အခန်း ၂၀၁ ။ ညီအစ်ကိုနှစ်ယောက်ရန်ကြွေး
“လန်ဟွား” လန်ယွီက ပထမဆုံးထရပ်သူ။ သူ အားလက်ကျန်မရှိတော့ပေမဲ့ သူ့အစ်ကိုကိုတော့ ဒေါသတကြီး စိုက်ကြည့်နေဆဲ။
“မင်းက လုံးဝမပြောင်းလဲသေးဘူး၊ မင်းက ယုတ်မာပြီး ရွံစကာကောင်းနေတုန်း” သူ့ကို ကူညီဖို့တောင် လူတွေခေါ်လာတယ်ပေါ့။
“ဘယ်နည်းနဲ့ ငါက ယုတ်မာပြီး ရွံစရာကောင်းတာလဲ”
လန်ဟွားရဲ့ဒေါသလည်း ဆူပွက်တဲ့အခြေအနေကို ရောက်နေပြီ။ သူတို့နှစ်ယောက်လုံး တိုက်ခိုက်ဖို့ အားလက်ကျန် မရှိတော့တာမို့ စကားစစ်ပဲထိုးနေရတော့တယ်။
“မင်းကမှ ငါ မကောင်းဆိုးဝါးဖြစ်လာအောင် လှည့်စားခဲ့တဲ့သူ မဟုတ်ဘူးလား”
“လုပ်တော့ဘာဖြစ်လဲ” လန်ဟွားက ပိုပြီးတောင် ဒေါသထွက်လာတယ်။
“မင်းငါ့ကို လုပ်ခဲ့တာက ပိုတောင်ဆိုးသေးတယ်၊ မင်း အကြိမ်တစ်ထောင်သေရင်တောင် ငါမင်းကို ခွင့်မလွှတ်ဘူး၊ မင်းကို လွှတ်မပေးခဲ့ရမှာ”
“ငါဘာလုပ်ခဲ့လို့လဲ” လန်ဟွားက ဒေါသတကြီး ပြန်ကြည့်လိုက်တယ်။
“မင်းက တစ်ဦးတည်းသောညီ၊ ငါက မင်းကို ကျင့်ကြံမှုလေ့ကျင့်ရေးမှာ လမ်းပြခဲ့ပြီး ယွင်ကျယ်တိုင်းပြည်ကိုတောင် အုပ်ချုပ်ခွင့်ပေးခဲ့သေးတယ်၊ ငါဘာလုပ်ခဲ့မိလို့လဲ”
“မင်းဘာလုပ်ခဲ့လဲဆိုတာ မေးရဲသေးတယ်ပေါ့”
လန်ယွီကနှာမှုတ်တယ်။
“မင်းဘာလုပ်ခဲ့လဲ မင်းကောင်းကောင်းသိမှာပါ”
“ပြောပါဦး ငါ ဘာလုပ်ခဲ့လဲ”
“ဝမ်ချင်ဖြစ်ခဲ့တဲ့ကိစ္စက မင်းနဲ့မဆိုင်ဘူးလို့ မပြောနဲ့နော်”
“ဝမ်ချင်လား” လန်ဟွားက အူကြောင်ကြောင်ဖြစ်နေတဲ့ပုံ။
“သူက ဘယ်သူလဲ”
“ခွေး*သား” လန်ယွီက ပေါက်ကွဲပြီး လန်ဟွားဆီ ပြေးတက်ကာ လည်ပင်းညှစ်တော့တယ်။
“မင်းက ဟန်ဆောင်ဖို့ ကြိုးစားနေသေးတယ်ပေါ့၊ လူဖြစ်ဖို့တောင် မတန်ဘူး”
ကူယွဲ့က ချန်ကောကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်တယ်။ သူတို့ ညီအစ်ကိုတွေဆီ လျှောက်သွားပြီး နှစ်ယောက်သားကိုဆွဲခွာလိုက်တယ်။
ဧကရာဇ်နှစ်ပါးကြားက တိုက်ခိုက်မှုက ကြောင်ရန်ဖြစ်ပွဲအဖြစ် နိမ့်ဆင်းသွားခဲ့ပြီ ကောင်းကင်တံခါးကို စောင့်ကြပ်ရတဲ့ အမျိုးသမီးအမတတွေတောင် စိုးထိတ်ကုန်တယ်။ ဒါက… တကယ်ပဲ ဧကရာဇ်ဟုတ်ရဲ့လား။
“ငါ့ကိုလွှတ်” လန်ဟွားအော်ဟစ်ရင်း ရုန်းဖို့ကြိုးစားလိုက်တယ်။
“ငါ ဒီနေ့ ဒီကိစ္စကို အဆုံးထိသွာမးယ်၊ ငါက ဘာဖြစ်လို့ လူဖြစ်ဖို့မထိုက်တန်ရမှာလဲ၊ ငါအဲဝမ်ဆိုတဲ့လူနဲ့ ဘာလုပ်မိလို့လဲ”
“မင်း ဘယ်တုန်းကလူလိုပြုမူဖူးလို့လဲ” လန်ယွီက ပြန်ခွန်းတုံ့ပြန်ပါလေရော။
“ဝမ်ချင်က ငါ့တာအိုလက်တွဲဖော်လေ၊ မင်း သူ့ကိုမသိဘူးပြောရဲတယ်လား”
“တာအိုလက်တွဲဖော်လား” လန်ဟွား အူကြောင်ကြောင်ဖြစ်သွားပြီး နောက်တော့ အံ့ဩတကြီးအကြည့် ပေါ်လာတယ်။
“မင်းဘယ်တုန်းက တာအိုလက်တွဲဖော်ရသွားတာလဲ၊ အမြဲ တစ်ကိုယ်တည်း ဖြစ်နေခဲ့တာ မဟုတ်ဘူးလား”
“အဲဒါအကုန်လုံးက မင်းကျေးဇူးကြောင့်လေ” လန်ယွီ့မျက်လုံးတွေက ဒေါသတွေကြောင့် ရဲရဲနီနေတယ်။
“ဝမ်ချင်နဲ့ငါက နှစ်သုံးထောင်တောင် တူတူရှိနေခဲ့တာ၊ တကယ်လို့ မင်းကြောင့် မဟုတ်ရင် သူ ငါ့ကို နှစ်ကိုယ်တူကျင့်ကြံမှုအခမ်းအနားမှာ ထားရစ်ခဲ့မှာမဟုတ်ဘူး၊ သူက မင်းကိုပဲ လက်ထပ်ချင်တာတဲ့လေ မင်း တံခါးပိတ်ကျင့်ကြံနေတဲ့တစ်ချိန်လုံး မင်းတံခါးအပြင်ဘက်မှာ စောင့်နေခဲ့တာ၊ မင်းအကြောင်း နေ့တိုင်းတွေးနေခဲ့တာလေ”
လန်ဟွားက ဒီဖွင့်ဟချက်ကြောင့် မှင်တက်သွားခဲ့တယ်။
“ငါ… ဒါကို မသိရပါလား” ပြန်စဉ်းစားကြည့်ရင် သူ မှတ်မိတဲ့တစ်ခုတည်းသောအရာက သူ့တံခါးပိတ်ကျင့်ကြံမှုတွေထဲက တစ်ခုမှာ ဆူဆူညံညံတွေဖြစ်ခဲ့လို့ သီးခြားအင်းကွက်အစီအရင်တစ်ခု ချခဲ့ရတာကိုပဲ။ ဝမ်ချင်က အဲအပြင်ကလူ ဖြစ်န်ုငလား။
“ငါ ဒီကိစ္စအကြောင်း ဘာမှမသိဘူး၊ ဝမ်ချင်လို့ခေါ်တဲ့လူအကြောင်းလည်း မသိဘူး”
“ကောင်းပြီလေ ငါ အဲကိစ္စကို ကျော်ကြည့်ရင်တောင်” လန်ဟွားက သူ့ကိုယ်သူတည်ငြိမ်အောင်ထားဖို့ အသက်ပြင်းပြင်း ရှူလိုက်တယ်။
“ယွင်ယွိ၊ ရော့ရွှမ်း၊ ချောင်ကျန်းတို့ကျတော့ရော”
“ဟမ်” လန်ဟွားက ပိုပြီးတောင် အူကြောင်ကြောင်ဖြစ်သွားတယ်။
“သူတို့က ဘယ်သူတွေလဲ”
“ဟန်မဆောင်နဲ့ ယွင်ယွိက ငါ့ဝမ်းကွဲ၊ ငါတို့ အတူတူ ကြီးပြင်းလာကြတာ၊ ရော့ရွှမ်းက အောက်ဘုံမှာတုန်းက ငါ့ဇနီးလောင်း၊ ချောင်ကျန်းက ငါ့ဆရာတူညီမ ဘယ်သူ့ကိုမှ မမှတ်မိဘူးလို့တော့ မပြောနဲ့နော်”
“ငါတကယ်ကို မမှတ်မိတာ…”
“ပါးစပ်ပေါက်ပိတ်၊ ငါ မင်းကို အခွင့်အရေးတွေ အများကြီးပေးခဲ့ပေမဲ့ မင်းက ငါ့လက်ထပ်ပွဲတွေကို ဆက်ပြီးဖျက်ဆီးခဲ့တယ်၊ မင်းသာ သူတို့ကို တကယ်ချစ်ရင် ငါဘာမှမပြောပါဘူး၊ ဒါပေမဲ့ မင်းက သူတို့ခံစားချက်တွေကို ကစားခဲ့လို့ ငါ့ကိုထားသွားကြတာ၊ မင်းက သူတို့နှလုံးသားတွေကို ခိုးယူသွားပေမဲ့ လက်ထပ်ဖို့ကျ ငြင်းတယ်၊ မင်းက တကယ့်အယုတ်တမာ အကျင့်မကောင်းတဲ့ကောင်”
“အိုး…” လူတိုင်း ထိတ်လန့်သွားကြတယ်။ သူတို့ ဘာဖြစ်နေလဲ နားလည်သွားပြီ။ လန်ယွီက သူ့ချစ်သူတွေရဲ့ ဖောက်ပြန်တာကို ခံခဲ့ရတာပဲ သူတို့တာဝန်ရှိသူကို လှည့်ကြည့်လိုက်ကြတယ်။
“မင်းတို့ ဘာလို့ ငါ့ကိုကြည့်နေတာလဲ” လန်ဟွား ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်နေပြီ။
“ငါ ဘာမှမလုပ်ခဲ့ဘူး၊ အောက်ဘုံမှာရှိနေတဲ့အချိန်တည်းက ကျင့်ကြံမှုပဲလုပ်နေခဲ့တာ၊ တံခါးပိတ်ကျင့်ကြံမှု လုပ်ရင်လုပ် မဟုတ်ရင် စမ်းသပ်လေ့ကျင့်ရေး လုပ်နေခဲ့တာချည်းပဲ၊ သူပြောတဲ့လူတွေ တစ်ယောက်မှ မမှတ်မိဘူး”
သူတို့ကို ပစ်ထားဖို့နေနေသာသာ သူတို့ထဲက တစ်ယောက်မှကိုမသိတာ။ ငယ်ငယ်တည်းက သူက ကျင့်ကြံရေးပဲ စိတ်ဝင်စားခဲ့တာ။ ဘယ်လိုလုပ် ဒီလိုနှလုံးသားရေးရာကိစ္စတွေမှာ ဝင်ပါမှာလဲ။ သူ ဆန့်ကျင်ဘက်လိင်နဲ့ဆို ပိုတောင် အထိအတွေ့ မရှိသေးတယ်။ သူ့အမေကလွဲပြီး သိတဲ့မိန်းမဆိုလို့ စိတ်နှလုံးကောင်းနဲ့ ဝူတိဂိုဏ်းက မိန်းကလေးတစ်သိုက်ပဲ။ သူ လန်ယွီပြောတဲ့ မိန်းကလေးတွေ တစ်ယောက်မှကိုမသိတာ။
“ဒါဆို ရွှယ်ကျီကရော၊ မင်းသူ့ကိုပါ မေ့ပြီလို့တော့ မပြောနဲ့”
“ရွှယ်ကျီ အဲဒီပင်လယ်ယုန်မိစ္ဆာလား” လန်ဟွားက ခေါင်းညိတ်ပြလိုက်တယ်။ ဒါကတော့ သူသိတယ်။
“အဲဒါ မင်းပျိုးထောင်ခဲ့တဲ့မိစ္ဆာ မဟုတ်လား၊ သူ ဘာဖြစ်သွားလို့လဲ” လန်ယွီက အဲမိစ္ဆာလေးကို ချစ်တယ်လေ။ အထက်ဘုံထိပါ သူနဲ့အတူ ခေါ်လာခဲ့တာ။ လန်ဟွား သူ့ရဲ့ မကောင်းဆိုးဝါးကျင့်ကြံမှုစတင်ချိန် အဲမိစ္ဆာလေးက အဆင့်မြင့်အမတဖြစ်နေပြီ။
“သူက မင်းစကားနားထောင်ပြီးတဲ့နောက် အဲလိုဖြစ်သွားတာပဲ”
“…” ဘယ်လိုဖြစ်သွားတာလဲ။
“ပင်လယ်ယုန်တွေက လိင်မရှိဘူးဆိုတာ မင်းသိမှာပါ၊ သူတို့တာအိုလက်တွဲဖော်ကို အတည်ပြုပြီးမှ သူတို့လိင်အမျိုးအစားကို ရွေးချယ်ကြတာ၊ မင်းသာမပြောခဲ့ရင်…” လန်ယွီက အံကြိတ်ပြီး ဆက်ပြောလိုက်တယ်။
“သူ အထီးဖြစ်လာမှာမဟုတ်ဘူး”
“အိုး”
ဒါက စိတ်လှုပ်ရှားစရာပဲ။ လူတိုင်းက ဒီဇာတ်လမ်းဖွံ့ဖြိုးမှုအပေါ် မှင်တက်ကုန်ကြတယ်။
လန်ယွီက လောကထဲ ကံမကောင်းဆုံးညီပဲဖြစ်ရမယ်။
လန်ဟွားကြည့်ရတာ ကြောင်နေတဲ့ပုံ။ လန်ယွီ အဲပင်လယ်ယုန်ကို ချစ်တာ သူသိတယ်။
“သူက အထီးဖြစ်လာတယ်၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်…”
သူ တစ်စုံတစ်ရာကို မှတ်မိပြီး တိတ်သွားတော့တယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းက တစ်ယောက်ယောက်က သူ့ကို ယောက်ျားဖြစ်ရတာပိုကောင်းလား မိန်းမဖြစ်ရတာပိုကောင်းလား မေးခဲ့ဖူးတယ်။ သွေးအပြည့်ယောက်ျားတစ်ယောက်မို့ သူရှေ့တစ်ခုကို သေချာပေါက်ရွေးခဲ့တာပေါ့ ယောက်ျားတစ်ယောက်က သန်မာပြီး တိုက်ခိုက်နိုင်တယ်။ အဲဒါထက် ဘယ်ဟာပိုကောင်းနိုင်မှာလဲ။
သူ့ကို မေးခဲ့တဲ့အဲလူက ပင်လယ်ယုန်လား။
သူ အတွေးကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။
လန်ယွီ ဒေါသမြင့်တက်လာတော့တယ်။ သူက ဒီပင်လယ်ယုန်ကို မိန်းမတော်မယ်ဆိုတဲ့ အကြံနဲ့ အကြာကြီး ပျိုးထောင်ခဲ့တာ။ သူ့စကားတစ်လုံးကြောင့်နဲ့ အထီးဖြစ်သွားတယ်တဲ့လေ သူ ဒါကိုစဉ်းစားတိုင်း လန်ဟွားကို အပိုင်းပိုင်းခုတ်ချင်မိတယ်။
သူတို့ အောက်ဘုံမှာရှိတည်းက အဲလိုပုံစံပဲ။ လန်ဟွား တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာတိုင်း လန်ယွီ့ရည်းစားတွေက သူ့အစ်ကိုဆီ မေတ္တာမျှပြီး သူ့ကို စွန့်ခွာသွားတော့တာပဲ။ အကြိမ်တိုင်းပဲ… တစ်ခါလေးမှတောင် မလွဲ။
“မင်း ဒီမယားလုတဲ့ကိစ္စကို အကြိမ်ရေအများကြီး လုပ်ခဲ့တာ၊ မင်းကို မကောင်းဆိုးဝါးပြောင်းတာက ငါ သက်ညှာရာကျလွန်းတယ်”
“ညီလေးယွီ…” လန်ဟွားကြည့်ရတာ လမ်းပျောက်နေတဲ့ပုံ။
“ငါ ဒါတွေ ဘာမှမသိဘူးလေ၊ ငါ ဘယ်လိုလုပ်သိမှာလဲ သူ… ဟေး တခြားလူတွေ တစ်ခုခုပြောဦးလေ၊ ငါ့အပြစ်မှ မဟုတ်တာ”
လန်ဟွားက သူ့အသင်းဖော်တွေကို အနူးအညွှတ်ကြည့်လိုက်တယ်။
သူတို့က ချက်ချင်း နောက်ဆုတ်သွားလေရဲ့။ လန်ယွီ့ကို ထိန်းထားတဲ့ချန်ကောတောင် လက်ကို လွှတ်ချလိုက်တယ်။ လူတိုင်းက သူ့ကိုမသိသလိုပြုမူကြတော့တယ်။
“မင်းတို့…” သူတို့က သူ့ကိုပေါ်တင် သစ္စာဖောက်နေတာပဲ
မသေမျိုးချီ နည်းနည်းပြန်ရလာပြီဖြစ်တဲ့လန်ယွီက ရှေ့တက်လာတယ်။
“မင်းမှာ အခုပြောစရာရှိပြီလား”
“…” လန်ဟွားက ဆွံ့အနေမိတယ်။
ပွဲကြည့်ပရိသတ်တွေက သူနဲ့ဘာမှမပတ်သက်ချင်သလိုမျိုး ပိုပြီးနောက်ဆုတ်သွားကြတယ်။ သူတို့အားလုံးက… လန်ယွီ့နောက် ရပ်နေတယ်။
“ဧကရာဇ်လန်ယွီ၊ ဆက်ပြီးတိုက်ခိုက်ပါလား၊ ဒါကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး”
“မိသားစုတိုင်းမှာ သိုးမည်းဆိုတာရှိတာပဲ၊ ခံစားချက်နားလည်တာမို့ ကျေးဇူးပြုပြီးဆက်လုပ်ပါ”
“လက်နက်တွေလိုလား၊ ကျွန်မဟာယူပါ”
“ကွာစေ့စားဦးမလား၊ တိုက်ခိုက်ဖို့ အားလိုတယ်လေ”
လန်ဟွား ။ ။ “…”
မင်းတို့က ဘယ်ဘက်ကတုံး။ သူက အပြစ်မဲ့ပါတယ်နော် ပင်လယ်ယုန်မိစ္ဆာနဲ့ စကားနည်းနည်းပြောဖူးတာကလွဲ တခြားသူတွေကို စကားတောင် မပြောဖူးဘူး။
“အာ့ဟွား” ချိုမြပြီး နူးညံ့တဲ့မိန်းကလေးတစ်ယောက်အသံက လှမ်းခေါ်လာတယ်။
တိုက်ခိုက်ဖို့ပြင်နေတဲ့ လန်ယွီတစ်ယောက် အသံကြောင့် တုန်ယင်သွားတော့တယ်။
အားလုံး ။ ။ “…”
လန်ယွီတော့ ထပ်ပြီးဦးထုပ်စိမ်း ဆောင်းခံရတော့မယ်။
…