ERSY အခန်း ၂၂၆

အခန်း ၂၂၆ ။ ကိုယ့်ကိုခွင့်လွှတ်ပေးပါ အချစ်လေး

“ငါ့… ငါ့ကိုထူပေးပါဦး” ကျန့်ထင်က တွင်းအောက်ခြေကနေ တုန်ယင်နေတဲ့လက်ကိုမြှောက်လာတယ်။

လေးယောက်သား တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ငမည်းလေးက ရှေ့တက်ကာ လက်ကိုဆန့် လူကို တွင်းထဲကနေ ဆွဲထုတ်ပြီးတော့… အလွယ်လေး ချည်နှောင်လိုက်တယ်။

“မင်းတို့ ဘာလိုချင်တာလဲ” ကျန့်ထင် ဖက်ထုတ်လိုချည်ခံရပြီးတဲ့နောက် တစ်ခုခု လွဲနေတာ သတိထားမိပြီး သူတို့ကို ဒေါသတကြီး ကြည့်တော့တယ်။

“မင်းတို့က ဘယ်သူလဲ၊ ငါ မင်းတို့ကို သတိပေးမယ်နော်၊ ငါ့ကိုလွှတ်ရင်လွှတ် မဟုတ်ရင် အကျိုးဆက်ခံစားရလိမ့်မယ်”

“ကျန့်ထင်၊ မင်းတကယ် အသက်ရှင်နေသေးတာပဲ” ငမည်း‌လေးက သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။ အဲဒါတင်မကဘူး သူ့ကျင့်ကြံဆင့်ကလည်း သိပ်မကျသွားသေးဘူး။

“မင်း…” ကျန့်ထင်က သူ့ကိုစိုက်ကြည့်ပြီးတော့ မျက်လုံးတွေပြူးသွားတယ်။

“လိယင်း မင်း ဘာလို့ ဒီရောက်နေတာလဲ” သူ့အမူအရာက အေးစက်လာပြီး စိုးရိမ်ကြောင့်ကြမှုနဲ့ ပြောတယ်။

“ငါမင်းကို နတ်ဆိုးဘုရင် ရာထူးပေးပြီးပြီပဲ၊ ဘာလိုချင်သေးတာလဲ”

“ဖွီ” ငမည်းလေး သူ့ကိုဒေါသတကြီးကြည့်တော့တယ်။

“နတ်ဆိုးဘုရင်ရာထူးက ငါ့အရည်အချင်းနဲ့ငါ အနိုင်ရခဲ့တာ အသိသာကြီး၊ ဘယ်သူက မင်းကို ငါ့ကို ပေးစေချင်လို့လဲ”

“ဒါဆို ဘာလို့ငါ့ကိုချည်ထားတာလဲ၊ ငါက အခု ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားမှာ သီးခြားနေနေတဲ့ သာမန်နတ်ဆိုးပဲ၊ ငါက မင်းအတွက် ဘာခြိမ်းခြောက်မှုမှ မဟုတ်ဘူး”

“စိတ်အေးအေးထား ငါတို့မင်းကို ဘာမှမလုပ်ဘူး၊ ကြီးမြတ်တဲ့နတ်သမီးက မင်းကို မေးခွန်းတချို့မေးချင်ရုံပဲ” သူက ခက်ထန်စွာပြောလိုက်တယ်။

“မင်း အမှန်တိုင်းဖြေရင်တော့ ကောင်းမယ်”

“ကြီးမြတ်တဲ့နတ်သမီးလား” ကျန့်ထင်က တစ်ခဏ မှင်တက်သွားပြီးတော့ တခြားသူတွေကို ကြည့်လိုက်တယ်။

“ဘာမေးခွန်းတွေလဲ”

“နတ်ဆိုးလောကရဲ့တံခါးကို ဖွင့်ဖို့ လူတွေလွှတ်ခဲ့တဲ့ မင်းအစီအစဉ်နဲ့ ပတ်သက်ပြီး” ကူယွဲ့က ရှေ့တက်လာကာ တင်းမာစွာ ပြောလိုက်တယ်။

