အခန်း ၂၀၀ ။ ကောင်းကင်တံခါးအင်းကွက်ကို ချိုးဖောက်ခြင်း
ရှန်းရင်က ကျောက်ပြားဆီ လျှောက်လာခဲ့တယ်။ ချက်ချင်း ကျောက်ပြားရဲ့ ထိပ်ပေါ်မှာ အင်းကွက်က လင်းသွားခဲ့တယ်။ သူမ ဘာတွန်းလှန်မှုမှမကြုံရဘဲ တန်းတန်းမတ်မတ် လျှောက်လာတယ်။ ရင်းနှီးနေတဲ့အသံက သူမလက်ထဲကိုင်ထားတဲ့ အဝါရောင် အသံလွှင့်အဆောင်ဆီကနေ ထွက်လာပါလေရော။
“ရှန်းရင် မင်း ငါပြောတာ ကြားရလား၊ မင်းရှေ့က အနီရောင်အင်းကွက်ကိုမြင်လား”
ရှန်းရင် အဝေးမှာတစ်လက်လက်တောက်ပနေတဲ့ အနီရောင်အလင်းကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့မှ တစ်ဖက်ကလူက သူမကို မမြင်နိုင်တာ သတိရသွားပြီး ပြန်ဖြေလိုက်တယ်။
“အင်း”
“ဘယ်ဘက်ကအင်းကွက်ထဲဝင်၊ အင်းကွက်အလယ်မှာ အမတကျောက်တုံးတစ်ပိုင်းကို တွေ့လိမ့်မယ်၊ မြင်ရလား”
“အင်း”
“ကောင်းပြီ၊ အဲကျောက်တုံးက အင်းကွက်ကို အသက်သွင်းတဲ့ ခလုတ်ပဲ၊ ကျောက်တုံးကိုဖယ်ပြီး ငါတို့ဝင်လို့ရအောင်လုပ်လိုက်”
“ကောင်းပြီလေ”
“ငါတို့က ဒီကိုစုံစမ်းဖို့လာတာနော်၊ ရန်ဖြစ်ဖို့ မဟုတ်ဘူး၊ ကျောက်တုံးကလွဲ တခြားဘာမှမထိနဲ့”
“ကောင်းပြီလေ”
“မှတ်ထားနော် ဘယ်ဘက်က အင်းကွက်၊ ညာဘက်ကျောက်တုံးက အင်းကွက်ကျောက်တုံး၊ အဲဒါကိုဖယ်လိုက်ရင်…”
သူစကားမဆုံးခင် အသံအကျယ်ကြီးထွက်လာတယ်။ ကောင်းကင်တံခါးကို ပိတ်ထားတဲ့ ကျောက်ပြားက ပြိုလဲသွားပြီး မြေကြီးပေါ် အပိုင်းစလေးတွေအဖြစ် တစစီဖြစ်သွားခဲ့လေတယ်။ ဖုန်မှုန့်အလိပ်လိုက်ကနေတစ်ဆင့် အရှေ့တည့်တည့်ကလူတစ်ယောက် မျက်နှာပေါ် ကြောင်အမ်းနေတဲ့ အမူအရာနဲ့ အင်းကွက်ကျောက်တုံးတစ်ခုကို ကိုင်ထားတာကို ခပ်ဝါးဝါးမြင်နိုင်ပါတယ်။
လေးယောက်သား ။ ။ “…”
“အာ…” ရှန်းရင် သူမလက်ထဲက အမတကျောက်တုံးကိုငုံ့ကြည့်လိုက်တယ်။
“ပိတ်သွားပြီလား”
“…”
စားပွဲလှန်
“ငါ့ခြေထောက်… ပိတ်သွားပြီလေ” သူမက အင်းကွက်တစ်ခုလုံးကို ဖျက်ဆီးလိုက်တာပဲ ကူယွဲ့ ဆွေ့ဆွေ့ခုန်အောင် စိတ်တိုနေရပြီ။
“မင်း ဖျက်ဆီးရတာကို ကြိုက်ရုံမဟုတ်လား၊ မင်းက အရပ်မျက်နှာငတုံးဆိုတာ သိပေမဲ့ အနည်းဆုံးတော့ ဘယ်နဲ့ညာ သိသင့်တယ်လေ”
“ဒါ ဘယ်ဘက်မဟုတ်ဘူးလား” ငါ့ဘယ်ဘက် ဘယ်မှာလဲတော့ သိပါတယ်ဟ၊ ပန်းကန်လုံးကို ကောက်ယူဖို့ သုံးနေကျလက်လေ။
“မင်းက အခုငါတို့ဘက်ကို မျက်နှာမူထားတာလေ၊ အဲတော့ သေချာပေါက် ခုဒါက မင်းဘယ်ဘက်ပေါ့၊ ငါဆိုလိုတာက မင်းလာခဲ့တဲ့ ဦးတည်ဘက် မင်းဝင်လာခဲ့တဲ့နေရာကို ပြောတာဟ၊ နားလည်ပြီလား”
“…” အဲတော့ ငါ့ကိုအပြစ်တင်နေတာလား။
“မင်းတို့တွေက ဘယ်သူတွေလဲ မင်းတို့တွေ ဘယ်လိုလုပ် တိမ်ပင်လယ်ကို ကျူးကျော်လာရဲတာလဲ”
အမတလက်နက်တွေသယ်ထားတဲ့ အမတတချို့က ပျံသန်းပြီးရောက်လာကြတယ်။ စက္ကန့်ပိုင်းအတွင်း သူတို့ လုံးဝဝိုင်းခံလိုက်ရတယ်။ စပ်စုချင်စရာကောင်းတာက သူတို့အားလုံးက မိန်းကလေးအမတတွေ။
အုပ်စုခေါင်းဆောင်က တစစီဖြစ်နေတဲ့ ကျောက်ပြားကို တစ်ချက်ကြည့်ပြီး သူတို့ကို ဒေါသတကြီး ကြည့်တော့တယ်။
“မင်းတို့တွေ ဧကရာဇ်ရဲ့ အထွတ်အမြတ်အမိန့်ကျောက်ပြားကို ထိခိုက်အောင်လုပ်ရဲတယ်ပေါ့ သူတို့ကို ဖမ်းလိုက်ကြ” သူမက လက်တစ်ဖက်နဲ့ အချက်ပြပြီး ဝိုင်းနေတဲ့ အမတတွေက သူတို့ဆီ ဦးတည်လာကြတော့တယ်။
“ရပ်ကြ” ချန်ကောက ရှေ့တက်ပြီး အဇဋာဧကရာဇ်တစ်ပါးရဲ့ ထိန်းချုပ်ထားတဲ့ အရှိန်အဝါကို လွှတ်လိုက်တယ်။
“ငါက ချန်ကောပဲ၊ မင်းတို့ဧကရာဇ်နဲ့ဆွေးနွေးစရာကိစ္စရှိလို့ ဒီကိုရောက်လာတာ”
“ရှင်က ဖုန့်ချန်တိုက်ရဲ့ဧကရာဇ်လား” သူ့အရိန်အဝါကြောင့် ရှိန်သွားပြီး အမတအမျိုးသမီးက နောက်ပြန်ဆုတ်သွားတယ်။ သူမအမူအရာက ပြောင်းလဲသွားပြီး သူတို့ကိုတစ်ချက်ကြည့်တယ်။
“ကျွန်မတို့တိမ်ပင်လယ်က တခြားတိုက်တွေနဲ့ အဆက်အဆံမရှိဘူး၊ တကယ်လို့ ရှင်က ဖုန့်ချန်ရဲ့ ဧကရာဇ်ဆိုရင်တောင် ကျွန်မတို့ရဲ့အထွတ်အမြတ်အမိန့်ကျောက်ပြားကို ဖျက်ဆီးဖို့ အခွင့်အရေး မရှိဘူး”
“ငါတို့…” ချန်ကောက အင်းကွက်ကျောက်တုံးကို ယိချင်းဆီပေးပြီး သစ်သီးကိုက်စားနေတဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူ ရွေးစရာမရှိတော့ဘဲ ရှင်းပြချက်ပေးလိုက်ရတော့တယ်။
“ဒါက အထင်လွဲမှုပါ ကောင်းကင်တံခါးမှာ အစောင့်မရှိတော့ ငါတို့ သတင်းစကားကို ပို့ပေးဖို့ လူရှာမတွေ့ဘူးလေ၊ ဒါကြောင့် အင်းကွက်ကို ဖြည်ဖို့ကြိုးစားခဲ့တာပါ၊ ဖြစ်ချင်တော့ မတော်တဆအင်းကွက်ကို ဖျက်ဆီးမိသွားခဲ့တယ်”
အမျိုးသမီးအမတက သူ့ဖြေရှင်းချက်ကို စိတ်မဝင်စား။ သူတို့ကို သတိတကြီး ကြည့်ပြီး သူမက ပြောလာတယ်။
“ရှင်တို့ဘယ်သူလဲဆိုတာ ကျွန်မ စိတ်မဝင်စားဘူး အမျိုးသားအမတတွေက နန်းတော်ထဲ ဝင်ရောက်ခွင့် မရှိဘူး၊ အမိန့်ကို လွန်ဆန်တဲ့သူမှန်သမျှ… အသတ်ခံရမယ်”
သူမက လက်တစ်ဖက်နဲ့ အချက်ပြလိုက်တော့ အမတတွေက သူတို့ဆီ ရွှေ့လာကြတယ်။ နှစ်ဖက်လုံး ရန်ဖြစ်တော့မဲ့ဆဲဆဲ ရုတ်တရက်ယောက်ျားတစ်ယောက်အသံ ထွက်လာတယ်။
“အဆင့်မြင့်အမတကျူယွင် ဘာပြဿနာဖြစ်တာလဲ”
အမျိုးသားအမတတစ်ယောက်က ဆင်းသက်လာပြီး အမျိုးသမီးအမတဘေးရပ်လေတယ်။ သူက အပြာရောင်ဝတ်ရုံဝတ်ထားပြီး ခေါင်းပေါ်မှာတော့ ခရမ်းရောင်သရဖူနဲ့။ သူ့လက်တွေကို ကျောနောက် ပစ်ထားပြီး မျက်နှာအမူအရာကခက်ထန်လှတယ်။ သူ့ကိုယ်ပတ်လည်မှာ မသေမျိုးချီတွေဝိုင်းနေတယ်။ သူ့မျက်နှာနဲ့ပတ်သက်ပြီး တစ်ခုခုရင်းနှီးနေသလိုပဲ။
“ကျီယန်အင်းကွက် ဘာဖြစ်သွားတာလဲ” သူက ကျောက်စတွေပြည့်နေတဲ့ မြေပြင်ကိုမြင်တော့ ထိတ်လန့်သွားခဲ့တယ်။ သူ့ရှေ့ကလူကို မျက်လုံးပင့်ကြည့်လိုက်တယ်။
“မင်းက ဧကရာဇ်ချန်ကော မဟုတ်လား၊ ဘာကြောင့် ရောက်လာ…” သူ့စကားတွေက တစ်စုံတစ်ရာကို သတိထားမိသွားချိန် လမ်းကြောင်းပြောင်းသွားခဲ့တယ်။ သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး ဒေါသပေါက်ကွဲတော့တာပဲ။
“လန်ဟွား”
“ညီလေးယွီ မင်းဘာလို့ဒီရောက်…”
“မင်းက ဒီနေရာကို လာရဲသေးတယ်ပေါ့လေ”
လန်ဟွားစကားမဆုံးခင် လန်ယွီက သူ့လက်နက်ကို ဆင့်ခေါ်ပြီး ဟိန်းဟောက်တော့တယ်။
“ငါမင်းကို သတ်ပစ်မယ်” နောက်တော့ လန်ဟွားဆီ တန်းတန်းမတ်မတ်ဦးတည်လာပြီး တိုက်ပွဲတစ်ခု ပြောင်ပြောင်တင်းတင်း ပေါ်လာတော့တယ်။
လူတိုင်း ဘာဖြစ်နေလဲဆိုတာ ကြောင်နေမိတယ်။
သူတို့ဘာလို့တိုက်ခိုက်နေတာလဲ။
“အရှင်မင်းကြီး…” ကူယွဲ့ မနေနိုင်ဘဲ ချန်ကောကိုမေးလိုက်တယ်။
“ဒီဧကရာဇ်က ဘယ်သူများလဲ”
“သူက ယွင်ကျယ်တိုက်ကြီးရဲ့ အုပ်ချုပ်သူ ဧကရာဇ်လန်ယွီပဲ”
“အော်…” အကုန် ခေါင်းလေးတွေညိတ်ပြီး နောက်ဆုံးတော့နားလည်သွားခဲ့ကြတယ်။
ဒီတော့ ဒါက လန်ဟွားရဲ့ သစ္စာဖောက်ညီလေးပေါ့။ ဒါပေမဲ့ လန်ဟွားကို အားကုန်ထုတ်တိုက်ခိုက်နေပုံကို ကြည့်ရင် အငြိုးရှိတဲ့ပုံပဲ။ မြင်ရတာထက် သူတို့ရဲ့ရန်ကြွေးက ရှိသေးတာ အသိသာကြီး။
“စားဖိုမှူး နင်ကွာစေ့တွေ ယူခဲ့လား”
“ဟုတ်ကဲ့ဆရာ၊ နေကြာစေ့၊ ဖရုံစေ့၊ ဖရဲသီးစေ့ ဘယ်ဟာစားချင်ပါသလဲ”
“တစ်ခုစီကို နည်းနည်းချင်းစီ”
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ”
ကူယွဲ့ ။ ။ “…”
ချန်ကော ။ ။ “…”
လန်ဟွားက သူတို့အုပ်စုထဲက မဟုတ်ဘူးလား။ ရန်ဖြစ်နေတာကို ဘာလို့ဖျော်ဖြေရေးလို ပြုမူနေတာလဲ။
လန်ညီအစ်ကိုတွေ နာရီအတော်ကြာ တိုက်ခိုက်နေခဲ့ကြတယ်။ ဘယ်သူကမှ တစ်လက်မတောင် အလျှော့ပေးမဲ့ပုံမပေါ်။ ရှိသမျှထုတ်သုံးပြီး တစ်နေ့လုံးနီးပါး တိုက်ခိုက်နေကြတာတောင် အနိုင်ရသူ တိတိကျကျ ထွက်မလာဘူး။ ကြည့်ရတာ တိုက်ခိုက်မှုက ကြာဦးမဲ့ပုံပေါ်တော့ ချန်ကော အမတအစောင့်ကို ကောင်းကင်တံခါးမှာ ဘာဖြစ်ခဲ့လဲ ရှင်းပြလိုက်တယ်။
ရှန်းရင်က နောက်ဆုံးတော့ ကွာစေ့၃ထုတ် စားပြီးတာတောင် ညီအစ်ကိုနှစ်ယောက်က တိုက်ခိုက်နေဆဲ။
ကူယွဲ့က ကောင်းကင်ကို မော့ကြည့်ပြီး ရှန်းရင်ကို တစ်ချက်တွန်းလိုက်တယ်။
“ရှန်းရင် သူတို့အသိစိတ်ဝင်လာအောင် ပြောလိုက်စမ်းပါ”
“ဟမ်” ရှန်းရင် သူတို့ကို အံ့ဩတကြီး ကြည့်လိုက်တယ်။
“ငါ့ကိုသွားစေချင်တာ သေချာရဲ့လား” သူမမေးပြီး ထရပ်ဖို့ပြင်လိုက်တယ်။
ကူယွဲ့ ရုတ်တရက် သူမ ကောင်းကင်တံခါးကို ဘာလုပ်ခဲ့လဲဆိုတာ သတိရသွားပြီး ပြန်ဆွဲထားလိုက်တယ်။
“ထားလိုက်တော့၊ ယိချင်း သူတို့ကိုသွားတားလိုက်”
Cheat ကြီးက အသုံးဝင်ပေမဲ့ ထိန်းချုပ်ရ အရမ်းခက်တယ်။
ယိချင်းခေါင်းညိတ်ပြီး အစေ့အိတ်ကို ရှန်းရင်ဆီ ကမ်းပေးလိုက်တယ်။ နောက်တော့ ရန်ပွဲထဲ ခုန်ဝင်လိုက်တော့တယ်။
ချက်ချင်းပဲ ဓားတွေ ကောင်းကင်ထဲ ပေါ်လာပြီး ညီအစ်ကိုနှစ်ယောက်ပေါ် ရွာချတော့တယ်။
“ဓားအမတပဲ မင်းကဘယ်သူလဲ”
“ဟိုလီရှစ် ယိချင်း မင်းဘာလုပ်နေတာလဲ”
ယိချင်းက ဘာလို့လန်ဟွားကိုပါ ချနေရတာတုံး။
ယိချင်းက သူ့ကိုပြန်မဖြေဘဲ တိုက်ခိုက်နှုန်းအရှိန်ကိုမြှင့်လိုက်တယ်။ ဓားတွေက ချက်ချင်း ဓားကြီးတစ်ခုအဖြစ် ပြောင်းသွားပြီး နှစ်ယောက်ဆီ ဦးတည်တော့တယ်။ ဓားက သူတို့ကို ထိတော့မဲ့ဆဲဆဲမှာပဲ ဓားကလန်သွားပြီး ဓားရဲ့ပြားတဲ့အခြမ်းနဲ့ပဲ သူတို့ကိုထိမှန်သွားတယ်။
ညီအစ်ကိုနှစ်ယောက်သား မြေကြီးပေါ် မှောက်လျက်သားကျပြီး ဖုန်မှုန့်တွေထကုန်တော့တယ်။ သူတို့ မြေကြီးပေါ်က ကျောက်စတွေပေါ် ကျသွားခဲ့တာကြောင့် မျက်နှာမှာရှပြီးသွေးစို့ကုန်တယ်။
ယိချင်းက ပျံသန်းလာပြီး တည်တည်ငြိမ်ငြိမ် တင်ပြလာတယ်။
“သူတို့တိုက်ခိုက်တာကို တားပြီးပြီ”
ချန်ကော ။ ။ “…”
ကူယွဲ့ ။ ။ “…”
လူအုပ်ကြီး ။ ။ “…”
ကူယွဲ့က ယိချင်းကို သံသယနဲ့ကြည့်လိုက်တယ်။ ဒါ ရန်ပွဲတားတာမဟုတ်၊ သူတို့ကိုထုထောင်းတာပဲ ပြီးတော့ သူတို့ အသင်းဖော် လန်ဟွားကို ပိုပြီးတောင်ထုထောင်းလိုက်သေးတယ် ယိချင်း တစ်လျှောက်လုံး လန်ဟွားကို ကြိတ်ချင်နေခဲ့တာပဲ ဖြစ်ရမယ်။
…