ERSY အခန်း ၂၁၆

အခန်း ၂၁၆ ။ ဟွေ့လင်၏ကြံစည်မှု

ဝူတိဂိုဏ်းက အမတတွေအားလုံးက အခု တခြားသူတွေကို တိုက်ခိုက်နေပြီ။ သူတို့တိုက်ခိုက်လေ တခြားအမတတွေ ပိုပြီးထိတ်လန့်လာလေပဲ။ သူတို့တွေ လူများပေမဲ့ အသာစီး ရမနေဘူး။ အဲဓားကျင့်ကြံသူယိချင်းကတင် ကြောက်ဖို့ကောင်းနေပြီ။ သူက ဧကရာဇ်ငယ်ဆိုပေမဲ့ တိုင်းပြည်ဧကရာဇ်ဆယ်ယောက် အတူတူပေါင်းတာတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး။ တကယ်တော့ ယိချင်းက ဧကရာဇ်တွေကို ကိုင်တွယ်နေရင်း တပည့်တွေကို ကာပေးနိုင်သေးတယ်။

ဝူတိဂိုဏ်းက တခြားတပည့်တွေက ယိချင်းထက် ကျင့်ကြံဆင့်နိမ့်တယ်။ ဒါပေမဲ့… သူတို့က ခန္ဓာကျင့်ကြံသူတွေ။

ခန္ဓာကျင့်ကြံသူတွေက သူတို့ကြား နည်းလွန်းတယ်။ နှစ်သောင်းချီနေခဲ့ရတဲ့ ဒီအမတတွေ သူတို့တစ်ဘဝလုံးမှာ ခန္ဓာကျင့်ကြံသူငါးယောက်ထက်ပိုပြီး မမြင်ဖူးဘူး။ ပြီးတော့ သူတို့မြင်ဖူးတဲ့ အနည်းအကျဉ်းကလည်း သေမျိုးဘုံက။ သူတို့ မသေမျိုးဆီတက်လှမ်းလာတဲ့ ခန္ဓာကျင့်ကြံသူတွေကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ဒီဝူတိဂိုဏ်းမှာတော့ အများကြီးပဲ။ တစ်ချက်တည်းနဲ့ လူလေးယောက်ငါးယောက်ကို လဲကျသွားအောင်လုပ်နိုင်တဲ့ အမျိုးသမီးတွေ။

ဝူတိဂိုဏ်းတစ်ခုလုံး ခန္ဓာကျင့်ကြံသူတွေပဲ။ ဒီဂိုဏ်းကထူးဆန်းလိုက်တာ။

အမတတွေက သူတို့စိတ်ကူးယဉ်နေမိတာလား မေးခွန်းထုတ်စပြုလာတယ်။ ဒါပေမဲ့ ထိုးချက်ကန်ချက်တိုင်းက တကယ့်ကို အစစ်အမှန်ကြီး။ သူတို့တွေက ဒီမှာဆယ်ယောက်ကနေ အယောက်၂၀လောက်ပဲ ရှိပေမဲ့ ကျန်တဲ့အမတတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်တယ်။ ပြီးတော့ တောင်အကာအကွယ်အင်းကွက်ကလည်း ဘယ်တိုက်ခိုက်မှုကိုမဆို ခိုင်ခိုင်မာမာတောင့်ခံထားနိုင်‌ဆဲ။ ဝူတိဂိုဏ်းက အမတတွေ အနားယူဖို့လိုလာတိုင်း သူတို့အင်းကွက်ထဲပြန်ဆုတ်ရုံပဲ။

အင်းကွက်နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်နိုင်တဲ့ တစ်ယောက်တည်းလူက ပိုင်ထီပဲ။ ဒါပေမဲ့ သူက ဘာမှမလုပ်ဘူး။ လက်ပါဖို့ လုံးဝချိတုံချတုံဖြစ်နေပုံပဲ။

“အဇဋာဧကရာဇ်ပိုင်ထီ၊ ဘာလို့ ခင်ဗျား ဘာမှမလုပ်တာလဲ” လုမင်က ပိုင်ထီ့ကို လောလာပြီး အမူအရာပျက်ယွင်းနေတယ်။

“အရပ်ဆယ်မျက်နှာကောင်းကင်လက်နက် နတ်ဆိုးတွေလက်ထဲ ကျရောက်သွားမှာကို ကြည့်နေမှာလား”

ပိုင်ထီက မျက်မှောင်ကြုတ်လိုက်တယ်။ တခြားတိုင်းပြည်က ဧကရာဇ်တွေ ယိချင်းကို တိုက်ခိုက်နေတာကို လှမ်းကြည့်လိုက်တယ်။ ပိုင်ထီ တွန့်သွားပြီး နောက်အခိုက်အတန့်မှာ ပြောင်ထင်က သူ့ကိုတားဖို့ သူ့ရှေ့ပျံသန်းလာတယ်။

