အခန်း ၂၄၉ ။ တစ္ဆေအမတယင်ချီ
လုံကျန်း နှစ်ပေါင်းသောင်းချီ အားထားခဲ့ရတဲ့ သားက နောက်ဆုံးတော့ ပြန်ရောက်လာပြီး ဒဏ္ဌာရီလာရွှေနဂါးတစ်ကောင် ဖြစ်နေပြီ။ လုံကျန်းနှလုံးသားက သူမသားသာ အဲအချိန် ဟင်းချက်မနေရင် အင်မတန် ပြည့်လျှံနေမှာ။
သူမသားက တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေတယ်။ လုံကျန်းက သူ့ကိုတားဖို့တော့ကြိုးစားခဲ့တာပဲ – ဘယ်လိုပဲဖြစ်ဖြစ် သူက နဂါးတစ်ကောင်ဖြစ်ကာစဖြစ်ပြီး ပြန်သက်သာဖို့အချိန်လိုတယ်လေ။ ဒါပေမဲ့ သူက သူ့ဆရာအပေါ် ကျေးဇူးသိတတ်နေတာမြင်တော့ လုပ်ချင်တာလုပ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
အဲဒါက… သူမကိုယ်သူမ စားပွဲမှာထိုင်ပြီး ရှန်းရင်နဲ့ စားနေမိတာကို သိလိုက်ရပုံပဲ။
-_-|||
“ဆရာ လက်ဖက်ရည်သောက်ပါ” ယိချင်းက ရွှေနဂါးဖြစ်နေဆဲ။ သူက ခုလေးတင်စားသောက်ပြီးတဲ့ အမျိုးသမီးအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်တယ်။
“အိုး” အကျင့်အတိုင်း ရှန်းရင် လက်ဖက်ရည်ခွက်ကို လက်ခံယူလိုက်တယ်။ သူမ ဘေးက ထိုင်နေတဲ့ နဂါးစားဖိုမှူးကို လှည့်လေ့လာမိတော့ သူမကာတွန်းကားတွေကို သတိရသွားတယ်။ နောက်ဆုံးတော့ သူမဖြေရှင်းရမဲ့ လေးနက်တဲ့ကိစ္စကို ပြန်သတိရသွားတော့တယ်။
“စားဖိုမှူး”
“ဆရာ”
“နင် လူအဖြစ် ပြန်မပြောင်းနိုင်ဘူးလား”
ယိချင်းက သူ့နဂါးခေါင်းကိုယမ်းတယ်။
“မရသေးပါဘူး”
ကျောင်းလုံက သူ့ကို လူအသွင်ဘယ်လိုပြန်ပြောင်းရမလဲ သင်ပေးပြီးပေမဲ့ သူ့ကိုယ်နဲ့ မရင်းနှီးသေးသလို နတ်ဘုရားစွမ်းအင်ကို သူလုပ်မိတဲ့ ထိန်းညှိမှုတိုင်းက ထူးဆန်းတဲ့ပင်ပန်းမှုအဖြစ်ပဲ ရလဒ်ထွက်တယ်။
“သူက ခုမှ အခွံပေါက်ကာစလေ၊ ခန္ဓာကိုယ်က အားနည်းနေတာ – ခုလောလောဆယ် လူအဖြစ် ပြန်ပြောင်းလို့မရတာ ပုံမှန်ပါပဲ”
လုံကျန်း ရှင်းပြလိုက်တယ်။
“နဂါးတွေအားလုံးက အဲလောက်အားနည်းတာလား” ရှန်းရင်မေးလိုက်တယ်။
“အဲလိုတော့ မဟုတ်ဘူး” လုံကျန်း မျက်မှောင်ကြုတ်လိုက်တယ်။
“သူက ထူးခြားတာဖြစ်နိုင်တယ်”
“… အော်”
“ဆရာ” ယိချင်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး ပြောလိုက်တယ်။
