အပိုင်း (၄၅)
သူမသည် ယခင်က ထိုကဲ့သို့ ရိုးသားချင်ယောင်ဆောင်ထားသော မိန်းမမျိုးကို သူမ၏ နံဘေးတွင် ရောက်ရှိနေခြင်းကိုမူ သတိမပြုမိခဲ့ပေ။
“ဟုတ်တယ် မင်မင်။ ငါတကယ်ကို အမှန်အတိုင်း ပြောနေတာပါ။ ငါ ရှရှကို ငါနဲ့ မော့ယွီစန်းကို အထင်လွဲအောင်လုပ်မိပြီး သူတို့ ကွာရှင်းလိုက်လိမ့်မယ်လို့ ငါ ထင်မထားမိခဲ့ဘူး။ ငါ့စိတ်ထဲမှာတော့ တကယ်ကို အားနာနေရတာပါ။ ငါအန်းရှကို လူကိုယ်တိုင်တွေ့ပြီး မျက်နှာချင်းဆိုင် တောင်းပန်ချင်တာပါ…”
သူမ၏လေသံသည် ရိုးသား၍ လေးနက်နေလေသည်။ သာမန်လူတစ်ယောက်သာဆိုလျှင် ထိုစကားလုံးများကြောင့် စိတ်ထိခိုက် ခံစားရနိုင်လေသည်။
သို့သော် ချန်ရွှယ်မင်သည် သာမန်သူတစ်ဦး မဟုတ်ချေ။ အခြားသူများ မသိသေးသော အကြောင်းအရာများကို သူမ သိရှိထားလေသည်။
“ထောင်ကျစ်ရှင်း… နင်ပြောသလိုသာဆိုရင် နင်က ရိုးသားပြီးတော့ မော့ယွီစန်းနဲ့လည်း ဘာမှ မပတ်သတ်ဘူး။ ရှရှကိုလည်း တောင်းပန်ချင်နေတယ်ပေါ့လေ။ ဒါဆိုရင်…”
“ဟုတ်တယ်လေ။ ငါအဲဒီလိုသာ တောင်းပန်နိုင်မယ်ဆိုရင် ငါ့အတွက် အပြစ်ပြေရာပြေကြောင်း ကြိုးစားကြည့်လို့ ရတာပေါ့…”
ချန်ရွှယ်မင်သည် လှောင်ပြုံး ပြုံးလိုက်၍ သူမ၏ မျက်ခုံးများကို ပင့်လိုက်လေသည်။ “နင် တကယ် တောင်းပန်ချင်တယ်ဆိုရင် မော့ယွီစန်းနဲ့ အဆက်အသွယ်ဖြတ်လိုက်လေ။ အဲဒါဆိုရင် ငါနဲ့ရှရှက နင်တို့နှစ်ယောက် ဘာမှ မပတ်သက်ဘူးဆိုတာကို ယုံလို့ရသွားတာပေါ့။ အဲဒါက ငါတို့နင့်ကို အထင်လွဲနေရတဲ့ အကြောင်းပဲ။ ဘယ်လိုလဲ။ တောင်းဆိုချက်က ရိုးရှင်းပါတယ်ဟာ။ နင်က ရိုးသားတယ်မလား။ ဒါက ဖြစ်သင့်တာပဲလေ…”
“မင်မင်… နင်လည်း သိရဲ့သားနဲ့။ ငါနဲ့ ငါ့ကလေးက ဒီအလုပ်ကို လိုအပ်တယ်လေ…”
“အိုး… ဟုတ်ပါပြီ… ထောင်ကျစ်ရှင်းရယ်။ နင် ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ပါဘူး။ နင်တကယ်ပဲ အပြစ်ရှိသလို ခံစားနေရတာလား တမင်ပြောနေတာလား ငါ ဂရုကိုမစိုက်ဘူး။ ငါက နင် ရှရှကိုသာ ဆက်မနှောင့်ယှက်ဖို့ကို မျှော်လင့်တာ။ သူနဲ့မော့ယွီစန်းက ကွာရှင်းပြီးသွားပြီလေ။ အဲဒီတော့ သူကလည်း နင့်အတွက် အတားအဆီးတစ်ခု မဟုတ်တော့ဘူး။ ငါ တောင်းပန်ပါတယ်ဟာ… နောင်အနာဂတ်မှာ နင် ရှရှနဲ့သာ ဝေးဝေးနေပေးပါတော့…”
စကားပြောပြီးနောက်တွင် ချန်ရွှယ်မင်သည် ဖုန်းချလိုက်လေသည်။
သူမသည် ထောင်ကျစ်ရှင်း၏ သူတော်ကောင်းယောင်ဆောင်နေသော အပြုအမူများကို စိတ်ကုန်နေပြီ ဖြစ်သည်။
အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးနောက် ချန်ရွှယ်မင်သည် သူမ၏ စိတ်ခံစားချက်များကို ဖြေလျှော့လိုက်လေသည်။ သူမသည် ထောင်ကျစ်ရှင်းကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များအားလုံးကို ဖယ်ထုတ်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
“ရှရှ… ကိစ္စတွေအားလုံးကို ကိုင်တွယ် ဖြေရှင်းပြီးပြီဆိုတော့ ငါ ပြန်လိုက်ဦးမယ်နော်…”
ချန်ရွှယ်မင်သည် အန်းရှ၏ ဇာတိမြို့ကို ရောက်ရှိလာသော်လည်း ကြာကြာမနေခဲ့ချေ။ သူမသည် ကုမ္ပဏီကို ရရှိရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းပြီးနောက်တွင် အိမ်ပြန်ရန် လောနေလေတော့သည်။
အန်းရှသည် ချန်ရွှယ်မင်ကို နိုင်ငံခြားသားများ လည်ပတ်လေ့ရှိသော နေရာများသို့ အလည်အပတ် ခေါ်ဆောင်သွားချင်နေခဲ့သည်။
သို့သော် ချန်ရွှယ်မင်မှာ ပြန်သွားရတော့မည် ဖြစ်လေသည်။
“မင်မင်… နင်ဘာဖြစ်လို့ ပြန်ဖို့ကို အဲဒီလောက်တောင် လောနေရတာလဲ။ ငါတို့ အတူရှိမနေရတာ အရမ်းကို ကြာနေပြီလေ…”
“ငါ ကုမ္ပဏီမှာ လုပ်စရာတွေရှိသေးတယ်။ ငါ မြန်မြန် ပြန်မှဖြစ်မယ်…”
ချန်ရွှယ်မင်သည် အန်းရှနှင့်အတူ ထိုမြို့တွင် ရက်အနည်းငယ်နေထိုင်ချင်သေးသည်။ သို့သော် သူမသည် အမှန်တကယ်ကို လုပ်စရာရှိနေသည်ဖြစ်၍ မနေထိုင်နိုင်ခြင်း ဖြစ်လေသည်။
“ကောင်းပါပြီ… နင် အလုပ်များနေတာကို ငါသိပါတယ်။ နောက်ကျမှပဲ မြို့ပေါ်ကိုလာပြီး နင့်ကို လာတွေ့တော့မယ်…”
အန်းရှသည် ချန်ရွှယ်မင်ကို ဖတ်လိုက်ကာ ပြုံး၍ ပြောလိုက်လေသည်။ “ဟုတ်ပြီလား…”
ချန်ရွှယ်မင်၏ မျက်ဝန်းများသည် နူးညံ့လာ၍ အန်းရှသည် သူမတို့ ပထမဦးဆုံး တက္ကသိုလ်စတက်ခဲ့သည့် အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီဟု ခံစားလိုက်ရလေသည်။
“ရှရှ… နင် ဒီငါးနှစ်အတောအတွင်းမှာ အဲဒီအကောင်ကြောင့် အချိန်တွေ အလဟဿ ဆုံးရှုံးနေရပြီးတော့ လှောင်အိမ်ကျဉ်းကျဉ်းလေးထဲမှာပဲ ပိတ်လှောင်ခံနေရသလို ဖြစ်နေခဲ့ရတာ။ နောင်အနာဂတ်မှာတော့ နင်လိုချင်တဲ့ဘဝမျိုးရပြီး လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရဖို့ကို ငါ မျှော်လင့်ပါတယ်ဟာ…”
ချန်ရွှယ်မင်သည် လေယာဉ်ဖြင့် မြို့သို့ပြန်သွားပြီးနောက်တွင်တော့ သူမ၏ စကားလုံးများသည် အန်းရှ၏ စိတ်နှလုံးထဲတွင် တဝဲလည်လည် ဖြစ်နေတော့သည်။
အမှန်တကယ်တော့ သူမ၏ဘဝသည်လည်း မူလပိုင်ရှင်နှင့် အလားတူ ဖြစ်နေလေသည်။
သူတို့နှစ်ဦးစလုံးသည် မပျော်ရွှင်ခဲ့ရဘဲ လှောင်အိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ပင်။
