အခန်း ၁၆၀ ။ ဧကရာဇ်ငယ်ဖြစ်လာခြင်း
ယိချင်းက တင်ပျဉ်ခွေထိုင်ပြီး ဧကရာဇ်ဖြစ်လာဖို့ အသင့်ပြင်လိုက်တယ်။ သူမျက်လုံးပိတ်ပိတ်ချင်း မသေမျိုးချီတွေပေါက်ကွဲလာတာကို ခံစားမိလိုက်တယ်။ သူ့ပတ်လည်ကတိမ်တိုက်တွေက အပေါ်ကိုပျံတက်သွားပြီး မျက်စိကျိန်းစရာ အလင်းတန်းဖြူကြီးက ကောင်းကင်ကနေ သူ့ကိုယ်ပေါ် လင်းထိန်ကျလာတယ်။
မသေမျိုးချီကထူသထက်ထူလာတာ ယိချင်းတစ်ကိုယ်လုံး ဖိအားခံစားရတဲ့အထိပဲ။ သူ နောက်ကို တွန်းထုတ်ခံလိုက်ရသလိုပဲ။ မထိန်းမချုပ်နိုင်အောင် ဒါကိုမြင်ဖူးတဲ့အမတအစောင့်ကတော့ ဘာလုပ်ရမလဲ အတိအကျ သိတာပေါ့။ ဘယ်ကနေမှန်းမသိ အစီအရင်တစ်ခုပေါ်လာပြီး သူ့ကိုယ်သူ၊ ရှန်းရင်နဲ့ ကူယွဲ့ကို ကာကွယ်ပေးလေတယ်။
စင်မြင့်ပေါ်က မသေမျိုးချီက ပိုပိုထူလာဆဲပဲ။ ရွှေရောင်အလင်းတန်းအောက်မှာ ယိချင်းရဲ့အရှိန်အဝါက သူတို့မျက်စိရှေ့မှောက်မှာတင် ကျယ်ပြန့်လာသလိုပဲ။ ကူယွဲ့ ကောင်းကင်အလင်းတန်းက သူမသေမျိုးတက်လှမ်းတုန်းက မြင်ခဲ့ရတာနဲ့ဆင်မှန်း သတိထားမိသွားခဲ့တယ် ဒီအချိန်က ပိုပြင်းထန်ရုံပေါ့။ အလင်းနဲ့တူတူလာတဲ့ ဖိနှိပ်မှုက ကြောက်ခမန်းလိလိ။ အစီအရင်ထဲမှာတောင် သူတို့ရင်ဘတ်ကနေ သက်ရောက်မှုကို ခံစားနေရတုန်းပဲ။
အမတအစောင့်ပြောတာမှန်တယ် – ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ကျင့်ကြံဆင့် ရောက်တဲ့သူတွေအတွက်ပဲ ပေးတဲ့ဦးစားပေးအခွင့်အရေးဆိုတာ။ ဝဋ်ကြွေးချေမှု မရှိတဲ့အပြင် ကျင့်ကြံမှုကိုလဲ ချက်ချင်း တိုးမြှင့်နိုင်တယ်။ တစ်ခုပဲ… ကောင်းကင်နဲ့မြေကြီးရဲ့ ဖိနှိပ်မှုကို ခံနိုင်ရည်ရှိဖို့ အတော်လေး အင်အားကြီးဖို့လည်းလိုတယ်။ ကူယွဲ့ တောင့်မခံနိုင်သေးမှန်း သူ့ကိုယ်သူသိတယ်။
ဟမ့် ဒီcheatတစ်သိုက်ကတော့
“အဲဒါဘာလဲ” ရှန်းရင် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
“ဘာကြီးလဲ” ကူယွဲ့ သူမနောက်ကနေ လိုက်ကြည့်လိုက်တယ်။ သူတို့ ဘယ်ချိန်က ရောင်စုံတိမ်တိုက်တစ်ခုက ကောင်းကင်ထဲ ပေါ်လာလဲ မသိလိုက်ဘူး။ အထဲမှာတော့ တစ်ခုခု တောက်ပနေတယ်။
“ဝဋ်ကြွေးချေမိုးကြိုးလား” တစ်ခုမှမရှိဘူးထင်နေတာ။
“ဧကရာဇ်ချည်နှောင်မိုးကြိုးပါ” အမတအစောင့်က ရှင်းပြလိုက်တယ်။
“ဘာမှမဟုတ်ပါဘူး၊ တစ်ယောက်ယောက်က ဧကရာဇ်အဖြစ် တက်လှမ်းမယ်ဆို ပေါ်လာတာပဲ၊ ချုပ်နှောင်မိုးကြိုးဆင်းသက်လာတာနဲ့ သူက တရားဝင်ဧကရာဇ်ဖြစ်လာလိမ့်မယ်”
အစောင့်စကားပြောပြီးပြီးချင်း ဝုန်းခနဲအသံကျယ်ကြီးကြားလိုက်ရတယ်။ မိုးကြိုးအလင်းတန်းတစ်ခုက တိမ်အောက်မှာထိုင်နေတဲ့ ယိချင်းနဖူးအလယ်တည့်တည့်ကို ထိမှန်သွားတယ်။ ယိချင်းက သိသိသာသာ အမူအရာမပြပေမဲ့ အမှတ်နီတစ်ခုက မိုးကြိုးထိမှန်သွားတဲ့နေရာမှာ ပေါ်လာတယ်။ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ။
ရှန်းရင်က မျက်မှောင်ကြုတ်ပြီး ကောင်းကင်ထဲက တစ်စုံတစ်ရာကို မော့ကြည့်တယ်။
ဒီမိုးကြိုးက…
“ဧကရာဇ်ချည်နှောင်မှုပြီးပါပြီ” အမတအစောင့်က ရှင်းပြလိုက်တယ်။
တကယ်ပဲ ယိချင်းပတ်လည်က မသေမျိုးချီက ချက်ချင်းပျောက်ဆုံးသွားခဲ့တယ်။ ကောင်းကင်အလင်းရောင်လည်း ပျောက်ကွယ်သွားတယ်။
“ဧကရာဇ်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ ရှောင်ကျွင်း” အမတအစောင့်က ဂါရ၀ပြုလိုက်တယ်။
ကူယွဲ့က နှာမှုတ်ပြီး သူတို့ဆီလျှောက်လာတဲ့ယိချင်းကို ပြောလိုက်တယ်။
“ငါမင်းကို အခုအကြောပေးထားတာ၊ ဒါပေမဲ့ နောက်ကျအမှီလိုက်မှာ၊ ရှန်းရင် မင်း… အာ၊ ရှန်းရင်ရော၊ ရှန်းရင်”
အဲတော့မှပဲ ရှန်းရင်က ကောင်းကင်ကိုစိုက်ကြည့်နေသေးတာ နားလည်သွားတယ်။ သူ တံတောင်နဲ့ တွတ်လိုက်တယ်။
“ဟမ်”
“ဘာဖြစ်တာလဲ၊ စိတ်လွတ်သွားပြီလား၊ ဘာကြည့်နေတာလဲ”
“အော်… ဘာမှမဟုတ်ပါဘူး” ရှန်းရင်က သတိပြန်ဝင်ပြီး ယိချင်းကိုကြည့်လိုက်တယ်။
“စားဖိုမှူး ဘယ်လိုနေလဲ”
“ဆရာ…” ယိချင်းက မျက်လုံးတွေ တောက်ပသွားတယ်။ သူ့ဆရာက သူ့ကို တကယ်ဂရုအစိုက်ဆုံးပဲ။
“ကျွန်တော့်ဒဏ်ရာတွေလုံးဝသက်သာသွားပါပြီ၊ ပြီးတော့ ခန္ဓာကိုယ်ထဲက မသေမျိုးချီတွေက အရင်ကထက် အရင်ပိုပြည့်လာသလိုပဲ” ဒါက သူ ပထမဆုံးအကြိမ် ကျင့်ကြံဆင့်မှာ တိုးတက်သွားတာကို သိသိသာသာခံစားမိတာပဲ။
“ဓားချီကရော” ရှန်းရင်က ရုတ်တရက် မေးလိုက်တယ်။
“ဓား… ချီလား” ယိချင်းက တန့်သွားတယ်။ သူ ရုတ်တရက် တစ်စုံတစ်ရာသတိရသွားပြီး အမြန် သူ့ဓားချီကို သူစစ်ဆေးလိုက်တယ်။ သူ ကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံပဲ။
“အရင်ကအတိုင်းလို့… ထင်တာပါပဲ” ပြောင်းလဲသွားတာမျိုးမခံစားမိဘူး။
“အိုး…” ရှန်းရင် မျက်လုံးမှေးလိုက်ပေမဲ့ မေးခွန်းဆက်မထုတ်တော့ဘူး။ သူမ ကူယွဲ့ဘက်လှည့်ပြောလိုက်တယ်။
“ဖေဖေနျို ငါတို့အခုပြန်လို့ရပြီလား၊ တကယ်ဗိုက်ဆာနေပြီ”
“တစ်နေကုန်မင်းစဉ်းစားတာ စားဖို့ပဲ၊ နင်ပြီးမသေအောင် ဂရုစိုက်ဦး” ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်ပေမဲ့ လိုက်လိုက်လျောလျောနဲ့ အမတအစောင့်ဘက် လှည့်နှုတ်ဆက်လိုက်သေးတယ်။
“သွားကြရအောင် စားဖိုမှူး” ရှန်းရင် ယိချင်းကို ဓားပျံဆွဲထုတ်ဖို့ လောလိုက်တယ်။
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူး ဆရာ”
သုံးယောက်သား ဂိုဏ်းဆီပြန်ခဲ့ကြတော့တယ်။
————————
ဝူတိဂိူဏ်း။
ရှန်းရင်တို့တွေ အနောက်ဆောင်ထဲဝင်လာချိန် ကြက်ကင်အစ်မ၊ ဖုန်းယင်တို့နဲ့ တိုးသွားတယ်။ နှစ်ယောက်က နှစ်ရက်စောရောက်လာတာပဲ။ ချီချန်းယွီဒဏ်ရာတွေက ပျောက်ကင်းလုနီးပါးဖြ့စ်နေပြီး ဝိညာဉ်သက်သက်မဟုတ်တော့ဘူး။ သူမက အစတည်းက ကြည့်ကောင်းတယ်ဆိုပေမဲ့ အခုဝတ်ရုံနီနဲ့ အတော်လေးကို လှပနေတယ်။ သူမက ဘေးကဖုန်းယင်ကို ကြမ်းတမ်းတဲ့ပုံ ပေါက်သွားစေလေရဲ့။
“ရှန်းရင်” သူမကိုမြင်တာနဲ့ ချီချန်းယွီက ရှေ့ပြေးတက်ပြီး ဖက်တယ်။ သူမက အဆက်မပြတ် စိုးရိမ်တကြီး မေးခွန်းတွေ ထုတ်တော့တယ်။
“ဘာလို့အဲလောင်တောင်ကြာနေတာလဲ၊ ပြဿနာတက်နေလို့လား၊ ငါနင့်ကိုလိုက်ရှာဖို့တောင် စဉ်းစားနေတာ၊ အပြန်လမ်းမှာ အခက်အခဲတွေ့ခဲ့သေးလား၊ ဒဏ်ရာရလာသေးလား၊ တစ်ယောက်ယောက် အနိုင်ကျင့်သေးလား၊ ငါ သူတို့ကိုနင့်အစား ရိုက်ပေးမယ်”
ဖုန်းယင် ။ ။ “…”
ယိချင်း ။ ။ “…”
နှစ်ယောက်လုံးအမူအရာက မှောင်မှိုင်းသွားတယ်။ နှစ်ယောက်လုံး သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေနဲ့။
ခွေးပဲ။ နှစ်ယောက်လုံး တစ်ချိန်တည်း တွေးမိလိုက်လေရဲ့။
“အာ… ငါအဆင်ပြေပါတယ်” ရှန်းရင်က ချီချန်းယွီဖက်ထားတာကနေ အသက်ရှူချောင်အောင် မနည်းရုန်းလိုက်ရတယ်။ ကြက်ကင်အစ်မက ဒီလောက်ခင်တွယ်ချစ်ပြတာမျိုး မမှတ်မိပါဘူး။
“မျှော်စင်သခင်ယင်” ကူယွဲ့က ဖုန်းယင်ကိုမြင်ချိန် မျက်လုံးတွေတောက်ပသွားတယ်။
“ခင်ဗျား ပင်ပန်းခဲ့မှာပဲ၊ ခရီးကနေ တစ်ခုခုရခဲ့သေးလား” မြန်မြန် အချက်အလက်လာလဲစမ်းပါ။ ကောင်းကင်အလွန်မှကောင်းကင်များဆီကနေ ဘာရမလဲ ကြည့်ရအောင်။ ကူယွဲ့ စကားပြောနေရင်း ဖုန်းယင်ကို ကျောက်စားပွဲဆီ ခေါ်လာခဲ့လိုက်တယ်။
“ညီနောင်ကူယွဲ့၊ ကျုပ်ကို ဖုန်းယင်လို့ပဲခေါ်ပါဗျာ” ဖုန်းယင်က ချီချန်းယွီကို လှမ်းကြည့်လိုက်တော့ ရှန်းရင်အပေါ်ဇီဇာကြောင်နေသေးမှန်း သိလိုက်ရတယ်။ သူ့ကိုသတိထားမိပုံတောင် မပေါ်။ ရုတ်တရက် ဒေါသတွေ ပြည့်လျှံလာတယ်။ ရှောင်ယွီက ငါ့ကိုမချစ်တော့ဘူးပဲ၊ ဝမ်းနည်းလိုက်တာ…။
“နင်အဆင်ပြေတာ တော်သေးတယ်” ချီချန်းယွီက ရှန်းရင်ကိုဆက်ဆွဲထားရင်း ခေါင်းစခြေဆုံး စစ်ဆေးနေတော့တယ်။ သူမက ရှန်းရင်အမေလိုပြုမူနေတာပဲ။
“နင်ခရီးကနေ ပင်ပန်းလာလား၊ နားချင်လား၊ ဟုတ်သား ဘာလို့အမြဲ အဲခဲရောင်နဲ့ အရောင်ထိုင်းထိုင်းဝတ်ရုံကို ဝတ်နေရတာလဲ၊ ငါအခု ဂါထာတွေရွတ်ပြီး အဆောင်တွေဆင့်ခေါ်နိုင်ပြီ – အများကြီး သက်သာသွားပြီ၊ နင့်အတွက် ဝတ်ရုံတချို့လုပ်ပေးလို့ရမလား၊ ငါ အတွင်းဝတ်ရုံ၊ အပြင်ဝတ်ရုံ၊ အောက်ခံနဲ့ ပြီးတော့…” သူမက တခစ်ခစ်ရယ်ပြီး အသံတိုးသွားတယ်။
“ရင်စည်းရောပဲ နင်ဘယ်အရောင်ကြိုက်လဲ”
“…” ရှန်းရင် ဘာလို့ ထူးဆန်းတဲ့အဒေါ်ကြီးရဲ့ ဇီဇာကြောင်တာခံနေရတယ်လို့ ခံစားနေရပါလိမ့်။
“အဆင်… အဆင်ပြေပါတယ်” ရှန်းရင်မျက်မှောင်ကြုတ်ပြီး ခေါင်းစဉ်ပြောင်းဖို့လုပ်လိုက်တယ်။
“အင်း… တကယ်ဗိုက်ဆာနေပြီ၊ အနောက်ဆောင်မှာ ဟင်းချက်ကြရအောင်”
ချီချန်းယွီက ရွှင်ပျသွားပြီး တံခါးလှည့်ဖွင့်လိုက်တယ်။
“ကောင်းပြီလေ အထဲဝင်ကြ…”
သူမ တံခါးတွန်းဖွင့်နေတုန်းရှိသေး အထဲကနေ ဟိန်းဟောက်သံကြီးကြားလိုက်ရတယ်။
“သတိထား” ယိချင်းကလှမ်းအော်ပြီး တစ်ချိန်လုံးရှန်းရင်ဘေး ရှိနေရာကနေ ခုတော့ရှန်းရင်ကိုဖက်ကာ ပြန်ဆုတ်လိုက်တယ်။
“ဆရာ အဆင်ပြေရဲ့လား”
“ငါအဆင်ပြေပါတယ်” ရှန်းရင်က ရှေ့ကိုကြည့်လိုက်တော့ ရှည်ရှည်လုံးလုံးအရာတွေ ကြမ်းပြင်ပေါ်အပြည့်။ ချီချန်းယွီ တုံ့ပြန်ဖို့အချိန်တောင်မရလိုက်ဘဲ အဲအောက်ထဲမြုပ်သွားလုနီးပါးပဲ။
“ရှောင်ယွီ” ဖုန်းယင်က ကြက်ကင်အစ်မကိုပြေးထူတယ်။ သူမက တစ်ခုခုပေါ်တက်နင်းမိပြီူ ချော်လဲသွားတဲ့ပုံ။ သူလည်း ခြေချော်ပြီး ဝုန်းခနဲလဲကျသွားတယ်။
“ဒါဘယ်လိုလျှို့ဝှက်လက်နက်လဲ” သူက မျက်နှာရှုံ့မဲ့ပြီး လိမ့်နေတဲ့ပစ္စည်းတွေကြားထဲ မတ်တတ်ထရပ်ဖို့ ကြိုးစားလိုက်တယ်။ သူ တစ်ခုကောက်ယူကြည့်လိုက်တယ်။ အာ… ဒါ အာလူးလား။
ဘယ်လိုလုပ် ဒီလိုသာမန်ပစ္စည်းက အမတဘုံမှာ ရှိနေနိုင်တာလဲ။ အာလူးဝိညာဉ်လား။
သူတို့တွေ လှမ်းကြည့်လိုက်တော့ အာလူးတွေတင်ရှိနေတာမဟုတ်မှန်းမြင်လိုက်ရတယ်။ အာလူးနီတွေ၊ မုန်လာဥဖြူ၊ ဂျင်းနဲ့ တခြားဟင်းသီးဟင်းရွက်မျိုးစုံရှိနေတယ်။ ပြီးတော့ တစ်အိမ်လုံးအပြည့်။
ရှန်းရင်က မကောင်းတဲ့ခံစားချက်ရလိုက်တယ်။ သူမ ယိချင်းဘက် လှည့်ကြည့်လိုက်တယ်။
“စားဖိုမှူး၊ နင်မပြောနဲ့နော်…” ဒါတွေကိုနင်စိုက်ခဲ့တယ်လို့။
ယိချင်း အမူအရာက မှောင်မည်းသွားတယ်။ မျက်စိတစ်မှိတ်အတွင်း သူကအနောက်ဆောင်ထဲ ပျောက်သွားပြီး သုံးစက္ကန့်အတွင်း ထွက်လာတယ်။ ပိုတောင် ဒေါသထွက်နေပုံပေါ်ပြီး သူမကို ခေါင်းညိတ်ပြတယ်။
“ဟုတ်တယ်” သူက ဒီအသီးအရွက်တွေကို စိုက်ခဲ့တာ။ ပြန်လာချိန်ကျဆရာ့အတွက် ချက်ပေးဖို့။
“နင်ဘယ်လောက်တောင် ခူးခဲ့တာလဲ”
“အကုန်ခူးခဲ့တာ”
“…”
ရှန်းရင်က ဝရံတာဆီလှမ်းကြည့်လိုက်တော့ အာရုံစိုက်စရာ ဒုဓလီပန်းသုံးပွင့်ကို မြင်လိုက်ရတယ်။ ရုတ်တရက် အသီးအရွက်အားလုံးကို ဒီနေရာဆီ ဘယ်သူယူလာလဲ သူမ သိလိုက်ရပြီ။
…