အခန်း ၂၇၅ ။ လိမ်လည်မှု
ကူယွဲ့ ရပ်သွားပြီး ရှန်းရင်ကို ကြည့်လိုက် ခုပိုပြီးစပ်ဖြီးဖြီးလုပ်နေတဲ့ ရွှမ်ထုံ့ကို လှည့်ကြည့်လိုက် ဖြစ်နေတယ်။ သောက်ကျိုးနည်း ဘာတွေလဲ။
“ဂျပုလေးလို့ ခေါ်ခံရတာ နေသားကျနေပြီကို” ရွှမ်ထုံက ရှန်းရင်ဆီ သွက်လက်စွာနဲ့ လျှောက်လာရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးတယ်။
“ဂိုဏ်းချုပ်က တကယ်ကို ဉာဏ်ကောင်းတာပဲ၊ ဘယ်တုန်းက သိခဲ့တာလဲ၊ ကျွန်မတောင် ကိုယ့်မှတ်ဉာဏ်ကို ချိပ်ပိတ်ပြီး အကြွင်းအကျန်ဝိညာဉ်ကို လက်လျှော့ထားတာ”
“အင်း…” ရှန်းရင်က တစ်ခဏတာ အတော်လေး လေးလေးနက်နက် စဉ်းစားနေတယ်။
“မိစ္ဆာနတ်ဘုရားက ငါတို့ကို နင့်ကိုရှာခိုင်းတည်းက”
မုန့်ပေါ်ရဲ့ နှုတ်ခမ်းထောင့်ဖျားက တွန့်ချိုးသွားပြီး အပြုံးက ဖျော့တော့သွားတယ်။
“ဒါဆို အစတည်းက သိခဲ့တာလား၊ ဂိုဏ်းချုပ် ရှင် ကျွန်မအတွက် သိက္ခာလေး နည်းနည်း ချန်ထားပေးလို့ရမလား၊ ကျွန်မ စိတ်ကျေနပ်ဖို့အတွက်ပဲ တခြားအချိန်လေး ဘာလို့မပြောပေးတာလဲ”
“အိုး” ရှန်းရင်က ခေါင်းညိတ်ပြီး ဆက်ပြောတယ်။
“ဒါဆို ငါနင့်ကို ပထမဆုံးမြင်ချိန် နင့်ဝိညာဉ်က နည်းနည်း ကွဲပြားနေတယ်ဆိုတာ နားလည်သွားတည်းကပဲ”
“…” အဲဒါ စောလွန်းမနေဘူးလား။
-_-|||
“ခဏ” ကူယွဲ့ တစ်ဖက်လှည့်ကာ သူတို့စကားဝိုင်းကို ကြားဖြတ်ပြောလိုက်တယ်
“ရှန်းရင် ဂျပုလေးက… သူက မုန့်ပေါ်ပေါ့၊ မင်း အစတည်းက သောက်ကျိုးနည်း သိခဲ့ပြီးသားကို ငါ့ကို ပြောပြဖို့တောင် ဘာလို့မတွေးခဲ့တာလဲ”
“နင်သိတယ် ထင်နေတာလေ” ရှန်းရင် သူမခေါင်းကို စောင်းလိုက်တယ်။
“ငါ့ဖင်ကိုသိ” သူမ တစ်ခွန်းမှမပြောဘဲ သူက ဘယ်လိုလုပ်သိမှာတုံး။
“ဘာတွေဖြစ်နေတာတုံး၊ သူက ချန်ကောကိုယ်တိုင် သူ့ကိုယ်ထဲကနေ ဖယ်ထုတ်ထားတဲ့ စိတ်နတ်ဆိုးမဟုတ်ဘူးလား”
“စိတ်နတ်ဆိုးတွေက ဝိညာဉ် မဟုတ်ပါဘူး၊ သူတို့ က သံသရာစက်ဝန်းရဲ့ စွမ်းအင်ကို အသုံးပြုရင်တောင် ဘဝတိုတိုလေး နည်းနည်းတည်းနဲ့ ဝိညာဉ်တစ်ခုလုံးအဖြစ် ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ” ရွှမ်ထုံက ရှန်းရင် မတုံ့ပြန်ခင် ရှင်းပြလိုက်တယ်။ သူမက ရှေ့တက်လာကာ ဆက်ပြောတယ်။
