ERSY အခန်း ၂၅၁

အခန်း ၂၅၁ ။ မုန်းတီးစရာဖခင်

ဇာမဏီတစ်ကောင်အော်သံထွက်လာပြီး ဇာမဏီကြီးတစ်ကောင် မြေပေါ် ပေါ်လာတယ်။

သူ့အမွေးတွေက သက်တံရောင်စုံ။ သူက တောင်ပံခတ်လိုက်တော့ သူ့ပတ်လည်က လျှပ်စီးတွေ ပျောက်ကွယ်သွားတယ်။ နောက်တော့ သူ့အမြီးရှည်ကြီးကို နဂါးဆီလွှဲယမ်းလိုက်တယ်။ နဂါးကို ထိမှန်မဲ့အစား အမြီးက နဂါးကို သံကြိုးတစ်ချောင်းလို ရစ်ပတ်သွားခဲ့တယ်။ ကြည့်ရတာ ဇာမဏီက နဂါးဒဏ်ရာမရစေဖို့ ကြိုးစားနေတဲ့ပုံပဲ။ ဇာမဏီ အနားကိုဆွဲပြီး နဂါးကို တောင်ပံတွေနဲ့ ဖက်ထားလိုက်တယ်။

“ကျွန်မကို လွှတ်ပေးစမ်း” လုံကျန်း အော်လိုက်တယ်။ ဒါပေမဲ့ သူမ ဇာမဏီရဲ့ ဖမ်းဆုတ်ထားမှုအောက်ကနေ ရုန်းမထွက်နိုင်ဘူး။ သူမ ရွေးစရာမရှိတော့ဘဲ လွတ်မြောက်အောင် လူအသွင် ပြန်ပြောင်းလိုက်ရတော့တယ်။

ဖုန့်စန်းရဲ့ တုံ့ပြန်မှုက သူမထက်တောင်မြန်တယ်။ သူက တစ်ချိန်တည်း လူအသွင် ပြန်ပြောင်းပြီး သူမကို ဆက်ပြီး ဖက်ထားနိုင်ခဲ့တယ်။ သူက ပိုသန်မာပြီးလူကောင်ကြီးတာမို့ သူမကိုမြေကြီးပေါ်လှဲချပြီး ရုန်းမထွက်နိုင်အောင် ချုပ်ထားလိုက်တယ်။

“ကိုယ်မလွှတ်ပေးဘူး”

လုံကျန်း ဒေါသနဲ့ ပေါက်ကွဲတော့မလို ခံစားနေရပေမဲ့ လှုပ်မရဘူး။ သူမရဲ့နတ်ဘုရားစွမ်းအင်တောင် ဖုန့်စန်းရဲ့ဖိနှိပ်မှုကို ခံထားရတယ်။

“ဖုန့်စန်း ခွေးကောင်”

“ကျန်းအာ မင်းစောနက ဘာပြောလိုက်တာလဲဟင်၊ နောက်တစ်ကြိမ် ထပ်ပြောပေးလို့ရမလား”

ဖုန့်စန်းက စိတ်လှုပ်ရှားစွာနဲ့ သူ့အောက် ဖိထားတဲ့အမျိုးသမီးကို တောင်းဆိုတော့တယ်။ သူ့မျက်လုံးတွေလည်း မျက်ရည်ဝဲစ ပြုလာလေရဲ့။

“မင်း ကိုယ့်ကို သဘောကျခဲ့တယ် ပြောလိုက်တာလား၊ ကျန်းအာ မင်းကိုယ့်ကို ကြိုက်တယ်မဟုတ်လား”

“ကျွန်မဆီကနေ ဖယ်စမ်း” လုံကျန်း သူ့ကို အမုန်းတရားအပြည့်မျက်ဝန်းတွေနဲ့ စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

“ကျွန်မရှင့်ကိုမုန်းတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းခြောက်သောင်းတည်းက ရှင့်ငှက်မွေးတွေအားလုံးကို ဆွဲနုတ်ပစ်ချင်ခဲ့တာ”

“ကျန်းအာ…” ဖုန့်စန်းရဲ့အမူအရာက မည်းမှောင်သွားတယ်။ သူက သူမလည်တိုင်အောက် ခေါင်းတိုးဝင်တယ်။

“ဒါပေမဲ့ ကိုယ်မင်းကိုသဘောကျတယ်လေ၊ ကိုယ်ငယ်ငယ်လေးတည်းက မင်းကို သဘောကျခဲ့တာ”