“ကျွန်တော် နဂါးဥထဲ ဝင်လာတည်းက ထူးဆန်းတဲ့ ထိန်းချုပ်မှု အရှိန်အဝါတစ်မျိုးကို ခံစားခဲ့ရတာ မှတ်မိပြီ၊ ကျွန်တော် ဖောက်ထွက်နိုင်ဖို့ နည်းလမ်းမရှိဘူး၊ ပြီးတော့…” သူမျက်မှောင်ကြုတ်လိုက်တယ်။
“ကျွန်တော်တိုက်ခိုက်လေ ခန္ဓာကိုယ်က ပိုအားနည်းလာလေပဲ” အဲဒါကြောင့် အားနည်းတဲ့ ကလေးလေး ဖြစ်သွားတာနေမယ်။
“အဲလိုရှိတာကိုး” လုံကျန်း ထခုန်မိသွားတယ်။ သူမ သူ့ကို မရေမတွက်နိုင်တဲ့အကြိမ်ပေါင်းများစွာ ခေါင်းစခြေဆုံးစစ်ဆေးတော့တယ်။
“ဘာအရှိန်အဝါလဲ”
ယိချင်း ခေါင်းယမ်းလိုက်တယ်။
“ကျွန်တော်လည်း မသေချာဘူး”
“ငါသိတယ်” ရှန်းရင်က ရုတ်တရက် ထပြောလာတယ်။
နဂါးသုံးကောင်က တန့်သွားပြီး သူမကိုလှည့်ကြည့်တယ်။
ဘာဆိုလိုတာလဲ။
ရှန်းရင် သူမဝတ်ရုံထဲက ဖြူစွတ်ပြီး ပန်းပုံစံ အရာတစ်ခုကို ဆွဲထုတ်လာတယ်။
“ဒါလား”
သူတို့တွေ တုံ့ဆိုင်းသွားပြီး လုံကျန်းတောင် ရှန်းရင် ဆုပ်ကိုင်ထားတဲ့အရာကို သိချင်စိတ်နဲ့ ကြည့်နေတယ်။ ဒါ လွန်ခဲ့တဲ့ရက်ပိုင်းက ဥပေါ်ဖိထားတဲ့ အခွံပဲ။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒီအရာပေါ် အရှိန်အဝါရှိနေတာလား” ကျောင်းလုံက သေချာကြည့်ဖို့လုပ်ပေမဲ့ အခွံမှာ များများစားစားရှိနေတဲ့ပုံမပေါ်။
“အထဲမှာ” သူမက အခွံပေါ်က အကြည်လွှာကို ခွာလိုက်တယ်။ သူမ အလွှာတစ်ဝက်ကို ခွာပြီးပြီးချင်းမှာတင် ထူးဆန်းတဲ့ အနက်ရောင်ချီက လက်ခနဲဖြစ်သွားပြီး ဥခွံကနေ ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ ရှန်းရင် လက်လှမ်းပြီးဖမ်းဆုတ်ထားလိုက်တယ်။
နောက်အခိုက်အတန့်မှာ မည်းမှောင်နေတဲ့ မြူခိုးပုံသဏ္ဌာန်တစ်ခု သူမလက်ထဲပေါ်လာတယ်။ ကြည့်ရတာ အသက်ရှင်နေပြီး သူမဆုပ်ကိုင်ထားမှုကနေ လွတ်မြောက်အောင် ရုန်းကန်နေသလိုပဲ။ ကြက်သီးထစရာ အရှိန်အဝါက ကြောက်မက်ဖွယ်အော်သံတစ်မျိုး ပြတ်တောင်းပြတ်တောင်း အော်ဟစ်နေတယ်။ သရဲဝိညာဉ်တွေရဲ့ ငိုကြွေးသံမျိုးပဲ။ အရှိန်အဝါက ရှန်းရင်ဆုပ်ကိုင်ထားမှုထဲ အားလျော့နည်းစ ပြုလာပြီး စက္ကန့်ပိုင်းကြာချိန် ပျောက်ကွယ်သွားတော့တယ်။