“အစတုန်းက ကျွန်မက မြေအောက်လောကမှာ ပျင်းစရာကောင်းလွန်းတယ်လို့ ခံစားခဲ့ရတဲ့သူပါ၊ ကျွန်မ သေမျိုးလောကထဲမှာ လျှောက်သွားချင်ခဲ့ပြီး မေ့ပျောက်မြစ်ထဲ အဲစိတ်နတ်ဆိုးနဲ့ လမ်းကြုံခဲ့တယ်၊ စပ်စုချင်စိတ်နဲ့ ကျွန်မက အဲဒါကို ကောက်ယူပြီး အတူတူပြန်ဝင်စားခဲ့တာပဲ၊ တကယ်တော့ အဲဒါမတိုင်ခင်တည်းက အကြိမ်ရေတချို့လောက် ပြန်ဝင်စားပြီးပြီ”
“မင်းဘာသာ သွားခဲ့တာလား၊ အဲဆို မိစ္ဆာနတ်ဘုရားက ငါတို့ကို မင်းဆီ ဘာလို့လမ်းညွှန်လိုက်ရတာလဲ”
သူက မုန့်ပေါ်ဆိုရင် ဘယ်လိုလုပ် မိစ္ဆာနတ်ဘုရားက မပြောနိုင်ရတာလဲ။ ကန်းနေတာလား။
“သူက ကျွန်မပြန်လည်ဝင်စားမှုအကြောင်း မသိပါဘူး” သူမ ခေါင်းယမ်းလိုက်တယ်။ သူတို့အားလုံးက ရှေးဟောင်းနတ်ဘုရားသုံးပါးရဲ့ တစ်စိတ်တစ်ပိုင်းလေ။ သူတို့ လောကကြီးထဲ ဖြစ်ပျက်မဲ့ကိစ္စမှန်သမျှကို တွက်ချက်နိုင်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်မလဲတော့ မခန့်မှန်းနိုင်ဘူး။
“ပြီးတော့ အစတုန်းက မေ့ပျောက်မြစ်မှာ ကျွန်မက အကြွင်းအကျန်ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထားခဲ့တယ်လေ၊ အဲဒါကြောင့် ဒီတစ်ချိန်လုံး ကျွန်မက မြေအောက်ဘုံမှာပဲရှိတယ်လို့ ထင်နေခဲ့တာပဲ၊ နောက်တော့ ဟုန်ယွီက ကျွန်မရဲ့အကြွင်းအကျန်ဝိညာဉ်ကို ရသွားခဲ့တယ်၊ အဲဒါကြောင့် ကျွန်မပျောက်နေမှန်း သူသိသွားခဲ့တာပဲ” ဟုန်ယွီကိုယ်တိုင်လည်း သူမအကြွင်းအကျန်ဝိညာဉ်က တခြားသူတွေအားလုံးနဲ့ ကွဲပြားတယ်ဆိုတာ နားလည်ခဲ့တာပဲ။ အဲဒါကြောင့် သူမကို အမတဘုံကနေ ကောင်းကင်မြေအောက်ဘုံဆီ ဆွဲခေါ်ခဲ့တာပေါ့။
“အဲဆို မိစ္ဆာနတ်ဘုရား ငါ့ကို ပေးတဲ့ ဇာတ်ကြောင်းကရော ဘာဖြစ်သွားလဲ” သူမအကြောင်းဆိုတာ အသိသာကြီး။
“ကျွန်မက ပြန်လည်ဝင်စားပြီးတဲ့နောက် သေမျိုး ဖြစ်လာပေမဲ့လည်း ကျွန်မကံက လူတိုင်းနဲ့ အတော်လေးကို ခြားနားတယ်လေ၊ တိုက်ဆိုင်တော့ သူက နတ်ဆိုးဘုံက ပြဿနာကို ဖြေရှင်းချင်နေတာ၊ အဲဒါကြောင့် သူ့တွက်ချက်မှုတွေထဲ ကျွန်မကို ထည့်သွင်းခဲ့တာပဲ”
ဇာတ်လမ်းထဲက မိန်းကလေးရဲ့ ဆိုးရွားတဲ့ကံကလည်း သူမက မုန့်ပေါ်ဖြစ်နေတယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်နေတယ်။
ရှုပ်ထွေးချက်ပဲ ဟုန်ယွီက ပြန့်ရှင်းချန်ကို ကောင်းကင်ဘုံဆီ အတင်းအကြပ် ပြန်ဆွဲခေါ်လာခိုင်းခဲ့တာ မဆန်းတော့ဘူး။ သူက သူမဝိညာဉ်က ထူးခြားတယ်လို့တောင် ပြောခဲ့တယ်။ ဘယ်လိုလုပ် မထူးခြားဘဲနေမှာလဲ။ သူမက မေ့ပျောက်မြစ်ရဲ့ ရှန်းကျွင်းလေ။
