အခန်း ၂၇၀ ။ မဟာနှလုံးမဲ့တာအို
ဖုန်းညာန်ရဲ့အရှိန်က အင်မတန်မြန်ဆန်ပြီး ကြောက်ခမန်းလိလိနာကျည်းမှုစွမ်းအင်တွေဖုံးလွှမ်းနေလို့ ရှန်းရင်တောင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။ ချန်းယွဲ့ ဖုန်းညာန်ရဲ့ တွန်းထုတ်မှုကို ခံလိုက်ရတယ်။ သူမရဲ့ နာကျည်းမှုစွမ်းအင်က သူ့ဓမ္မဝတ်ရုံကို အရည်ပျော်သွားစေပြီး အောက်ခံတွေကိုပါ အရည်ပျော်သွားစေလို့ ကိုယ်တုံးလုံးရပ်နေရတယ်။
ရုတ်တရက် သူ့ကိုယ်ပေါ် ရွှေရောင်အလင်းပေါ်လာပြီး ဖုန်းညာန် ပြန်ကွက်ထွက်သွားခဲ့တယ်။ သူ့ပတ်လည်မှာ ရွှေကြာပန်းအရိပ်ပေါ်လာပြီး သူ့ကိုအထဲမှာပိတ်လှောင်ထားလိုက်တယ်။ နာကျည်းမှုစွမ်းအင်က လွင့်ပျောက်သွားပြီး ချန်းယွဲ့က အသက်ပြင်းပြင်းရှူကာ ဖုန်းညာန်ကို အကြောက်တရားပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တယ်။
“မင်း… မင်းက…” ကျူမင်က တစ်စုံတရာကို နားလည်သွားဟန် ချန်းယွဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
ချန်းယွဲ့က ခြောက်ကပ်ကပ်ရယ်တယ်။ ဖေဖေနျိုနဲ့တစ်ပုံစံတည်းတူတဲ့မျက်နှာက ပြောင်းလဲသွားပြီ။ သူ့အယောင်ဆောင်ထားမှုက မျက်စိရှေ့တည့်တည့်မှာတင် ပျောက်ကွယ်လာတယ်။ စက္ကန့်အနည်းငယ်အကြာမှာတော့ သူ့မျက်နှာက လုံးဝကိုပြောင်းလဲသွားပြီ။
“တကယ်ပဲမင်းကိုး” ကျူမင့်မျက်လုံးတွေ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့တာပေါ့။
“မင်း… ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ဖုန်းညာန်က စောနက အရှိန်ကြောင့် ပြန်သက်သာလာပြီး အရှေ့ကို နောက်တစ်ကြိမ် ဝင်တိုးပြန်တယ်။ ချန်းယွဲ့ရဲ့ ရုပ်ရည်သွင်ပြင် ပြောင်းလဲမှုတွေကို လုံးဝသက်ရောက်မှုမရှိတဲ့ပုံ။
“ပြန့်ရှင်းချန်၊ ငါနင့်ကိုသတ်မယ်… နင့်ကိုသတ်မယ်…” သူမက လုံးဝကို သွပ်သွပ်ခါအောင် ရူးသွားပြီ။ သူမက ရွှေရောင်အလင်းကြောင့် ထပ်တလဲလဲ ကန်ထွက်နေပေမဲ့ ဆက်တိုက်ဝင်တိုက်နေတယ်။ သူမ ဝင်တိုက်တိုင်း ဝိညာဉ်က နည်းနည်းစီပိုအားနည်းလာပြီး သူမကိုယ်ပတ်လည်က နာကျည်းမှုစွမ်းအင်တွေက ပိုတိုးလာတယ်။ သူမတစ်ကိုယ်လုံး နာကျည်းမှုစွမ်းအင်တွေနဲ့ ဖန်တီးထားသလိုမျိုးနီးပါးတောင် ဖြစ်နေပြီ။