ကျန့်ထင်က မျက်မှောင်ကြုတ်ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ ခေါင်းညိတ်လေတယ်။

“ရတယ်လေ၊ ငါ့မှာ ဘာမှဖုံးကွယ်စရာမှ မရှိတာ၊ မင်းတို့သိချင်တာ ဘာမဆို၊ ဒါပေမဲ့… ငါ့မှာ အခုအရေးကြီးကိစ္စ ရှိတယ်၊ မင်းတို့အားလုံး ငါ့ကို အရင်ပြန်သွားခွင့်ပေးရမယ်”

သူတို့တွေ တိတ်ကုန်ပြီး အနားက နတ်ဆိုးမြို့ကို တုံ့ဆိုင်းမှုတချို့နဲ့ လှည့်ကြည့်လိုက်တယ်။

“စိတ်အေးအေးထားစမ်းပါ” ကျန့်ထင်က မျက်ဆန်လှန်တယ်။

“သေချာပေါက် ငါထွက်မပြေးပါဘူး၊ မြို့က ရည်မှန်းချက်မရှိတဲ့ နတ်ဆိုးတွေနဲ့ ပြည့်နေတာ၊ သူတို့လည်း မင်းတို့ကို အန္တရာယ်မပြုနိုင်ဘူး”

လေးယောက်သား အချင်းချင်း ကြည့်လိုက်တယ်။ ငမည်းလေးကနောက်တော့ အနှောင်အဖွဲ့တွေကို ဖြေပေးပြီး အားလုံးမြို့ထဲတူတူမဝင်ခင် သူထွက်ပြေးမှာကိုတားဖို့ ဂါထာတစ်ခုရွတ်လိုက်တယ်။

သုံးယောက်သား မြို့ထဲဝင်လာပြီးတဲ့နောက်မှာတော့ ကျန့်ထင်က ဘာကြောင့် မြို့ထဲက နတ်ဆိုးတွေက သူတို့ကို အန္တရာယ်မပြုနိုင်ဘူးလို့ပြောလဲ နောက်ဆုံး နားလည်သွားခဲ့ပြီ။ ဘာကြောင့်လဲဆိုတော့ အားနည်းလို့ပဲ… လုံးဝကို အားနည်းလွန်းတာ။ လမ်းတစ်လျှောက်မှာ သူတို့ ပုံမှန်နတ်ဆိုးတချို့နဲ့ ကြုံခဲ့ပေမဲ့ ကောင်းကင်မိစ္ဆာ မရှိတာကို ‌မပြောနဲ့၊ သူတို့ထဲ အမြင့်ဆုံးက စတုတ္ထ ပဉ္စမအဆင့်လောက်ပဲ။ စိတ်တန်ခိုးအမတတစ်ယောက်က ဒီနတ်ဆိုးတွေအားလုံးကို သတ်နိုင်တဲ့အချိန် သူတို့ထဲ အားအနည်း‌ဆုံးက ဧကရာဇ်ငယ်ပဲ။

သူတို့အားလုံး ဒီလိုနတ်ဆိုးမြို့ကြီးထဲ အဆင့်နိမ့်နတ်ဆိုး‌အုပ်လိုက်ကြီး ရှိနေတာကို အတော်လေး အံ့ဩသွားခဲ့တယ်။ ကျန့်ထင်က အရမ်းကို အလျင်လိုနေတဲ့ပုံစံနဲ့ အင်မတန် ခပ်သွက်သွက်လျှောက်နေတယ်။

“အိုက်ယား မင်းတို့အားလုံး ပိုပြီးမြန်မြန် လမ်းလျှောက်လို့ရလား၊ ငါတို့ဒီလောက်နှေးနေရင် မှီတော့မှာ မဟုတ်ဘူး”

