အခန်း ၂၄၈ ။ ယိချင်း၏အသွင်အစစ်
လုံကျန်းက အင်မတန်မြန်ဆန်စွာ ရောက်လာတယ်။ ယိချင်း စားပွဲကို သန့်ရှင်းပြီးချိန် ကျောင်းလုံက သူမကို အထဲခေါ်လာတယ်။
“ငါ့ကလေးလေး” သူမက အခန်းထဲဝင်ဝင်ချင်း လုံကျန်းရဲ့ ထိုင်းမှိုင်းတဲ့ အမူအရာက တောက်ပသွားတယ်။ သူမက မိခင်မေတ္တာအပြည့်ပြုံးပြီး ယိချင်းဘေး ချက်ချင်းပေါ်လာတယ်။ သူမက သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီး ပြောလေတယ်။
“ဘာလို့ ဒီရောက်နေတာလဲ၊ သားက အခုမှ အခွံပေါက်ကာစ အားနည်းနေသေးတာကို၊ သားက အခု သတိပြန်ရကာစလေ၊ လျှောက်မသွားသင့်ဘူး၊ တကယ်လို့ စောစောလေ့ကျင့်ချင်ရင်တောင် ချက်ချင်းကြီး အနာဂတ်ဆရာဆီ သွားဖို့မလိုပါဘူးကွယ်” သူမက သူ့ဝတ်ရုံကို ပုတ်ပေးပြီး ဖက်လိုက်တယ်။
“အဲတော့၊ ဘယ်နား မသက်မသာခံစားရသေးလဲ၊ အမေ့ကိုပြောပါဦး”
ယိချင်းက သူမကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်မိရာကနေ အမြန်ဆုတ်ကာ နှစ်ယောက်ကြား အကွာအဝေးတချို့ ထားလိုက်တယ်။ သူက လက်သီးတွေကို လူကြီးတစ်ယောက်လို အုပ်မိုးပြီး ပြောလိုက်တယ်။
“လုံကျန်းရှန်းကျွင်း…”
လုံကျန်းက ကြောင်အမ်းသွားပြီးတဲ့နောက် ပိုပြီးတောင် အားရပါးရပြုံးတော့တယ်။
“သားက တကယ့်အမေ့ကလေးပဲ – လိမ္မာလိုက်တာ” သူမကြည့်ရတာ အတော်လေးဂုဏ်ယူနေတဲ့ပုံ။
“ဒါပေမဲ့ အမေ့ရှေ့မှာတော့ အဲလိုမျိုး တရိုတသေဓလေ့ထုံးတမ်းတွေ လုပ်ဖို့မလိုပါဘူးကွယ်”
“လုံကျန်းရှန်းကျွင်း” ယိချင်းက အတတ်နိုင်ဆုံးလေးနက်တဲ့အမူအရာ ပြင်လိုက်တယ်။ ကံမကောင်းစွာနဲ့ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ငယ်ရွယ်တဲ့မျက်နှာက နူးညံ့နေတယ်။
“ကျွန်တော်မျိုးက… ခင်ဗျားသား မဟုတ်လောက်ပါဘူး”
လုံကျန်းက ရပ်သွားတယ်။
“မိုက်မဲတဲ့ကလေး မင်းဘာတွေပြောနေတာလဲ”
သူမက ကြင်နာစွာပြုံးပြန်တယ်။
“အမေ့ကို အဲလိုမျိုးဟာသတွေမပြောပါနဲ့ကွယ်”
“ရှန်းကျွင်း ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး” ယိချင်းတလေးတစားပြောလိုက်တယ်။
“ကျွန်တော့်နာမည်က ယိချင်း၊ အမတဘုံရဲ့ ဝူတိဂိုဏ်းက တပည့်တစ်ယောက်ပါ”