“ပိုင်ထီ၊ မင်းတစ်ခုခုလုပ်ချင်ရင် မင်းငါ့ကို အရင်ကျော်မှရမယ်”

“အဇဋာဧကရာဇ်ပြောင်ထင်…” ပိုင်ထီက ခြေထောက်ကိုပြန်ရုပ်ပြီး ဘယ်သူ့ကို နားထောင်ရမလဲ မသိတော့ဘူး။ သူ နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်တယ်။

ဖြစ်စဉ်တစ်ခုလုံးက ရှုပ်ယှက်ခက်နေတယ်။ ဟွေ့လင်က အချိန်အတော်ကြာအောင် အမ‌တတွေ အားလုံးရဲ့နောက်မှာ ပုန်းနေတာ။ ရုတ်တရက် အကြည့်တစ်မျိုး သူမမျက်နှာပေါ်ဖြတ်ပြေးသွားတယ်။ ဘယ်သူမှ သူမ ဘယ်လိုမျိုးရှောင်ထွက်နေနိုင်လဲမသိကြဘူး။ ရုတ်ရုတ်သဲသဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူမက တိုက်ခိုက်ခံရမှာကိုရှောင်ဖို့ တိတ်ဆိတ်ကောင်းမွန်တဲ့ တစ်နေရာကို ရှာထားတယ်။ နောက်တော့ ဝတ်ရုံထဲကနေ တောက်ပနေတဲ့တစ်စုံတစ်ရာကို ထုတ်လိုက်တယ်။ လူတိုင်းဆက်ပြီးတိုက်ခိုက်နေတုန်း သူမက အင်းကွက်ဆီ ပစ္စည်းကိုပစ်လိုက်တယ်။

သူမကျင့်ကြံဆင့်က သူတို့အားလုံးထဲအနိမ့်ဆုံး။ တခြားအမတတွေမပြောနဲ့ ယိချင်းပါ သူမအဲကိုရောက်နေမှန်း မသိလိုက်ဘူး။ အသံအကျယ်ကြီးပေါ်လာပြီး ဝူတိဂိုဏ်းကိုကာထားတဲ့ တောင်အကာကွယ်အင်းကွက်က ရုတ်တရက် အက်ကွဲကာပွင့်ဟသွားခဲ့တယ်။

အမတတွေအားလုံး တန့်သွားပြီးနောက်တော့ အပျော်လုံးဆို့ကုန်ကြတယ်။

“တောင်အကာအကွယ်အင်းကွက် ကျိုးသွားပြီ” တစ်ယောက်က ထအော်ပြီး ကျန်တဲ့အမတတွေလည်း တစ်ယောက်ပြီး တစ်ယောက် အင်းကွက်ထဲ ဦးတည်ကုန်တယ်။

ယိချင်း ရင်ထိတ်သွားတယ်။ သူ့ပတ်လည်က ဧကရာဇ်တွေကို ဓားနဲ့ရိုက်ချလိုက်ပြီး ဂိုဏ်းရဲ့ နယ်နိမိတ်တွေကို ကာကွယ်ဖို့ ‌ပြန်ပျံသန်းလာခဲ့တယ်။ ‌အဆင့်နိမ့်သေးတဲ့တခြားတပည့်တွေက ဂိုဏ်းထဲရှိနေပြီး အားနည်းတဲ့ မုန်လာဥဖြူကလည်း အနောက်ဥယျာဉ်ထဲရှိနေတာ။

အင်းကွက်အပြင်ဘက်မှာတော့ ယွီဟုန်တို့တွေလည်း ပြန်ဆုတ်ပြီး အရှေ့နန်းဆောင်ဆီပြေးလာတယ်။

ဒါပေမဲ့ သူတို့လူအင်အားကနည်းလာတယ်။ အင်ူကွက်ရှိနေသေးချိန်တော့ ဂိုဏ်းကိုကာကွယ်ဖို့ စိုးရိမ်စရာမလိုဘဲ တိုက်ခိုက်နိုင်တယ်။ အဲဒါက သူတို့ရန်သူတွေကို ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာပဲ။ အခု အင်းကွက်ကျိုးသွားပြီး အမတတွေက စိတ်တိုင်းကျဂိုဏ်းထဲဝင်ထွက်နေနိုင်ပြီမို့ သူတို့ အသာစီးမရတော့ဘူး။

သူတို့ အမ‌တတွေအားလုံး ဂိုဏ်းထဲ အလောတကြီး ပြေးဝင်လာတာကို ကြည့်နေရတယ်။ နတ်ဆိုးချီတွေအများကြီး ရုတ်တရက် ပေါ်လာပြီး အမတတွေဆီ ပြေးဝင်သွားလေရဲ့။ အမတတွေ ရွေးစရာမရှိဘဲ ပြန်ဆုတ်ရတော့တယ်။ နတ်ဆိုးချီကို အချိန်မီ မရှောင်လိုက်နိုင်တဲ့သူတွေကတော့ သူတို့အရိုးထဲ စူးခနဲနာကျင်ကုန်ကြတယ်။

“နတ်ဆိုးတွေ အဲမှာတကယ်ပဲနတ်ဆိုးတွေ ရှိနေတာပဲ”

“ဝူတိဂိုဏ်းက တကယ်ကိုနတ်ဆိုးတွေနဲ့ ပူးပေါင်းနေတာပေါ့”

“လုမင်မှန်တယ် – အဇဋာဧကရာဇ်က သူတို့တိုက်ခိုက်တာ ခံလိုက်ရတာနေမယ်”

အမတတွေက ထိတ်လန့်တကြား အော်ဟစ်ကုန်ကြတယ်။ ခုပိုပြီးတောင် ဒေါသထွက်လာပြီး ဝူတိဂိုဏ်းကလူတွေကို ဒေါသတကြီး ကြည့်ကျတော့တယ်။ ဒါပေမဲ့ သူတို့က နတ်ဆိုးချီနား အရမ်းကပ်မိမှာလဲ ကြောက်တဲ့အတွက်ကြောင့် နေမြဲတိုင်း နေနေကြလေရဲ့။

“ဘယ်လိုလုပ်ထွက်လာတာလဲ” ယိချင်းမျက်မှောင်ကြုတ်ပြီး လန်ဟွားကိုကြည့်လိုက်တယ်။ သူက သူတို့အတွက် ပြဿနာပိုဖန်တီးနေတာပဲ။

“အင်းကွက်ရှိနေတာကြောင့် ငါထွက်လာစရာမလိုဘူးလို့ မင်းပြောတယ်လေ၊ အခုအင်းကွက်ပြိုလဲသွားပြီမဟုတ်လား” လန်ဟွား လေထံက အမတတွေကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

“ပြီးတော့ ငါက တောင်အကာအကွယ်အင်းကွက်ကို စီရင်ခဲ့သူပဲ၊ ဘယ်အချိန် လဲပြိုမလဲသေချာပေါက် သိတာပေါ့၊ ငါ့စိတ်နှလုံးကောင်းရော ဘယ်မှာလဲ၊ သူအဆင်ပြေရဲ့လား”

သူ လူအုပ်ကြီးကိုဝေ့ဝဲကြည့်ပြီး ရှန်းရင်ကို ရှာပေမဲ့ နေရာကို အတည်မပြုနိုင်ရှာ။

“သူဘယ်မှာလဲ”

“နေ့လယ်လေ”

“ဟမျ” ဘာဆိုလိုတာလဲ။

“ဆရာ နေ့လယ်စာစားနေတယ်”

“…” လန်ဟွား နှုတ်ခမ်းတွေ စေ့သွားတယ်။ ဒါ ဂိုဏ်းချုပ်အနေနဲ့ သူမ ပြုမူသင့်တဲ့ပုံစံလား။

အင်းလေ၊ အနားမှာ မရှိတာလည်း ကောင်းပါတယ်။ သူမ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။

သူ ထိတ်လန့်နေတဲ့လူအုပ်ကြီးကို နောက်တစ်ခေါက် ဝေ့ဝဲကြည့်လိုက်တယ်။

“အင်းကွက်ကို ချိုးဖောက်လိုက်တဲ့သူက ဘယ်သူလဲ”

“အဲဒါ…” ယိချင်း ဟွေ့လင်ရှိတဲ့နေရာကို အလိုလိုလှမ်းကြည့်လိုက်ပေမဲ့ ရှိမနေတော့တာ မြင်လိုက်ရတယ်။

“အာ”

သူရင်ထိတ်သွားတယ်။ သူ့ကောင်းကင်စိတ်အာရုံကို သုံးကြည့်လိုက်တော့ အနောက်ဆောင်မှာ အတည်ပြုမိတယ်။ သူမ ဘယ်ချိန်တုန်းက ပြေးဝင်သွားလဲမသိလိုက်ဘူး။

“ဆရာ” ယိချင်း အာမေဋိတ်သံပြုပြီး အနောက်ဆောင်ထဲ လှည့်ပြေးဝင်တော့တယ်။

အနောက်ဆောင်။

ရှန်းရင် နေ့လယ်စာအတွက် ဖက်ထုတ်တွေစားနေတယ်။ ရုတ်တရက် သူမ မော့ကြည့်လိုက်ချိန် အစိမ်းရောင်ပုဂ္ဂိုလ်တစ်ယောက်ကို သူမရှေ့မြင်လိုက်ရတယ်။

“ဘာကိစ်စလဲ”

“ရှန်းရင်” ဟွေ့လင်မျက်နှာပေါ်ထူးဆန်းတဲ့အပြုံးနဲ့။ သူမကြည့်ရတာ ဘဝင်ခိုက်နေတဲ့ပုံ။

“နင် ဒီတစ်ကြိမ်တော့ ထွက်ပြေးလို့မရတော့ပါဘူး၊ ငါ ဒီနေ့အမတဘုံအတွက် ကောင်းကျိုးတစ်ခု ဆောင်ရွက်ပြီး နင့်လိုပြဿနာအိုးကို ရှင်းထုတ်ပစ်မယ်”

သူမ စကားဆုံးတာနဲ့ လက်နှစ်ဖက်လုံးနဲ့ ချိပ်တစ်ခု ဖန်တီးလေတယ်။ အလင်းတန်းဖြူတစ်ခုက သူမကိုဝိုင်းသွားပြီး မြန်မြန်ဆန်ဆန်ပဲ ဘေးပတ်ဝန်းကျင်ကို ပျံ့ထွက်သွားခဲ့တယ်။ အလင်းရောင်က မြန်ဆန်တဲ့အလျင်နှုန်းနဲ့ရွေ့လျားနေပြီး ကြည့်ရတာ ရှန်းရင်တစ်ကိုယ်လုံးကို ဝါးမျိုတော့မဲ့ပုံ။ သူမ ကျရောက်တော့မဲ့အန္တရာယ်ကနေ ကာကွယ်ဖို့ မျက်စိတစ်မှိတ်စာသာ အချိန်ရတယ်။ သူမ ရုတ်တရက် ဘယ်ဘက်လက်ကိုမြှောက်ပြီး အလင်းလိုအရှိန်သုံးကာ တစ်ချက်တည်းနဲ့… သူမရှေ့ကစားလက်စ ဖက်ထုပ်ပန်းကန်ကို ကောက်ယူလိုက်တယ်။

နောက်အခိုက်အတန့်မှာတော့ လူနှစ်ယောက်နဲ့ ဖက်ထုပ်ပန်းကန်ပြားက ပျောက်သွားပြီ။ ကျန်ခဲ့တာက ပန်းကန်ပြားအလွတ်တွေနဲ့ စားပွဲတစ်လုံး။

“ဆရာ” ယိချင်း အနောက်ဆောင်ထဲပြေးဝင်လာခဲ့ပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။ ဘယ်သူမှမကျန်တော့။

“ဂိုဏ်းချုပ်… ဘယ်ရောက်သွားတာလဲ” ယွီဟုန်ကြည့်ရတာ ကြောက်လန့်နေပုံ။

“အဲအမျိုးသမီးအမတက ဘာမှော်အတတ်ကို သုံးသွားတာပါလိမ့်”

“ငါအရင်က တစ်ခါမှမမြင်ဖူးဘူး” လန်ဟွား မျက်မှောင်ကြုတ်ကာ စိုးရိမ်နေတယ်။

“… သူ အဆင်ပြေပါတယ်နော်၊ ဟုတ်တယ်မလား”

“ထင်တာပဲ၊ စိတ်နှလုံးကောင်းရဲ့ စွမ်းဆောင်ရည်အရတော့…”

“မဟုတ်ဘူး အဲအမျိုးသမီးအမတကို ပြောတာ… သူ့ဦးနှောက် အလုပ်လုပ်ရဲ့လား”

သူ့ဘာသာ ဂိုဏ်းချုပ်ကို ခေါ်သွားရဲတယ်ပေါ့လေ၊ ရဲရင့်လိုက်တာ။

ヽ(✿゚▽゚)ノ ယွီဟုန် ကြည့်တောင်ကြည့်ချင်သွားတယ်

လန်ဟွား ။ ။ “…”

ယိချင်း ။ ။ “…”

—————

မျက်စိတစ်မှိတ်အတွင်း ရှန်းရင်က သူမဝန်းကျင်ပြောင်းသွားတာ မြင်လိုက်ရတယ်။ သူမခြေထောက်အောက်မှာတော့ မြက်ခင်းစိမ်း။ ပတ်ပတ်လည်မှာ အစိမ်းရောင်စားကျက်မြေတွေကလွဲ မရှိ။ စားကျက်မြေက အဆုံးရှိတဲ့ပုံမပေါ်။ စောနက လက်ဖက်စိမ်းမလည်း ပျောက်သွားပြီ။

သူမရဲ့ပတ်ဝန်းကျင်က ပျင်းစရာ။ ရှန်းရင် ဟိုဟိုဒီဒီ တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူမစားပွဲပေါ်က ဖက်ထုပ်တွေကို ကုန်အောင်စားဖို့ ပြင်လိုက်တယ်။ အွန်း… ကြက်သွန်မြိတ်တွေနဲ့ အသားကင်။

“ရှန်းရင် နင်ငါ့ကို ဒီနေ့ထိ အများကြီးပြဿနာရှာခဲ့တာ၊ နောက်ဆုံးတော့ ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီ”

ဟွေ့လင်အသံက ဘယ်ကမှန်းမသိထွက်လာတယ်။ အရမ်းကိုထူးဆန်းတယ် – ရှန်းရင်က အသံဘယ်နေရာက လာလဲမသိဘူး။ သူမ ဟွေ့လင်ကိုယ်ခန္ဓာကို ရှာမတွေ့ပေမဲ့ အသံက သူမနားဘေးကတင် ထွက်လာတဲ့ပုံပဲ။ ဟွေ့လင်က ဒီလောကမှာ မရှိပေမဲ့ နေရာတိုင်းမှာ ရှိနေသလိုပဲ။

“…” ရှန်းရင်က သူမကိုမဖြေဘဲ ပါးစပ်ထဲ နောက်ထပ်ဖက်ထုပ်တစ်လုံး ထည့်လိုက်တယ်။

“နင်ဘယ်ရောက်နေလဲ နင်သိလား”

“…” သူမက ဆက်ပြီး တမြုံ့မြုံ့ဝါးနေဆဲ။

“ဒါက အဆွယ်အပွားနယ်ပယ်ပဲ၊ သုံးလောကကြားထဲက အက်ကွဲကြောင်းထဲ ရှိနေတာ၊ ဒီနေရာက ဘယ်ဘုံနဲ့မှ မဆိုင်သလို ကောင်းကင်တာအိုရဲ့ စီရင်ပိုင်ခွင့်အောက်မှာမရှိဘူး၊ နင်က နတ်ဆိုးဘုရင်တောင် နင့်ပြိုင်ဘက် မဟုတ်တဲ့အထိ ရှိန်စရာပဲ၊ ဒါပေမဲ့ ဒီနေရာမှာ အကန့်အသတ်ရော အဆုံးသတ်ရော မရှိဘူး၊ နင် အရမ်းကို အရည်အချင်း ရှိနိုင်ပေမဲ့ ဒီနေရာကနေ ထွက်လမ်း ရှာတွေ့မှာ မဟုတ်ဘူး”

“…” ရှန်းရသ်က နောက်ထပ်ဖက်ထုပ်တစ်လုံး ပါးစပ်ထဲပစ်သွင်းလိုက်တယ်။

“ငါလည်း ဒီလိုမလုပ်ချင်ပေမဲ့ ငါဒီလိုလုပ်အောင် နင်လုပ်ခဲ့တာပဲ၊ နင်သာ ပေါ်မလာရင် ငါ့ဆရာ၊ ငါ့အဖေနဲ့ ရှင်းဟန်ကိုတောင် ဆုံးရှုံးလိုက်ရမှာမဟုတ်ဘူး…၊ နင် င့ါကိုဒီလောက်တောင် အကြွေးတင်နေတာ”

“…” ရှန်းရင်က ဖက်ထုပ်ဆက်ဝါးနေတယ်။

“နင်တို့ဝူတိဂိုဏ်းက နတ်ဆိုးတွေနဲ့ ပူးပေါင်းထားတာ – နင်တို့တစ်ယောက်မှမကောင်းဘူး၊ အထူးသဖြင့် အဲငမွှေမရွှမ်ထုံပဲ၊ သူက င့ါဆရာကို ဖျားယောင်းခဲ့တာ၊ မဟုတ်ရင် င့ါဆရာက… နင်တို့ ပြောတာကို နားထောင်မှာမဟုတ်သလို ငါ့ကိုအဲလိုဆက်ဆံမှာလည်းမဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ခု ဒါဘာမှအရေးမကြီးတော့ပါဘူး၊ အမတတွေအားလုံး ငါ့အတွက် တရားမျှတမှုရှာပေးပြီး နင်တို့ပြဿနာအိုးတွေကို အမတဘုံကနေ ရှင်းထုတ်ပစ်လိမ့်မယ်”

“…” ရှန်းရင်က ပါးစပ်ထဲ နောက်ထပ်ဖက်ထုပ်တစ်လုံး ထည့်လိုက်တယ်။

“ဟမ့် နင်က သေတော့မှာကို ဖက်ထုပ်စားနိုင်သေးတယ်ပေါ့”

သူမက ဆက်ပြီးဝါးနေဆဲ…။

“နောက်တော့ ထာဝရဒီဘုံမှာပဲ ဆက်နေသွားရမယ် ငါနင့်ကို…”

ပလပ် ပလပ် ပလပ်…။

“စားတာရပ်တော့”

ပလပ် ပလပ် ပလပ်…။

“ရှန်းရင် နင် ငါပြောတာ နားတောင်ထောင်နေရဲ့လား”

ရှန်းရင် တန့်သွားပြီး နောက်ဆုံးဖက်ထုပ်ကိုမျိုချလိုက်တယ်။ နောက်တော့ သူမက ပန်းကန်ပြားကို သိမ်းပြီး ဖြေလိုက်တယ်။

“အိုး”

“ဒါတွေကပဲ အဆွယ်အပွားနယ်ပယ်လို့ထင်နေတာလား” ဟွေ့လင်ပုံစံက ခု အတော်လေး ဒေါသထွက်နေတဲ့ပုံ။ သူမက တောက်ခေါက်လိုက်တယ်။ နောက်အခိုက်အတန့်မှာတင် ရှန်းရင်ပတ်လည်က အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ မြက်ခင်းစိမ်းတွေ မရှိတော့ဘူး။ ရှန်းရင်ခြေထောက်အောက်မှာ ချော်ရည်ကျောက်တုံးတွေနဲ့ သူမဆီ ဦးတည်လာတဲ့သွေဖည်မီးလျှံ။ ဒါပေမဲ့ သူမကိုမထိ။

တစ်ခဏကြာတော့ သွေဖည်မီးလျှံက ပျောက်သွားပြီး ရေခဲလွှာကြီးတစ်ခု သူမခြေထောက်အောက် ပေါ်လာတယ်။ လေထုက အတော်လေး အေးစက်နေတာ။ ရေခဲတွေက နေရာအနှံ့ကနေ သူမဆီ ပျံသန်းလာတယ်။ ဒါပေမဲ့ သူတို့က သူမကို ထိတာနဲ့ အပိုင်းပိုင်းပြိုကွဲကုန်တယ်။

ရေခဲပြီးတော့ လေပြင်း၊ နောက်တော့ လျှပ်စီး…။

ဓာတ်ကြီးတိုင်း အနည်းဆုံးတစ်ခါစီတော့ ပေါ်လာတယ်။ ရှန်းရင်က မြေကြီးမှာ အမြစ်တွယ်နေပြီး ပြေးလည်းမပြေးသလို ထွက်ပြေးဖို့လည်းမလုပ်။ သူမက မြက်ခင်းစိမ်းထဲ ပြန်ရောက်သွားပြန်တယ်။

“ဟမ့် မင်းဘယ်လောက်စောင့်နိုင်မလဲ ကြည့်တာပေါ့” ဟွေ့လင်အသံက ခုရေခဲလိုအေးစက်နေပြီ။

“ငါဒီမှာ အားလုံးကို သန့်စင်ပြီးပြီ၊ ငါက ဒီဘုံရဲ့ ပိုင်ရှင်အမှန်ပဲ”

“ပြီးပြီလား” ရှန်းရင် ခေါင်းစောင်းတဲ့ပုံက ပျင်းနေတဲ့ပုံ။

“ငါ့အလှည့်ပေါ့”

“ဘာ…” ဟွေ့လင် တန့်သွားတယ်။ သူမတုံ့ပြန်ဖို့ အချိန်အများကြီး မရှိလိုက်ဘူး။ စောနက မလှုပ်မယှက် ရပ်နေခဲ့တဲ့ရှန်းရင်က ရုတ်တရက် လေထုထဲ ပျောက်ကွယ်သွားတယ်။ နောက်အခိုက်အတန့်မှာတင် သူမက လေထဲပြန်ပေါ်လာပြီး တစ်စုံတစ်ရာကိုဆုပ်ကိုင်ထားကာ မြေကြီးဆီ ပစ်သွင်းလိုက်တယ်။

လေပြင်းတစ်ချက် တိုက်သွားပြီး လူတစ်ယောက်က လေထဲကနေဆင်းလာကာ မြေကြီးပေါ် ဝုန်းခနဲ ဆင်းသက်သွားခဲ့တယ်။ သူက မြေကြီးထဲ ‌လူပုံစံတွင်းတစ်ခုတူးလိုက်တယ်။

ဟွေ့လင်ရင်ဘတ်ထဲ စူးခနဲနာကျင်ပြီး သွေးအန်သွားတယ်။ သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက နာကျင်နေလေရဲ့။‌ ဟွေ့လင် သူမဒဏ်ရာတွေကို စစ်မကြည့်ရဲဘူး။ သူမ သတိပြန်ဝင်အောင်ကြိုးစားပြီး မျက်လုံးပြူးကာ ရှန်းရင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။

“မ… မဖြစ်နိုင်တာ နင် ငါ့ကိုဘယ်လိုရှာတွေ့တာလဲ”

ရှန်းရင် နှုတ်ခမ်းဆူလိုက်တယ်။ ကျေးဇူးပြုပြီး သူတို့က အက်ကွဲကြောင်းထဲ ရောက်နေတယ်လို့ ‌ရှန်းရင်ကို ပြောတဲ့သူက သူမလေ။ ပြီးတော့ အက်ကွဲကြောင်းတစ်ဖက်မှာ ဆက်နေပြီး အပိုတွေအများကြီးပြောလွန်းတယ်။ ရှန်းရင် သူမကိုရှာမတွေ့ရင်တောင် ထူးဆန်းနေမှာ။ သူမ ကန်းနေတာမှ မဟုတ်တာ။

“နင်… နင်က ဘယ်လိုလူလဲ” ဟွေ့လင်က ပိုတောင်မျက်လုံးပြူးလာတယ်။ ခုလေးတင်ဘာဖြစ်သွားလဲ သူမ နားမလည်နိုင်ဘူး။

“အဆွယ်အပွားနယ်ပယ်က သန့်စင်ပြီးပြီ၊ နင် ငါ့ကိုဒီထဲ ဘယ်လို ဆွဲခေါ်လိုက်တာလဲ၊ ငါပဲ ဒီမှာ ထိန်းချုပ်နိုင်တာလေ”

“အော် အဲဒါနင့်လည်ပင်းက ချိန်းကြိုးကြောင့်လား၊ ဒုတိယကြိုးလား”

ဟွေ့လင် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ချိန်းကြိုးကိုကာကွယ်ဖို့ သူမရင်ဘက်ဆီ အလိုလို လက်လှမ်းမိသွားတယ်။

“နင်… မဖြစ်နိုင်တာ – နင်ဘယ်လိုသိသွားတာလဲ”

“အာ ငါ မိန်းကလေးတွေကို အနိုင်ကျင့်ရတာမကြိုက်ဘူး” ရှန်းရင် သက်ပြင်းချလိုက်တယ်။ သူမ ဟွေ့လင်‌မေးခွန်းကို မဖြေဘဲ လက်မြှောက်ကာ ရိုက်လိုက်တယ်။

“ပြော ငါ့ကိုရင်ဆိုင်ဖို့ နင့်ကို ဘယ်သူဒီလွှတ်လိုက်တာလဲ၊ နင့်နောက်မှာ ဘယ်သူရှိနေလဲ”

“နင်ဘာတွေပြောနေတာလဲ” ဟွေ့လင် အခုတော့ကြောက်နေပြီ။ သူမ သွေးပျက်စပြုလာပြီး မြေကြီးထဲကနေ ထွက်ဖို့ရုန်းတော့တယ်။ သူမ လှုပ်ရှားလေ၊ ကိုယ်ခန္ဓာကပိုနာကျင်လာလေပဲ။ နောက်တစ်ကြိမ် သွေးအန်ပြန်တယ်။

“နင်ဘာဆိုလိုတာ… ငါ့… ငါ့ကိုလွှတ်ပေး”

“ဟန်ဆောင်နေတာတော်တော့” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ သူမ ဦးနှောက်ကိုသုံးရတာ တကယ်မုန်းတာ။

“ငါက ဒီကမ္ဘာမှာ အရမ်းကို ခပ်လျှိုလျှိုနေတာ၊ လူတိုင်း ငါ့တည်ရှိမှုကို အလိုလို လျစ်လျူရှုမိထားကြတယ် – နင်တစ်ယောက်ပဲ မလုပ်တာ၊ အစတည်းက နင်က ငါ့အာရုံစိုက်မှုကို လိုချင်နေခဲ့တာလေ၊ အခု နင်ဖြစ်ခဲ့သမျှအတွက် ငါ့ကိုအပြစ်တင်နေတယ်ပေါ့၊ နင်တုံးအတာကြောင့်နဲ့တော့ ဒါဖြစ်နေတာ မဟုတ်မှန်း သေချာတယ်၊ ဟုတ်တယ်မလား”

ဧကရာတက်လှမ်းမှုစင်မြင့်မှာ ဖြစ်ခဲ့တဲ့အရာက အဲရှင်း အအေးဘာဆိုလားနဲ့ သူမအဖေကြောင့် ဖြစ်ခဲ့တာ။ သူမကို အပြစ်ပေးချင်သူက ငါးဆားနယ်။ ဒါတွေအားလုံးက ရှန်းရင်နဲ့ ဘာမှမဆိုင်ခဲ့ဘူး။ ပြီးတော့ သူတို့က သုံးကြိမ်ပဲတွေ့ဖူးတယ်။ ဟွေ့လင်က ဖြစ်ခဲ့သမျှကို ရှန်းရင်ပေါ်ပုံချပြီး အမုန်းတရားအားလုံးကို သူမပေါ်အာရုံစိုက်ဖို့အတွက်နဲ့ ဒီလောက်ဖိအားထုတ်ခဲ့တယ်။ တကယ်တော့ အဲလိုလုပ်ဖို့ အကြောင်းရင်းလည်းမရှိသလို အရမ်းကိုရယ်ချင်စရာကောင်းတယ်။ ဒီဟာတွေအားလုံးထဲ ရှန်းရင်ကို ဆွဲသွင်းစရာ အကြောင်းရင်းကိုမရှိတာ… ရှန်းရင်က ဟိုးအစတည်းက ပစ်မှတ်ဖြစ်နေခဲ့တာ မဟုတ်သရွေ့ပေါ့။

“ငါ… ငါ နင်ဘာပြောနေလဲမသိဘူး” ဟွေ့လင် ထိတ်လန့်တကြား ရှန်းရင်ကိုဆက်စိုက်ကြည့်လိုက်တယ်။

“နင်က ပိုပြီးတောင် ယုံချင်စရာ မကောင်းတော့ဘူး”