သူတို့တွေ အူကြောင်ကြောင်ဖြစ်ပြီး သူ့နောက်လိုက်ခဲ့တာ နန်းတော်ကြီးတစ်ခုဆီ ရောက်ခဲ့တယ်။ မြို့ထဲက အမည်းရောင် အဆောက်အဦအားလုံးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာက ဒီနန်းတော်က တကယ့်ကိုအဖြူရောင်ဖြစ်နေတာပဲ။

ကျန့်ထင်က နေရာနဲ့ အရမ်းကိုရင်းနှီးနေတဲ့ပုံပေါ်ပြီး သူတို့ကို အကျွမ်းတလည်ခေါ်သွားတာက… နောက်ဖေးပေါက်ကနေတဲ့

-_-|||

သူတို့ အမည်မသိပန်းတွေနဲ့အပြည့် ဥယျာဉ်ကို ဖြတ်သန်းပြီး ကြည်လင်နေတဲ့ရေကန်ကို တစ်ပတ်ပတ်ကာ အဆောက်အဦလေးတစ်ခုရဲ့ နောက်ဖက်ဆီ ရောက်ခဲ့တယ်။ အဆောက်အအုံက အတော်လေး ခမ်းနားပြီး အတွင်းပိုင်းမှာ အဖြူရောင်ပိုးထည်တွေ တွဲကျနေကာ အဖြူရောင်အရှိန်အဝါက နေရာတစ်လျှောက် ရံဖန်ရံခါ ဖြတ်သန်းနေတယ်။

“ပတ်ဝန်းကျင်က…” ကူယွဲ့ မှင်တက်သွားပြီး ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။

“ဟုတ်တယ် မသေမျိုးချီပဲ” ယိချင်း ချက်ချင်း ခေါင်းညိတ်လိုက်တယ်။

သူတို့ မသေမျိုးချီက နတ်ဆိုးမြို့ထဲရှိနေတာကို ထိတ်လန့်ဖို့ အချိန်မရသေးခင် ကျန့်ထင်က အရှေ့ကိုမြန်မြန်လျှောက်သွားပြီး အဆောက်အအုံလေးရှေ့မှာ ရပ်လိုက်တယ်။ သူက တုံ့ဆိုင်းမှုမရှိ မြေကြီးပေါ်အမြန် ဒူးထောက်ပြီး စအော်တော့တယ်။

“အချစ်လေး ကိုယ်မှားသွားပါတယ်၊ ကိုယ်မင်းကို အာမခံသင့်ပါဘူး၊ ကိုယ် ကျင့်ကြံမှုကို ဂရုမစိုက်ဘဲ အေးအေးလူလူ လျှောက်မသွားသင့်ခဲ့ပါဘူး၊ ကိုယ် အငြင်းပွားမှုလေးတစ်ခုအပေါ် အဲနတ်ဆိုးလေးနဲ့ ရန်ဖြစ်ပြီး အနိုင်ကျင့်တာမျိုး မလုပ်သင့်ခဲ့ပါဘူး၊ ကိုယ့်တာဝန်တွေကို လျစ်လျူရှုပြီး မင်းအိမ်မှာပဲ နေဖို့ မတွေးခဲ့သင့်ပါဘူး၊ ဘေးအိမ်က နတ်ဆိုးလေး မင်းကိုကြည့်ရုံနဲ့ သတ်ချင်တာမျိုး မဖြစ်ခဲ့သင့်ပါဘူး၊ ကိုယ်တကယ်မှားသွားပါတယ်၊ ထပ်မလုပ်တော့ပါဘူးနော်၊ ကိုယ် အပြင်မှာ ၃ရက်တောင် ဒူးထောက်နေတာကို မြင်ပြီး ကိုယ့်ကိုဝင်ခွင့်ပေးလို့ရမလားဟင်”

ရှန်းရင် ။ ။ “…”

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ “…”

ငမည်းလေး ။ ။ “…”

ဘာတုန်းဟ အဲတော့ သူ့မိန်းမကို တောင်းပန်ဖို့အတွက်နဲ့ အသည်းအသန် ပြန်ခဲ့တာပေ့ါ

“အချစ်လေး…”