“သေတောင်မယုံဘူး” လုံကျန်း သူ့ကိုနည်းနည်းလေးတောင် မယုံ။

“ရှင့်သားရင်းကိုတောင် အသိအမှတ်မပြုတာ၊ ကျွန်‌မကိုသဘောကျတယ်လို့ ဘယ်လိုပြောရဲတာလဲ”

“အဲနဂါးဥ… တကယ်ပဲကိုယ့်ဟာလား” ဖုန့်စန်း သူ့နားသူတောင် ယုံဖို့ခက်ခက်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်ပြီး သူမက အဲနဂါးဥကို အရမ်း မြတ်မြတ်နိုးနိုး ထိန်းသိမ်းခဲ့တာ… ပြီးတော့ သူမက သူ့အပေါ်ခံစားချက် မရှိဘူးလို့ ထင်ခဲ့တာပေါ့။ အဲဒါကြောင့် သူ ရဲဆေးတင်ပြီး သူမကိုသွားမရှာရဲခဲ့တာပဲ။ သူဘယ်တုန်းကမှ အဲဥက… သူ့ဟာလို့မထင်ခဲ့ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

“ကိုယ်ထင်ခဲ့တာက…”

“ရှင်ဘာထင်တာလဲ” လုံကျန်းအမူအရာက တင်းမာနေပြီး ခြောက်ကပ်ကပ်ရယ်တယ်။

“ရှင် ဒီနှစ်တွေအားလုံးမှာ ကျွန်မတို့သားအမိကိုထားသွားပြီး စကားတစ်ခွန်းမှမပြောဘဲ ဝူချီတောင်ဆီ ပြန်သွားတာလေ၊ ဘာလို့ အခုမှ အလုပ်ရှုပ်ခံဟန်ဆောင်နေတာလဲ”

“ဟင့်အင်း ကိုယ်မသိခဲ့ဘူး၊ တကယ်မသိခဲ့တာ တစ်ယောက်က ကိုယ့်ကိုပြောခဲ့တာက…”

“သွားစမ်းပါ” လုံကျန်း သူရှင်းပြတာ နားမထောင်ချင်တော့ဘူး။ သူမ ရှိသမျှအားနဲ့ ပြန်ရုန်းတော့တယ်။

“ရှင်ကျွန်မကို သတ်ချင်ရင်သတ်လိုက် မဟုတ်ရင် လွှတ်ပေး”

“ဟင့်အင်း ကိုယ်မင်းကိုမလွှတ်ပေးဘူး”

ဖုန့်စန်းက ပိုပြီးခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။

“ကိုယ် မင်းကိုတစ်ကြိမ်ဆုံးရှုံးပြီးပြီ၊ ကိုယ်မင်းကို နောက်တစ်ကြိမ် အလွတ်မပေးတော့ဘူး”

“ထွက်သွားစမ်းပါ ခွေးကောင်”

“ဟင့်အင်း”

“လွှတ်ပေး”

“ဟင့်အင်း…”

“ပြောပါရစေ…” ရုတ်တရက် တုံ့ဆိုင်းနေတဲ့ အမျိုးသမီးတစ်ယောက်အသံ ထွက်လာတယ်။

နှစ်ယောက်သား မော့ကြည့်လိုက်တော့ ဘာကြောင့်မှန်းမသိ လူနှစ်ယောက်က သူတို့ရှေ့ရပ်နေတယ်။ အကြီးနဲ့အငယ်။ သူတို့ဘယ်ချိန်ကရောက်လာလဲ မသိလိုက်ပေမဲ့ နှစ်ယောက်သား ရုန်းကန်နေတာကို နှုတ်ခမ်းတွေ တင်းတင်းစေ့ပြီး ကြည့်နေကြတယ်။

“အာ…” ရှန်းရင်က နှုတ်ခမ်းကိုက်လိုက်တယ်။

“ကလူကျီစယ်ချင်ရင် ကလူကျီစယ်လို့ရပေမဲ့ ဒီလိုမျိုး ခပ်ညံ့ညံ့အကဲပိုတာမျိုး မလုပ်ကြပါနဲ့လား”

ဒီလိုသာဆက်သွားနေရင် တကယ်ကို အရမ်းကြက်သီးထစရာကောင်းတော့မယ်။

လုံကျန်း ။ ။ “…”

ဖုန့်စန်း ။ ။ “…”