ကူယွဲ့က ခေါင်းစခြေဆုံး ရင်းနှီးနေတဲ့ သူစိမ်းကို စစ်ဆေးလိုက်တယ်။ သူ တစ်ခုခုပြောချင်တဲ့ပုံနဲ့ ပါးစပ်ဟလိုက်ပေမဲ့ ဘာစကားလုံးမှထွက်မလာဘူး။ တစ်အောင့်နေတော့ သူ ဘေးမှာလက်သီးဆုပ်ပြီး မေးလိုက်တယ်။
“အင်းပါ၊ အခု… မင်းက ဂျပုလေးလား ဒါမှမဟုတ် မုန့်ပေါ်လား”
“ကျွန်မက ၂ခုလုံးပါပဲ”
ကူယွဲ့က မျက်မှောင်ကြုတ်ပြီး အဖြေနဲ့မကျေနပ်။
“ဂျပုလေး၊ မင်း ငါတို့နဲ့ ပြန်လိုက်မလာနိုင်ဘူးလား”
“…” မုန့်ပေါ်က သူ့ကို ပြန်မဖြေ။ သူမ သူ့ကို ဘယ်လိုပြန်ဖြေရမလဲ မသိဘူး။
“ထားလိုက်ပါတော့” ကူယွဲ့က သက်ပြင်းချလိုက်တယ်။ သူ အဖြေကို ထပ်မကြားချင်တော့ဘူး။ သေစမ်း ဝူတိဂိုဏ်းက ဓားကျင့်ကြံသူတွေကို တပည့်အဖြစ် ရဖို့ ကံမပါလာဘူးလား။
“မင်းက မုန့်ပေါ်ဆိုမှတော့ အကြွင်းအကျန်ဝိညာဉ်ပျောက်ဆုံးနေသူတွေ ပြန်ပြီးရအောင် လုပ်ဖို့နည်းလမ်း ရှိလား”
“သူတို့ တခြားလူတစ်ယောက်ယောက်ရဲ့ ထိန်းချုပ်တာ မခံထားရသရွေ့ သူတို့ရဲ့ အကြွင်းအကျန်ဝိညာဉ်တွေက ပြန်လမ်း ရှာတွေ့သွားပါလိမ့်မယ်” သူမကပြုံးတယ်။
“ဖုန်းညာန်က သံသရာစက်ဝန်းထဲ ဝင်သွားပြီ၊ စောနကဖျက်ဆီးခံလိုက်ရတဲ့ လေလွင့်ဝိညာဉ်တွေက သူတို့ဝိညာဉ် နောက်တစ်ကြိမ် ပြန်ပုံစံမပေါ်လာခင် ရက်နည်းနည်းတော့ကြာလိမ့်မယ်”
ကူယွဲ့ စိတ်အေးစွာနဲ့ သက်ပြင်းချလိုက်တယ်။ အရာအားလုံး အဆင်ပြေတော့မယ်ဆိုတာ သိလိုက်ရတော့ တော်ပါသေးတယ်။
“အခြေအနေရှုပ်ထွေးနေတဲ့ လူတစ်ယောက်ရှိသေးတယ်…” မုန့်ပေါ်က ခက်ခဲတဲ့ပဟေဋ္ဌိကို ဖြေရှင်းဖို့ကြိုးစားနေသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။
“သူ့ဝိညာဉ်က ခုဆို လုံးဝလွင့်ပျောက်လုနီးပါး ဖြစ်နေပေမဲ့ သံသရာစက်ဝန်းထဲဝင်ဖို့ကို ငြင်းနေသေးတယ်”
ကူယွဲ့က သူမ ဘယ်သူ့အကြောင်းပြောနေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။
“ဟုန်ယွီလား”
သူမက ခေါင်းညိတ်ပြီး လက်ကိုယမ်းလိုက်တယ်။ ဆံပင်ဖြူ၊ မုတ်ဆိတ်မွေးဖြူကြီးနဲ့ အဘိုးကြီးတစ်ယောက်က သူတို့နှစ်ယောက်ရှေ့ပေါ်လာတယ်။ သူက မျက်နှာပေါ် ကြင်နာနူးးညံ့တဲ့ အမူအရာရှိသေးပေမဲ့ အခု ပိုပြီးစိုးရိမ်နာကျင်နေဟန်။ တစ်ချိန်က သူ့ကိုယ်ကို ဝိုင်းနေခဲ့တဲ့ နတ်ဘုရားစွမ်းအင်က ခုတော့ ဖောက်ထွင်းမြင်ရလုနီးပါးပဲ။ သူက အချိန်မရွေး ပျောက်သွားမလိုမျိုး ဖြစ်နေတယ်။