ကျန့်ထင်က သွေးရူးသွေးတန်းနဲ့ ငယ်သံပါအောင် ငိုကြွေးပြီး တံခါးကို ‌ကုတ်ခြစ်နေပြီ။ သူ့စကားလုံးတွေက ချွဲပစ်နေချက်။

“မင်းကို မမြင်ရတာ ၃ရက်တောင်ရှိပြီမို့ အသည်းကွဲနေပြီ၊ အားလုံးက ကိုယ့်အမှားပါ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုဝင်ခွင့်ပေးပါလား၊ ကိုယ် အနာဂတ်မှာ ကလန်ကဆန် မလုပ်တော့ဘူးလို့ ကတိပေးပါတယ်၊ ကျေးဇူးပြုပြီး ကိုယ့်ကို တွေ့ခွင့်ပေး…”

သူ စကားတောင်မဆုံးခင် မသေမျိုးချီအလင်းတန်းက အခန်းထဲကထွက်လာပြီး အောက်ကြမ်းပြင်ပေါ်က အဖြူရောင်ပိုးထည်ကို ထိန်းချုပ်ကာ ကျန့်ထင်ကို ရိုက်လေတယ်။ ရိုက်သံနဲ့အတူ သူက ခြံထဲပြန်ရိုက်ခတ်ခံလိုက်ရပြီး နှစ်ပတ်လိမ့်သွားလေရဲ့။

ထင်ရှားတဲ့လက်ဖဝါးရာကြီးက သူ့ချောမောတဲ့မျက်နှာပေါ် ပေါ်လာတယ်။ ကျန့်ထင်က ဒေါသမထွက်ဘဲ ဆုကြီး အပ်နှင်းခံရသလိုမျိုး မျက်လုံးတွေ တောက်ပသွားခဲ့တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ထရပ်ပြီး တံခါးဆီ ကဆုန်ပေါက်ပြေးလာကာ ပြောတော့တယ်။

“အချစ်လေး၊ မင်းနောက်ဆုံးတော့ ကိုယ့်ကို သတိထားချင်စိတ်ရှိပြီပေါ့ မင်း ကိုယ့်ကို ဂရုစိုက်သေးမှန်းသိသားပဲ၊ မင်းကိုယ့်ကို ခွင့်လွှတ်နိုင်သရွေ့ ကိုယ့်ကို ရိုက်သာရိုက်ပစ်ပါ၊ မထိန်းထားနဲ့”

သူက အဲလိုပြောပြီး သူ့မျက်နှာ နောက်တစ်ခြမ်းကို တံခါးနားပိုကပ်လိုက်တယ်။

အားလုံး ။ ။ “…” သောက်ကျိုးနည်းငကြောင်ပဲ

ချက်ချင်း အိမ်ထဲကလူက ဘယ်သူလဲဆိုတာနဲ့ ဘာကြောင့် မသေမျိုးချီရှိနေလဲ သူတို့အားလုံး နားလည်သွားခဲ့တယ်။ သူတို့ခေါင်းထဲပေါ်လာတဲ့ တူညီတဲ့စကားလုံးက – ကွေ့ဟွား။

“တခြားသူရှိနေတာလား” အတော်လေး အေးစက်တဲ့အသံက အိမ်ထဲကနေ ထွက်လာတယ်။

ကျန့်ထင်က တုံ့ဆိုင်းဆိုင်း ဖြစ်သွားပြီး သူ့နောက် လိုက်လာတဲ့လူတွေရှိတာ ရုတ်တရက် သတိရသွားတယ်။ သူကတစ်ဖက်လှည့်ပြီး သူတို့ကို စိန်းစိန်းဝါးဝါးကြည့်ပြီးမှ ပြန်ဖြေလိုက်တယ်။

“ထည့်ပြောဖို့မတန်တဲ့လူတချို့ပါပဲ၊ အချစ်လေး…”

