အခန်း ၂၇၁ ။ အင်းကွက်ပူဇော်မှုများ
“ဂျပုလေး” ကူယွဲ့က သူမကို လှမ်းကူဖို့ အလိုလိုလက်လှမ်းလိုက်ပေမဲ့ အသက်ရှူကြပ်သွားတယ်။ ရုတ်တရက် တစ်စုံတစ်ယောက်က အတွင်းထဲကနေ သူ့သွေးကြောတွေကို စုတ်ဖြဲနေသလိုပဲ။
“ပြန့်ရှင်းချန်၊ မင်း ဖုန်းညာန်ဝိညာဉ်ကို လွင့်ပျောက်သွားစေခဲ့တယ်ပေါ့၊ ငါ မင်းအသက်ကိုယူမယ်”
ကျူမင်ရဲ့မျက်လုံးတွေက သွေးရဲရဲနီနေပြီး တစ်ဖက်လူဆီ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။ သူ့ကို လှမ်းဖမ်းဆွဲကာ တစ်ကိုယ်လုံးကို ယင်ချီနဲ့ဖုံးလွှမ်းစေကာ နှစ်ယောက်လုံးကို ရစ်ပတ်သွားခဲ့တယ်။
“သူက သူ့ကိုယ်သူ ဖောက်ခွဲချင်နေတာပဲ၊ ခဏ”
ကူယွဲ့ အော်ပြီး သူ့ကိုတားဖို့ရည်ရွယ်လိုက်တယ်။ နောက်ကျလွန်းသွားပြီ။ ဝုန်းခနဲ ပေါက်ကွဲသံ အကျယ်ကြီး ပေါ်လာပြီး ဆန်းကြယ်ဘုံတစ်ခုလုံး အပြင်းအထန်တုန်ခါသွားခဲ့တယ်။ ကြီးမားတဲ့ဖိအားကြီးတစ်ခု ဘုံတစ်လျှောက် ဖြတ်ပြေးသွားပါလေရော။ တကယ်လို့ ယိချင်းသာ အချိန်မီ အကာအကွယ်အင်းကွက် မဖန်တီးခဲ့ရင် တစ်ဖွဲ့လုံး နောက်ပြန်လွင့်ထွက်ပြီး အမှုန့်အဖြစ် ဖိချေခံရလောက်ပြီးပြီ။
“ဟမ့် ငတုံး” ကျူမင်က သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာတောင် ပြန့်ရှင်းချန်က အထိအခိုက်မရှိ ထွက်လာတယ်။ သူ့ကိုယ်က ဖုန်တွေကိုခါပြီး အဖွဲ့ကို ပုရွက်ဆိတ်တွေကိုကြည့်သလိုမျိုး အေးစက်စက်ကြည့်တယ်။
“ငါက နတ်ဘုရားအစစ်ဖြစ်လာပြီ၊ သုံးလောကထဲက ဘယ်သူမှ ငါ့ကိုမတားနိုင်တော့ဘူး”
“တကယ်လား” ကြက်သီးထစရာ အသံက သူ့နားဘေးက ပေါ်လာတယ်။
ရွှစ်ခနဲအသံနဲ့အတူ နတ်ဘုရားစွမ်းအင် ရစ်ပတ်ထားပြီး လေထဲလွင့်မျောနေတဲ့ ပြန့်ရှင်းချန်က ရှန်းရင် မြေကြီးပေါ် ကန်ချတာခံလိုက်ရပြီ။ ဖိအားက ချက်ချင်း ပင့်မသွားခဲ့တယ်။
“မဖြစ်နိုင်တာ” ပြန့်ရှင်းချန်က မျက်လုံးတွေပြူးပြီး ကုန်းရုန်းထလိုက်တယ်။ သူ ရှန်းရင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။
“မဖြစ်နိုင်တာ…. ငါက အစစ်အမှန်နတ်ဘုရားဖြစ်လာပြီပဲ၊ မင်းက ဖန်တီးမှု ရှေးဟောင်းနတ်ဘုရားသုံးပါးထဲက တစ်ပါး မဟုတ်သရွေ့… မင်း ဘယ်လိုလုပ် ငါ့နားကပ်လာနိုင်မှာလဲ၊ မင်းက ဘယ်သူလဲ”
“ရှေးဟောင်းနတ်ဘုရားတွေလား” ရှန်းရင် မျက်စိမှေးပြီး တစ်ခဏစဉ်းစားကာ ပြောလိုက်တယ်။
“ငါ နောက်တစ်ခေါက်ကျ တစ်ယောက်ကို ထုထောင်းကြည့်သင့်တာပဲ၊ ဒါဆို ကွာခြားချက်က ဘာလဲဆိုတာ ကြည့်နိုင်ပြီ”
ပြန့်ရှင်းချန်က ရှန်းရင်ကိုတိုက်ခိုက်ဖို့ သူ့အစွမ်းတွေ အားလုံးကို အလိုလိုအသက်သွင်းလိုက်ပေမဲ့ သူ စောနက ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားစွမ်းအင်ဟာ အသက်သွင်းလို့မရတော့တာ သိလိုက်ရတယ်။ ပြီးတော့ သူ့ကိုယ်က ပြိုလဲခါနီးအထိ အန္တရာယ်ကြီးမားစွာနဲ့ နီးစပ်သွားတာကို ခံစားလိုက်ရတယ်။
“ဘာဖြစ်တာလဲ မင်း ဘာလုပ်လိုက်တာလဲ”
ရှန်းရင်က သူ့ကို ကန်တော့မလို့ ဒါပေမဲ့ တန့်သွားခဲ့တယ်။ သူမ ဘာမှမလုပ်ခဲ့ဘူး။
“ငါ့နတ်ဘုရားစွမ်းအင်…” ပြန့်ရှင်းချန် သွေးပျက်စပြုလာတယ်။ သူ့ကိုယ်ထဲ နတ်ဘုရားစွမ်းအင်တွေအားလုံးကို ခန္ဓာကိုယ်အပြင် ဆွဲထုတ်ယူနေတဲ့ တွင်းနက်ကြီးတစ်ခု ဖန်တီးထားသလိုပဲ။ အစတုန်းက တရစပ်တိုးလာခဲ့တဲ့ သူ့ကျင့်ကြံဆင့်က နောက်တစ်ကြိမ် ပြန်ကျဆင်းလာပြန်ပြီ။ သူ ဘာလုပ်လုပ် မရပ်တန့်နိုင်တော့ဘူး။
“မဖြစ်နိုင်တာ… ငါ နှလုံးမဲ့တာအိုကို လေ့ကျင့်ပြီးပြီ၊ ဖုန်းညာန်ဝိညာဉ်ကို ဖျက်ဆီးပြီးထားပြီကို ဘာလို့ဒီလိုဖြစ်နေတာလဲ”
သူက တစ်စုံတစ်ရာကို နားလည်သွားပုံနဲ့ အမူအရာက ချက်ချင်း ကောက်ကျစ်သွားတယ်။
“ကျူမင် ကျူမင်ပဲ သူ ငါ့ကို လိမ်ခဲ့တာ၊ ဒီနှလုံးမဲ့တာအိုက ငါ့ကို အစစ်အမှန်နတ်ဘုရားအဖြစ် ပြောင်းလဲခွင့်မပေးဘူးပေါ့”
“နှလုံးမဲ့တာအိုမှာ ပြဿနာမရှိပါဘူး၊ နင်ကသာ ပြဿနာရှိတဲ့သူ”
ပြန့်ရှင်းချန်က တန့်သွားတယ်။
“မင်းဘာဆိုလိုတာလဲ”
“ဘယ်သူက နင့်ဇနီးကိုသတ်လို့ နှလုံးမဲ့တာအိုကို အောင်မြင်နိုင်မယ်ဆိုတဲ့ အတွေးမှားကြီးပေးခဲ့တာလဲ”
“ချစ်ရတဲ့သူကို သတ်တာက နှလုံးမဲ့တာအိုရဲ့ လမ်းစဉ်ပဲ၊ ငါ မမှားဘူး”
ရှန်းရင် သူ့ကိုကန်ချင်တဲ့ဆန္ဒကို အားကုန်သုံးထိန်းချုပ်နေရတယ်။
“နင့်ဦးနှောက်က နင့်ဟာပဲ – တစ်စုံတစ်ရာက နှလုံးမဲ့မမဲ့ နင်ဆုံးဖြတ်ရမှာ၊ နားလည်နိုင်စွမ်း ပြဿနာ ရှိနေတာပဲလား၊ ဒါမှမဟုတ် တုံးပဲတုံးတာလား၊ တစ်စုံတစ်ယောက်ကို သတ်တာနဲ့ နင့်ခံစားချက်တွေကို ဆုံးရှုံးနိုင်မယ် ထင်နေတာလား”
“မင်း-”
“စိတ်နှလုံးလှုပ်ရှားပြီး ခံစားချက်တွေ ဖြစ်ပေါ်လာသူက နင်လေ၊ နင့်ဇနီးကိုမသတ်ခင် နင့်နှလုံးသားကို နင်ဘာလို့ အရင်မပြင်တာလဲ၊ နင့်ဇနီးနဲ့ဘာဆိုင်လို့လဲ”
“…”
“နင့်ကိုယ်နင် နာကျင်အောင် မလုပ်နိုင်ရုံပါပဲ၊ အဲဒါကြောင့် နင်သူ့ကို ဆင်ခြေအနေနဲ့သတ်ခဲ့တာ”
“ဟင့်အင်း ဟင့်အင်း…”
“နင့်ဇနီးကို သတ်တာက နင့်ကို တာအိုလမ်းစဉ် အောင်မြင်ဖို့ ကူညီလိမ့်မယ်လို့ တွေးနေခဲ့တာလား၊ နင်က မဟာတာအိုမှာ ကျွမ်းကျင်ပညာရှင်လား၊ မဟာတာအိုက မိန်းကလေးတွေ ချို့တဲ့နေတာမှ မဟုတ်တာ – နင့်ဇနီးကို မလိုဘူး”
“ငါမမှားဘူး၊ မမှားဘူး”
“နောက်တစ်ကြိမ် နင် တာအိုကို အောင်မြင်အောင် ကြိုးစားချင်ရင် စာဖတ်ဟ” ရှန်းရင် သူ့ကို တလေးတနက် အကြံပေးလိုက်တယ်။
“မဟုတ်ရင် နင်က နင့်ဇနီးကိုတောင် အလွတ်ပေးချင်စိတ်မရှိတဲ့ ခွေးကောင်ပဲဖြစ်လာလိမ့်မယ်”
“ပါးစပ်ပိတ်ထား ပါးစပ်ပိတ်ထား” ပြန့်ရှင်းချန်က ဒေါသတကြီး အော်ဟစ်တယ်။ သူ့မျက်နှာက ခုဆိုအရောင်အသွေးလုံးဝမရှိတော့ဘူး။ သူ့ကိုယ်ထဲကနေ နတ်ဘုရားစွမ်းအင်တွေ ဆုတ်ယုတ်သွားပြီး သူ့ကျင့်ကြံဆင့်တွေ နိမ့်ကျလာတာကို တားဖို့ဘာမှမလုပ်နိုင်ဘူး။ အခုဆို သူက ဂျပုလေးထက်တောင် အားနည်းနေပြီ။
“ငါ့ကျင့်ကြံဆင့်… ငါ့ကျင့်ကြံဆင့်… ဟင့်အင်း…”
“စားဖိုမှူး၊ ဒီကိုခဏလာခဲ့” ရှန်းရင်က သူ့ကို ဆက်ပြီး စိတ်ထဲထားမနေတော့ဘူး။ သူ စားဖိုမှူးကို လက်ယမ်းပြပြီး အခု အမောတကော အသက်ရှူနေရတဲ့ အရူးကို လက်ညှိုးထိုးပြလိုက်တယ်။
“ဝိညာဉ်တစ်ခုကို ခေါ်လိုက်၊ ငါက ဘယ်လိုလုပ်ရမလဲမသိဘူး”
“ဝိညာဉ်ကို ခေါ်ရမှာလား” ယိချင်း ရှန်းရင်ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ ဒါပေမဲ့ သူ စည်းချိပ်တစ်ခု ဖန်တီးကာ လှမ်းပစ်လိုက်တယ်။
ပြန့်ရှင်းချန်က ခု ယိချင်းဂါထာတွေကိုတောင် မကာကွယ်နိုင်တော့ဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ သဏ္ဌာန်က သူ့ကိုယ်ထဲကနေ လူတိုင်းရှေ့ မျောလွင့်လာတယ်။
“ဖုန်းညာန်” သူတို့ အော်လိုက်တယ်။ ဒါက ဖုန်းညာန်ရဲ့ မူလဝိညာဉ်ပဲ။ သူ့ကိုယ်ထဲ ရှာတွေ့မယ် မထင်ခဲ့ဘူး။
သူမဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေ ပျောက်သွားလို့ထင် ဖုန်းညာန်ရဲ့မူလဝိညာဉ်က ခု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ သူမမျက်လုံးနှစ်လုံးက ပိတ်ထားပြီး အင်မတန်တည်ငြိမ်နေတဲ့ပုံ။ စောနက သူတို့မြင်ခဲ့ရတဲ့ အရူးနဲ့ လုံးဝကို မတူတော့တာ။
ကူယွဲ့ အမြန်စည်းတစ်ခု ဖန်တီးပြီး ဖုန်းညာန်ရဲ့ မူလဝိညာဉ်ကို သိမ်းလိုက်တယ်။ ကျန်ရစ်တာက သူမမူလဝိညာဉ်ပဲ ဆိုပေမဲ့ ပြန်လည်ဝင်စားမှုစွမ်းအင်က တစ်နေ့ကျ သူမဝိညာဉ်ကို အပြည့် ပြန်ဖြစ်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ မေ့ပျောက်မြစ်ဆီ ပို့လို့ရသေးတယ်။
ပြန့်ရှင်းချန်ရဲ့ ကျင့်ကြံဆင့်က ဖုန်းညာန်ဝိညာဉ် သူ့ကိုယ်ထဲကနေ ထွက်သွားတာနဲ့ ပိုကျဆင်းသွားခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်း သူ့ကျင့်ကြံဆင့်က ရွှမ်ထုံ့ကိုတောင် မယှဉ်နိုင်တော့ဘူး။
လူတိုင်းမျက်မှောင်ကြုတ်ပြီး သူ ဘာလို့ ဖုန်းညာန်ဝိညာဉ်ကို လိုချင်ခဲ့လဲ ခုနားလည်သွားပြီ။ ရှန်းရင် စောနကပြောခဲ့သလိုပဲ သူ့ဇနီးကို သတ်တာက မဟာတာအိုကိုအောင်မြင်အောင် ကူညီမပေးဘူး။ အဲအစား ဖုန်းညာန်လိုချင်တာကို ခွင့်ပြုပေးလိုက်သလိုတောင် ဖြစ်လောက်တယ်။ သူမ မသေခင်လေးမှာ ဖုန်းညာန်က ပြန့်ရှင်းချန်အတွက် ဘာအချစ်မှ မခံစားရတော့တာဖြစ်နိုင်တယ်။ အဲဒါကြောင့် သေပြီးတဲ့နောက် တစ္ဆေအမတဖြစ်လာသလားပဲ။
တစ်ဖက်မှာတော့ ပြန့်ရှင်းချန်က ဖုန်းညာန်ဝိညာဉ်ကို သူ့ကိုယ်ထဲ လက်ခံပြီးတဲ့နောက်မှာ ကျင့်ကြံဆင့် မြင့်တက်သွားတာကို ကြုံခဲ့ရတယ်။ ဒါပေမဲ့ တစ်ခုခုလွဲနေတယ်ဆိုတာ သူနားလည်ခဲ့မှာပဲ။ အဲဒါကြောင့် ဖုန်းညာန်ဝိညာဉ်ကို သူ့ကိုယ်ထဲ သိမ်းထားဖို့ကြိုးစားခဲ့တာ။ သူ့ကျင့်ကြံဆင့်တိုးမြင့်မှုက ဖုန်းညာန်ဟာပဲ။
“အဲဒါထူးဆန်းတယ်၊ တခြားအကြွင်းအကျန်ဝိညာဉ်တွေရော ဘယ်မှာလဲ” ကူယွဲ့ စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။ သူ ဂါထာတချို့ သုံးပြီး ဝိညာဉ်တွေကို ပြန်ခေါ်ဖို့လုပ်ပေမဲ့ ပေါ်လာတဲ့ အကြွင်းအကျန်ဝိညာဉ်တစ်ခုမှ မရှိ။ ပြန့်ရှင်းချန်ကိုယ်ထဲ ဖုန်းညာန်ရဲ့မူလဝိညာဉ်ပဲရှိနေတယ်။
“ဟီးဟီးဟီး…” ပြန့်ရှင်းချန်က ရုတ်တရက် ရူးနှမ်းစွာရယ်တယ်။ သူက အုပ်စုကိုကြည့်ပြီး ယုတ်မာစွာစပ်ဖြီးဖြီးလုပ်လေတယ်။
“ဖုန်းညာန်ကို သတ်ဖို့အတွက်နဲ့ ဒီဆန်းကြယ်ဘုံကို ဖန်တီးခဲ့တယ်ထင်နေတာလား”
“ဘာဆိုလိုတာလဲ” ကူယွဲ့ရင်ထိတ်သွားတယ်။
“မင်းတို့ ဖုန်းညာန်မူလဝိညာဉ်ကို ပြန်ရသွားတော့ရော ဘာဖြစ်လဲ၊ မင်းတို့အားလုံး မကြာခင် သူ့လို ဖြစ်လာတော့မှာပဲ – မင်းတို့ ဘယ်တော့မှ ပြန်ဝင်စားရတော့မှာမဟုတ်ဘူး” သူက ရယ်ပြီး အော်ဟစ်နေတယ်။
“ငါ နတ်ဘုရားအစစ်အမှန် ဖြစ်မလာနိုင်ရင် မင်းတို့အားလုံး ငါနဲ့အတူပျက်စီးရမယ်”
“မင်းဘာပြောလိုက်တယ်” တစ်အုပ်စုလုံး အံ့ဩတကြီးရေရွတ်လိုက်ကြတယ်။ ပြန့်ရှင်းချန်က စည်းတံဆိပ်တစ်ခု ဖန်တီးပြီး သူ့ဝိညာဉ်နဲ့အတူ ခန္ဓာကိုယ်ကပါ ပြိုကွဲစပြုလာတယ်။ သူတို့က ကြွေထာ်မြေထည်တွေနဲ့ လုပ်ထားတဲ့အတိုင်းပဲ။ နောက်တော့ ကျိုးပဲ့နေတဲ့အစအနတွေက သူတို့မျက်စိရှေ့မှောက်မှာတင် ပျောက်ကွယ်သွားခဲ့တယ်။
“ဒါ… ပူဇော်မှုပဲ” ပိုင်ဇယ် အံ့ဩတကြီးရေရွတ်လိုက်တယ်။
သူတို့ဘယ်သူမှ မတုံ့ပြန်နိုင်ခင် မြေကြီးကတုန်ယင်စပြုလာတယ်။ ဆန်းကြယ်ဘုံတစ်ခုလုံး ပျက်စီးစ ပြုလာတယ်။ အဝေးကနေ အော်ဟစ် ငိုကြွေးသံတွေပါ ခပ်တိုးတိုးကြားနေရတာ။။အလင်းတန်းနီတွေက သူတို့ခေါင်းပေါ်ကနေတစ်ဆင့် တောက်ပနေတယ်။
“ဘာတွေဖြစ်နေတာလဲ”
“အပြင်မှာ” ကူယွဲ့ မော့ကြည့်ကာ အော်လိုက်တယ်။
“ဒီဆန်းကြယ်ဘုံက ပျက်စီးနေပြီ၊ အပြင်ထွက်ကြရအောင်”
သူတို့ဓားကိုတက်စီးပြီး အပေါ်ကို ပျံသန်းလာခဲ့တယ်။ သူတို့ ဆန်းကြယ်ဘုံက ထွက်ထွက်ချင်း ပြင်းထန်လှတဲ့အလင်းတန်းနီကြီးကြောင့် မျက်စိကျိန်းသွားတယ်။ အပြင်ဘက်ကအလင်းတန်းနီတွေက ကောင်းကင်ထိ တန်းတန်းမတ်မတ်ရောက်ပြီး တစ်ကမ္ဘာလုံးကို အပိုင်းပိုင်းဖြတ်တောက်တော့မဲ့ပုံမျိုး ဖြစ်နေတော့တယ်။
…