———————

ဖုန်းချီနန်းတော်။

ဖုန့်စန်းက သူ့ရှေ့က ကလေးကို စိုက်ကြည့်နေမိပြီး မျက်ဝန်းထဲခံစားချက်အပြည့်။ သူ့မျက်လုံးတွေ၊ နှာတံနဲ့ ပါးစပ်ပါ ဆင်လိုက်တာ။ ဖုန့်စန်း ကလေးကိုကြည့်လေ သူနဲ့ကလေးကဆင်တယ်လို့ တွေးမိလာလေပဲ။ ဒါ သူ့သားပဲ သူနဲ့ ကျန်းအာရဲ့ ကလေး သူ စိုက်ကြည့်နေမိတာ မျက်တောင်ခတ်ဖို့ပါ မေ့တယ်။ သူ ပါးစပ်ဖွင့်လိုက်ဟလိုက်လုပ်ပေမဲ့ ဘာစကားလုံးမှ ထွက်မလာ။ နောက်ဆုံးတော့ သူ ရေရွတ်လိုက်တယ်။

“ငါ့ကို ဖေဖေလို့ခေါ်ကြည့်”

ဇွက် ရှန်းရင် တစ်စုံတစ်ရာပြုတ်ကျသံကြားလိုက်ရတယ်။

ယိချင်း နှုတ်ခမ်းစေ့ပြီး သူ့အမတဓားကို ချက်ချင်း ဆွဲထုတ်လိုက်တယ်။

“ဆရာ၊ ကျွန်တော် သူ့ကို အပိုင်းပိုင်းလုပ်လို့ရလား”

ရှန်းရင် ။ ။ “…”

စိတ်အေးအေးထား စားဖိုမှူးရေ သူကဘယ်လောက်ပဲ မုန်းဖို့ကောင်းကောင်း သူက နင့်အဖေရင်းလေ။ နင် သူ့ကို စားလို့မဖြစ်ဘူး။

“ဟမ့်” လုံကျန်းက တောက်ခေါက်တယ်။ သူမက မျက်နှာသေဖြစ်နေဆဲ။

“ရှင် ခုမှ သူ့ကိုဘာအတွက် အသိအမှတ်ပြုနေတာလဲ”

ဖုန့်စန်းက ဖြူဖျော့သွားပြီး သက်ပြင်းချကာ သူမဆီလျှောက်လာတယ်။

“ကျန်းအာ ကိုယ်…”

“အဲမှာရပ်နေ” လုံကျန်းက သူ့ကိုစူးခနဲလှမ်းကြည့်လိုက်တယ်။

“ကျွန်မနားကနေဖယ်”

ဖုန့်စန်းက နဂိုနေရာကို ပြန်ဆုတ်ရတော့တယ်။

“နဂါးဥက ကိုယ့်သားဆိုတာ ကိုယ်တကယ်မသိတာ၊ မင်းက အဲတုန်းက အကြီးအကျယ် သောင်းကျန်းခဲ့တာလေ၊ ကိုယ် ဒေါသနဲ့ နဂါးအသူတစ်ရာချောက်က ထွက်ပြီး ဝူချီတောင်တန်းဆီ ပြန်ဖို့ဆုံးဖြတ်ခဲ့တယ်၊ နောက်တော့ မင်းမှာ ကလေးရှိပြီကြားတော့… ကိုယ်အဲလိုတွေးမိခဲ့တာပါ”

“ရှင်က ကလေးကတခြားသူဟာလို့ တွေးတယ်ပေါ့လေ” လုံကျန်းက ထေ့‌ငေါ့တော့တယ်။

ဖုန့်စန်း အမှားသိတဲ့ကလေးလိုမျိုး ခေါင်းငုံ့နေတယ်။

“ဒါတွေအားလုံး ကိုယ့်အပြစ်ပါ၊ ဒီနှစ်တွေအားလုံးမှာ ကိုယ်ကိုယ်တိုင် မင်းကိုမမေးရဲခဲ့ဘူး၊ ဒါကြောင့် ကိုယ်မင်းကိုနှစ်ရာနဲ့ချီ နစ်နာစေခဲ့တယ်”

လုံကျန်းက တောက်ခေါက်ပြီး သူမလည်ချောင်းထဲတက်လာတဲ့ ဒေါသကိုဖိနှိပ်ဖို့ အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူမ မျက်စိတွေကို ပိတ်ထားလိုက်တော့တယ်။

“ကျွန်မ အတိတ်အကြောင်းမစဉ်းစားချင်တော့ဘူး၊ ဘာလို့ ကျွန်မနဂါးဥမှာ ယင်ချီရှိနေလဲပဲ ရှင့်ကို မေးချင်တာ”