“မင်း…” ကူယွဲ့ကို မြင်တော့ ဟုန်ယွီ အံ့ဩသွားတယ်။ သူ့ကြည့်ရတာ တစ်ခုခုကို နားလည်သွားတဲ့ပုံနဲ့ ကိုယ်ကိုကိုင်းကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။ တိုက်ခိုက်မှုက သူ့ကိုယ်ထဲကနေ အပြည့်အ၀ ထွက်သွားပြီ။ သူ့ အမူအရာက လုံးဝကို မျှော်လင့်ချက်ကင်းမဲ့နေပုံ။
“ငါ ဒါကို စီစဉ်လာခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီ၊ အရာအားလုံးက ဒီလိုဖြစ်လာမယ်လို့ မထင်မိခဲ့ဘူး”
ကူယွဲ့က ဘာပြန်ပြောရမှန်းမသိတာမို့ မျက်မှောင်ကြုတ်လိုက်တယ်။ ဟုန်ယွီက အကျင့်အရ လူဆိုးတော့ မဟုတ်။ သူ့မှာ အတ္တကြီးတဲ့ ရည်ရွယ်ချက်တွေ ဖုံးကွယ်နေခဲ့တာ မဟုတ်ဘူး။ သူလိုချင်ခဲ့သမျှက လောကကြီးထဲကအရာအားလုံးကို သူ့ပုံစံအတိုင်း ထားထားချင်ခဲ့တာပဲ။ ပြန်လည်ဝင်စားမှုစင်မြင့်ထဲ ခုန်ချပြီး သူ့ကိုယ်သူဖောက်ခွဲခဲ့တယ်။ ပိုင်ဇယ်က ပြောဖူတယ်။ ဟုန်ယွီက တရားပွဲတွေ စီစဉ်ချိန် ဘယ်ဧည့်သည်ကိုမှ မငြင်းဆန်သလို သူ့ဘာသာလည်း မလျှိုထားဘူးတဲ့။ ကောင်းကင်လောကရဲ့ သက်ရှိ၈၀ရာခိုင်နှုန်းကျော်က သူ့ဆီကနေ ကောင်းချီးတစ်မျိုးမျိုးတော့ ရရှိထားတာပဲ။
သူလုပ်ခဲ့သမျှက မြေအောက်ဘုံကို ဖျက်ဆီးတဲ့နေရာမှာ အကူအညီရဖို့ လူတစ်ယောက်စီရဲ့ အကြွင်းအကျန်ဝိညာဉ်နည်းနည်းစီကို ခိုးယူဖို့ဆိုတာတောင် သူက စိတ်ရင်းတော့ ကောင်းတယ်ဆိုတာ ငြင်းလို့မရဘူး။ ပြီးတော့ သူက ဝိညာဥ်တွေကို ဘယ်လိုထိန်းချုပ်ရမလဲသိတယ်။ ပြန့်ရှင်းချန် လုပ်ခဲ့သလိုမျိုး မူလဝိညာဉ်တွေကို ခိုးပြီး သူ့ကောင်းကင်နတ်ဘုရားစွမ်းအင်ကို မြှင့်တင်လို့ရပေမဲ့ သူမလုပ်ခဲ့ဘူး။ အဆုံးထိ ထိန်းချုပ်ခံထားရတဲ့လူတွေကို မြေအောက်ဘုံထဲ ဝင်ခိုင်းပြီး သူသေကိုယ်သေ ချဖို့ကိုတောင် ခွင့်မပြုခဲ့ဘူး။
သူက တကယ်ကို လမ်းမှားရွေးမိတဲ့ ကြင်နာတဲ့လူတစ်ယောက်ပဲ။
“ထားလိုက်ပါတော့” ဟုန်ယွီက သက်ပြင်းချတယ်။ သူက ပိုပိုပြီး ဖောက်ထွင်းမြင်နေရပြီ။ အလင်းစက်လေးတွေက သူ့ဝိညာဉ်ထဲကနေ ပျံထွက်စပြုလာတယ်။
“ဘဝဆိုတာ အမြဲဒီလိုဖြစ်ဖို့ပါပဲ၊ သုံးလောကထဲက သက်ရှိတွေက သံသရာစက်ဝန်း ရဲ့နာကျင်မှုတွေကနေ လွတ်မြောက်ဖို့ ကံမပါလာကြဘူး၊ သူတို့တွေ သေမျိုးဘုံထဲ အသက်ရှင်ဖို့ တိုက်ခိုက်ရုံပဲ ရှိတယ်၊ ဘယ်လောက်ပဲ ငါကြိုးစားကြိုးစား ကောင်းကင်ကို မတိုက်ခိုက်နိုင်ဘူး”
“ဘာလို့ သံသရာစက်ဝန်းရဲ့နာကျင်မှုတွေလို့ ညွှန်းရတာလဲ” ရှန်းရင်က ရုတ်တရက် မေးလာတယ်။
ဟုန်ယွီက ကြောင်သွားပြီး သူမကိုကြည့်တယ်။
“တကယ်လို့ သံသရာစက်ဝန်းက နာမကျင်ရဘူးဆိုရင် ဘာလို့သေမျိုးတွေက အမတလမ်းစဉ်နောက်ကို လိုက်ဆည်းပူးကြမှာလဲ၊ ငါ့ဘဝဆန္ဒက သုံးလောကထဲက သက်ရှိတွေကို ဒီသံသရာစက်ဝန်းထဲကနေ လွတ်မြောက်အောင် ကူညီဖို့ပဲ”
“ဒါပေမဲ့ ဘဝဆန္ဒက ဘယ်လိုလုပ် သုံးလောကနဲ့ ဆိုင်သွားရတာလဲ”
“ဘာကို” ဟုန်ယွီ သူမကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။
“ဆိုလိုတာက ဦးလေးရယ်… လူဦးရေအပေါ် သုတေသနလုပ်ဖူးရဲ့လား၊ အမတလမ်းစဉ်နောက် လိုက်ဆည်းပူးကြတဲ့ လူတွေ အများကြီး ရှိပေမဲ့ သာမန်သေမျိုးဖြစ်နေတဲ့လူတွေက ပိုများပါတယ်”
“ဒါပေမဲ့ ဘယ်သူက ထာဝရ အသက်မရှင်ဘဲ နေချင်လို့လဲ”
“အော် သုံးလောကထဲကသက်ရှိတွေကို မေးပြီးပြီလား”
“အာ…” သူ့အသံက တိမ်ဝင်သွားတယ်။
“သူတို့အားလုံး ထာဝရအသက်ရှင်မှုကို လိုချင်တယ်လို့ မဆုံးဖြတ်ခင် သူတို့ကို မေးတောင်မမေးခဲ့ဘူးလား”
ရှန်းရင်က သက်ပြင်းချပြီး တင်ပျဉ်ခွေထိုင်ချတယ်။ သူမက မေးစေ့ကို လက်ထောက်ပြီး ပြောတော့တယ်။
“ထာဝရအသက်ရှင်ရတာ ကောင်းလောက်ပေမဲ့ ဦးလေးက အဲလိုမျိုး စဉ်းစားတဲ့ တစ်ဦးတည်းသောသူ ဖြစ်နိုင်တယ်လေ၊ လူတစ်ယောက်စီမှာ မတူညီတဲ့ထင်မြင်ချက်တွေ ရှိကြတယ်၊ သိရသလောက်ဆို တချို့သူတွေက အသက်တောင် ရှင်ချင်ကြတာ မဟုတ်ဘူး”
“ငါ…” ဟုန်ယွီ ဖြူဖျော့သွားတယ်။ သူ ဘယ်လိုတုံ့ပြန်ပြောရမလဲ မသိတော့ဘူး။
“မေးတောင်မမေးဘဲ သူတို့အတွက် ဆုံးဖြတ်ချက်ချတယ်၊ သမ္မတရွေးရင်တောင် လူတိုင်းမှာ ပြောခွင့်ရှိတယ်၊ သူတို့ အသက်ရှင်ချင်ချင် သေချင်ချင် ဒါက သူတို့ဆုံးဖြတ်ရမဲ့ကိစ္စပဲ၊ လူတိုင်းရဲ့ ရွေးချယ်ပိုင်ခွင့်အာဏာကို ယူသွားပြီးတော့ သူတို့ရဲ့ကောင်းကျိုးအတွက်ဆိုပြီး ပြောလို့မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား”
“…”
“ဦးလေး နတ်ဘုရားတစ်ပါးအနေနဲ့ ဒီလိုနှစ်ဖက်စံနှုန်းတွေ ရှိလို့ မဖြစ်ဘူးလေ”
…