အခန်း ၂၁၇ ။ ကြိုးကိုင်သူ
“ဆရာ” ယိချင်းက ရှန်းရင်ပြန်ရောက်လာတာကို ပထမဆုံး သတိပြုမိသူဆိုပေမဲ့ သွားဖို့ကြိုးစားချိန် တခြားဧကရာဇ်ဆယ်ပါး ကာဆီးတာခံလိုက်ရတယ်။
ရှန်းရင် ထွက်သွားတဲ့အချိန်က မတိုတောင်းသလို ဝူတိဂိုဏ်းရဲ့တိုက်ပွဲက ခက်ခဲလာပြီ။ တပည့်တွေက အားမနည်းဘူးဆိုပေမဲ့ တစ်ဖက်က လူများလွန်းနေတာ။ အထူးသဖြင့် တောင်အကာအကွယ်အင်းကွက် ကျိုးပေါက်သွားချိန် ပြန်ဆုတ်စရာနေရာမရှိတော့တာပဲ။ အချိန်တွေကြာလာတော့ အမတတွေတောင် ပင်ပန်းလာမှာပဲ။ ဒဏ်ရာရသွားတဲ့ တပည့်တချို့တောင်ရှိတယ်။
“စိတ်နှလုံးကောင်း” လန်ဟွားက သူ့နတ်ဆိုးချီကို သုံးပြီး ပိုအားနည်းတဲ့ မြေအမတတပည့်တွေကို ကာကွယ်ပေးလိုက်တယ်။ သူနောက်တော့ တစ်ဖက်လှည့်ကာ မေးလိုက်တယ်။
“ဘာလို့အခုမှပြန်လာရတာလဲ၊ ဘာတွေဖြစ်နေတာတုံး”
“…”
“ဟေး အဆင်ပြေရဲ့လား” သူမ ပြန်မဖြေတာမြင်တော့ လန်ဟွား သူမကိုတွန်းလိုက်တယ်။
“ဘာတွေ စိတ်လွင့်နေတာလဲ”
“ဘာဖြစ်နေတာတုံး”
“ဘာဖြစ်နေတာတုံး၊ တခြားဘာဖြစ်ရမှာလဲ” လန်ဟွားက သူမကိုဒေါသတကြီးကြည့်လိုက်တယ်။
“မင်းမမြင်ဘူးလား၊ ငါတို့ကိုကူဦး ဒီလိုသာဆက်သွားနေရင် မုန်လာဥဖြူတွေရှိနေတဲ့ တောင်အနောက်ဘက်ဆီ သူတို့တကယ်ဝင်သွားတော့မယ်”
ရှန်းရင် ခေါင်းမော့ပြီး ကောင်းကင်အပြည့်အမတတွေကိုကြည့်လိုက်တယ်။ နေရာတိုင်းမှာ ဂါထာတွေဆီက မီးပွားမီးစတွေနဲ့ မြေပြင်ပေါ် လက်နက်မျိုးစုံ။
သူမချက်ချင်းမျက်ခုံးကြုံ့မိသွားတယ်။ ဒါ တကယ်ကို… အတော်လေး စိတ်ရှုပ်စရာပဲ
(╰_╯)#
ရှန်းရင် ပြန်ဖြေလိုက်တယ်။
“အော်”
နောက်တော့ ထရပ်ပြီး မြေကြီးထဲ စိုက်ဝင်နေတဲ့ ဓားကို ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်တယ်။
“စိတ်ကောင်း၊ မင်း တောင်အနောက်ဘက်သွားပြီး ကာကွယ်…”
လန်ဟွား သူမကို တောင်အနောက်ဘက်သွားပြီး ကာကွယ်ခိုင်းမို့ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့နဲ့ တခြားသူတွေက အဲမှာရှိနေပြီး အင်းကွက်အစီအရင်တစ်ခု ရှိတာကိုး။ ဒါပေမဲ့ သူ စကားတောင်မဆုံးသေး ပခုံးပေါ် လေးခနဲဖြစ်သွားပြီး ဘေးတွန်းထုတ်တာခံလိုက်ရတယ်။
“လမ်းဖယ်ဦး
“ဟမ်” သူ ဟန်ချက်ပျက်ပြီး မြေကြီးပေါ်လဲကျသွားတယ်။
“မင်း ဘာ…”
သူပေါက်ကွဲဖို့ရှိသေး ရှန်းရင်က ရှေ့တက်သွားပြီး သူမလက်ထဲကဓားကိုလှည့်ကာ အားနဲ့ ရှေ့ကို လွှဲချလိုက်တာမြင်လိုက်ရတယ်။ အရမ်းကို ပုံမှန်ဆန်တဲ့လွှဲချက်ဆိုပေမဲ့ တစ်ခဏအတွင်း ကောင်းကင်ကို ပိုင်းခြားနိုင်သလိုမျိုး ကြောက်ခမန်းလိလိဓားချီက ဓားပေါ် ပေါ်ပေါက်လာကာ ရှေ့ကို လွှတ်ထွက်သွားခဲ့တယ်။
ကြီးမားတဲ့အက်ကွဲမှုနဲ့အတူ အဆုံးမဲ့တဲ့ အသူရာချောက်နက်ကြီးက မြေကြီးထဲပေါ်လာတယ်။ အမတလောကတစ်ခုလုံး ဓားတစ်ချောင်းနဲ့ ထက်ခြမ်းပိုင်းခံလိုက်ရတဲ့အတိုင်းပဲ။ အက်ကွဲကြောင်းကြီးက ရှေ့ကိုဆက်ပြန့်သွားပြီး မြေကြီးတုန်ခါသွားကာ ကောင်းကင်တောင် တစ်ခဏရွဲ့သွားပြီး မိုးပြိုတော့မဲ့ပုံစံမျိုး ပေါက်နေခဲ့တယ်။ အမတတွေက သူတို့ဓားပျံ စီးနေတာကိုတောင် မထိန်းနိုင်တော့ဘဲ မြေကြီးပေါ် ကျဆင်းလာတော့တယ်။
တိတ်ဆိတ်မှုအတိ
လူတိုင်း ဝူတိဂိုဏ်းထဲက အဆုံးမဲ့အသူရာချောက်နက်ကြီးကို ဇဝေဇဝါအမူအရာနဲ့ ကြည့်နေမိပြီး အချိန်အတော်ကြာအောင် မတုံ့ပြန်နိုင်ရှာဘူး။
ခုလေးတင်… ဘာဖြစ်သွားခဲ့တာလဲ။
∑q|゚Д゚|p
“ထွက်သွား” အသံတစ်သံက ရုတ်တရက် ထွက်လာတယ်။ အသံက သိပ်မကျယ်တာတောင် တိတ်ဆိတ်မှုကြားထဲ ထူးထူးခြားခြား ထင်ရှားသိသာနေခဲ့တယ်။
အမတတွေအားလုံး ရင်ထဲအေးစိမ့်သွားကြပြီး သူတို့ကိုယ်ထဲက သွေးကြောတွေအားလုံး တောင့်ခဲကုန်တဲ့အထိ မထိန်းချုပ်နိုင်အောင် တုန်ယင်ကြကုန်တယ်။
အတိုင်းအဆမဲ့ကြောက်ရွံ့မှုက လူတိုင်းစိတ်ထဲမှာ တလွှားလွှားတက်လာခဲ့တယ်။
ဘယ်သူစတင်တာလဲဆိုတာ မသေချာပေမဲ့ တစ်ယောက်က တစ်ဖက်လှည့်ပြီး ဘယ်သူရိုက်ချလိုက်တာလဲဆိုတာတောင် လှည့်မကြည့်ဘဲ ဓားပျံကို စီးကာထွက်ပြေးသွားတော့တယ်။
နောက်အခိုက်အတန့်မှာတင် အမတတွေတစ်အုပ်လုံး ခလုတ်တစ်ခုပွင့်သွားသလိုပဲ။ ဓားပျံစီးနိုင်သူက ဓားပျံစီး၊ မြေကြီးတူးနိုင်သူက မြေကြီးတူး၊ တိမ်ကိုဆင့်ခေါ်နိုင်သူက တိမ်ကိုဆင့်ခေါ်ပြီး အသည်းအသန် ထွက်ပြေးကုန်တယ်။
သူတို့က နေရာအနှံ့ကို ဖြန့်ကျက်ပြီး ဝူတိဂိုဏ်းကနေ ထွက်ပြေးသွားတယ်။ အချိန်တိုအတွင်းမှာပဲ အားလုံးပျောက်ကုန်ပြီး ဓမ္မအသုံးအဆောင်တွေပဲကျန်ခဲ့လေရဲ့။
ဒါကြောင့် ဝူတိဂိုဏ်းကို ရင်ဆိုင်တဲ့ အမတတွေရဲ့မဟာမိတ်ကြိုးပမ်းမှုက သူတို့အောင်ပွဲ မတိုင်ခင်မှာတင် ရပ်တန့်သွားခဲ့လေတယ်။ ဝူတိဂိုဏ်းက လူတွေကလွဲ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး။ အမတတွေ သူတို့ဘာလို့ထွက်ပြေးနေလဲတောင်မသိပေမဲ့ အားလုံး သူတို့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိနေခဲ့တယ်။ တကယ်လို့ သူတို့မထွက်သွားရင်… သူတို့ သေလိမ့်မယ်။
(இдஇ;)
တိုက်ကြီးဆယ်ခုက သူ့နဂိုငြိမ်းချမ်းမှုကို ပြန်ရရှိသွားခဲ့ပေမဲ့ အမတလောကတစ်ခုလုံးရဲ့ မြေကြီးထဲ အက်ကွဲကြောင်းကြီးတစ်ခု လွှမ်းခြုံသွားခဲ့တယ်။ အက်ကွဲကြောင်းက ၃ပေတောင်မကျယ်ပေမဲ့ အဆုံးမဲ့ ဖြစ်နေတယ်။ ကံကောင်းရင် လောကသုံးထောင်ကို အဲကနေတစ်ဆင့် ခပ်ရေးရေးတောင် မြင်ရဦးမယ်။
——————
တစ်လကြာပြီးနောက်။
“ဟွေ့လင်နောက်မှာ ကြိုးကိုင်သူရှိပြီး သူက ငါတို့ကို ဒီလောကထဲ ကူးပြောင်းလာစေတဲ့သူ ဖြစ်နိုင်တယ်လို့ပြောနေတာလား” ကူယွဲ့ အံ့ဩမှင်တက်ပြီး ထိတ်လန့်တကြား ထရပ်လိုက်တယ်။
“ဟုတ်တယ်” ရှန်းရင် စားပွဲပေါ်က ခွက်ကိုကောက်ယူပြီး ဘေးကိုရွှေ့ကာ ခေါင်းညိတ်ပြလိုက်တယ်။
“ငါတို့က ဒီကို တခြားသူတွေဆွဲခေါ်တာခံရပြီး မတော်တဆ ကူးပြောင်းလာတာ မဟုတ်ဘူးလို့ ပြောနေတာလား” ကူယွဲ့ သူမကိုမယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
“ဟုတ်တယ်” သူမ ခေါင်းညိတ်ပြလိုက်ပြန်တယ်။
ကူယွဲ့က ခံစားချက်မဲ့တဲ့ ရှန်းရင်ကိုကြည့်လိုက်တယ်။
“မင်း ဒါဘယ်အချိန်က သိတာလဲ”
“အစတည်းက” သူမက သစ်သီးတစ်လုံးကို ဂျွတ်ခနဲဝါးလိုက်တယ်။
“အစတည်းက… သောက်ကျိုးနည်း ငါ့ကို ဘာလို့မပြောတာလဲ”
“နင် မေးမှမမေးတာ”
“ငါမမေးရင်တောင် မင်းဒီတိုင်း ပြောလိုက်လို့မရဘူးလား” အဖေနဲ့သမီးကြားက ယုံကြည်မှုက ဘယ်ရောက်သွားတာလဲ
“နင်သိမယ်ထင်နေတာ”
“ငါသိတယ်လို့ မင်းရဲ့ဘယ်မျက်စိက မြင်တာတုံး”
w(゚Д゚)w
ဘယ်သူက ဒီလိုကိစ္စကို အလွယ်လေးခန့်မှန်းနိုင်မှာလဲ။
ရှန်းရင်က ခေါင်းလေးစောင်းတယ်။
“ငါ့ကို ဇာတ်ကြောင်းပြောပြသူက နင်မဟုတ်ဘူးလား”
“ဟမ်” သူ တုံ့ဆိုင်းသွားတယ်။ သူမ ဘာဆိုလိုတာလဲ။
“ဒါက ဇာတ်ကြောင်းနဲ့ဘာဆိုင်လဲ”
“နင်ဖတ်တဲ့စာအုပ်ပေါ့” ရှန်းရင်က စိမ်ပြေနပြေ အသီးဆက်စားတယ်။
“စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကလွဲပြီး ဖြစ်စဉ်တွေက လုံးဝခြားနားပေမဲ့ ပေါ်လာခဲ့တဲ့လူတွေက အဆုံးမှာ ပေါ်လာတဲ့လူတွေနဲ့ အတူတူပဲမဟုတ်လား”
ကူယွဲ့ ဂရုတစိုက်စဉ်းစားကြည့်လိုက်တော့ အဓိကဇာတ်ကောင်တွေအားလုံး တကယ်ပဲပေါ်လာပြီ။ ဇာတ်လိုက်ရော၊ ဇာတ်လိုက်မင်းသမီးရော၊ ယိချင်းနဲ့ နတ်ဆိုးဘုံဆီတံခါးပါ ပေါ်လာပြီ။
ဒါပေမဲ့…။
“ဒါက ငါနဲ့ဘာဆိုင်လဲ၊ ငါကဇာတ်လမ်းထဲက လူမှမဟုတ်တာ”
“နင်မဟုတ်လို့ အတိအကျပဲ”
“ဘာသဘောလဲ” သူတို့က နဂိုက စာအုပ်ထဲက မဟုတ်ဘူးလေ။
“ဟင်း” ရှန်းရင် သက်ပြင်းရှည်ကြီးချပြီး သူမစားပြီးသွားတဲ့ သစ်သီးအူတိုင်ကို အောက်ချလိုက်တယ်။
“ဖေဖေနျို၊ စာအုပ်က နင့်တူမလေးဆီကလို့ ဆက်တိုက်ပြောခဲ့တယ်နော်၊ ဒါဆို စာအုပ်က ဘယ်ထုတ်ဝေရေးကလဲ မှတ်မိလား၊ စာရေးဆရာရော၊ ဈေးနှုန်းရော”
“ဘယ်သူက စာအုပ်ဖတ်ရင် ဒီလိုဟာတွေကို သတိထားမိမှာလဲ” သူက ဒါပုံမှန်ပဲလေဆိုတဲ့ လေသံနဲ့ ပြောလာတယ်။
“ကောင်းပြီလေ၊ နင်သတိမထားမိဘူးပဲ ပြောကြရအောင်၊ အဖုံးကရောဘယ်လိုပဲ၊ စာအုပ်အဖုံးတော့ မြင်ခဲ့မှာပေါ့၊ ဘယ်လိုအမျိုးအစားလဲ၊ အသေးစိတ် ပြောပြနိုင်လား”
“သေချာပေါက် ငါသိတာပေါ့၊ အဲဒါက…” ကူယွဲ့ပြောနေရင်းရပ်သွားပြီး သူ့ခေါင်းထဲက ပြတ်သားနေတဲ့ပုံရိပ်က ရုတ်တရက် ဝေဝါးလာတယ်။ သူ အဖုံးက ဘယ်လိုပုံစံလဲဆိုတာ တကယ်ပဲ မမှတ်မိနိုင်တာလား။
“မမှတ်မိဘူးလား”
“ဘာလို့ ဒီလိုဖြစ်တာလဲ”
“နင် စာအုပ်ကို အရင်က တစ်ခါမှ မမြင်ဖူး မဖတ်ဖူးလို့၊ ဒါမှမဟုတ် စာအုပ်က ဘယ်တုန်းကမှ နင့်တူမ ပိုင်ခဲ့တာ မဟုတ်လို့ပဲ”
“အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ငါမြင်ခဲ့တာ အသေချာကြီး၊ ငါ့တူမက နွေရာသီတစ်ခုလုံး အဲဒါကို လက်ထဲကမချဘူး”
“အဲလိုလား” ရှန်းရင်က ဆက်ပြောတယ်။
“နင့်တူမကို အရမ်းချစ်မဲ့ပုံပဲ”
“ဒါပေါ့” သူမ ဘာကြောင့်ဒီမေးခွန်းကို မေးလဲမသိပေမဲ့ သူ ဝသီအတိုင်း ခေါင်းညိတ်ပြလိုက်တယ်။
“ငါ့မှာ ဒီတူမပဲ ရှိတာ”
“အဲဆိုပိုတောင် ထူးဆန်းသွားပြီ”
ရှန်းရင်က သူ့ကိုလှမ်းကြည့်တယ်။
“နင်က အရမ်းချမ်းသာပြီး နင့်တူမကို ဒီလောက်ချစ်တာ၊ ဒါပေမဲ့ သူ့ကို နွေရာသီတစ်ခုလုံး မှောင်ခိုစာအုပ် ဖတ်ခွင့်ပြုခဲ့တယ်ပေါ့”
“မှောင်ခိုလား၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်…”
“ဖေဖေနျို” သူမက သူ့ကို ကြားဖြတ်ပြောပြီး ပခုံးကိုပုတ်လိုက်တယ်။
“အညှီအဟောက်ဝတ္ထုတွေက ထုတ်ဝေခွင့် မရှိဘူးလေ”
အပြာစာအုပ်၊ ရုပ်ရှင်တွေကို ပိတ်ပင်ထားတယ်နော်။
“အာ…” ငါ အဲဒါက အညှီအဟောက်ဝတ္ထုမဟုတ်ဘူးလို့ ပြောပြီးပြီလေ… ဟုတ်ပြီလေ၊ နည်းနည်းလေး ပါရုံပေါ့။
^(* ̄(oo) ̄)^
“ဒါကြောင့်…” ရှန်းရင် ထရပ်ပြီး သူမရှေ့က ပန်းကန်ပြားအလွတ်ကို မျက်နှာသေနဲ့ ကြည့်နေပြီးတဲ့နောက် သူ့ရှေ့က ပန်းကန်ပြားနဲ့ လဲပြီး ဆက်ပြောလိုက်တယ်။
“တကယ်လို့ နင်အဲစာအုပ်ကိုသာ တကယ်ဖတ်ခဲ့ရင် တစ်ခုတည်းသောဖြစ်နိုင်ခြေက… တစ်ယောက်ယောက်က နင့်ကို တမင်တကာမြင်စေခဲ့တာပဲ”
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
“မင်းပြောနေတာက တစ်ယောက်ယောက်က ငါ့ကို ဒီစာအုပ်ထဲ ကူးပြောင်းလာအောင် တမင်သက်သက် လုပ်ခဲ့တယ်ပေါ့”
“ဒါက စာအုပ်ထဲက ကမ္ဘာလို့ နင်ထင်နေသေးတာလား”
ကူယွဲ့ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားခဲ့တယ်။
“မဟုတ်ဘူးလား”
“ဟုတ်လား”
…