“ကိုယ် တကယ်ယင်ချီ အကြောင်းမသိတာပါ” ဖုန့်စန်းက အသည်းအသန်ပြောလာတယ်။

“ကိုယ် တစ္ဆေအမတတစ်ကောင်နှစ်ကောင်တော့ တကယ်သိပေမဲ့ ယင်မြစ်မှာတုန်းကပဲ သူတို့နဲ့ ကြုံကြိုက်ခဲ့ရုံပါ”

“ယင်မြစ်မှာလား” လုံကျန်းတန့်သွားတယ်။

“ဘယ်တုန်းက ရှင် ယင်မြစ်ဆီသွားခဲ့တာလဲ”

ဖုန့်စန်းက တုံ့ဆိုင်းသွားပြီး မပြောသင့်တာကို ပြောမိသွားမှန်း နားလည်သွားတယ်။ သူ အလိုလို ရှန်းရင်ဘေးက ကလေးလေးဆီ လှည့်ကြည့်မိလိုက်တယ်။

လုံကျန်း ထခုန်မိပြီး မျက်လုံးပြူးသွားတယ်။

“ရှင်က မြေအောက်ဘုံထဲ ကျူးကျော်ပြီး နဂါးဝိညာဉ်ကို သံသရာထဲပို့ခဲ့တဲ့တစ်ယောက်လား”

သူမ အမူအရာပြောင်းသွားတယ်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ကျွန်မတောင်းဆိုခဲ့တာ-”

“ကိုယ် သူ့ကိုမပြောဖို့ တားခဲ့တာ” ဖုန့်စန်း သက်ပြင်းချလိုက်တယ်။

“ကိုယ်မင်းအကြောင်း ကောင်းကောင်းသိတယ်လေ၊ မင်းက ကိုယ်မှန်းသိရင် အကူအညီယူဖို့ သဘောမတူလောက်ဘူးလေ”

လုံကျန်း တိတ်သွားတယ်။ အဲတုန်းက သူမ သူ့ကို အရိုးထိစိမ့်နေ‌အောင် မုန်းခဲ့တာ။ ဒီအကူအညီကို ဘယ်လိုလုပ် လက်ခံနိုင်ခဲ့မှာလဲ။

ဖုန့်စန်းက ရှေ့တက်လာပြီး သူ့ခံစားချက်တွေက မျက်ဝန်းထဲ ပြည့်လျှံလာပြန်တယ်။ သူ သက်ပြင်းချလိုက်တယ်။

“မင်း အဲဒါကို စိတ်ထဲထားစရာမလိုပါဘူး၊ ကိုယ် အဲအချိန်က ယင်မြစ်‌ဆီသွားတဲ့အချိန် တစ္ဆေအမတတချို့နဲ့ သိကျွမ်းခဲ့တယ်၊ နောက်တော့ ကိုယ့်ခန္ဓာကိုယ်က ယင်မြစ်ထဲက သေမင်းချီ ကူးစက်တာခံခဲ့ရတယ်၊ အဲဒါက ကိုယ့်သွေးကြောတွေထဲက ရှေးဟောင်းမီးဇာမဏီကို စနက်ပျိုးပေးပြီး ရှန်းကျွင်းအဖြစ် တက်လှမ်းစေနိုင်ခဲ့တယ်၊ ဖုံးကွယ်ထားတဲ့ ကောင်းချီးပေးမှုတစ်မျိုးလို့ ပြောရမှာပေါ့”

အဲအချိန်တုန်းက ဥထဲက နဂါးဝိညာဉ်က အားနည်းလွန်းလို့ ဘယ်ပြန်လည်ဝင်စားမှုမှော်အတတ်ကိုမှ တောင့်ခံနိုင်မှာမဟုတ်ခဲ့ဘူး။ အဲဒါကြောင့် သူတို့ မြေအောက်ဘုံထဲက ပြန်လည်ဝင်စားမှုစင်မြင့်ဆီ ဝိညာဉ်ကို ပို့ဆောင်ပေးဖို့လိုခဲ့တယ်။ အဲနေရာကိုရောက်ဖို့ဆို ယင်မြစ်ကိုဖြတ်သန်းရမှာ။

ဖုန့်စန်းက သက်သောင့်သက်သာအမူအရာနဲ့ ပြောနေပေမဲ့ ယင်မြစ်ထဲကရေက ကောင်းကင်လောကသားတွေရဲ့ ဝိညာဉ်တွေကို အမြဲကူးစက်နိုင်တယ်။ ဘာမှ စိတ်အေးလက်အေး ဖြစ်စရာမရှိဘူး။ ရှေးဟောင်မီးဇာမဏီ အသက်သွင်းခံရချိန် သူ နောက်ပြန်ဆုတ်လို့မရတော့တဲ့အထိ တွန်းအားပေးခံခဲ့ရတာပဲနေမှာ။