“အဲဒါ… တစ္ဆေအမတရဲ့ယင်ချီပဲ” လုံကျန်းက အံ့ဩတကြီးရေရွတ်ပြီး မျက်လုံးပြူးသွားတယ်။ သူမ ထခုန်မိလိုက်တယ်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာ… ငါ့ကလေးရဲ့နဂါးဥက ငါ့စောင့်ကြည့်မှုအောက်မှာပဲ အမြဲရှိနေခဲ့တာလေ၊ ဘယ်လိုလုပ်အထဲမှာ တစ္ဆေအမတရဲ့ယင်ချီ ရှိနေရတာတုံး”
“တစ္ဆေအမတရဲ့ဘာ” ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
လုံကျန်းက မျက်မှောင်ကြုတ်ပြီး သူမအမူအရာက မည်းမှောင်လာတယ်။
“တစ္ဆေအမတတွေက ကောင်းကင်မြေအောက့်ဘုံမှာ အမတတွေဖြစ်လာဖို့ လေ့ကျင့်ကြတဲ့ သွေဖည်တစ္ဆေတွေပဲ၊ သူတို့ကျင့်ကြံနည်းတွေက အရမ်းကိုထူးခြားပြီး အစွမ်းတွေကလည်း အရမ်းထူးဆန်းတယ်၊ ကောင်းကင်မျိုးနွယ်တော်တော်များများ သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲ မသိကြဘူး၊ သူတို့အကြောင်းက သူတို့ကိုရှာဖွေရအရမ်းခက်ပြီး သူတို့အတွက်လည်း ကောင်းကင်နယ်နိမိတ်တွေထဲ လာဖို့ မလွယ်ဘူး”
အမတဖြစ်လာတဲ့ သွေဖည်တစ္ဆေတွေလား
ယိချင်းတင်မက ကျောင်းလုံပါ ထိတ်လန့်သွားတယ်။ တစ္ဆေတွေက အငြိုးတွေနဲ့ပြည့်နေတဲ့ သာမန်ဝိညာဉ်တွေပဲ။ သူတို့က လောကကြီးထဲလျှောက်သွားနေပြီး သေမျိုးဘုံမှာပဲ ပေါ်လာတတ်ကြတာ။ အတိုချုံးပြောရရင်တော့ သူတို့က ခန္ဓာကိုယ်မရှိတဲ့ဝိညာဉ်တွေ။ ဝိညာဉ်တွေက အားနည်းတယ်လေ – အမတဖြစ်အောင်ကျင့်ကြံနိုင်တဲ့ ဝိညာဉ်တွေကို ဘယ်သူမှမကြားဖူးခဲ့ကြဘူး။ ခုတော့ ဒီတစ္ဆေတွေက အမတမျိုးနွယ်တွေကိုတောင် တိုက်ခိုက်နိုင်တယ်လို့ ကြားနေရတယ်ပေါ့
“ဒီတစ္ဆေအမတတွေကို ပုံမှန် ဘယ်မှာတွေ့ရတတ်လဲ”
“တစ္ဆေအမတတွေက သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့ ကောင်းကင်မြေအောက်ဘုံရဲ့ ယင်ချီကိုလိုအပ်တယ်၊ အဲဒါကြောင့် သူတို့ကပုံမှန် ယင်မြစ်နားမှာပေါ်လာတတ်ကြတယ်”
“ရှန်းကျွင်း၊ အရင်က တစ္ဆေအမတတစ်ယောက်ယောက်ကိုများ အပြစ်ပြုမိဖူးလား” ယိချင်းက မေးလာတယ်။
လုံကျန်းက ယိချင်းကို လှမ်းကြည့်ပြီး သူ သူမကိုခေါ်ပုံခေါ်နည်းကို ပြင်ပေးဖို့ ယာယီတွေးမိသွားတယ်။ သူမ သက်ပြင်းချပြီး ဖြေလိုက်တယ်။