သူက တစ်ဖက်လှည့်ပြီး စားပွဲကို ပျင်းတိပျင်းရွဲမှီနေဆဲ ရှန်းရင်ဆီ လှမ်းကြည့်လိုက်တယ်။
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရှန်းကျွင်း၊ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော် နိုးလာပြီးတော့ ပြန်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်မောမကျခင် ရှင်းပြဖို့ အခွင့်အရေးမရခဲ့ဘူး၊ တကယ်တော့ အဲနေ့က ကျွန်တော် ဒီအမျိုးသမီးကို ကျွန်တော့်ဆရာအဖြစ် သတ်မှတ်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး – သူမက ကျွန်တော့်ဆရာဖြစ်ပြီးသား ရှန်းရင်ပါ”
“အမတဘုံ ဆရာတဲ့လား”
ယိချင်းက အားလုံးကို တစ်ခါတည်းရှင်းပြလိုက်တယ်။
“ကျွန်တော်တို့ လူတစ်ယောက်ကို ရှာဖို့ ကောင်းကင်ဘုံဆီရောက်လာခဲ့တာပါ၊ အဲနဂါးဥထဲကို ဘယ်လိုရောက်သွားလဲနဲ့ အဲလိုဖြစ်သွားလဲမသိပေမဲ့ ကျွန်တော်က ခင်ဗျားသားမဟုတ်ပါဘူး”
လုံကျန်းက သူမရှေ့က ကောင်လေးနဲ့ သူ့ဘေးကရှန်းရင်ကို မျက်နှာသေနဲ့စိုက်ကြည့်နေမိတယ်။ ထူးဆန်းစွာပဲ သူမအမူအရာမှာ ဝမ်းနည်းမှု၊ ဒေါသတို့မရှိ။ အဲအစား သူမက သူ့ကို ပြုံးပြလာပြန်တယ်။
“သိပြီ… အာ စောစောက ဘာလို့မပြောတာလဲ ကလေးရယ်” သူမအပြုံးက ပိုကျယ်သထက်ကျယ်လာပြီး အလိုလိုက်စွာနဲ့ ကြည့်လာတယ်။
“သား အမေ့ကို အရင်ရက်တွေတုန်းက ဘာလို့အဲလောက်အေးစက်လဲနဲ့ ဘာလို့ပျောက်သွားလို့ရတာနဲ့ ပျောက်သွားလဲ သိချင်နေတာ၊ အဲတော့ ဒီလိုကိုး… သား တကယ်အရင်ဘဝကို မှတ်မိနေသေးတာလား”
အခု တခြားသူအားလုံး ကြောင်အမ်းကုန်ကြပြီ။ အရင်ဘဝလား။ သူမ ဘာဆိုလိုတာလဲ။
“ကလေး…” သူမက ယိချင်းကို မျက်နှာချင်းဆိုင်ပြီးတော့ မျက်လွှာချသွားတယ်။ သူမအမူအရာက နားလည်ရခက်ခက်။ သူမက သူ့ကို ကျော်ကြည့်နေတဲ့ပုံနဲ့ အချိန်အတော်ကြာတဲ့ထိ စကားမပြော။ ဒီမျက်နှာက ရှင်းရှင်းလင်းလင်းကို…။
ယိချင်း မျက်မှောင်ကြုတ်ပြီး သူမအာရုံစိုက်မှုရအောင် ကြိုးစားလိုက်တယ်။
“လုံကျန်းရှန်းကျွင်း”
လုံကျန်းက တန့်သွားတယ်။ သူမ တုံ့ပြန်နိုင်ဖို့ စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရတယ်။ အနေရခက်စွာနဲ့ သူမက ပြုံးလာတယ်။
“သံသယဖြစ်စရာအကြောင်းရင်းမရှိဘူး – မင်းက တကယ်ပဲ အမေ့သားပါ”
တစ်ခုခုကို ပြန်စဉ်းစားမိသွားသလိုမျိုး သူမလက်သီးနှစ်ဖက်ကို ဆုပ်ရင်း မပြောခင် တစ်ခဏ တုံ့ဆိုင်းနေတယ်။
“သားကိုမွေးတုန်းက… သားက သူများတွေနဲ့ကွာခြားတယ်၊ နဂါးဥရဲ့လက်ကျန်နဂါးချီနဲ့ သားရဲ့ နဂါးဝိညာဉ်က အားနည်းနေတာ၊ သံသရာစက်ဝန်းရဲ့စွမ်းအင်က သားရဲ့နဂါးဝိညာဉ်ကို ကုသပေးနိုင်မယ်လို့ ကြားခဲ့တယ်၊ ဒါကြောင့်…”
“ရှင် သူ့ကို သံသရာစက်ဝန်းထဲ ပို့ခဲ့တာလား” ရှန်းရင်က မျက်လုံးမှေးလိုက်တယ်။ ဂျပုလေးလိုမျိုးလေ။
“အမှန်ပဲ” လုံကျန်း ခေါင်းညိတ်လိုက်တယ်။
“ကျွန်မက သူ့ရဲ့နဂါးဝိညာဉ်ကို သံသရာစက်ဝန်းထဲပို့ပြီး နဂါးဥထဲက နဂါးချီကို အားဖြည့်ပေးဖို့ နဂါးထီးတွေရှာခဲ့တယ်၊ လုံလုံလောက်လောက် သန်မာလာချိန် သူ့ဝိညာဉ်ကိုပြန်ခေါ်ဖို့ ရည်ရွယ်ခဲ့တာပေါ့၊ သေမျိုးဘုံမှာ သား အမတခန္ဓာကိုယ် ရှိနေလိမ့်မယ်ရော သားကိုယ်တိုင် ကောင်းကင်ဘုံဆီ လာလိမ့်မယ်ရော မထင်မိခဲ့ဘူး”
“ပုံမှန်အရတော့ သံသရာကလူတွေက သူတို့ အတိတ်ဘဝမှာ ဘာတွေဖြစ်ခဲ့လဲ မေ့သွားကြတယ်၊ သားရဲ့ဝိညာဉ်ကို ကောင်းကင်ဘုံဆီ ပြန်ခေါ်ရင်တောင် သံသရာစက်ဝန်းကို ဖြတ်ဖို့ လိုသေးတယ်လေ၊ အဲဒါကြောင့် သားအားလုံးကို မေ့သွားပြီလို့ အမေထင်ခဲ့တာ” သူက ယိချင်းကို ကြည့်ပြီး သူမမျက်လုံးထဲ တစ်စုံတစ်ရာ တောက်ပသွားတယ်။
“သား စောစောပြန်လာမယ်ရော အမတဘုံကို ဖြတ်သန်းပြီး ဒီကိုရောက်လာမယ်ရော မတွေးမိခဲ့ဘူး၊ ဥထဲက နဂါးကိုယ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြန်လည်မဝင်စားခင်တုန်းက ရှိခဲ့တဲ့ အမတကိုယ်ခန္ဓာပဲဖြစ်ဖြစ် နှစ်ခုလုံးကမင်းပါပဲ၊ မင်း ၂ခုလုံးလိုချင်တာ ပုံမှန်ပါပဲလေ၊ အဲဒါကြောင့်ထင်တယ်၊ မင်းရဲ့ခန္ဓာကိုယ်နှစ်ခုက ဥထဲမှာ တစ်ခုတည်းဖြစ်သွားခဲ့တာနေမှာ”
နှစ်ခုက တစ်ခုဖြစ်လာတယ်။
ရှန်းရင်နဲ့ယိချင်း အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူတို့ဘယ်သူမှ ဒီကို တက်လှမ်းလာတာ မဟုတ်ဘူးလေ – မိစ္ဆာနတ်ဘုရားက သူတို့ကို ဒီပို့လိုက်တာ။
“ဒီတော့ သားက တကယ်ပဲ အမေ့ကလေးပါ”
လုံကျန်းက ကြင်နာတဲ့အပြုံးနဲ့ ရှေ့တက်လာပြီး ယိချင်းလေးကို ကြည့်လိုက်တယ်။ သူမရဲ့ အပြုအမူမှန်သမျှက မိခင်မေတ္တာဆိုပြီး ကျယ်လောင်စွာ အော်ဟစ်နေတယ်။
“သားရဲ့နဂါးဝိညာဉ်ကို သေမျိုးဘုံဆီ ပို့လိုက်တာ အမေပါ – အမေမှားမှာမဟုတ်ဘူး”
ယိချင်းက တန့်သွားတယ်။ အကျင့်ကြောင့်ထင် သူမရဲ့ စိတ်အားထက်သန်မှုကိုခံစားမိတော့ နောက်ဆုတ်လိုက်မိတယ်။
သူမစကားအရဆို သူ့အရင်ကိုယ်က နဂါးဥထဲကကိုယ်နဲ့ပေါင်းစပ်သွားတာပေါ့။ သူက အခုလူလား၊ နဂါးလား။
“ကျွန်တော် အခု ပုံစံမတူတော့တာတောင် ခန္ဓာကိုယ်ထဲ အမတအရိုးတွေကို ခံစားနေသေးတာလဲ”
သူ့ကျင့်ကြံဆင့်၊ ဝိညာဉ်ကြောတွေနဲ့ ဓားဆန္ဒတောင်အရင်အတိုင်းတစ်ပုံစံတည်းပဲ။
“ကျွန်တော့်မှာ နဂါးအစွမ်း ရှိတယ်လို့ မခံစားရဘူး”
လုံကျန်းက နှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။
“သားအရင်က နဂါးချီမခံစားဖူးဘူးမလား”
“နဂါးချီလား” ယိချင်းတန့်သွားတယ်။ အလိုလို သူ့ကောင်းကင်စိတ်အာရုံကိုလွှတ်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲ ထူးဆန်းတဲ့အရှိန်အဝါတစ်ခုလှိမ့်တက်လာတာကိုခံစားမိလိုက်တယ်။ သူ့စိတ်ထဲ တစ်စုံတစ်ရာအတွေးပေါက်သွားတယ် – သူတစ်ခုခုကို ဖြည်မိလိုက်သလိုပဲ။ သူ့ကိုယ်က ရွှေရောင်တောက်ပစပြုလာတယ်။
နောက်အခိုက်အတန့်မှာ ကောင်လေးက မြေကြီးပေါ်က ပျောက်သွားတယ်။ ရွှေအလင်းတန်းတစ်ခု ပေါ်လာပြီး အထဲကနေ နဂါးတစ်ကောင်ပေါ်လာကာ အိမ်ခေါင်မိုးကို ဖောက်ထွက်သွားတယ်။ အမိုးအပိုင်းအစတွေက မြေကြီးပေါ်ကျကုန်တယ်။
“ဆရာ” ယိချင်း ချက်ချင်း ရှန်းရင်ခေါင်းကို ကာပေးဖို့ ငုံ့လိုက်ပေမဲ့ ဒီလိုလုပ်တာက အိမ်ကိုပိုတောင် ထိခိုက်သွားစေခဲ့တယ်။ ရုတ်တရက် အရာအားလုံးက ကမောက်ကမဖြစ်သွားလေရဲ့။
အားလုံးက ဖြစ်သွားတာ မြန်ဆန်ချက်ပဲ။ သူတုံ့ပြန်ချိန် မြွေနဂါးရှည်နဲ့ လုံကျန်းပဲ မြေကြီးပေါ်ကျန်ခဲ့ကာ ခေါင်းတွေမှာတော့ဖုန်တွေနဲ့။ ရှန်းရင်ကို အခုချီထားတဲ့နဂါးက ကျောင်းလုံနဲ့လုံကျန်းလောက် မကြီးပေမဲ့ နေမင်းလိုတောက်ပနေတယ်။