လုံကျန်း မျက်မှောင်ကြုတ်လိုက်တယ်။ သူမ ဘာခံစားနေရလဲ‌ အတိအကျမသိတော့ဘူး။ အစကတော့ သူက သူမကို စိတ်ပျက်စေတယ်၊ သူတို့ကလေးကို အသိအမှတ်မပြုတာမို့ နဂါးအသူတစ်ရာချောက်နက်ကနေ ထွက်သွားတယ် ထင်ခဲ့တာ။ သူက နဂါးဝိညာဉ်ကို သံသရာထဲ ပို့ပေးတဲ့သူလို့ တစ်ခါမှမတွေးခဲ့ဖူးဘူး

“ယင်ချီက နဂါးဥထဲ ဘယ်လိုရောက်သွားလဲ ကိုယ် တကယ်မသိတာပါ” ဖုန့်စန်းက အသံကိုတိုးပြီး သတိတကြီး‌ ပြောလိုက်တယ်။

“ဒါပေမဲ့ ကိုယ်မင်းကို ကတိပေးတယ်၊ ကိုယ် မင်းကိုကူညီ‌ရှာပေးမယ်၊ အဲလိုဆိုရင်ရော”

လုံကျန်းက သူ့ကိုလှမ်းကြည့်လိုက်တယ်။ သူမအမူအရာက ဇဝေဇဝါဖြစ်နေတယ်။ ဖြည်းဖြည်းချင်း ပေါ့ပါးသွားပြီး နောက်ကျ တင်းမာသွားပြန်တယ်။

“မလိုဘူး” သူမ မျက်လုံးကိုမှိတ်ကာ ‌စိတ်ဆုံးဖြတ်ချက်အသစ်နဲ့ပြန်ဖွင့်လိုက်တယ်။

“သံသရာထဲ ကျွန်မနဂါးကလေးကို ပို့ပေးခဲ့သူက ရှင်ဆိုတဲ့အချက်ကို ထည့်တွေးပြီး ရှင် ကျွန်မအပေါ် အရင်က တင်ခဲ့တဲ့အကြွေးတွေကို မေ့ပေးမယ်၊ ဥထဲယင်ချီ ဘယ်သူထည့်သွားလဲဆိုတာ ကျွန်မဘာသာစုံစမ်းမယ်” သူမကလှည့်ပြန်ဖို့လုပ်တော့တယ်။

“ကျန်းအာ” ဖုန့်စန်း လှမ်းအော်လိုက်တယ်။ သူက သူမရှေ့ပြေးသွားပြီး နေရာမှာချုပ်ထားဖို့ ဂါထာတစ်ခု ဖန်တီးကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။

“မင်း ကိုယ့်ကိုထားသွားမှာကို ခွင့်မပြုတော့ဘူး၊ ဒီနှစ်တွေအားလုံးမှာ မင်းတစ်ယောက်ပဲ ကိုယ့်နှလုံးသားထဲ ရှိခဲ့တာ”

လုံကျန်းက လှုပ်မရပေမဲ့ သူ့ကို အေးစက်စက်ကြည့်ပြီး လက်သီးဆုပ်လိုက်တယ်။

ဖုန့်စန်းက ဆက်ပြောတယ်။

“ကျန်းအာ၊ ဒီအမှားမျိုးဆက်ပြီး မလုပ်ကြရအောင်၊ ကျေးဇူးပြုပြီး ကိုယ့်ကို ဒီတစ်ကြိမ်ယူပေးပါ၊ ဟုတ်ပြီလား”

“ရှန်းကျွင်းကို တင်ပြပါတယ်” ဖုန့်စန်း စကားပြောပြီးပြီးချင်း အသံတစ်သံထွက်လာတယ်။

“၄၃၈ယောက်မြောက် သခင်မအသစ်ရောက်လာပါပြီ၊ အနောက်ဆောင် ပြင်လိုက်သင့်ပါသလား”

ဖုန့်စန်း ။ ။ “…”

ရှန်းရင် ။ ။ “…”

ယိချင်း ။ ။ “…”

အာ… သူ့ကတိ ပြန်ထိတာ မြန်လိုက်တာ။

╭∩╮()〈))╭∩╮

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset