30 01
အခန်း ၃၀
ထို အထုတ်အပိုးများကြားတွင် သူ့မိဘများ၊ သူ့အစ်မကြီးနှင့် ညီမလေးတို့သည် စကားပြောနေကြလေသည်။
ထိုအခြေအနေမှာ သူမျှော်မှန်ထားသည်နှင့် လွန်စွာ ခြားနားနေလေသည်။
“မောင်လေး…နင် ပြန်လာပြီလား။ ငါတို့ အပြင်မှာ ညစာအတူသွားစားကြမလို့ နင့်ကို စောင့်နေကြတာ”။ အန်းရုံသည် အန်းသုံပြန်ရောက်လာသည်ကို ပထမဦးဆုံး တွေ့လိုက်သူဖြစ်၍ စကားစပြောလိုက်လေသည်။
အန်းရုံသည် အန်းသုံကို ကြည့်လိုက်ပြီးနောက် အနည်းငယ် ရှက်ရွံ့မိသွားလေသည်။ သို့သော်လည်း သူမကို လွန်စွာချစ်မြတ်နိုးသော အစ်ကိုဖြစ်သည်ကို ပြန်တွေးကြည့်လိုက်ပြီးနောက် သူ့ကို ပြုံးပြလိုက်ရင်း ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေလေတော့သည်။
“အစ်ကိုကြီး…ပြန်လာပြီလား။ ကျွန်မ အစ်ကို့အတွက် လက်ဆောင်ဝယ်ခဲ့တယ်။ ကြိုက်မကြိုက် ကြည့်လိုက်ပါဦး”
အန်းသုံသည် သူ့ကို ပြုံးပြလျက်ရှိသော လှပချောမောနေသော ညီမလေးဖြစ်သူကို မြင်တွေ့လိုက်ရသောအခါ သူအနေဖြင့် မည်သည့်အရာကိုမဆို ပြုလုပ်ပေးနိုင်လောက်လေသည်။
အငယ်ဆုံးမောင်လေးသည် မြို့ပေါ်တွင် တက္ကသိုလ်တက်လေသောကြောင့် အိမ်ပြန်မလာနိုင်ချေ။ သို့နှင့် သူတို့သည် ညစာစားရန် ထွက်ခွာလာခဲ့တော့သည်။
“အန်းသုံလည်း ပြန်ရောက်ပြီဆိုတော့ ကျွန်မတို့ကို ကားနဲ့ လာခေါ်ပေးဖို့ သာ့ဝေကို ဖုန်းဆက်လိုက်ဦးမယ်”
“သူ့ကိုခေါ်လိုက်ရင် သက်သက် အနှောင့်အယှက်ပေးသလိုများ ဖြစ်သွားမလား”
သူမ၏ သားမက်ဖြစ်သူ ကျူးသာ့ဝေသည် တက္ကစီမောင်းသူဖြစ်လေသောကြောင့် သူ့ကိုနှောင့်နှေးကြန့်ကြာစေလျှင် မကောင်းလှပေ။
“ကိစ္စမရှိပါဘူး။ ကျွန်မသူ့ကို ဖုန်းအရင် ခေါ်ကြည့်လိုက်မယ်”
အန်းရုံသည် ထိုကဲ့သို့ပြောလိုက်ရင်း ဖုန်းပြောရန် အပြင်သို့ ထွက်သွားလေသည်။
ထို့နောက် သိပ်မကြာခင်တွင် သူမပြန်လာလေသည်။
“အမေ၊ အဖေ…သာ့ဝေက လင်းရှန့်ကို ဧည့်သည်လိုက်ပို့နေရလို့ သမီးတို့ကို လာခေါ်ပေးဖို့ အချိန်မရှိတော့ဘူး”။ သူမသည် မိသားစုကို အားနာသွားပုံနှင့် ကြည့်လိုက်၍ အောင့်သက်သက်နှင့် ရယ်ပြလိုက်လေသည်။
အန်းမိသားစုသည် များစွာတွေးတောတတ်သူများ မဟုတ်ကြသလို အန်းရှသည်လည်း အသက် ၁၈ နှစ်မျှသာ ရှိသေးသောကြောင့် အန်းရုံ၏ သူမဆန္ဒနှင့် ဆန့်ကျင်နေသော အပြုံးကို မည်သူမျှ သတိမထားမိခဲ့ပေ။
“အာ…ကိစ္စမရှိပါဘူး။ အနီးအနားက စားသောက်တိုင်တစ်ခုကိုပဲ လမ်းလျှောက်သွားလိုက်ကြတာပေါ့”
မိဘများသည် စိတ်မဝင်စားဟန် လက်ခါပြလိုက်ရင်း စားသောက်ရန်အတွက်နှင့် ခပ်ဝေးဝေးမသွားချင်ကြောင်းကို ပြသနေလေသည်။
အန်းရှလည်း ထိုကဲ့သို့ မပြုလုပ်ချင်ပေ။ သူမသည် ယခုအချိန်တွင် ချမ်းသာနေလေပြီ။ ချမ်းသာသော အမျိုးသမီးတစ်ယောက် ဖြစ်နေလေပြီ။
အဲဒါကြောင့်~
သူမ၏ တိုက်တွန်းမှုကြောင့် အန်းမိသားစုသည် တက္ကစီနှစ်စီးကိုသာ ငှားရမ်းလိုက်ကြတော့သည်။ ထို့နောက် မြို့တွင်းရှိ အကောင်ဆုံး စားသောက်ဆိုင်သို့ သွားကြလေသည်။
မြို့ထဲရှိ ထိုအကောင်းဆုံးဆိုသော စားသောက်ဆိုင်တွင် မြောက်များလှစွာသော အစားအသောက်များရှိသော်လည်း အန်းရှ၏ ဇီဇာကြောင်သော လျှာအတွက်တော့ သာမာန်အဆင့်မျှသာ ရှိလေသည်။
သူတို့သည် ဗိုက်အင့်အောင် စားသောက်ပြီးနောက် အတိတ်အကြောင်းများကို စကားစမြည်မြောနေကြနေရင်းဖြင့် ညကိုးနာရီပင် ထိုးနေလေပြီ။
“ညီမလေး…အစ်မမင်းကို မနက်ဖြန်ကျမှ လာတွေ့တော့မယ်နော်”
30 02
“ကောင်းပါပြီ အစ်မ…မနက်ဖြန်လာခဲ့နော်” အန်းရှသည် အန်းရုံကို ကြည့်လိုက်ကာ သူမ၏ လက်များကို ဆုပ်ကိုင်ထားလိုက်ရင်း တီးတိုးပြောလိုက်လေသည်။
ထိုကလေးမလေးသည် သူမကို အရိပ်သဖွယ် ကလေးဆန်စွာ တွယ်ကပ်နေလေတော့သည်။ အန်းရုံသည် ကလေးတစ်ဦးကဲ့သို့ ဖြစ်နေသော သူမကို သဘောကျစွာဖြင့် ခေါင်းပုတ်လိုက်လေသည်။
အန်းရှသည် အမေ၊ အဖေ၊ အန်းသုံတို့နှင့်အတူ အိမ်သန့်ရှင်းရေး ပြုလုပ်ရန် လိုက်သွားလေတော့သည်။
သူမသည် လက်ဆောင်ပစ္စည်းများစွာ ဝယ်ယူခဲ့သော်လည်း မည်ကဲ့သို့ စီမံရမည်ကို မသိချေ။ သူမသည် ဗူးများထဲတွင် ပစ္စည်းများကို ထည့်လျက် အနေအထားဖြင့်သာလျှင် ပစ်ချထားလေသည်။ သူတို့သည် ထိုပစ္စည်းများကိုသာ မရှင်းဘဲထားလိုက်လျှင် နေစရာပင် နေရာ မလုံလောက်တော့ချေ။
“ညီမလေး…ဘာဖြစ်လို့ လက်ဆောင်တွေ အများကြီးဝယ်လာရတာလဲ။ ပျောက်နေတာ တစ်ခုခုရှိသေးလား။ သက်သက် ပိုက်ဆံဖြုန်းတီးရာ ကျတာပေါ့”
“ဟုတ်တယ်…အထုတ်အပိုးတွေက အများကြီးပဲ။ သမီးရဲ့ ပိန်ပိန်သေးသေး လက်မောင်းတွေ ခြေထောက်တွေနဲ့ ဒါတွေကို သယ်လာရတော့ ပင်ပန်းနေတော့မှာပဲ။ သွားသွား…သွားထိုင်နေ။ အဖေတို့ ထုတ်ပိုးလိုက်မယ်”
“ဟုတ်တယ်…ညီမလေး သွားထိုင်နေ။ အစ်ကိုတို့ ရှင်းလိုက်မယ်”
အန်းရှသည် ထိုမိသားစုက သူမကို အလွန်ချစ်မြတ်နိုးကြသောကြောင့် ပျော်ရွှင်မိလေသည်။
“ကျွန်မ အဆင်ပြေပါတယ်။ မပင်ပန်းပါဘူး။ လမ်းတစ်လျှောက်လုံးမှာလည်း ကြင်နာတတ်တဲ့ သူတွေနဲ့ချည်းပဲ တွေ့ခဲ့ရတယ်။ သူတို့က ကျွန်မကို အထုတ်တွေ ကူသယ်ပေးကြတယ်”
သူမသည် အမှန်တကယ်လည်း အထုတ်အပိုးများ သယ်ဆောင်လာရာတွင် အခက်အခဲ မရှိခဲ့ပါ။
သူမသည် လေဆိပ်သို့ ရောက်ရှိချိန်တိုင်းတွင် လူတစ်စုသည် သူမကို ကူညီ သယ်ဆောင်ပေးကြလေသည်။ ထို့ကြောင့် သူမသည် လုံးဝ မပင်ပန်းခဲ့ရပေ။
ထိုသို့ တုံးအအနှင့် နှစ်လိုဖွယ်ကောင်းသော ညီမဖြစ်သူကို မြင်လိုက်ရသောအခါ အန်းသုံသည် စိတ်ပင်ပန်းမိတော့သည်။
သူသည် ယောက်ျားတစ်ယောက် ဖြစ်လေသောကြောင့် သူမညီမသည် လမ်းတစ်လျှောက်တွင် ကြင်နာတတ်သူများက သူမကို ကူညီ၍ အထုတ်အပိုးများသယ်ဆောင် ပေးကြခြင်း အကြောင်းအရင်းကို သိနားလည်လေသည်။
သူသည် ညီမဖြစ်သူကို တစ်အိမ်လုံးတွင် အထက်မြတ်ဆုံးဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအချိန်တွင်တော့ သူမအပေါ်တွင် နားလည်မှုလွှဲနေခဲ့ခြင်းသာ ဖြစ်ကြောင်း ထင်မြင်မိတော့သည်။
ထို့အပြင် သူမသည် ငါးနှစ်တာကာလအတောအတွင်း ယေက်ျားတစ်ယောက်၏ သွေားဆောင်မှုနှင့်လည်း ကြုံတွေ့ခဲ့ရမည် မဟုတ်ချေ။ ထို့ကြောင့် အနာဂတ်တွင် သူသည် သူ့ညီမကို ပို၍ စောင့်ရှောက်ပေးရမည်သာ ဖြစ်သည်။
“သြော်…ဟုတ်သားပဲ။ အစ်ကိုကြီး အိမ်ကိစ္စ…”
“ကျွန်မတို့ မနက်ဖြန်ကြရင် အိမ်ကိစ္စ ဆွေးနွေးကြရအောင်။ အစ်ကို အရင်ဆုံး သွားနားလိုက်ပါဦး။ တစ်နေကုန် သွားလာနေရတော့ ပင်ပန်းနေမှာပဲ။ သွားအိပ်လိုက်ဦး”
နောက်ဆုံးတွင်တော့ အန်းရှ၏ တိုက်တွန်းမှုသည်သာ ရှုံးနိမ့်သွား၍ သူမအစ်ကို၏ သူမကို အိပ်ခန်းသို့ ဦးစွာတွန်းပို့ခြင်းကို ခံလိုက်ရလေတော့သည်။
ထို့နောက် အန်းရှသည် အဝတ်အစားများကို ချွတ်လိုက်သောအခါတွင် ပွန်းပဲ့ဒဏ်ရာများနှင့် ပြည့်နှက်နေသော လက်မောင်းနှင့်ပေါင်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားလေတော့သည်။
အထူးသဖြင့် သူမ၏ လက်ဖဝါးနှင့် လက်ကောက်ဝတ်မှ ပွန်းပဲ့ရာများသည်း ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
သူမ၏ လက်မောင်းသည် မီးလောင်ဒဏ်ရာရှိနေသကဲ့သို့ နာကျင်နေလေသည်။
30 03
သူမသည် ဘယ်အချိန်ကတည်းက နာကျင်နေခဲ့သနည်း။ သူမသည် မည်သည်ကိုမျှလည်း မပြုလုပ်ခဲ့ပါ။ သူမသည် အထုတ်အပိုးများကို သယ်ဆောင်ခဲ့ခြင်းကြောင့်လားဟု စဉ်းစားမိလိုက်သော်လည်း ထိုကဲ့သို့ မဟုတ်ပြန်ပါ။
သူမသည် အကြောင်းအရင်းကို မဖော်ထုတ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင်တော့ သူမသည် ထိုဒဏ်ရာများမှာ မနာကျင်လေသောကြောင့် ပေါ့ပေါ့တန်တန်သာ သဘောထားလိုက်တော့သည်။ ထိုဒဏ်ရာများသည် မတော်တဆထခိုက်မှုကြောင့်သာ ဖြစ်မည်ဟု သဘောထားလိုက်တော့သည်။
သဘောထားကြီးလှသော အန်းရှသည် လေးလေးနက်နက် သဘောမထားဘဲ အိပ်ရာပေါ်တွင်သာ လှဲလှောင်း၍ အိပ်စက်လိုက်တော့သည်။
နောက်တစ်နေ့မနက်တွင် အခန်းအပြင်ဘက်မှ စကားသံများကြောင့် သူမနိုးသွားလေတော့သည်။
“လျိုချင်း…မင်း ရှရှ ကွာရှင်းလိုက်တာကို ဘယ်လိုထင်လဲ။ သူက အခု မငယ်တော့သလို အသက် ငါးနှစ်အရွယ် ကလေးတစ်ယောက်လဲရှိတယ်။ သူ အနာဂတ်မှာ ဘယ်လို ဆက်နေထိုင်သွားမှာလဲ။ အခုခေတ် ယောက်ျားတွေက အရမ်းလက်တွေ့ ဆန်လာကြပြီ။ သူတို့က အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ် မိန်းမငယ်လေးတွေကိုသာ လိုချင်ကြတာ။ သူ နောက်တစ်ခါ လက်ထပ်ဖို့အတွက် လူကောင်းနဲ့တွေ့ရဖို့ ခက်သွားပြီလေ”။