သူတို့ နှစ်ဦးစလုံးသည် လှောင်အိမ်တစ်ခုထဲတွင် ထောင်ချောက်မိသွားခဲ့ကြ၍ ပိတ်လှောင်ခံနေခဲ့ရသလို လွတ်မြောက်နိုင်စွမ်းလည်း မရှိခဲ့ပါ။
“အနာဂတ်တဲ့လား…” သူမသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ မည်သို့သော အနာဂတ်မျိုးကို သူမလိုချင်ခဲ့လေသနည်း။
သူမသည် ထိုကဲ့သို့ တစ်ခါမျှ မတွေးမိခဲ့ဖူးချေ။
ဝိညာဉ်ကူးပြောင်းသွားပြီးကတည်းက သူမသည် သူမ၏ အတွေးများအားလုံးကို မူလပိုင်ရှင်၏ မိသားစု ကောင်းစားရေးအတွက်သာ အသုံးချခဲ့သည်ဖြစ်ပြီး သူမပြုလုပ်လိုသော အရာများကို တစ်ခါမျှမတွေးတောမိခဲ့ချေ။
ယနေ့တွင်မူ ချန်ရွှယ်မင်၏ စကားလုံးများကြောင့် သူမသည် တစ်ဖန်ပြန်လည် နိုးထလာရသကဲ့သို့ ခံစားလိုက်ရလေသည်။
သို့သော်လည်း သူမသည် လက်ရှိသူမ၏ ဖြစ်တည်မှုမှာ အနည်းငယ် ရှက်စဖွယ်ကောင်းလေသောကြောင့် စိတ်ရှုပ်ထွေးသွားပြန်သည်။
သူမသည် အမှန်တကယ်တွင် အသက် ၁၈ နှစ်ခန့်သာ ရှိနေသေးသည် ဖြစ်သည်။ သူမ၏ ယခင်နေထိုင်ခဲ့ရာဘဝတွင် သူမသည် ကျန်းကျန်းမာမာ ရှင်သန်နေထိုင်လိုခြင်းအပြင် သူမအဖြစ်ချင်ခဲ့ဆုံးအိပ်မက်မှာ သာမန်လူများကဲ့သို့ပင် အထက်တန်းကျောင်း တတ်ရောက်ပြီးနောက် တက္ကသိုလ်တတ်ရောက်လိုခြင်းပင် ဖြစ်သည်။
တက္ကသိုလ်အငွေ့အသက်များကို ခံစား၍ သူငယ်ချင်းများစွာလည်း ထားချင်ခဲ့ခြင်းပင် ဖြစ်သည်။
သို့သော်လည်း သူမသည် တရုတ်ပြည်၏ အကောင်းဆုံး တက္ကသိုလ်တစ်ခုမှ ဘွဲ့ကိုပင် ရရှိပြီးပြီဖြစ်သည်။
ကောလိပ်တတ်ရောက်ခြင်းမှလွဲ၍ သူမတွင်ရှိခဲ့သော အိပ်မက်များကို မသိတော့သလို့ မှတ်မိနိုင်စွမ်းလည်း မရှိတော့ပေ။
ယခုအချိန်တွင် သူမသည် အိပ်မက်တစ်စုံတစ်ရာ မရှိလေသောကြောင့် သူမပြုလုပ်နိုင်သော အရာများကို တွေးတောကြည့်မိလေသည်။
အန်းရှသည် လေးလေးနက်နက် တွေးတောကြည့်ပြီးနောက် သူမ၏ အချက်အပြုတ်စွမ်းရည်သည် အလွန်ကောင်းမွန်ကြောင်းကို စဉ်းစားမိသွားလေတော့သည်။
သူမသည် ထိုလမ်းကြောင်းတွင် အောင်မြင်နိုင်မည်လား။
သူမသည် ထိုကဲ့သို့ တွေးတောလိုက်ခြင်းအားဖြင့် ခွန်အားများ ပြည့်ဝလာလေသည်။
ထို့နောက် သူမ၏ တတ်ကြွမှုများသည် စိတ်ကူးအကြံအစည်တစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုနေ့တွင် လက်ထောက်ချန်မင်သည် သူ၏ နွံနာမှုမရှိလေသော အနုပညာရှင်သည် ဝါသနာအသစ်တစ်ခု ရှိနေကြောင်းကို သိရှိသွားလေတော့သည်။
သူသည် ဝိန်းပေါ် အင်တာနက်ကို အသုံးပြုရခြင်းကို နှစ်သက်လေသည်။ ပြီးလျှင် ထူးဆန်းသောကိစ္စမှာ အစားအသောက် စားသောက်ပြခြင်း အစီအစဉ်ကို နှစ်သက်ခြင်း ဖြစ်လေသည်။