“မထင်ဘူး၊ ဒီနှစ်သိန်းချီမှာ နဂါးအသူတစ်ရာချောက်ကနေ မထွက်ဖူးသလို တစ္ဆေအမတတစ်ယောက်မှ မတွေ့ဖူးဘူး”
ထူးဆန်းတယ်။ တစ္ဆေအမတတစ်ယောက်က ယင်ချီကို နဂါးဥတစ်လုံးထဲ ဘာလို့အကြောင်းရင်းမရှိ ထားသွားတာလဲ။ ပြီးတော့ ယင်ချီက ယိချင်းကို ဥမပေါက်နိုင်တော့တဲ့ပထိ ဖိနှိပ်နိုင်ခဲ့တာပဲ။ ရှန်းရင်သာ ဥကိုအတင်းမခွဲခဲ့ရင် သူ အထဲမှာပဲ ညှပ်နေလောက်ဦးမှာ။
“နဂါးအသူတစ်ရာချောက်နက်က အပြင်ကလူတွေနဲ့ ဘယ်တုန်းကမှ အများကြီးအဆက်အဆံမရှိဘူး၊ တကယ်တော့ နဂါးတောင်ကြားကသူတွေနဲ့ သိပ်အဆက်အဆံရှိတာမဟုတ်ဘူးလေ၊ တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်ပြုမိ၊ မပြုမိပြောနေတာဆိုရင် အမေ…” သူမ ပြောနေရင်း တစ်စုံတစ်ရာကို မှတ်မိသွားဟန်ရပ်သွားတယ်။ ရုတ်တရက် သူမက ဖြူဖျော့သွားလေရဲ့။ သူမ လက်သီးတင်းတင်းဆုပ်လိုက်တယ်။
“အရေးကြီးတဲ့ကိစ္စတစ်ခုမှတ်မိသွားလို့ ပင်မခန်းမဆီပြန်လိုက်ဦးမယ်၊ အမေ့က… ယိချင်း သားက အားနည်းနေသေးတယ်၊ အနားပိုယူသင့်တယ်နော်”
သူမက သူတို့ကိုခေါင်းညိတ်ပြပြီး အသည်းအသန်ပြေးထွက်သွားကာ အူကြောင်ကြောင်ဖြစ်နေတဲ့ လူတစ်စုကို ထားခဲ့လေတယ်။
ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။ ကြည့်ရတာ… အတိတ်ဘဝက စားဖိုမှူးအိမ်က ဇာတ်လမ်းရှိပုံပဲ။
——————
လုံကျန်းက ရုတ်တရက် အသည်းအသန်ပြန်ပြေးသွားပြီး နောက်ရက်ပိုင်းတွေမှာ သူမအကြောင်း သတင်းမရခဲ့ဘူး။ သူမက တစ္ဆေအမတကိစ္စကို စုံစမ်းနေတာသိသာတယ်။
စားဖိုမှူးက သူ့နဂါးကိုယ်နဲ့ ကျင့်သားရအောင် အချိန်ကို အသုံးချနေတယ်။ နေ့တိုင်း သူက လုပ်ငန်းနှစ်ခုပေါ် အာရုံစိုက်တယ် – နတ်ဘုရားစွမ်းအင်နဲ့ သူ့ကိုယ်သူ ရင်းနှီးအောင်လုပ်တာနဲ့ ရှန်းရင်အတွက် ချက်ပြုတ်ပေးတာ။ သူက သင်ယူမြန်သူဖြစ်နေတာတော့ ကောင်းတဲ့အချက်ပဲ။ အကြိမ်ရေအနည်းငယ် ကြိုးစားပြီးတဲ့နောက် သူက နောက်ဆုံးတော့ လူလေးတစ်ယောက်အသွင် ပြန်ပြောင်းနိုင်ခဲ့ပြီ။ နဂါးချီတွေအများကြီး စုပ်ယူခဲ့လို့ထင် သူ့ရဲ့ပိန်လှီတဲ့ကိုယ်က အခု ဝဖြိုးလာပြီ။ သူ့မျက်နှာက ချောမွတ်လွန်းလို့ အရုပ်နဲ့တောင် နည်းနည်းတူနေတယ်။ သူ့ဆံပင်ကတော့ အရင်အတိုင်းခပ်တိုတိုပဲ။
နဂါးတွေက သိုင်းတွေလက်ဆင့်ကမ်းဖို့ သူတို့သွေးပေါ်ပဲ အမြဲအားကိုးခဲ့ကြတာ။ ဘယ်သူမှ သူ့ကို သိုင်းသင်ပေးဖို့မလိုဘဲ ယိချင်းက စိတ်ထဲကနေ အလိုလိုသိနေခဲ့တာ။ သူပိုင်ဆိုင်ထားတဲ့ နတ်ဘုရားစွမ်းအင်က ကြောက်ခမန်းလိလိဖြစ်ပြီး ရူးလောက်စရာအရှိန်နှုန်းနဲ့ ကြီးထွားနေတယ်။ ရက်ပိုင်းအတွင်းမှာတင် သူက ကျောင်းလုံကို ကျော်သွားပြီ။
ကျောင်းလုံ ဒါနဲ့ပတ်သက်ပြီး သိသိသာသာနေလို့မကောင်း။ နဂိုကတော့ သူ့တည်ရှိမှုကို လုံကျန်းရှေ့ သိသာအောင် လုပ်ချင်ခဲ့တာ။ လုံကျန်းက ဒီရက်ပိုင်းပျောက်နေတာ နှမြောစရာပဲ။ အဲဒါက ကျောင်းလုံ ရှန်းရင်နဲ့ဆက်နေနေရတဲ့ တစ်ခုတည်းသောအကြောင်းရင်း။ သူ သူမနှစ်သိမ့်မှုကို လိုအပ်တယ်။ အခု ယိချင်းက ကျောင်းလုံကို အတော်လေးသတိထားနေပြီ။ ကျောင်းလုံ သူမကို လုယူဖို့ ကြိုးစားနေတယ်လို့ တွေးမိနေလောက်တဲ့အထိပဲ။ သူ ရှန်းရင်နား ကပ်မိသွားတိုင်း ယိချင်းက သူ့ကို အိုးနဲ့ ထုချင်တဲ့ပုံပေါက်နေတယ်။
ကျောင်းလုံက တစ်လောကလုံး သူ့ကိုရွံရှာနေသလို ခံစားရလုနီးပါးပဲ။
ဆယ်ရက်အကြာ။
“ဆရာ ကျွန်တော့်ကျင့်ကြံဆင့်ကို ခိုင်မာအောင်လုပ်ပြီးပါပြီ” ယိချင်းက ရှန်းရင်ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး ထိုင်ခုံတစ်ခုပေါ်တက်တယ်။ သူ့တစ်ဖက်ခြမ်းမှာထိုင်နေတဲ့ ရှန်းရင်ကို ကမ်းပေးဖို့ စားပွဲကို အပြည့်မှီလိုက်မှရတယ်။
ရှန်းရင် အကျင့်အတိုင်းယူလိုက်ပြီး တစ်ငုံသောက်ကာ မေးလိုက်တယ်။
“နင်အသင့်ဖြစ်ပြီလား”
“ဟုတ်”
“အော် စားစရာတွေ ဘယ်မှာလဲ”
“ကျွန်တော် လဝက်စာ ပြင်ထားပါတယ်”
“အဆာသွတ်မုန့်တွေရော”
“အမျိုးအစား၂၀ကျော်ပါ”
“အသီးတွေကရော”
“သိုလှောင်အိတ်၂အိတ်အပြည့်ပါ”
“ကောင်းပြီလေ” ရှန်းရင် စားပွဲပေါ်လက်ထောက်ပြီး ပျင်းတိပျင်းရွဲရပ်လိုက်တယ်။
“သွားကြစို့”
ယိချင်းက ကုလားထိုင်ကနေ ခုန်ချတယ်။ နှစ်ယောက်သား ခြံဝန်းအပြင်ထွက်သွားတော့မှ ကျောင်းလုံ တုံ့ပြန်နိုင်တော့တယ်။
“ခဏ” သူ သူတို့ကိုချက်ချင်းတားကာ မေးလိုက်တယ်။
“ဘယ်သွားကြမလို့လဲ”
…