သူက ရှင်းပြနေတုန်း တံခါးက ကျွီခနဲ ပွင့်လာတယ်။ ချက်ချင်းပဲ စောနကထက် ပြင်းထန်တဲ့ မသေမျိုးချီက သူတို့ဆီ ပြေးဝင်လာပြီး ပုဂ္ဂိုလ်တစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာတယ်။ အဖြူရောင်ဝတ်ရုံဆင်မြန်းထားပြီး မင်ရည်လိုဆံပင်နဲ့ သူမမျက်နှာမှာ အေးစက်တဲ့အမူအရာရှိပေမဲ့ ငေးငိုင်ရလောက်အောင် ချောမောကာ လူတွေကို တောင်ကြားသစ်ခွဆိုတဲ့ခံစားချက်မျိုး ပေးနေတယ်။ ရှင်းပြလို့မရတဲ့ အလေးအမြတ်ထားရတဲ့ ခံစားချက်မျိုး ဖြစ်ပြီး သူမက နတ်ဘုရားရဲ့ ပြီးပြည့်စုံတဲ့လက်ရာလိုမျိုး ဘယ်သူမှ သူမအပေါ် ဘာပြစ်ချက်မှ ရှာမရနိုင်ဘူး။

လေးယောက်လုံး မှင်တက်ကြောင်အမ်းကုန်ကြတယ်။ သူတို့ အလှရှင်တွေအများကြီး မြင်ခဲ့ဖူးပေမဲ့ သူမလောက် သဘာဝကျကျလှနေသူကိုတော့ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ မိန်းမဖြစ်တဲ့ ရှန်းရင်တောင် မှင်တက်မိနေပြီ။

“အချစ်လေး…” ကျန့်ထင်က ချက်ချင်း မျှော့လိုဖြစ်ပြီး တံခါးအတွင်းကလူကို တွယ်ကပ်တော့တယ်။ ဒါပေမဲ့ ရေခဲတမျှ စိန်းစိန်းဝါးဝါးအကြည့် ကြည့်ခံလိုက်ရတော့ နေရာမှာတင် သနားစရာအမူအရာနဲ့ ချက်ချင်း တောင့်ခဲသွားလေရဲ့။

“ငါပြောပြီးပြီ၊ ငါ့ရှေ့ထပ်ပေါ်မလာနဲ့တော့” အမျိုးသမီးက မဆိုစလောက် မျက်မှောင်ကြုတ်လိုက်တယ်။

“အချစ်လေး ကိုယ်တကယ်မှားသွားပါတယ်” ကျန့်ထင်က ငိုတော့မလိုအမူအရာနဲ့။

“ကျေးဇူးပြုပြီး ကိုယ့်ကိုခွင့်လွှတ်ပေးပါနော်၊ ကိုယ် အနာဂတ်မှာ မင်းပြောသမျှကို နားထောင်မယ်လို့ ကတိပေးပါတယ်၊ ကိုယ် မင်းကို မနက်ပိုင်းမှာ သေချာပေါက် မနှောင့်ယှက်တော့ပါဘူး၊ မင်းရပ်လို့ပြောရင် ကိုယ်ရပ်ပါ့မယ်၊ ကိုယ် မင်းပြောတဲ့အကြိမ်အတိုင်းလုပ်…”

သူ စကားမဆုံးခင် အမျိုးသမီးအမူအရာက လုံးဝမည်းမှောင်သွားပြီး လက်ကိုယမ်းကာ လေဂါထာတစ်ခုနဲ့ အဝေးကို ပစ်ထုတ်လိုက်လေတယ်။ ကျန့်ထင်ခမျာ မိုးကုပ်စက်ဝိုင်းပေါ်က အမည်းစက်လေးအဖြစ် ချက်ချင်းပျောက်သွားပြီး ခြံဝန်းထဲကနေ ပျောက်သွားတော့တယ်။

ရှန်းရင် ။ ။ “…”

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ “…”

ငမည်းလေး ။ ။ “…”

သူတို့… ခုလေးတင် ၁၈အထက် အကြောင်းအရာတွေ ကြားလိုက်ရတာလား။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset