31 01
အခန်း ၃၁
အန်းမိသားစု၏ နေအိမ်သည် နှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာ အိုဟောင်းနေကာ အိမ်ဈေးသည်လည်း ပေါလွန်းလှပြီး အသံလည်း သိပ်မလုံလှချေ။
အန်းရှသည် အိပ်ပျော်နေဆဲဖြစ်သော်လည်း မူလပိုင်ရှင်၏ ဒုတိယအန်တီဖြစ်သူ၏ စကားများကို ကြားလိုက်ရသောကြောင့် နိုးလာလေတော့သည်။
သူမသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဒုတိယအန်တီဖြစ်သူ ဝမ်ဖောင်မိန်၏ စကားသံများကို နားထဲတွင် ဗလုံးပထွေးကြားနေရသည်။
ထိုစကားလုံးများသည် သူမကို အသရေပျက်အောင် ပြုလုပ်နေသကဲ့သို့ပင်။
တစ်ခွန်းပြီးတစ်ခွန်း လေသံကျယ်ကျယ်ဖြင့် ပြောနေသောကြောင့် အမျိုးသမီးအန်းကို စကားပြန်၍ မပြောနိုင်ရန်ပင် တားဆီးနေသကဲ့သို့ ဖြစ်နေလေသည်။
“သြော်…အစ်မရယ်၊ အစ်မရဲ့ဘဝက ဘာလို့ အဲဒီလောက်တောင် ခါးသီးနေရတာလဲ”
“ဟင်…ယောင်းမ၊ ကျွန်မရဲ့ဘဝက လုံးဝ မခါးသီးနေပါဘူး”
“ဟုတ်ပါပြီ…ကျွန်မတို့က ဆွေမျိုးတွေပဲဟာကို ကျွန်မရှေ့မှာ ဟန်ဆောင်နေစရာ မလိုပါဘူး။ ဒီနှစ်တွေအတွင်း ရှင်တို့မိသားစုရဲ့ အခြေအနေကို ကျွန်မ တွေ့နေရတာပဲလေ။ ဟူး…ကလေးတွေရဲ့ အခြေအနေတွေကို ပြောပြစမ်းပါဦး။ သူတို့တစ်ယောက်မှ…”
ဝမ်ဖောင်မိန့်သည် သူမ၏ စကားကိုတောင် ဆုံးအောင် မပြောရသေးခင် နူးညံ့အိစက်နေသည့် ညအိပ်အဝတ်ကို ဝတ်ဆင်ထားသော အန်းရှကို တွေ့မြင်လိုက်ရသောကြောင့် အံ့သြသွားလေသည်။
“ဟင်း…အမေ၊ ဒုတိယအန်နီ မင်္ဂလာမနက်ခင်းပါ”
အန်းရှသည် သမ်းဝေနေလျက် ပျင်းရိပျင်းတဲဲဖင့် အကြောဆန့်လေလေသည်။ သူမသည် ယခုမှ အိပ်ရာနိုးလာသည် ဖြစ်သော်လည်း သူမ၏ အသံချိုချိုလေးသည် ချိုသာနေတုန်းပင်။
အမျိုးသမီးအန်းသည် ဆိုဖာပေါ်မှထလာရင်း ပြောသည်။ “ရှရှ…မြန်မြန် ကိုယ်လက် ဆေးကြောလိုက်ဦး။ အမေ မနက်စာပြင်ပေးမယ်”
အမျိုးသမီးအန်းသည် ထိုသို့ မပြောလိုက်ခင်တွင် ဝမ်ဖောင်မိန့်သည် လှပချောမောလှသော သူမ၏ တူမဖြစ်သူကို အံ့သြစွာ ငေးကြည့်နေမိတော့သည်။
“ဒါက ရှရှလား။ သူက ချောလာလိုက်တာ။ တီဗီထဲက မင်းသမီးတွေထက်အောင် ပိုချောသေးတယ်”
ဝမ်ဖောင်မိန်သည် ထိုကဲ့သို့ အလွန်အမင်း ချောမောလှပသော မျက်နှာလေးကို တွေ့မြင်လိုက်ရသောအခါ သူမပြောနေသော စကားများကိုပင် ထပ်မပြောနိုင်တော့ပါ။
သူမ၏ ရုပ်ဆင်းသွင်ပြင်အရ သူမသည် ကွာရှင်းထား၍ ကလေးတစ်ယောက်ပည ရှိနေမည်ဟူသည်မှာ မယုံနိုင်လောက်လောက်စရာ ဖြစ်သည်။
ဝမ်ဖောင်မိန်သည် ထိုအရာများကို မသိကျိုးကျွန်ပြုလျက် ငါးနှစ်ကြာအောင် အိမ်ပြန်မလာဘဲ ကွာရှင်းလိုက်သော တူမဖြစ်သူကို အကြံဉာဏ်ပေးရန် ကြံစည်နေသော်လည်း ရုတ်တရက်ဆိုသလို သူမသည် ယုံကြည်မှုများ ပျောက်ဆုံးသွားရလေသည်။
သူမသည် သူမ၏တူမဖြစ်သူသည် မည်မျှပင် ချောမောလှပသူ ဖြစ်နေစေကာမူ နောက်ဆုံးတွင်တော့ ကွာရှင်းလိုက်ရသူသာ ဖြစ်သည်ဟု တစ်ခဏမျှကြာအောင် တွေးတောနေလိုက်သည်။
ကွာရှင်းပြီးသား မိန်းမတစ်ယောက်သည် မည်မျှပင် ချောမောလှပနေစေကာမူ အိုဟောင်းနေသော ဖိနပ်စုတ်တစ်ရံကဲ့သို့ တန်ဖိုးမရှိတော့ချေ။
“အမေ…အဖေနဲ့ အစ်ကိုကြီးရော”
အန်းရှသည် ကိုယ်လက်သန့်စင်ပြီးသောအခါ အိမ်ထဲတွင် သူမ၏ အမေနှင့် ဝမ်ဖောင်မိန်ကိုသာ တွေ့လိုက်ရသည်။
“သြော်…သမီးရဲ့ အဖေ၊ အစ်ကိုနဲ့ အစ်မက မွေးနေ့ပွဲတွေမှာသုံးတဲ့ ပန်းကန်တွေကို သွားကြည့်ဖို့ အပြင်သွားကြတယ်လေ”
အမျိုးသမီးအန်းသည် သက်ပြင်းချလိုက်ရင်း ဆက်ပြောလေသည်။ “ငါက ငါ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့အတွက် ဘာမှခမ်းခမ်းနားနား လုပ်ပေးစရာ မလိုဘူးလို့ ပြောထားတာကို နင့်အဖေနဲ့ အခြားသူတွေက နားမထောင်ကြဘူး။ အဲဒါက သက်သက် ပိုက်ဆံဖြုန်းနေတာပဲကို”
“ဟုတ်တယ် အစ်မရေ…ကျွန်မလည်း ဒီအတိုင်းပဲ တွေးမိတယ်။ အစ်မတို့မှာ ပိုက်ဆံရှိရင် စုထားပြီး သုန်းကျစ်အတွက် စောစောစီးစီး အိမ်ဝယ်ပေးထားလိုက်ပေါ့။ အခုကြည့်ဦး…သုန်းကျစ်က ဒီနှစ် အသက်ဘယ်လောက် ရှိသွားပြီလဲ။ သူ လက်ထပ်ဖို့အတွက် အိမ်တစ်လုံးတောင် မဝယ်ရသေးဘူး။ ကျွန်မတို့ရဲ့ ပေ့ပေ့ကိုကြည့်ပါလား။ ဘွဲ့ရပြီးတာနဲ့ ကျွန်မတို့က အကြွေးစနစ်နဲ့ အိမ်ဝယ်ထားလိုက်ပြီး သူလက်ထပ်တာကို စောင့်နေယုံပဲ”
ဝမ်ဖောင်မိန်သည် စိတ်မရှည်ဟန်ဖြင့် စကားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။ သူမနှင့် အမျိုးသမီးအန်းသည် တစ်နှစ်ပင် အသက်ကွာသည် ဖြစ်သော်လည်း သူမ၏ မိသားစုသည် သူမအတွက် တစ်ခါမျှ မွေးနေ့ပွဲမကျင်းပပေးခဲ့ဖူးပေ။
31 02
ထို့ကြောင့် သူမသည် ယောင်းမဖြစ်သူအပေါ်တွင် အနည်းငယ် မနာလို ဖြစ်မိလေသည်။
“ဟီးဟီး…ယောင်းမလေး သုန်းကျစ်ရဲ့ အကြွေးစနစ်နဲ့ အိမ်ဝယ်ထားတာက အကုန်အကျေဆပ်ပြီးသား”
အမျိုးသမီးအန်းက ရိုးသားစွာ ပြုံးရယ်လိုက်ပြီး ဝမ်ဖောင်မိန်၏ စကားများသည် မှားသွားလိမ့်မည်ဟု မထင်မိခဲ့ချေ။
နှစ်ပေါင်းများစွာ အတောအတွင်း သူမ၏ ဆွေမျိုးများအကြောင်းကို သူမအနေဖြင့် သိနားလည်ထားပြီးသားဖြစ်သည်။
သူမသည် သဘောထားကြီးသူ ဖြစ်သည်။ သူမ၏ ယောင်းမဖြစ်သူသည် အနည်းငယ်စွာ၍ သူမအပေါ်တွင်လည်း အခွင့်အရေး ယူချင်နေသူ ဖြစ်သည်။ သူမသည် တစ်ခါမျှ မကောင်းမှုကို ပြုလုပ်သူမဟုတ်ပေ။ ထို့ကြောင့် သူမအပေါ်သို့ ပြောလာသော ထိုကြမ်းတမ်းသော စကားလုံးများကိုလည်း ဂရုမစိုက်ပါ။
ထို့အပြင် သူမ၏ ဒုတိယအစ်ကိုဖြစ်သူသည် သူမအပေါ်တွင် ကြင်နာလေသောကြောင့် ယောင်းမဖြစ်သူသည် မည်သည့်ပုံစံဖြစ်နေစေကာမူ သူမ ဂရုမစိုက်လှပါ။
ထို့ကြောင့် သဘောထားကြီးလှသော အမျိုးသမီးအန်းသည် သူမအစ်ကို၏ မျက်နှာကို ထောက်ထား၍ နှုတ်ကြမ်းလျှာကြမ်းရှိလှသော ယောင်းမဖြစ်သူကို သိပ်ဂရုမထားချေ။
သို့သော် အန်းရှမှာ ထိုကဲ့သို့မဟုတ်ပေ။
သူမ၏ အသက်အစစ်အမှန်မှာ ၁၈ နှစ်သာရှိသေးသော်လည်း သူမသည် အရူးမလေးတော့ မဟုတ်ပါ။
ဝမ်ဖောင်မိန်၏ သူမနှင့် သူမအမေကို ပြောဆိုလိုက်သော စကားလုံးများသည် အန်းမိသားစုကို သိမ်ငယ်စေလေသည်။ ထိုစကားလုံးများက အန်းရှကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေလေသည်။
“ဒုတိယအန်တီ…ကျွန်မတို့က ချမ်းသာပါတယ်။ အဲဒီတော့ ကျွန်မတို့အတွက် စိတ်မပူပါနဲ့”
အန်းရှသည် ဒေါသထွက်နေသော်လည်း စိတ်သဘောထား နူးညံ့သူဖြစ်သည်။ သူမသည် အခြားသူများနှင့် စကားများ ရန်ဖြစ်တတ်သူမဟုတ်ပေ။ သူမအနေဖြင့် စိတ်မပျော်မရွှင် ဖြစ်နေလျှင်တောင် လေသံမာမာဖြင့်သာ ပြောတတ်သူဖြစ်လေသည်။
သူမ၏အသံသည် နူးညံ့၍ ချိုသာနေသောကြောင့် အခြားသူများသည် သူမသည် လေသံမာဖြင့် ပြောနေခြင်းဟုတောင် မသိနိုင်ပေ။
“ရှရှ…အခုလိုပြောတာ ငါမဟုတ်ဘူးလေ။ မင်းကိုမင်းလည်း ကြည့်ဦး။ မင်းရဲ့ အမျိုးသားက မြို့ပေါ်မှာမဟုတ်လား။ သူကဘာလို့ မင်းနဲ့ အတူမနေတာလဲ”
အန်းမိသားစုနှင့် လျိုမိသားစုမှ ဆွေမျိုးများအားလုံးသည် အန်းရှမှာ အိမ်ပိုင် ကားပိုင်ရှိသော မြို့ပေါ်မှ လူတစ်ယောက်နှင့် လက်ထပ်ထားသည်ဟုသာ သိထားကြလေသည်။
သို့သော် သူတို့သည် ထိုသူ၏ ချမ်းသာကြွယ်ဝမှုနှင့် အန်းရှ၏ သူမမိသားစုကို တစ်လ ယွန်တစ်သိန်း ထောက်ပံ့သည်ဆိုသည့် အချက်ကိုတော့ မသိထားကြပါ။
သို့သော် အန်းရှသည် အန်းမိသားစုနှင့် လျိုမိသားစုထဲတွင်တော့ အချမ်သားဆုံးအမျိုးသားနှင့် လက်ထပ်ထားသည်ကိုတော့ သူတို့အနေဖြင့် လက်ခံထားကြလေသည်။
ထို့ကြောင့် သူတို့သည် အန်းရှ၏ ကွာရှင်းခြင်းအကြောင်းကို ကြားသိလိုက်ရသောအခါ သူမသည် စွန့်ပစ်ခံလိုက်ရသူဖြစ်ပြီး နောင်အနာဂတ်တွင်လည်း သူမ၏ ခင်ပွန်ဟောင်းလောက် ကောင်းမည့်သူမျိုး ရှာမတွေ့နိုင်လောက်ဟု တွေးထင်နေခဲ့ကြလေသည်။
“ဟင်…လူတစ်ယောက် ခွေးတစ်ကောင် မဟုတ်ဘူးလေ”
အန်းရှသည် ဝမ်ဖောင်မိန်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်လျက် ပြန်ပြောလိုက်လေသည်။ “ပြီးတော့ ကျွန်မက ကွာရှင်းဖို့ကို တောင်းဆိုလိုက်တာ။ ဘာကြောင့်လဲဆိုတော့ ကျွမ်မ အဲဒီသူအပေါ်မှာ ခံစားချက်မရှိတော့ဘူး အဲဒီတော့ ကျွန်မ ဆက်ပြီး အမှားတွေမလုပ်ချင်တော့သလို သူနဲ့လည်း ဆက်မနေချင်တော့လို့ပဲ”
“အစ်မ…ရှင့်သမီးကိုကြည့်ဦး။ သူ စိတ်ရှုပ်ထွေးနေပုံရတယ်။ သူ့အပေါ်မှာ ခံစားချက် မရှိတော့ဘူးဆိုရင်တောင်မှ ပိုက်ဆံတွေကို စုဆောင်းထားရမယ်လေ။ မင်းယောက်ျားက မြို့ပေါ်မှာ အိမ်တွေရော ကားတွေရော ပိုင်နေတာပဲဟာ”။ ဝမ်ဖောင်မိန်သည် စိတ်မကောင်း ဖြစ်နေပုံရပြီး နာကြင်စွာ ပြောနေလေသည်။
ဆိုလိုရင်းမှာ မြို့ပေါ်တွင် အိမ်ပိုင်ဆိုင်လျက်ရှိသော ထိုသူသည် သူမယောက်ျားအဖြစ် ရှိနေသေးခြင်းဟုပင် ဖြစ်သည်။
“အန်တီ…ဘာသဘောနဲ့ ပြောတာလဲ။ အဲဒီလူနဲ့ ပိုက်ဆံအတွက်ကြောင့် အတူဆက်ရှိနေခိုင်းတာလား” အန်းရှသည် မျက်တောင် တစ်ချက်ခပ်လိုက်ရင်း သူမကို စိုက်ကြည့်နေလိုက်တော့သည်။
ထိုအမျိုးသမီးသည် တစ်ခါတစ်ရံတွင် ထူးထူးဆန်းဆန်းပြောတတ်သော်လည်း အန်းရှသည် ထိုအရာများကို စိတ်ဝင်စားလျက် ရှိနေသည်။
“အဲဒါတော့ မဟုတ်သေးဘူး။ အခုခေတ်မှာ မိန်းမတွေအတွက် အဲဒါတွေက အရေးမပါတော့ဘူး။ အရေးအကြီးဆုံးက ပိုက်ဆံရှိဖို့ပဲ။ တကယ်လို့ မင်းက ချမ်းသာတဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ထားတယ်ဆိုရင် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး လက်မလွှတ်ပေးဖို့ပဲ”။
“အဲဒီတော့…အန်တီ…ကျွန်မက ပိုက်ဆံကိုရွေးချယ်ရမှာလား၊ ယောက်ျားဖြစ်သူကိုလား” အန်းရှသည် ထိုကဲ့သို့ မေးလိုက်လေတော့သည်။