အခန်း ၂၁၅ ။ ဂိုဏ်းတိုက်ပွဲ
ဝူတိဂိုဏ်းပတ်လည်က ကောင်းကင်မှာ အမတတွေပြည့်နေပြီး အားလုံးက မသေမျိုးချီတွေ ဖွေးဖွေးလှုပ်နေကြတယ်။ ဟွေ့လင်နဲ့ခုမင်ကလွဲရင် အနည်းဆုံးမဟူရာအမတတွေဖြစ်ကြတဲ့ တခြားတိုက်က နာမည်ကြီးအမတတွေပါရှိနေတယ်။ အံ့ဩစရာကောင်းတာကတော့ ဖုန့်ချန်က ဘယ်တိုင်းပြည်ဧကရာဇ်မှ ဒီမှာရှိမနေတာပဲ။ သူတို့နှစ်ယောက်နောက် လိုက်တဲ့လူတွေက ကျင့်ကြံဆင့်နိမ့်တဲ့ မျက်နှာစိမ်းတွေ။
အမတတွေက အငြိုးနဲ့ရောက်လာပြီး သတိမပေးဘဲ အစီအရင်ကိုတိုက်ခိုက်ကြတော့တယ်။ ဓမ္မဂါထာတွေအမျိုးမျိုးကို အသုံးချပြီး ကောင်းကင်တစ်ခုလုံးကို ရောင်စုံမှော်ပညာအလင်းတန်းတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ပစ်လွှတ်တာနဲ့ တောင်အကာအကွယ်အင်းကွက်က တားဆီးတာခံရပြီး ဘယ်သူမှ မဖောက်ထွက်နိုင်တော့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လန်ဟွားကိုယ်တိုင် တောင်အကာအကွယ်အင်းကွက်ကို စီရင်ခဲ့တာဆိုတော့ အမတဧကရာဇ်ကျင့်ကြံဆင့်လောက်နဲ့ သူတို့ မဖောက်ဝင်လာနိုင်ဘူး။ တစ်ချိန်တည်းမှာပဲ ဝူတိဂိုဏ်းတပည့်တွေအားလုံး နန်းတော်ရှေ့က ရင်ပြင်ထဲ စုဝေးနေကြပြီ။
ပြောင်ထင်လည်း သိသွားပြီး အမတတွေပြည့်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ သူတို့ ဘာလုပ်နေကြတာတုံး။ အတူတူသေတွင်းတူးနေကြတာလား။
“အားလုံးပဲ၊ ဝူတိုဏ်းက အဇဋာလောကကို အုပ်ချုပ်ချင်တဲ့ ရူးနှမ်းနှမ်းရည်မှန်းချက်တွေရှိတယ်၊ ဒါကြောင့် ဧကရာဇ်တွေကို ထောင်ချောက်ဆင်ပြီး သူတို့ကိုသေစေခဲ့တာ၊ ငါတို့အမတတွေအားလုံးကို ဧကရာဇ်တွေက ကာကွယ်ပေးခဲ့တာ ကြာလှပြီ၊ အခု ဒီလို ဘေးဒုက္ခကျရောက်ချိန် ငါတို့ သူတို့အတွက် လက်စားချေပေးဖို့လိုတယ်” လေထဲ ယောက်ျားတစ်ယောက်အသံက ရုတ်တရက် အသံထွက်လာပြီး ဝူတိဂိုဏ်းတစ်ခုလုံးတစ်လျှောက် အပ်ခိုးထပ်သွားစေခဲ့တယ်။
အဲချိန် လေထဲက အမတတွေက ပိုပြီးတောင် တရှူးရှူးဖြစ်လာကာ လက်စားချေဖို့အတွက် စတင်အော်ဟစ်ကြတော့တယ်။
“မင်းတို့အဓိပ္ပာယ်မရှိတာတွေ တော်တော့” ပြောင်ထင်က ဒေါသနဲ့ခွန်းတုံ့ပြန်လိုက်တယ်။ အဇဋာဧကရာဇ်တစ်ယောက်ရဲ့ ဖိနှိပ်မှုက သူ့အသံထဲ သိသာနေပြီး ချက်ချင်းတခြားအမတတွေကို ပါးစပ်ပေါက် ပိတ်လိုက်တယ်။
“ဧကရာဇ်တွေ သေပြီလို့ ဘယ်သူပြောလဲ”
ဖြစ်နိုင်တာက သူ့အဇဋာဧကရာဇ်ရဲ့ ဖိနှိပ်မှုကို ခံစားရလို့ထင် တောင်အကာအကွယ်အင်းကွက်ကို တိုက်ခိုက်နေတဲ့ အမတတွေအားလုံး ရပ်သွားကြတယ်။
ပြောင်ထင် လေထဲကိုပျံတက်လာခဲ့ပြီး အင်းကွက်အစီအရင်ထဲက အမတတွေကို ကြည့်လိုက်တယ်။ ချင်းဇယ်က မိစ္ဆာအမတတွေမရှိတာ မြင်လိုက်ရတော့ သူ စိတ်အေးစွာနဲ့ သက်ပြင်းချလိုက်တယ်။ သူက တာဝန်ရှိလူနှစ်ယောက်ကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“မင်းတို့လား” ဒီသစ္စာဖောက်တွေက ချန်ကောတပည့်တွေ မဟုတ်လား။
“ဧကရာဇ်ပြောင်ထင်၊ ခင်ဗျားသရုပ်ဆောင်ဖို့ မလိုတော့ပါဘူး” လုမင်က သူ့ရဲ့သရုပ်သကန်ကို ကြောက်လန့်ပုံ မပေါ်ဘဲ နှာမှုတ်ပြီး ပြောလာတယ်။
“ဝူတိဂိုဏ်းက ဒီလိုလုပ်ရပ် လုပ်ရဲတယ်ဆိုမှတော့ သေချာပေါက် မဟာမိတ်ရှာထားမှာပဲပေါ့၊ ခင်ဗျားတို့တွေက သူတို့နဲ့အလိုတူအလိုပါတွေပဲ”
“မင်းလိုရွှေအမတလေးက စကားလှည့်မပြောတာ ကောင်းမယ်” ပြောင်ထင့်အမူအရာခက်ထန်သွားပြီး သူ့ဖိနှိပ်မှုက လုမင်ဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။
“ဝူတိဂိုဏ်းတစ်ခုလုံး၊ အထူးသဖြင့် ဂိုဏ်းချုပ်ရှန်းက သဘောထားကြီးတဲ့အမတတွေ၊ မင်းတို့ပြောတဲ့ကိစ္စတွေက မင်းဘေးက အဲအမျိုးသမီးလုပ်တာ၊ အခုကိစ္စတွေ ပေါ်သွားပြီဆိုတော့ သူက အပြစ်ကို ကြီးမြတ်တဲ့နတ်သမီးပေါ် အပြစ်တင်ချင်နေပြီလား၊ ငါက ဝူတိဂိုဏ်းရဲ့ မိတ်ဆွေကောင်းဆိုတာ အမှန်ပေမဲ့ အဲဒါက ငါ့ကိုယ်ပိုင်သဘောဆန္ဒပဲ”
ငါ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကျောထောက်နောက်ခံကောင်းတစ်ခု ရှာတွေ့ထား၊ မင်းတို့ကိစ္စမပါဘူးကွ
လုမင်က သူ့ဖိနှိပ်မှုကြောင့် နောက်ဆုတ်လိုက်ရပြီး ပျာယာခတ်သွားခဲ့တယ်။ သူက တစ်ဖက်ကို အလောတကြီး လှည့်လိုက်ပြီး ပြောလိုက်တယ်။
“ဧကရာဇ်ပိုင်ထီ၊ ခင်ဗျားလည်း အကုန်ကြားမှာပါ ဝူတိဂိုဏ်းက တကယ်ပဲ ချင်းဇယ်နဲ့ ပူးပေါင်းနေတာ”
အမတတွေက လမ်းဖွင့်ပေးတော့ လူတစ်ယောက် ရှေ့ကိုပျံတက်လာတယ်။
“ပိုင်ထီ” ပြောင်ထင်လည်း တစ်ခဏ ထိတ်လန့်သွားတယ်။ သူ ဘာလို့ဒီရောက်နေတာလဲ။
“ဧကရာဇ်ပြောင်ထင်” ပိုင်ထီမျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းစွာနဲ့ပြောလိုက်တယ်။
“ဧကရာဇ်တွေရဲ့ သေဆုံးမှုက တကယ်ပဲ မင်းတို့လုပ်တာလား”
“ဧကရာဇ်တွေ သေပြီလို့ဘယ်သူပြောလဲ” ပြောင်ထင်က ငတုံးကိုကြည့်နေရသလို ကြည့်မိလိုက်တယ်။
“ပိုင်ထီ၊ မင်း သူ့စကားကိုယုံနေတာတော့ မဟုတ်ပါဘူးနော်၊ မင်း ဝူတိဂိုဏ်းက ကြီးမြတ်တဲ့နတ်သမီးက ဘယ်လိုလူမျိုးလဲဆိုတာ မသိတာတော့ မဖြစ်နိုင်ပါဘူး” တကယ်လို့ ကြီးမြတ်တဲ့နတ်သမီးသာ အဇဋာလောကကို အုပ်ချုပ်ချင်ရင် သူ ထောင်ချောက်ဆင်ဖို့လိုပါဦးမလား စကားတစ်ခွန်းနဲ့တင် သူတို့ သူမရှေ့ ဒူးထောက်ရမှာ။
ပိုင်ထီ တကယ်မသိပေမဲ့ သူတို့အရေအတွက်ကို ရေတွက်နေပုံပေါ်တဲ့ ယိချင်းဆီ စိုးရိမ်ကြောင့်ကြာစွာ လှမ်းကြည့်လိုက်တယ်။
“ဧကရာဇ်တွေ အဆင်ပြေတယ်လို့ ပြောနေတာလား”
ပိုင်ထီက ပိုပြီးတောင် မရေမရာဖြစ်လာတယ်။
တကယ်တော့ ဝူတိဂိုဏ်းက ဧကရာဇ်တွေကို ထောင်ချောက်ဆင်နေခဲ့တာလို့ လုမင် ပြောလာချိန် သံသယဝင်နေခဲ့တာ။ ဒါပေမဲ့ သူစစ်ဆေးကြည့်ချိန် တခြားဧကရာဇ်တွေအားလုံးက သူတို့နန်းတော်မှာ ရှိမနေတာ နားလည်ခဲ့ရတာ။ သူ နဂိုက ဝူတိဂိုဏ်းကို အကြွေးတင်ထားတာမို့ အမတတွေအားလုံး ဒီကိုလာစုဝေးတာမြင်ချိန် ပြင်လို့မရတဲ့တစ်ခုခုဖြစ်မှာဆိုးလို့ သူပါ လိုက်လာခဲ့တာပဲ။
“သေချာပေါက် သူတို့အဆင်ပြေတာပေါ့” ပြောင်ထင် ခေါင်းယမ်းပြီး လုမင်ဘေးရပ်နေတဲ့ ဟွေ့လင်ကို လက်ညှိုးထိုးလိုက်တယ်။
“အဲနေ့က သူ့အကြီးအကဲတွေကို သစ္စာဖောက်ပြီး ပိတ်လှောင်ခဲ့တဲ့သူက ဒီမိန်းကလေးပဲ၊ ဧကရာဇ်တွေကို ဝူတိဂိုဏ်းက ကယ်တင်ပေးခဲ့တာ၊ အခု သူတို့ အနားယူနေပြီး ရက်ပိုင်းကျ ပြန်လာနိုင်လိမ့်မယ်”
“ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ၊ ကျုပ်ဆရာတူညီမလေးက ဒီလိုလုပ်ရပ်တွေ မလုပ်ခဲ့ဘူး” လုမင်က အသံမြှင့်ပြီး ပြန်ခွန်းတုံ့ပြန်တယ်။
“တကယ်လို့ခင်ဗျားပြောသလိုဆို ဧကရာဇ်တွေကို ဖိတ်ပြီး ကျုပ်တို့နဲ့မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်ရင်ရော”
ပြောင်ထင် တောင့်ခဲသွားတယ်။ တကယ်လို့ မုန်လာဥဖြူတွေသာ ထွက်လာနိုင်ရင် သူ ဒီဦးနှောက်သေနေတဲ့အအတတွေကို နားချဖို့ ဘယ်လိုတော့မလဲ။ အဲပုံရိပ်ကိုသာ မြင်သွားရင် ဘယ်လောက် အရှက်ကွဲမလဲဆိုတာ အသာထား၊ သူတို့တိုက်ခိုက်မှုစွမ်းရည်ဆုံးရှုံးသွားတယ်ဆိုတဲ့ အခြေအနေက တခြားအမတတွေ သူတို့အပေါ် အကောက်ကြံဖို့ အခြေအနေကို ပေးလိုက်သလိုဖြစ်ပြီး တကယ်သေသွားလိမ့်မယ်။ ဒါက သူတို့အားလုံးနန်းတော်ဆီ မပြန်ဘဲ ဝူတိဂိုဏ်းမှာပဲနေရတဲ့ အကြောင်းရင်းပဲ။ အနည်းဆုံးတော့ ဒီမှာနေချိန် လုံခြုံရေးကို စိုးရိမ်စရာမလိုဘူး။
“အားလုံးပဲ” လုမင်က တစ်ဖက်လှည့်ပြီး သူ့နောက်က အမတတွေကို မီးမွှေးပြန်တယ်။
“ဝူတိဂိုဏ်းက ဧကရာဇ်တွေကို ဖမ်းဆီးဖို့ ချင်းဇယ်အဇဋာဧကရာဇ်နဲ့ပူးပေါင်းခဲ့တာ၊ ကျုပ်ဆရာတူညီမက ကိုယ်တိုင် မြင်ခဲ့ရပြီး ကျုပ်တို့ဆီ သတင်းပါးဖို့ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရတာပဲ၊ အခုပြောင်ထင် ဒီမှာရောက်နေပြီဆိုတော့ အကောင်းဆုံးသက်သေပဲ၊ ပြီးတော့ သူတို့လုပ်ခဲ့တဲ့ ယုတ်မာတဲ့ကိစ္စတွေက ဒါတွေပဲမဟုတ်ဘူး” သူက ပြောရင်း ဘေးမှာရပ်နေတဲ့ဟွေ့လင်ဘက်လှည့်ကာ ညင်ညင်သာသာပြောလေတယ်။
“ဆရာတူညီမလေး၊ မကြောက်ပါနဲ့၊ သူတို့ဘာလုပ်ခဲ့လဲဆိုတာ အားလုံးကိုပြောပြလိုက်”
ဟွေ့လင်က ပြောင်ထင်ကိုကြည့်ပြီး သူမမျက်ဝန်းထဲ ပျာယာခတ်သွားပြီး ချက်ချင်း ကြောက်လန့်တဲ့ပုံစံနဲ့ အကြည့်ပြန်ရုတ်သွားတယ်။ ဒါပေမဲ့သူမအသံကတော့ ကြည်လင်ပြတ်သားနေတယ်။
“ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ်ရှန်းရင်က နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ဧကရာဇ်တွေကို ချုပ်နှောင်ဖို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ် အင်းကွက်အစီအရင်ဖန်တီးခဲ့တာ… မြင်ခဲ့ရပါတယ်၊ ပြီးတော့ သူတို့က နတ်ဆိုးလောကဆီ တံခါးကိုတောင် ဖွင့်ဖို့ကြိုးစားသေးတယ်”
သူမစကားဆုံးဆုံးချင်း အကုန်လုံးက အုတ်အော်သောင်းနင်းဖြစ်သွားတယ်။
“နတ်ဆိုးတွေ”
“နတ်ဆိုးတွေတောင် ပါနေတာပဲ၊ ဧကရာဇ်တွေ သူတို့ရဲ့သားကောင်ဖြစ်သွားတာ မဆန်းတော့ဘူး”
“ခုတလော ကောင်းကင်အလွန်မှကောင်းကင်များမှာ နတ်ဆိုးချီတွေအများကြီး ရှိနေတာလေ၊ နတ်ဆိုးဘုံဆီ တံခါးက ပွင့်ပြီးသားများ… ဖြစ်နိုင်မလား”
“အမတကျင့်ကြံသူတွေဖြစ်ပြီးတော့ တကယ်ပဲ နတ်ဆိုးတွေနဲ့ ပူးပေါင်းတယ်ပေါ့လေ၊ ဒီအယုတ်တမာတွေကို နှိမ်နင်းပစ်ဖို့လိုတယ်”
“အမှန်ပဲ၊ ဧကရာဇ်တွေအတွက် လက်စားချေ”
တစ်ခဏတာအတွင်း စောနက ငြိမ်ကျသွားခဲ့တဲ့ အမတတွေက ဗရုတ်ကျလာပြန်ပြီ။
“…” သောက်ကျိုးနည်းငတုံးတွေဟေ့
ပြောင်ထင် ဒေါသထွက်လွန်းလို့ သူ့ကိုယ်သူ နာကျင်လာတာ ခံစားလိုက်ရသလိုပဲ။ သူ ဒီသေတွင်းတူးတဲ့လူတွေကို ရုတ်တရက် ဂရုမစိုက်ချင်တော့ဘူး။ မြေကြီးပေါ်လဲနေတဲ့သူတွေက သူ့ချင်းဇယ်က အမတတွေမဟုတ်မှာမို့ လုပ်ချင်တာလုပ်ကြတော့ပဲ။
“ခုခံမှုမရှိ လက်လျှော့ဖို့ အကြံပေးချင်တယ်” လုမင်အမူအရာက မာထန်ပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးကို ကြည့်ကာဆက်ပြောတယ်။
“အဲဒါမှ ကျုပ်တို့အမတတွေ အရေးယူစရာမလိုမှာ”
“အားလုံးပဲ…” ဟွေ့လင်ကလည်း ရှေ့ကိုလျှောက်လာပြီး သူမမျက်လုံးထဲ အရောင်တစ်မျိုး ဖြတ်ပြေးသွားတယ်။ “ဒီကိစ္စတစ်ခုလုံးက ဂိုဏ်းချုပ်ရှန်းနဲ့ သူမနောက်လိုက်တွေရဲ့ အကြံပဲဖြစ်မယ် ကျွန်မတွေးသလောက်တော့… ဝူတိဂိုဏ်းတပည့်အများစုက အပြစ်ကင်းတယ်လို့ ထင်တာမို့ အရေးကြီးဆုံးက ဂိုဏ်းချုပ်ရှန်းကို အနိုင်ယူပြီး ယူသွားခံခဲ့ရတဲ့ အရပ်ဆယ်မျက်နှာ ကောင်းကင်လက်နက်ကို ပြန်ယူဖို့ပဲ၊ ကျွန်မတို့ သေချာပေါက်တခြားသူတွေကို အခက်တွေ့အောင် မလုပ်ပါဘူး”
သူမက တမင်သက်သက် အရပ်ဆယ်မျက်နှာ ကောင်းကင်လက်နက်ဆိုတာ ထည့်ပြောခဲ့တယ်။
ထင်ထားတဲ့အတိုင်းပဲ လူအုပ်ကြီးက ဒါကိုကြားချိန် မျက်လုံးတွေတောက်ပသွားပြီး စတင်အော်ဟစ်ကြတော့တယ်။
“အမှန်ပဲ၊ အဲခွေးမရှန်းရင်နဲ့ ကောင်းကင်လက်နက်ကို အပ်စမ်း”
“ကောင်းကင်လက်နက်က သေချာပေါက် နတ်ဆိုးတေံလက်ထဲ ကျရောက်လို့မဖြစ်ဘူး”
“အမှန်ပဲ၊ လက်လွှဲပေးစမ်း ရှန်း…”
လူအုပ်ကြီးရဲ့ အော်သံတွေက မဆုံးသေး၊ အလင်းတန်းသောင်းချီ မြေကြီးကနေ တောက်ပလာပြီး လူအုပ်ကြီးဆီ အားကြီးတဲ့ဖိနှိပ်မှုအရှိန်နဲ့ ပျံသန်းသွားကာ တန်းတန်းမတ်မတ် ထိုးဖောက်သွားခဲ့တယ်။
လူတွေအများကြီး ရှောင်တောင်မရှောင်လိုက်နိုင်ဘဲ ကောင်းကင်ကနေ ချက်ချင်းပြုတ်ကျကုန်တယ်။ ပြောင်ထင်တောင် ထိမှန်လုနီးပါးဖြစ်သွားပြီး သေချာအာရုံစိုက်ကြည့်လိုက်တော့ ဓားမိုးမှန်း နားလည်လိုက်ရတယ်။
ရုတ်တရက် အားလုံးက ပကတိတိတ်ဆိတ်သွားတယ်။
“ယိ… ဧကရာဇ်ယိချင်း” ပြောင်ထင်က လေထဲပျံလာတဲ့ယိချင်းကို ကြည့်ပြီး မှင်တက်နေမိတယ်။ သူ့လက်ထဲကဓားက ဓားချီတွေရှိနေဆဲဖြစ်ပြီး နောက်မှာတော့ ရွှေအမတကနေ စိတ်တန်ခိုးအမတကျင့်ကြံဆင့်တွေ ရှိကြတဲ့တပည့်တွေ။ သူတို့ထဲက အမြင့်ဆုံးက မဟူရာအမတအဆင့်ပဲရှိသေးတယ်။ သူတို့အားလုံးက အင်းကွက်အပြင်က အမတတွေကို ကြည့်နေတဲ့ပုံတွေက… စိတ်လှုပ်ရှားနေတဲ့အမူအရာတွေနဲ့ပါလား။
(⊙_⊙)?
“အဓိပ္ပာယ်မရှိတာတွေ တော်တော့” ယိချင်းက ဟွေ့လင်နဲ့ လုမင်ရှိရာဘက်ကို ဓားကိုယမ်းလိုက်တယ်။
“တကယ်လို့ မင်းတို့တိုက်ခိုက်နိုင်ရင် ညှိနှိုင်းဖို့ မကြိုးစားနေနဲ့”
ပြောင်ထင် ။ ။ “…” ကြီးမြတ်တဲ့နတ်သမီးကပဲ ပိုပြီးအကြမ်းပတမ်းနိုင်တယ်လို့ အမြဲတွေးခဲ့တာ။ ဝူတိတစ်ဂိုဏ်းလုံးက အဲလိုမျိုးလား။
ယိချင်းကိုယ်ထဲက ဓားချီက ပေါက်ကွဲဲလာပြီး သူ့နောက်မှာ ဓားအမတခြောက်ချောင်းကို ဆင့်ခေါ်လိုက်တယ်။ တစ်ချောင်းချင်းစီက ပြည့်လျှံနေတဲ့ ဓားချီတွေနဲ့။ အမတတွေ အင်းကွက်ရဲ့တစ်ဖက်ခြမ်းက ပြည့်ကျပ်နေတဲ့ အငွေ့အသက်ကို ခံစားရလုနီးပါးပဲ။ နောက်အခိုက်အတန့်မှာတော့ ဓားအမတခြောက်ချောင်းက ဓားမိုးတွေအဖြစ် ပြောင်းလဲသွားပြန်ပြီး ဓားသောင်းချီက အစီအရင်ပုံစံတစ်ခုအဖြစ် သူတို့ဘာသာစီသွားကာ အမတတွေဆီ တန်းတန်းမတ်မတ် ပျံသန်းသွားတယ်။
“အာ ကြီးမြတ်တဲ့နတ်ဒေဝါရှန်းဘယ်မှာလဲ” ပြောင်ထင်က ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ရှန်းရင်အနားမှာ ရှိမနေတာ သိလိုက်ရတယ်။ သူ့အမူအရာ ပြောင်းလဲသွားခဲ့တယ်။ တကယ်ပဲ ကြီးမြတ်တဲ့ နတ်ဒေဝါကို အနားမှာမထားတာ အဆင်ပြေရဲ့လား။
“ဆရာက လုပ်စရာအရေးကြီးကိစ္စတွေ ရှိတာမို့ မလာနိုင်ပါဘူး” ယိချင်းက ခပ်တိုးတိုးအသံနဲ့ပြောတယ်။
“ကျုပ်တို့နဲ့တင် လုံလောက်နေပြီ”
“ဒါဆို အဲဒါ… ခဏ ယိချင်း အလောမကြီး…”
သူ စကားမဆုံးခင် ယိချင်းက လက်ကိုယမ်းပြီး ပြောတယ်။
“လုပ်တော့”
“ဟုတ်ကဲ့” တပည့်တွေအားလုံးက ပြန်ဖြေတယ်။
“…” ခဏနေပါဦးဟ၊ တစ်ဖက်ခြမ်းမှာ အမတထောင်ချီနော်။
ချက်ချင်းပဲ ဓားသောင်းချီက ပစ်ထွက်ပြီး အင်းကွက်အပြင်ဘက်ဆီ ပြေးထွက်ခွာတော့မဲ့ဆဲဆဲ။
ရုတ်တရက် ရင်းနှီးနေတဲ့ အသံတစ်သံကို အနောက်ဆောင်ကနေ ကြားလိုက်ရတယ်။
“စားဖိုမှူး…”
အင်းကွက်အပြင်ဘက်ကို ခုလေးတင်ပြေးထွက်ဖို့လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ လေထဲ အရေးပေါ် ရပ်သွားတယ်။ ကောင်းကင်ကဓားမိုးတွေတောင် ရုတ်ခြည်းရပ်ကုန်တယ်။
“ဆရာ”
ပြောင်ထင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ကျေးဇူးပါ၊ တစ်ယောက်ယောက် ဒီမှာရှိနေတာပဲ။
ဒါပေမဲ့ နောက်တစ်ကြိမ် အသံတစ်သံကို ကျယ်လောင်စွာ ကြားလိုက်ရတယ်။
“နင် ရှာလကာရည်ကို ဘယ်နားထားထားတာလဲ၊ ငါရှာမတွေ့ဘူး”
ပြောင်ထင် ။ ။ “…”
ပိုင်ထီ ။ ။ “…”
လုမင် ။ ။ “…”
အားလုံး ။ ။ “…”
ရှာလကာက သောက်ကျိုးနည်းဘာလဲဟ။ ခဏနေပါဦး၊ ဘာလို့ ကြီးမြတ်တဲ့နတ်ဒေဝါက အနောက်ဆောင်က စားပွဲတစ်လုံးရှေ့ ထိုင်နေတာလဲ။ သူမရှေ့က အချောင်းပုံစံ အပုံကြီးကရော ဘာလဲ။
ဖက်ထုတ်တွေလား။
သူမ ဆောင်ရွက်ရမယ်ဆိုတဲ့ အရေးကြီးကိစ္စတွေက ဘာဖြစ်သွားတာလဲ။ သူမရဲ့ အရေးကြီးတဲ့ကိစ္စတွေက ဖက်ထုတ်စားတာလား။ ပြီးတြော သူမ ရှာလကာရည် မရှာနိုင်တဲ့ အချက်ကရော။
(╯°Д°)╯(┻━┻
စားပွဲလှန် ဒါ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတိုက်ပွဲနော်၊ ဘာလို့ အပြင်လူကပဲ စိုးရိမ်နေရတဲ့ တစ်ဦးတည်းလူဖြစ်နေတာလဲ။
“ခဏနော် ဆရာ” ယိချင်းက တုံ့ဆိုင်းမှုမရှိ ပြန်ဖြေပြီး ကောင်းကင်ကနေ အနောက်နန်းဆောင် မီးဖိုချောင်ထဲ ဆင်းသွားတယ်။
သုံးစက္ကန့်အတွင်း သူက လက်ဖက်ရည်ပန်းကန်ပြားတချို့ ထုတ်လာပြီး ရှန်းရင်ရှေ့ခင်းကာ တည်ကြည်စွာ ပြောလာတယ်။
“ဆရာ ဒါရှာလကာရည်၊ ဒါ ငရုတ်သီး၊ ဒါနံနံပင် ကြက်သွန်မြိတ်ပါ”
“အိုး ငါက တကယ်ကို တို့စရာအချဉ်ရည် မပါဘဲ ဖက်ထုတ်စားနေကျ မဟုတ်လို့လေ”
“ဆရာ့မှာ တခြားအမိန့်တွေ ရှိပါသလား”
“ဟင့်အင်း နင်အခု အလုပ်များလို့ရပြီ”
“ဟုတ်ကဲ့ဆရာ”
သူက နောက်တော့ တည်ငြိမ်ပြီး တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့အကြည့်နဲ့ လူအုပ်ကြီးထဲ ပြန်ဝင်လာတယ်။ သူက လက်ထဲ သူ့လက်နက်ကိုကိုင်ထားပြီး လေထဲက အမတတွေကိုကြည့်ကာ သူ့ဆီကနေ ဓားချီတွေထွက်နေတာက စောနကတင် မီးဖိုချောင်ထဲပြေးသွားပြီး အချဉ်ရည်လုပ်ပေးခဲ့တာ သူမဟုတ်သလိုပဲ။
ခဏနေပါဦး သူ့လက်ထဲကိုင်ထားတာက သောက်ကျိုးနည်း ယောက်မဟ။
w(゚Д゚)w
“လုပ်ကြတော့” တပည့်တွေက နောက်တစ်ကြိမ်ဖြေကြတယ်။
တုံ့ဆိုင်းမှုမရှိ ဓားသောင်းချီက ဇဝေဇဝါဖြစ်နေဆဲ အမတတွေဆီ ပျံသန်းသွားတော့တယ်။
ပြောင်ထင် ။ ။ “…”
ခဏ သူတို့ဘာလို့ စတိုက်ခိုက်နေကြတာလဲ။ ဒီတပည့်တွေမှာ မေးခွန်း မရှိတော့ဘူးလား။ သူ တိုက်ခိုက်ရေးအလယ်မှာ မီးဖိုချောင်ထဲဝင်တာက ပုံမှန်ကိစ္စပဲလား။ ဘာလို့ အမတတွေက မတိုက်ခိုက်ခင် သူ အချဉ်ရည်လုပ်ပြီးတာကို စောင့်နေရသေးတာလဲ။
အရေးကြီးဆုံးက…။
ဘာလို့ ယိချင်းက ယောက်မကိုင်ထားတာတောင် အမတတွေက ဖက်ထုတ်တွေလို အထုထောင်းခံနေရသေးတာလဲ။
သူ ယောက်မကိုင်ပြီး ဝှေ့ယမ်းနေတာကရော ထူးဆန်းတယ်လို့ ဘယ်သူမှမခံစားရဘူးလား။
ဘာလို့လဲ။
…