နှာပေါ် ဖြတ်ပြေးသွားပြီး မျက်လုံးတွေမှိတ်လိုက်တယ်။
“အဲဒါက လိုအပ်တဲ့စတေးမှုပဲ”
ပိုင်ဇယ့်ရင်ထဲ တင်းကြပ်သွားတယ်။ ကူယွဲ့က ရှေ့တက်ကာ အမတဓားဆွဲထုတ်လိုက်တယ်။ ဒါ သူ့ကိုယ်ပိုင်အကြံတွေထဲ ငြိတွယ်နေတာ အသိသာကြီး။ ညှိုနှိုင်းဖို့ နားထောင်မှာမဟုတ်ဘူး။
“ခင်ဗျား မြေအောက်ကမ္ဘာကို ဖျက်ဆီးမှာ ကျုပ်တို့ခွင့်မပြုနိုင်ဘူး”
ဟုန်ယွီက ကူယွဲ့ကို ခေါင်းစခြေဆုံးကြည့်ပြီး အမူအရာက ဖတ်မရ။
“မင်းက တကယ်ပဲ ဖြစ်နိုင်ခြေ အများဆုံးပဲ၊ ပြန့်ရှင်းချန်ကို မင်းအသွင်ယူခိုင်းပြီး ကောင်းကင်ကို ပိတ်ခိုင်းခဲ့တာတောင် မင်းက ကောင်းကင်ဘုံကို ရောက်လာနိုင်သေးတယ်”
ကူယွဲ့ တန့်သွားတယ်။
“ခင်ဗျား ကျုပ်ကို သိတာလား” ကူယွဲ့တော့ ဟုန်ယွီ့ကို ဘယ်တုန်းကမှမမြင်ဖူးတာ သေချာတယ်။
“မင်းက ငါ့အကြီးမားဆုံး အတားအဆီးဖြစ်လာမယ်ဆိုတာ ခန့်မှန်းခဲ့ရုံပါ” သူက ကူယွဲ့က ခုအရေးမကြီးတော့ဟန် ပြုံးတယ်။
“ဒါပေမဲ့ အခုပုံစံအရတော့ မင်းက ငါ့ကိုမတားနိုင်တော့ပါဘူး”
ဒါပေမဲ့ ကူယွဲ့က ဟုန်ယွီဘာဆိုလိုလဲဆိုတာ နားမလည်နိုင်ခင် ဟုန်ယွီက လက်ကိုယမ်းကာ အဖြူရောင်အလင်းတောက်ပနေတဲ့ အကြည်ရောင်ဖန်လုံးတစ်လုံးကို ပြသလာတယ်။ အဲကနေ ထွက်လာတဲ့အရှိန်က သိပ်ကိုကြီးမားတာပဲ။
လူအုပ်က နောက်ကို တစ်လှမ်းဆုတ်သွားပေမဲ့ ဟုန်ယွီက ရှေ့ကိုပျံသန်းသွားနှင့်ပြီ။
“ရပ်… ဟိုလီရှစ် ပိုင်ဇယ် မင်းဘာလုပ်နေတာလဲ” သူတို့ ဟုန်ယွီ့ကိုတားဖို့ရှိသေး ပိုင်ဇယ်က ရုတ်တရက် ဓားကို ဆွဲထုတ်ကာ တစ်ဖက်လှည့်လာပြီး သူတို့ကိုတိုက်ခိုက်တော့တယ်။ ကူယွဲ့ အလိုလို ရှောင်လိုက်နိုင်ပေမဲ့ ပိုင်ဇယ်က သူတို့ဆီ ဆက်ဦးတည်လာနေတယ်။
“ပိုင်ဇယ် ခင်ဗျား သူ့ကိုတကယ်ယုံကြည်နေတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား၊ စားဖိုမှူး ကူ”
သူ စားဖိုမှူးကို အကူအညီလှည့်တောင်းချိန် ထိတ်လန့်တကြား မျက်လုံးပြူးသွားခဲ့တယ်။