ရှန်းရင် မျက်လွှာချလိုက်တယ်။

“ငါ ဘယ်လောက်တောင် သိုသိုသိပ်သိပ် ဖြစ်နေလဲဆိုတဲ့ပုံစံက တစ်ခုခုလွဲမှားနေတာရှိတယ်၊ ငါ ဒီလောကထဲ ဝင်လာတည်းက ဘာလို့နင်ပဲ ငါ့ကို တကယ်အာရုံစိုက်နေတာလဲ၊ အဲလိုလုပ်စရာ အကြောင်းအရင်း မရှိဘူးလေ… ငါ့ကို ဒီကမ္ဘာထဲ ဆွဲသွင်းသူက နင့်ကို ညွှန်ကြားနေသူ မဟုတ်သရွေ့ပေါ့”

“…”

“ပြော သူကဘယ်သူလဲ၊ သူ ငါ့ကိုဘာလုပ်တာလဲ၊ သူ့ရည်ရွယ်ချက်ကဘာလဲ”

“သူ ဘာလိုချင်တာလဲ”

ဟွေ့လင် ပိုပြီးတောင်သွေးပျက်လာတယ်။ သူမမျက်လုံးတွေက ဖြည်းဖြည်းချင်းလျှောက်လာတဲ့ ရှန်းရင်ဆီက မခွာ။

“ဒါမှမဟုတ် နင့်ကိုဒီကြိုး ဘယ်သူပေးလဲဆိုတာ မေးသင့်လား”

“နင်ဘာပြောနေလဲ ငါမသိဘူး၊ ငါ ဒါကိုကောက်ရတာ၊ ပြန်ပေး” ဟွေ့လင်မျက်နှာက အရောင် လုံးဝမရှိတော့ဘူး။ မြေကြီးကနေ လက်မြှောက်ပြီး ကြိုးကို ပြန်ဆွဲလုဖို့ အတော်လေး အားထုတ်လိုက်ပေမဲ့ အချည်းနှီး။

“အဲဒါငါ့ဟာ”

ရှန်းရင်က လက်ကိုပြန်ဆွဲလိုက်ပြီး ဟွေ့လင်မမှီတဲ့နေရာမှာ ထားလိုက်တယ်။ ဟွေ့လင်လက်ချောင်းတွေက ချိန်းကြိုးကနေ တွဲလျားကျနေတဲ့ ကြိုးနီကိုထိရုံရှိသေး တောက်ပတဲ့ အလင်းတန်းကြီး ပေါ်လာပြီး အလင်းက ပျောက်သွားခဲ့တယ်။ ရှန်းရင်လက်ထဲကျန်ရစ်ခဲ့တာ ကြိုးနီပဲ။

“ငါ့ချိန်းကြိုး” ဟွေ့လင်မျက်လုံးပြူးပြီး သွေးပျက်သွားတယ်။

“ဟင့်အင်း နင်ဘာလုပ်လိုက်တာ…”

သူမစကားမဆုံးခင် နောက်ထပ်သွေးအန်တော့တယ်။ သူမတစ်ကိုယ်လုံး ဆွဲကြိုးလို လင်းထိန်သွားတယ်။ နောက်တော့ အလင်းတန်းဖြူက သူမကိုယ်ပေါ်က အက်ကွဲရာတွေကနေ စတင်ထိန်လင်းလာတဲ့ပုံက အပိုင်းပိုင်းအစစ ဖြစ်တော့မဲ့ပုံနဲ့။ သူမကရှန်းရင်ကိုတောင်းပန်တော့တယ်။

“ဟင့်အင်း ငါ ပြိုဆင်းပြီး မသေချင်ဘူး၊ ကယ်ပါဦး… ကယ်ပါဦး… ကယ်…”

သူမ စကားမဆုံးခင် သူမတစ်ကိုယ်လုံး ပျောက်ဆုံးသွားခဲ့တယ်။ ရှန်းရင်ပတ်ဝန်းကျင်က တွန့်လိမ် စပြုလာလေရဲ့။ သူမ သိလိုက်ချိန် ပတ်ဝန်းကျင်က ပျောက်ဆုံးသွားပြီ။ ရှန်းရင် ပန်းချီကားတစ်ချပ်ထဲကနေ ခုန်ထွက်လာသလိုခံစားလိုက်ရတယ်။ သူမ ဝူတိဂိုဏ်းရဲ့ အနောက်ခန်းမဆောင်ထဲက ကုလားထိုင်ပေါ် ပြန်ရောက်နေတာ မြင်လိုက်ရတယ်။ သူမရှေ့မှာတော့ စောနက ပန်းကန်လွတ်တချို့။

သူ

မ လက်ဗလာကို ငုံ့ကြည့်ကာ စဉ်းစားနေမိတယ်။ နောက်တော့ မျက်မှောင်ကြုတ်ပြီး လက်သီးဆုပ်မိလိုက်လေရဲ့။

ဒါ… ပျော်စရာ‌မကောင်းဘူး။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset