အခန်း ၂၀၂ ။ အဇဋာဧကရာဇ်ယင်းကျီ
ပန်းရနံ့က သူတို့နှာဖျားဝ ဝေ့ပျံ့လာတယ်။ သူတို့ပတ်လည်မှာ ပန်းပွင့်လေးတွေက လေထဲ မျောလွင့်နေတယ်။ လူတစ်ယောက်က ကောင်းကင်ကနေ ဆင်းသက်လာတယ်။ အမျိုးသမီးက ဆံပင်ကိုဖြီးနေပြီး ကျောက်စိမ်းတွေနဲ့ ရွှေဆံထိုးတစ်ချောင်းက သူတို့အာရုံကိုဖမ်းစားသွားခဲ့တယ်။ လက်ထဲမှာတော့ ပျိုနီပန်းပွင့်လေးတွေထိုးထားတဲ့ ယပ်တောင်တစ်ချောင်း။ သူမက ရွှေကွပ်ထားတဲ့ ပန်းပွင့်တွေနဲ့ လရောင်လိုဆွတ်ဆွတ်ဖြူနေတဲ့ ဝတ်ရုံကို ဝတ်ထားပြီး ယိမ်းထိုးကာ စိတ်လှုပ်ရှားစွာ သူတို့ကို ကြည့်လာတယ်။
“အာ့ဟွား နင်လားဟင်” သူမအသံက နူးညံ့ပြီး ချောမွတ်ကာ ခံစားချက်တွေနဲ့အပြည့်။ မျက်ဝန်းတွေက မျက်ရည်တွေဝဲလာတယ်။
“ငါသိတယ်… နင်အသက်ရှင်နေသေးတာ ငါသိတယ်၊ အာ့ဟွား”
သူမက သူတို့ဆီပြေးလာပြီး လန်ဟွားလက်ကို ကမ်းလာတယ်။
လန်ဟွားက သူမကို ရှောင်ဖို့ နောက်ပြန်ခုန်လိုက်တယ်။
“မင်း ဘာလုပ်နေတာလဲ” သူ လန်ယွီပြောတဲ့ဇာတ်လမ်းတွေအားလုံးကနေ ပြန်တောင် မသက်သာသေးဘူး။ အခု ဒီမိန်းမကိုမြင်ပြီး သူ့နှလုံးသား ရင်ဘက်ထဲကနေ ခုန်ထွက်တော့မလို ခံစားနေရတယ်။ သူ အလိုလို ရှန်းရင်နောက် ပုန်းလိုက်မိတယ်။
အမျိုးသမီးအမတက သူ့ကိုစိုက်ကြည့်ရင်း မျက်ဝန်းထဲ သိသိသာသာ နာကျင်သွားတဲ့ပုံ။
“အာ့ဟွား… တခြားအဇဋာဧကရာဇ်တွေနဲ့ ပူးပေါင်းပြီး နင့်ကို တိုက်ခိုက်မိခဲ့လို့ မုန်းနေသေးတာလား”
မျက်ရည်တစ်စက်က သူမပါးပြင်ပေါ် လိမ့်ဆင်းသွားတယ်။ သူမ ကြည့်ရတာ သနားစရာကောင်းလှတယ်။ ဘယ်ယောက်ျားမဆို ရင်ထဲလှုပ်ရှားသွားလောက်မှာ။
“ဒါပေမဲ့… နင် အဲတုန်းက ငါ့ကိုဆက်ဆံခဲ့တဲ့ပုံစံက… ငါဒေါသထွက်သွားခဲ့လို့ ငါ…”
“ဟေး အနားတိုးလာတာတော်တော့၊ တကယ်လို့ ခြေတစ်လှမ်းထပ်တိုးလာရင် မင်းကိုရိုက်မှာနော်”
လန်ဟွားက သတိပေးလိုက်တယ်။
အမျိုးသမီးအမတက ဒဏ်ရာရသွားတဲ့ပုံ။ သူမဘေးက ဧကရာဇ်လန်ယွီက ခြောက်ကပ်ကပ်ရယ်တယ်။ ကြည့်ရတာ လန်ယွီက ဒါကိုကျင့်သားရနေတဲ့ပုံ။
“အာ့ဟွား နင်တကယ်ပဲ ငါ့ကိုခွင့်မလွှတ်ပေးဘူးလားဟင်” အမျိုးသမီးအမတက ခုငိုရှိုက်နေပြီ။
“ဒါကြောင့် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားတာတောင် နင်အသက်ရှင်နေသေးတယ်ဆိုတဲ့ ယုံကြည်ချက်ကို ငါစွဲကိုင်ခဲ့သေးတာပဲ၊ ငါ့ဘေးကို နင်ပြန်လာသရွေ့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့တာ”
“ဟေးဟေးဟေး မင်းပြောတာမင်းကြည့်ဦး၊ ငါတို့ကြား ဘာဖြစ်ခဲ့ဖူးလို့လဲ၊ အတိတ်ရှိခဲ့ဖူးလို့လား”
အမျိုးသမီးအမတက သူ့ကိုမယုံကြည်နိုင်စွာ ဆက်စိုက်ကြည့်နေတယ်။
“အာ့ဟွား နင်ငါ့ကို ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ၊ ငါ နင့်ကို အရင်က သစ္စာမဖောက်ခဲ့ရဲပေမဲ့ နင်လည်း မှားခဲ့တာတွေရှိတာပဲ၊ ငါ နှစ်ထောင်ကျော် နောင်တနဲ့နေခဲ့ရတာ၊ နင့်ကို ငါ့ရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုကိုတောင် ပေးခဲ့တာပဲ”
“ဘာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုလဲ” လန်ဟွား လန့်လန့်နဲ့မေးလိုက်တယ်။
အမျိုးသမီးအမတက ချုံးပွဲချငိုတော့တယ်။
“ငါ… ငါနင့်ကို ပထမဆုံးအကြိမ်ပေးခဲ့တယ်လေ၊ ငါ့ရဲ့တစ်ခုတည်းသော ပထမဆုံးအကြိမ်လေ… နင့်ကိုပေးခဲ့တာ”
ပွဲကြည့်ပရိသတ် ။ ။ “အိုး…”
အံ့အားသင့်စရာ အတင်းအဖျင်းပဲ။
“ဘာပထမဆုံးအကြိမ်လဲ၊ ငါမဟုတ်ဘူးနော် ခဏ ဘာလို့ ငါ့ကိုအားလုံးအဲလိုကြည့်နေကြတာလဲ” သူ မလုပ်ခဲ့ဘူးနော်
“ငါမင်းကိုသတိပေးနေတယ် – မင်း မိန်းမဆိုတာနဲ့ မရိုက်ဘူးလို့မထင်နဲ့နော် ငါ မင်းကို သိတောင် မသိဘူး၊ မင်းက ဘယ်သူလဲ”
အမျိုးသမီးအမတက ယိမ်းယိုင်သွားတယ်။ သူမ လုံးဝကို အသည်းကွဲနေတယ်။
“နင် ငါ့ကို အသိအမှတ်တောင် မပြုချင်တော့ဘူးလား”
ပွဲကြည့်ပရိသတ်တွေက လန်ဟွားကို စူးစူးစိုက်စိုက် ကြည့်ပြီး မျက်တောင် တောင်မခတ်ချင်ကြ။
(「「)~→
“ငါ့ကိုယုံပါ၊ သူ့ကိုမသိဘူးဟ”
“အာ့ဟွား…”
“အာ့ဟွားလို့ခေါ်နေတာ တော်တော့၊ ရွံစရာကောင်းလွန်းတယ် မင်းက ဘယ်သူလဲ”
“အရင်တုန်းက… ငါတို့… တကယ်ပဲ ပထမဆုံးအကြိမ်အတွက် လုပ်ခဲ့တာလေ…”
“ပါးစပ်ပိတ်တော့၊ သောက်ကျိုးနည်း ဘယ်သူက ပထမဆုံးအကြိမ် မင်းနဲ့လုပ်ခဲ့လို့လဲ၊ ငါ့ကို စွပ်စွဲနေတာ တော်တော့” လန်ဟွား ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မဲ့ပုံ။ သူ့မျက်နှာက ရဲရဲနီပြီး အော်လိုက်တယ်။
“ငါတစ်ခါမှ မလုပ်ဖူးဘူး၊ ငါကလူပျိုဟ လူပျို”
ပွဲကြည့်ပရိသတ် ။ ။ “အိုး…”
(⊙_⊙)
“ငါအမှန်တိုင်းပြောနေတာ” လန်ဟွား သိသိသာသာ စိတ်ရှုပ်ထွေးလာပြီး သူတို့ သူ့ကိုမယုံမှာ စိုးရိမ်နေတယ်။
“ငါ့ကိုယုံပါ ငါတစ်ခါမှ တာအိုလက်တွဲဖော်မရှိဖူးဘူး၊ ငါတစ်ခါမှမလုပ်ဖူးဘူး၊ ငါက ချိုးငှက်ပါ(၁) ချိုးငှက်လို့ ဟုတ်ပြီလား” သူ ပျာယာခတ်လာတယ်။။ ဘာကြောင့်မှန်းမသိ သူ မုန်လာဥနဲ့ အချိန်ဖြုန်းတာ ကြာသွားလို့လည်း ဖြစ်နိုင်တယ်။ အင်္ကျီကိုလှန်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တဲ့ဟန်နဲ့ ဘောင်းဘီကို ဆွဲချွတ်ဖို့လုပ်တော့တယ်။
[ချိုးငှက်ဆိုတာ လူပျိုအတွက် တရုတ်ဗန်းစကားပါ]
သူက သူ့ကိုယ်သူ သက်သေပြဖို့ အရမ်းကို မြန်ဆန်လွန်းနေတယ်။ ကောင်းကင်တံခါးတွေကနေ စကားလုံးတစ်လုံးချင်းစီက သူ့ဆီပြန်ပဲ့တင်ထပ်လာတယ်။
ငါက ချိုးငှက်… ငါကချိုးငှက်… ချိုးငှက်…။
လေးယောက်သားနှင့် မုန်လာဥ ။ ။ “…”
လန်ယွီ ။ ။ “…”
အမျိုးသမီးအမတ ။ ။ “…”
အမတအားလုံး ။ ။ “…”
နောက်ဆုံးတော့ ချန်ကောက ပထမဆုံးအနေနဲ့ တုံ့ပြန်လာတယ်။ သူ ဘောင်းဘီကို ဆွဲချွတ်ဖို့ လုပ်ချိန်မှာတင် လန်ဟွားလက်တွေကို ကိုင်ပြီး အော်လိုက်တယ်။
“အဇဋာဧကရာဇ်လန်ဟွား ငါတို့မင်းကိုယုံပါတယ် မင်းကိုယုံပါတယ် ဟုတ်ပြီလား” အလျင်မလိုပါနဲ့ – ဟိုနားမှာ အမျိုးသမီးအမတတစ်သိုက် ရပ်နေကြတယ်
အမျိုးသမီးအမတတောင် လန်ဟွားရဲ့ဖွင့်ဟချက်မှာ ထိတ်လန့်သွားတဲ့ပုံ။ သူမပါးစပ်က အကျယ်ကြီးဟသွားပြီး မတုံ့ပြန်နိုင်တော့ဘူး။
“ဟာ့ အယ်…” ကူယွဲ့ လည်ချောင်းရှင်းလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လန်ဟွားက ကူယွဲ့ သူနဲ့တူတူခေါ်လာခဲ့တဲ့ သူဌေးပဲ။ အခြေအနေကို ရှင်းပေးဖို့ ဝင်မပါရင် မကောင်းဘူး။
“အမတရောင်းရင်း မင်းနဲ့လန်ဟွားကြား အတိအကျဘာတွေဖြစ်ခဲ့တာလဲ၊ ရှင်းရှင်းလင်းလင်း လုပ်ပေးလို့မရဘူးလား”
“ငါသူ့ကိုမသိဘူး” လန်ဟွားက ထပ်ဖြည့်ပြောပြီး အမျိုးသမီးအမတကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ သူမ နောက်ထပ် စကားတစ်လုံး ထပ်ပြောရဲပြောကြည့် – လုပ်ရဲရရင် သေချာပေါက်ရိုက်ပစ်မယ်။
“ဟမ့် မင်းတကယ်ပဲ သူ့ကိုမသိဘူးလား” ဘေးမှာရပ်နေတဲ့ လန်ယွီက နှာမှုတ်တယ်။ သူက လန်ဟွားကို ပိုပြီးတောင် တင်တင်စီးစီးနဲ့ကြည့်လိုက်တယ်။ အဲအမျိုးသမီးက ဘယ်သူလဲဆိုတာ သူသိတာ အသိသာကြီးပဲ။ ဒါပေမဲ့ အဲလောက်ကြီး သဘောကျပုံမပေါ်ဘူး။ အဲအစား… သူမကို အထင်သေးနေတဲ့ပုံပဲလား။
“ငါသူ့ကို မသိပါဘူးဆို”
လန်ယွီ့အကြည့်က မာကြောသွားပြီး ရည်ရွယ်ချက်ရှိရှိပြောလိုက်တယ်။
“သူက တိမ်ပင်လယ်ရဲ့ ဧကရာဇ်ယင်းကျီပဲ”
လူတိုင်း ထိတ်လန့်ကုန်တယ်။ သူတို့ အတင်းအဖျင်းမှာ အရမ်းကို နစ်ဝင်နေမိလို့ သူမက အဇဋာဧကရာဇ်ဆိုတာတောင် သတိမထားမိခဲ့ဘူး။
“မင်း သူ့ရဲ့ တခြားနာမည်ကိုတော့ မှတ်မိမှဖြစ်မယ်…” လန်ယွီက မဲ့ပြုံးပြုံးတယ်။
“ရွှယ်ကျီလေ”
လူလေးယောက်နှင့် မုန်လာဥ ။ ။ “…”
အမတအားလုံး ။ ။ “…”
လန်ဟွား ။ ။ “…”
ဒါသတင်းကြီးပဲ ရွှယ်ကျီက လန်ယွီ ပျိုးထောင်ခဲ့တဲ့ ပင်လယ်ယုန်မိစ္ဆာ မဟုတ်ဘူးလား။ ဘယ်ချိန်တုန်းက တိမ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ဖြစ်လာတာလဲ။
“မင်းက လျှောက်ပြောနေတာပဲ” လန်ဟွား သူ့နားသူ မယုံနိုင်။
“ငါ အဲပင်လယ်ယုန်မိစ္ဆာရဲ့လူအသွင်ကို မြင်ဖူးတယ် ပြောတော့ ယောက်ျားလေးဖြစ်လာဖို့ ရွေးခဲ့တယ်ဆို…”
ခဏ သူ စကားမဆုံးခင် သူ့မျက်လုံးက ပြူးကျယ်သွားခဲ့တယ်။ သူ အမျိုးသမီးအမတကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ ဒီအမျိုးသမီးက တကယ်ပဲ နည်းနည်းအရပ်ရှည်လွန်းပြီး သန်မာသလိုပဲ။ ပြီးတော့… လည်ပင်းမှာ… လည်… လည်စလုတ်တစ်ခုလည်းရှိနေတယ်
Σ(°△°|||)
ဒီလှပနူးညံ့ပြီး မွှေးကြိုင်နေတဲ့လူက… ယောက်ျားတစ်ယောက်တဲ့
လန်ဟွား ဖြူဖျော့သွားတယ်။ သူ့ခြေထောက်တွေ ပျော့ခွေကုန်တယ်။ မလဲကျအောင် ဘေးက ကျောက်တိုင်ကို ထောက်ထားရတော့တယ်။
ဒီအဇဋာဧကရာဇ်က တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ ငါဆေးလုံးတွေ သန့်စင်ဖို့ ဝူတိဂိုဏ်းဆီ ပြန်ချင်တယ်။
“ရွှယ်ကျီ သူ့လိင်အမျိုးအစားကို ပြောင်းဖို့ရွေးပြီးတဲ့နောက် အလိုလိုပြောင်းလဲသွားတာပေါ့” လန်ယွီက ရှင်းပြရင်း အရမ်းကို စိတ်ပါဝင်စားနေတဲ့ပုံ။
“အဲအချိန်တုန်းက သူက မင်းကိုအရမ်းသစ္စာရှိခဲ့တာလေ၊ အဲဒါကြောင့် မင်းအကြံကိုယူခဲ့တာ”
လန်ယွီက ယုန်လေးကို မိန်းကလေးအသွင်ပြောင်းဖို့ အချိန်အကြာကြီး ဖျောင်းဖျခဲ့ရတာ။ လန်ဟွားဆီက စကားတစ်ခွန်းက ယုန်လေးကို ယောက်ျားလေးအဖြစ် ပြောင်းဖို့ သိမ်းသွင်းနိုင်ခဲ့တယ်။ နှစ်သိန်းချီ ယင်းကျီက မိန်းကလေးတစ်ယောက်ပုံစံဘဝကို ကျင့်သားရပြီး ကြီးပြင်းလာခဲ့တာ။ ဒီလိုအချိန်တိုအတွင်း ကျင့်သားရအောင် ညှိနှိုင်းဖို့ဆိုတာ ယင်းကျီအတွက် အရမ်းကိုခက်ခဲလှတယ်။
“အာ့ဟွား…” ရွှယ်ကျီ မဟုတ်ဘူး အဇဋာဧကရာဇ်ယင်းကျီက လန်ဟွားကို တမ်းတမ်းတတ ကြည့်နေတုန်း။
“ငါတို့ပင်လယ်ယုန်တွေက လိင်အမျိုးအစားကိုရွေးဖို့ အခွင့်အရေးတစ်ခုပဲရှိတာ၊ အဲဒါက တကယ်ပဲ ငါတို့ရဲ့ပထမဆုံးအကြိမ်လေ – တစ်ခုတည်းသော အချိန်လေ၊ ငါ့ကိုယုံပါ”
အဲတော့ ‘ပထမဆုံးအကြိမ်’ ဆိုတာ ဒါကိုဆိုလိုတာကိုး။ လန်ဟွားက မျက်မှောင်ကြုတ်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ သူ မတ်မတ်ရပ်ပြီး ပြောလိုက်တယ်။
“ပင်လယ်ယုန်… ရွှယ်ကျီ… ဟင့်အင်း အဇဋာဧကရာဇ်ယင်းကျီ၊ မင်းနဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်း မလုပ်ခဲ့မိတဲ့အတွက် မှားသွားခဲ့ပါတယ် ဒါပေမဲ့ အဲဒါက မင်းဆိုလိုတဲ့ဟာဆိုတာ ငါတကယ်မသိခဲ့တာ… ပြီးတော့ ငါ မင်းကို ငါးကြိမ်တောင်ပြည့်အောင် မတွေ့ဖူးဘူးမလား၊ မင်းလည်း ငါ့ကိုတစ်ကြိမ် သတ်မိလုနီးပါး ဖြစ်သွားခဲ့တယ်လေ၊ ကျေသွားပြီပဲ သတ်မှတ်လိုက်ရအောင်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးက ယောက်ျားတွေပဲ”
“ငါက ကိစ္စမရှိဘူး…”
ငါတော့ကိစ္စရှိတယ်။
ယင်းကျီ ကြည့်ရတာ စိတ်ပိုင်းဖြတ်ထားပြီးတဲ့ပုံ။ ဒါပေမဲ့လန်ဟွားကတော့ သွေးအန်ချင်နေပြီ။ သူ ကူယွဲ့ဘက် လှည့်ပြောလိုက်တယ်။
“မုန်လာဥဖြူကို သိမ်းဖို့ သုံးတဲ့အိတ်က ဘယ်မှာလဲ”
“ဘာလို့လဲ”
“ငါ့ကိုလည်း ထည့်ထားပေးပါ တောင်းပန်ပါတယ်” ဒီလိုသာ ဆက်သွ
ားရင် သူတကယ်အန်မိတော့မယ်။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ရှန်းရင် ။ ။ “…”
…