ဘာကြောင့်မှန်းမသိ စားဖိုမှူးကလည်း သူ့ဓားကိုဆွဲထုတ်လာတယ်။ သူက ကူယွဲ့ကို ကူဖို့မလုပ်ဘဲ ရှန်းရင်ကို စတင်တိုက်ခိုက်လေရဲ့။
“ရှန်းရင်”
“ဟမ်” ရှန်းရင် လှည့်လိုက်တော့ ယိချင်းဓားက သူမဘေးကနေဖြတ်သွားပြီး မြေကြီးပေါ် ထိုးစိုက်သွားတာ တွင်းကြီးတစ်ခုပါ ပေါ်လာလေတယ်။
“ယိချင်း” ကူယွဲ့က သူ့ကိုမယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။ ပိုင်ဇယ်နဲ့ယိချင်းကို သေချာ စစ်ဆေးကြည့်တော့မှ နှစ်ယောက်လုံးက ငိုင်တိုင်တိုင်အမူအရာဖြစ်နေတာမြင်တော့ ချက်ချင်း ဖုန့်စန်းနဲ့ လုံကျန်းကို သတိရသွားခဲ့တယ်။
“ချီး ရှန်းရင် သူတို့နှစ်ယောက်လုံးက ဟိုအဘိုးကြီးဟုန်ယွီထိန်းချုပ်တာခံနေရတာ” ကူယွဲ့ ပိုင်ဇယ့်ဆီက နောက်ထပ်တိုက်ခိုက်မှုကို ရှောင်ပြီး ပြောလိုက်တယ်။
“ပိုင်ဇယ်နဲ့ စားဖိုမှူးရဲ့ အကြွင်းအကျန်ဝိညာဉ်တွေက သူ့လက်ထဲမှာပဲ”
ရှန်းရင်က မျက်မှောင်ကြုတ်ပြီး ဟုန်ယွီပျံသန်းသွားတဲ့ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ ဝေးဝေးကြီးမပျံသွားသေးဘူး။ တကယ်တော့ သူရပ်နေခဲ့တဲ့နေရာကနေ မြင်နေရဆဲပဲ။ သူက သူတို့ကို လက်ယမ်းပြပြီး သူတို့ပတ်လည်က အမှောင်ထုက ချက်ချင်းကွယ်ပျောက်သွားတယ်။ ဟုန်ယွီက တစ်စုံတစ်ရာကို ဖွင့်လိုက်တဲ့ပုံပဲ။ ရွှေရောင်အလင်းတန်းကြီးတစ်ခု ကောင်းကင်ဆီ တန်းတန်းမတ်မတ် ထိုးတက်သွားခဲ့တယ်။
“ဒါ ပြန်လည်ဝင်စားမှုစင်မြင့်ပဲ” ကူယွဲ့ အော်လိုက်တယ်။
ရှန်းရင်က ဟုန်ယွီ့ဆီ ပျံသန်းဖို့လုပ်ပေမဲ့ ယိချင်းက သူမရှေ့ ပြေးဝင်လာကာ လမ်းပိတ်လေတယ်။
သူမ ရပ်လိုက်တယ်။
“စားဖိုမှူး”
“သူက ထိန်းချုပ်ခံထားရတာ၊ အသိစိတ်မရှိဘူး၊ မင်းကိုတိုက်ခိုက်ဖို့ သူ့အကြွင်းအကျန်ဝိညာဉ်ထဲက အသိစိတ်ကိုသုံးနေရုံပဲ”
ကူယွဲ့ သူမကို သတိပေးလိုက်တယ်။
“သူက မင်းကိုနားထောင်မှာ မဟုတ်ဘူး”
တကယ်ပဲ ယိချင်းက ရှန်းရင်ကို မတုံ့ပြန်ဘူး။ သူက ရှန်းရင်ကို ရှိနေတဲ့နေရာမှာ ပိတ်လှောင်ထားဖို့ ဂါထာတစ်ခုသုံးလေတယ်။ မျက်နှာသေနဲ့လက်ကိုယမ်းပြီး ဓားမိုးတွေ ရွာစေတော့တယ်။ အေးစက်တဲ့ဓားတွေက ရှန်းရင်ကိုဦးတည်နေတယ်။ ယိချင်းက ဘေထဲပျံတက်သွားတာနဲ့ ဓားမိုးတွေ ရှန်းရင်ပေါ် ရွာချတော့တယ်။
ရှန်းရင် အူကြောင်ကြောင် စိုက်ကြည့်နေပြီး ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ဘူး။
ဓားတွေက သူမဆီရောက်ခါနီးဆဲဆဲ။
ကူယွဲ့ အလန့်တကြား လှမ်းအော်လိုက်တယ်။
“ရှန်းရင်၊ ဂျပု-”
သူစကားမဆုံးခင် အသံတစ်သံထွက်လာတယ်။ မရေမတွက်နိုင်တဲ့ အမတဓားတွေ… ရှန်းရင်ရဲ့ ပတ်ပတ်လည်ကို ကျဆင်းလာတယ်။
သူတို့တွေက သူမကို အထဲမှာပိတ်လှောင်ထားတဲ့ ဓားစက်ဝိုင်း ဖြစ်သွားလာလေရဲ့။
ရှန်းရင်က သူမလည်ပင်းပေါ် အလေးချိန် ပိကျလာတာခံစားလိုက်ရတယ်။ သူမ ကိုင်းလိုက်တော့ နှုတ်ခမ်းကို တစ်စုံတရာ ပြွတ်ခနဲဝင်တိုက်လာတာမို့ နှုတ်ခမ်းနား ပူလောင်သွားခဲ့တယ်။
ဟမ်။
ကူယွဲ့ ။ ။ “…”
ရွှမ်ထုံ ။ ။ “…”
ရှန်းရင် ။ ။ “…”
(⊙_⊙)
ဒါ… သူ့မသိစိတ် အလုပ်လုပ်နေတာလား။ ရှန်းရင် ခေါင်းထဲ ဗလာကျင်းသွားတဲ့ အခိုက်အတန့်ပဲ။ အရေးကြီးတာက ခြေဖျားထောက်ရပ်နေပြီး သူမလည်ပင်းကို ဖက်ထားတဲ့လူက နမ်းတဲ့နေရာမှာ အတွေ့အကြုံမရှိတာ အသိသာကြီး။ သူက သူမနှုတ်ခမ်းတွေကို ပွတ်ပဲပွတ်နေပြီး နောက်တော့ လျှာကို ထုတ်ကာ… သူမမျက်နှာကို တံတွေးနဲ့ ဖုံးသွားစေခဲ့တယ်။
“…”
ရှန်းရင်က နှုတ်ခမ်းထောင့်ဖျားတွေ တွန့်ချိုးသွားတယ်။ သူမ ယိချင်းကို အနားကနေ ခွာထုတ်လိုက်တယ်။
“ဖေဖေနျို၊ ငါ သူ့ကိုသတ်လို့ရလား”
ကူယွဲ့ ။ ။ “…”
ကူယွဲ့က သူမကိုမဖြေနိုင်ခင် ပိုင်ဇယ်က အင်းကွက်ထဲကနေ ဖောက်ထွက်ပြီး သူ့ကိုနောက်တစ်ကြိမ် တိုက်ခိုက်လာပြန်တယ်။ ဟိုလီရှစ်၊ ပိုင်ဇယ်က သူ့ကိုသတ်ဖို့ထွက်လာပြီ။ နှစ်ယောက်လုံးက သူတို့မသိစိတ်အရ ဆောင်ရွက်နေကြတာလေ – ယိချင်းက ဘာလို့အဲလောက်ကောင်းကောင်း စွမ်းဆောင်နေရတာလဲ။
…