ကျူမင်က သူမရဲ့ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နည်းတွေကို တားဖို့ မှော်အတတ်တချို့ သုံးလိုက်တယ်။ နောက်တော့ သူ့ မျက်လုံးထဲ ဒေါသအပြည့်နဲ့ အရှေ့ကလူကို မော့ကြည့်တယ်။
“ပြန့်ရှင်းချန် မင်း အသက်ရှင်နေသေးတာပဲ”
ဖုန်းညာန်က ဒီတစ်ချိန်လုံး ပြန်ဝင်စားဖို့ ငြင်းဆန်နေခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ သူမရန်သူက အသက်ရှင်နေဆဲ ဖြစ်ပြီး ချန်းယွဲ့ရှန်းကျွင်းတောင် ဖြစ်လာသေးတာကိုး
“ငါ မဟာတာအိုကို မအောင်မြင်သေးဘူးလေ၊ သေချာပေါက် သေလို့မဖြစ်ဘူးပေါ့” သူက ရှန်းရင်ကို သတိတကြီး ကြည့်ပြီး နောက်တစ်လှမ်းဆုတ်တယ်။
“ဖုန်းညာန်က ငါနဲ့မဟာတာအိုကြားက အကြီးမားဆုံး အတားအဆီးပဲ”
“အတားအဆီး” ကျူမင်က လက်သီးဆုပ်ကာ အော်တယ်။
“ပြန့်ရှင်းချန်၊ မင်းက နှလုံးသား မဲ့လှချည်လား၊ သူက မင်းဇနီး ဖြစ်ခဲ့တာနော်၊ မင်းအပေါ် သစ္စာရှိခဲ့ပြီး မင်းစိတ်ပျက်ရအောင် ဘာမှမလုပ်ခဲ့ဘူး ဒါပေမဲ့ မင်းသူ့ကို ဘယ်လိုဆက်ဆံရက်တာလဲ၊ မဟာတာအို အောင်မြင်နိုင်ဖို့အတွက် မင်း သူ့ကျင့်ကြံဆင့်တွေ အားလုံးကို စုပ်ယူခဲ့ပြီး အမတအရိုးတွေကိုတောင် အမြတ်ထုတ်ခဲ့တယ်၊ သူ့ကို နာကျည်းချက်နဲ့ သေစေခဲ့တယ်ပေါ့ မင်း ဒီလောက် သူ့ကို ထိခိုက်အောင် လုပ်ထားတာတောင် တခြား ဘာလိုချင်နေတာလဲ”
အဲလူရဲ့အမူအရာကနေ အပြစ်ရှိစိတ် တစ်စက်မှ မရှိဘူးဆိုတာ သိသာတယ်။ သူက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။
“တကယ်လို့ မဟာတာအိုလမ်းဖွင့်ချင်ရင် စတေးမှုတချို့တော့လုပ်မှဖြစ်မယ်လေ”
“မင်း…”
“ကျူမင်” ပြန့်ရှင်းချန်အမူအရာက မည်းမှောင်သွားပြီး နှာမှုတ်တယ်။
“မမေ့နဲ့နော်၊ ငါ နှလုံးမဲ့တာအို လမ်းစဉ်ကျင့်မှ ကောင်းကင်နတ်ဘုရားဖြစ်လာနိုင်မယ်လို့ ပြောခဲ့တဲ့သူက မင်းဆိုတာ”
ကျူမင်က တောင့်တင်းသွားပြီး မျက်နှာမှာ အရောင်အသွေး မရှိတော့ဘူး။ သူ့မျက်လုံးထဲ တစ်စုံတစ်ရာ ဖြတ်ပြေးသွားတယ်။
“ငါ… ငါ မင်းလုပ်မယ်မထင်… ငါကဒီတိုင်း-”
“မင်း ဖုန်းညာန်ကို ခိုးဖို့အတွက် လုပ်ခဲ့ရုံလား” ပြန့်ရှင်းချန်က ကျူမင်ကို ဖြတ်ပြောပြီး ထေ့ငေါ့မေးလေတယ်။
“မင်းငယ်ငယ်လေးတည်းက သူ့ကို ကြိုက်ခဲ့တာလေ၊ မင်း နှလုံးမဲ့တာအိုလမ်းစဉ်အတွက် သိုင်းတွေကို ငါ့ဆီပေးချိန် မင်းရည်ရွယ်ချက်တွေကို ငါခန့်မှန်းမိပြီးသား၊ မင်းက ဖုန်းညာန်ရဲ့ ငါ့အပေါ်ခံစားချက်တွေကို ပျောက်သွားစေချင်ခဲ့တာလေ၊ ခု မင်းတို့နှစ်ယောက်လုံး တစ္ဆေအမတတွေ ဖြစ်နေပြီဆိုတော့ မင်းတို့ဆန္ဒပြည့်ပြီလို့ပြောနိုင်တယ်”
“ပါးစပ်ပိတ်ထား” ကျူမင်က ဒေါသတကြီး အော်လိုက်တယ်။ သူ့ကြည့်ရတာ အပြစ်ရှိစိတ်ရော ဒေါသရောထွက်နေတဲ့ပုံ။ သူ့လက်ထဲကဓားက ရှေ့ကလူကို ချိန်လေတယ်။
“ငါအဲတုန်းက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေရှိခဲ့ပေမဲ့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ မင်း တကယ်ပဲ…” သူ့စကားကို သူ အဆုံးသတ်အောင် မပြောနိုင်တဲ့ပုံ။
တုန်ယင်စွာ အံကြိတ်ရင်း သူပြာလေတယ်။
“တာအိုအတွက်နဲ့ မင်းဇနီးကို သတ်မယ်လို့လေ”
သူ ပြောပြီးပြီးချင်း ရှိနေတဲ့လူတိုင်း အသက်ပြင်းပြင်းရှူမိသွားကြတယ်။
ချီး နောက်ထပ် ခွေးသားပဲ။
အဲတော့ သူက ဖုန်းညာန်ကို သတ်ခဲ့တဲ့သူပေါ့။ ပြီးတော့ ပိုဆိုးတာက လင်မယားတွေတဲ့လား။ ဖုန်းညာန်က မူလဝိညာဉ် ပျောက်ဆုံးရလောက်တဲ့အထိ နာကျည်းချက်တွေ အများကြီးရှိနေတာ မဆန်းတော့ဘူး။
ပြန့်ရှင်းချန်ရဲ့ အမူအရာက မပြောင်းမလဲ။
“ဟမ့် ပတ်သက်မှုအားလုံးကို ဖြတ်တောက်တာက မဟာတာအိုအောင်မြင်ဖို့ သော့ချက်ပဲ၊ ငါ့ဇနီးကို သတ်ပြီး တာအိုလမ်းစဉ်နောက်လိုက်မှ ကောင်းကင်မျိုးနွယ် ဖြစ်လာဖို့ မျှော်လင့်ချက်ရှိခဲ့တာ၊ သူ့ကို သတ်လို့ တစ်ခါမှ နောင်တမရဖူးဘူး”
“ပြန့် ရှင်း ချန်” ကျူမင် ဒေါသတကြီး အော်လိုက်တယ်။
“မမေ့နဲ့ မင်းလည်း ဖုန်းညာန် သေဆုံးမှုအတွက် ထပ်တူထပ်မျှ တာဝန်ရှိတယ်”
“…”
ကျူမင်က တောင့်တင်းသွားပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြန်တယ်။ သူ နောက်တစ်ကြိမ် တစ်ဖက်လူကို စေ့စေ့ကြည့်လိုက်တယ်။
“ငါ ဖုန်းညာန်ကို တကယ်ပဲစိတ်ပျက်စေခဲ့တယ်၊ အဲဒါကြောင့် ဒီနေ့ ငါ တစ္ဆေအမတ ဖြစ်လာခဲ့တာပဲ၊ မင်းကို လက်စားချေဖို့ပေါ့”
ကျူမင်က လက်နက်ကို ဆွဲထုတ်ပြီး ချန်းယွဲ့ဆီ ဦးတည်လိုက်တယ်။
“ဖုန်းညာန်ရဲ့ မူလဝိညာဉ်ကိုပြန်ပေးစမ်း”
ဒါပေမဲ့ ပြန့်ရှင်းချန်က လှုပ်တောင်မလှုပ်။ သူက ကျူမင် တိုက်ခိုက်တာခံရမှာကို စိတ်ထဲ ထည့်တောင်မထည့်။ ကျူမင်က ချန်းယွဲ့ဆီမရောက်ခင် နောက်ပြန်ကန်ထွက်သွားတယ်။ အရှိန်က သူ့ဝိညာဉ်ကို မတည်မငြိမ် ဖြစ်စေခဲ့တယ်။
ကူယွဲ့က ကြမ်းပြင်ပေါ် လဲနေတဲ့ကျူမင့်ကို လှမ်းကြည့်လိုက်တယ်။ ရုတ်တရက် သူ ပြန့်ရှင်းချန်ကိုရော ကျူမင်ကိုပါ သဘောမကျတော့ဘူး။ ကျူမင်က တစ်ခုခုဖုံးကွယ်ထားမှန်း သူသိပေမဲ့ ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ခဲ့တာ။ ကျူမင်က သူချစ်တဲ့သူရဲ့နှလုံးသားကို အနိုင်ရဖို့အတွက်နဲ့ တခြားသူတစ်ယောက်ကို နှလုံးမဲ့တာအိုလမ်းစဉ်ကိုလိုက်ဖို့ ဆိုက်ရောက်စေခဲ့မယ်လို့ မတွေးမိခဲ့ဘူး။ ရလဒ်အနေနဲ့ကတော့ ပြန့်ရှင်းချန်က ဆည်းပူးတဲ့အချိန် သူ့ဇနီးကို သူ သတ်ခဲ့တာပဲ။ ယောက်ျားတစ်ယောက်ချင်းစီက အရင်တစ်ယောက်ထက် ပိုပိုပြီးဆိုးလာတယ်။
သနားဖို့ကောင်းတဲ့တစ်ဦးတည်းသောလူက အသက်ရှင်နေချိန် သူမယောက်ျား သတ်တာခံခဲ့ရတဲ့ ဖုန်းညာန်ပဲ။ သူမ သေဆုံးပြီးတဲ့နောက်မှာ တစ္ဆေအမတအဖြစ် နာနာကျင်ကျင် ကြိုးစားခဲ့ပေမဲ့ သူမဆီကနေ မူလဝိညာဉ် ခိုးယူခံခဲ့ရတယ်။ သူမရဲ့မူလဝိညာဉ်က ပြန့်ရှင်းချန်ကို အချိန်တိုတွင်း နတ်ဘုရားအဖြစ် မြင့်တက်သွားအောင် ကူညီပေးခဲ့တာ ဖြစ်နိုင်တယ်။ ကူယွဲ့ မရေရာတာက ဘာလို့ပြန့်ရှင်းချန်က သူ့ရုပ်ရည်ကို ယူဖို့လိုတာလဲ။ တိုက်ဆိုင်မှုသက်သက်လား။
ကူယွဲ့က လေထဲကလူကို ကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ ပိုင်ဇယ်နဲ့ တခြားသူတွေရဲ့ အကြွင်းအကျန်ဝိညာဉ်တွေကို ပြန်ရအောင် အရင်ဆုံးလုပ်ရမယ်။
“ရှန်းရင်”
ရှန်းရင် ခေါင်းညိတ်ပြီး မျက်စိတစ်မှိတ်အတွင်း ပြန့်ရှင်းချန်နောက် ပေါ်လာတယ်။ သူမ သူ့ကို လှမ်းဖမ်းဆွဲလိုက်တယ်။
ပြန့်ရှင်းချန်က ထခုန်တယ်။ ဒီတစ်ကြိမ်တော့ သူက မြန်မြန်တုံ့ပြန်ပြီး နောက်ကို ပေအနည်းငယ် ဆုတ်သွားပါလေရော။ သူ့အကြည့်က အေးစက်သွားပြီး သူ့ကိုယ်ထဲက နတ်ဘုရားစွမ်းအင်မှန်သမျှကို စုဝေးကာ ရှန်းရင်ဆီ ပစ်လွှတ်လိုက်တယ်။
သူမက တိုက်ခိုက်မှုကို ရှောင်ဖို့တောင် မရည်ရွယ်ခဲ့ပေမဲ့ သူမကို နဂိုက ဦးတည်နေတဲ့ နတ်ဘုရားစွမ်းအင်က သူမကိုကျော်ပြီး ဖုန်းညာန်ဆီ ဦးတည်နေတာမြင်လိုက်ရတယ်။
“ဖုန်းညာန်” ကျူမင်က အော်လိုက်တယ်။ သူ ပြေးသွားပေမဲ့ နောက်ကျလွန်းသွားပြီ။ အဲနတ်ဘုရားစွမ်းအင်က ဖုန်းညာန်ကိုထိမှန်သွားခဲ့တယ်။ သူမပိတ်မိနေတဲ့အင်းကွက်က ချက်ချင်း မည်းမှောင်လာခဲ့တယ်။
ဘယ်သူမှမတုံ့ပြန်နိုင်ခင် ဖုန်းညာန်က ရုတ်တရက် ရှေ့ကိုတစ်ဟုန်ထိုးတက်လာပြန်တယ်။ သူမ ပြန့်ရှင်းချန်ဆီ ပြေးသွားရင်း နာကျည်းမှုစွမ်းအင်က ခုတော့လုံးဝကို ပြည့်လျှံနေပြီ။ သူမရဲ့ရှိသမျှအားထုတ်သုံးလိုက်ပုံပေါ်ပြီး သူ့နာမည်ကို အော်ဟစ်လေတယ်။
“ပြန့် ရှင်း ချန်”
“ဖုန်းညာန် ဟင့်အင်း” ကျူမင် အထိတ်တလန့် အော်လိုက်တယ်။ အချိန်မရှိတော့ဘူး။ ဖုန်းညာန်က ရူးလောက်စရာ နာကျည်းမှုစွမ်းမင်ပမာဏထဲ နစ်မြုပ်နေပြီ။ သူမမှာကျန်ရစ်တဲ့ ဝိညာဉ်ခပ်ပါးပါးက လွင့်ပျောက်သွားခဲ့တယ်။ အခု ကျန်ရစ်တာက သူမနာကျည်းချက်ရဲ့ အမှောင်ထုပဲ။
“ဖုန်း… ညာန်…” ကျူမင် စိတ်လွတ်သွားသလိုမျိုး မြေကြီးပေါ် ဒူးထောက်ကျသွားခဲ့တယ်။ သူ့ကြည့်ရတာ လုံးဝကို မျှော်လင့်ချက်ကင်းမဲ့နေတဲ့ပုံ။
ရုတ်တရက် ပြန့်ရှင်းချန်ပတ်လည်က နတ်ဘုရားစွမ်းအင်က တိုးမြင့်လာတယ်။ သူ့ကျင့်ကြံဆင့်က သူတို့ မျက်စိရှေ့မှောက်မှာတင် မြင့်တက်စပြုနေပြီ။ ရှန်းရင် စောနက ဖယ်ရှားထားခဲ့တဲ့ နတ်ဘုရားစွမ်းအင်ကိုတောင် ပြန်ရရှိနေပြီး အပြာရောင်အလင်းကြားမှာ သူလိုချင်တာရသွားလို့ သိသိသာသာစိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ရပ်နေတယ်။
“တကယ်ပဲ၊ သူက ငါနဲ့မဟာတာအိုကြားက တစ်ခုတည်းသောအတားအဆီးကိုး၊ အခု သူပျောက်သွားပြီ၊ ငါနှလုံးမဲ့တာအိုကို ပြီးမြောက်သွားပြီး နတ်ဘုရားအစစ်ဖြစ်လာပြီ၊ ဟားဟားဟား…”
သူ့ပတ်လည်က နတ်ဘုရားစွမ်းအင်က ထူသထက်ထူလာတာမို့ စကားပြောရင်း ပိုပိုစိတ်လှုပ်ရှားလာတယ်။ သူ့ဖိနှိပ်အရှိန်အဝါက သူတို့ဆီ တစ်ရှိန်ထိုးပြေးဝင်လာတာမို့ လူတိုင်း လည်မျိုထဲသွေးအရသာကို ခံစားလိုက်ရတယ်။ ကျင့်ကြံဆင့်အနိမ့်ဆုံး ဂျပုလေးကတော့ ဒူးတစ်ဖက် ထောက်ကျသွားပြီး သွေးတွေပါအန်တော့တယ်။
…