“ရွှေ… ရွှေ… ရွှေနဂါး” ကျောင်းလုံက သတိပြန်ဝင်လာပေမဲ့ သူ့ပါးစပ်ကတော့ သူ့ရှေ့ကနဂါးကို ကြည့်ပြီး ထိတ်လန့်နေတာ သိသာလှစွာ ပါးစပ်အကျယ်ကြီးဟမိသွားတယ်။
လုံကျန်းလည်း ထိတ်လန့်သွားတယ်။ သူမသားကို ရွှေနဂါးဖြစ်မယ် မထင်ခဲ့ဘူး။ အံ့ဩစရာ မရှိတော့ဘူး… စောနကဟာကို အံ့ဩစရာမရှိတော့ဘူး…။
ရွှေနဂါးတွေက တော်ဝင်မျိုးနွယ်လို့ပြောကြတယ်။ သူတို့က ဘယ်နဂါးမျိုးထက်မဆို သန်မာပေမဲ့ ရှေးခေတ်တုန်းကပဲ ပေါ်ခဲ့တာ။
ယိချင်းလည်း ထိတ်လန့်သွားတယ်။ သူ့ကိုယ်ထဲက မသေမျိုးချီကို လည်ပတ်စေလိုက်တော့ ပိုပြီးထူထဲကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါအဖြစ် ပြောင်းသွားပြီဆိုတာ သိလိုက်ရတယ်။ ဒါက နတ်စွမ်းအင်လား။
“စားဖိုမှူး” ရှန်းရင်က ခေါင်းမော့လိုက်တယ်။ သူက တကယ်ပဲနဂါးကိုး။
အဲတော့မှပဲ ယိချင်း သတိပြန်ဝင်လာတယ်။ သူ့ကိုယ်သူ လူအသွင်ပြန်ပြောင်းဖို့ နည်းမျိုးစုံသုံးကြည့်ပေမဲ့ လူတစ်ယောက်စာအရပ်ရှည်တဲ့ နဂါးအဖြစ်ပဲ အရွယ်ကျုံ့သွားခဲ့တယ်။
“ဆရာ ကျွန်တော် နတ်ဘုရားစွမ်းအင်နဲ့ မရင်းနှီးတာမို့ ဘယ်လိုထိန်းချုပ်ရမလဲမသိဘူး၊ ကျွန်တော် လူပုံစံ ပြန်ပြောင်းလို့မရဖြစ်နေတယ်” သူ့နဂါးကိုယ်ကို ကျင့်သားမရသေးသလို ဘယ်လို အသွင်ပြောင်းရမလဲ မသိဘူး။ သူ ဘယ်လောက်ပဲကြိုးစားကြိုးစား လူအသွင် ပြန်ပြောင်းမရဘူး။ သူရွေးစရာ မရှိတော့ဘဲ လမ်းလျှောက်နေသလိုမျိုးပုံစံဖြစ်အောင် ခြေထောက်နှစ်ဖက်နဲ့ ထောက်ရပ်လိုက်ရတယ်။
“အိုး” ရှန်းရင်ကတော့ စိတ်ထဲထည့်ပုံမပေါ်။ သူမက သူ့လက်သည်းလေးတွေကို လှမ်းကြည့်လာတယ်။
“စားဖိုမှူး”
“ဆရာ”
“နင်အဲလိုမျိုးနဲ့… ဟင်းချက်နိုင်သေးလား”
နဂါးနှစ်ကောင် ။ ။ “…”
မင်းဂရုစိုက်တာ မင်းစားစရာပဲရှိတယ်။
凸(艹皿艹)
တစ်ခဏကြာတော့ ယုံကြည်ချက်ရှိတဲ့အသံတစ်သံက ပြောလာတယ်။
“ဟုတ်ကဲ့”
သူ့ကိုယ်သူသက်သေပြဖို့ပမာ နဂါးက တစ်ဖက်လှည့်ပြီး မပျက်စီးသေးတဲ့မီးဖိုချောင်ထဲ သူ့ကိုယ်သူ နှစ်မြုပ်တော့တယ်။ သူ့လက်သည်းတွေနဲ့ အိုးခွက်ပန်းကန်တွေ စကောက်ယူကုန်ရဲ့…။
ကျောင်းလုံ ။ ။ “…” သူက တော်ဝင်မျိုးနွယ်ထဲ ပါတယ်လို့ ထင်နေတာလေ။
လုံကျန်း ။ ။ “…” သူက တကယ်ပဲ ငါ့သားဟုတ်ရဲ့လားဆိုတာ သံသယဝင်စပြုလာပြီ။
…