အခန်း ၁၅၉ ။ ကောင်းကင်အလွန်မှကောင်းကင်များ
ကြက်ကင်အစ်မနဲ့ယှဉ်ရင် ယိချင်းသက်သာလာတာ ပိုမြန်တယ်။ သူလိုတာက နည်းနည်းလေးပိုနားရုံပဲ။ သူသာ ဧကရာဇ်တက်လှမ်းအဆင့်ကိုဖြတ်သန်းပြီး ဧကရာဇ်ငယ်အဆင့်ထိ ကျင့်ကြံဆင့်တိုး သွားခဲ့မယ်ဆိုရင် သူ့ကိုယ်မှာ မသေမျိုးချီ ပေါလာမှာမို့ ပျောက်ကင်းတာပိုမြန်နိုင်တယ်။
ဧကရာဇ်တက်လှမ်းစင်မြင့်ကလည်း ကောင်းကင်အလွန်ကောင်းကင်များဆီမှာရှိနေတာနဲ့ တိုက်ဆိုင်သွားတယ်။ ဖြစ်ချင်တော့ အစွန်းနှစ်ဖက်မှာ ရှိနေတာ။ သူ အနှေးနဲ့အမြန် အဲနေရာကို သွားရမှာဆိုတော့ အားလုံး ကောင်းကင်အလွန်မှကောင်းကင်များဆီ တူတူသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရှန်းရင်နဲ့ယိချင်းကတော့ အမတတက်လှမ်းမှုစင်မြင့်ဆီသွားဖို့ အုပ်စုကနေ သီးခြားခွဲထွက်မယ်ပေါ့။ ကြက်ကင်အစ်မနဲ့ ဖုန်းယင်ကတော့ ဝူဟုန်နဲ့ပြောင်ထင်နောက်လိုက်ပြီး ခြောက်သွေ့လဝက်ကို သွားယူမယ်။
သူတို့ ဝူတိဂိုဏ်းကနေ ထွက်လာတာနဲ့ မိစ္ဆာအမတနှစ်ယောက်လည်း နောက်ဆုံးတော့ နည်းနည်း စိတ်သက်သာရာရသွားခဲ့ပြီ။ ကောင်းလိုက်တာ – သူတို့အသက်ရှင်နေသေးတယ် သူတို့လဝက်ကျော် စိုးရိမ်နေခဲ့ရပေမဲ့ အခုတော့ နောက်တစ်ခေါက် အသက်ပြန်ရှုနိုင်ပြီ။
ကံကောင်းလို့ သူတို့က ရှန်းရင်အတွက် အသုံးဝင်သွားတာ။ မဟုတ်ရင် သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့နတ်သမီးရဲ့စားပွဲမှာ မြင်နေရလောက်ပြီ။ နှစ်ယောက်သား အပျော်လွန်နေကြလို့ ဖုန်းယင်နဲ့ ချီချန်းယွီကိုပါ အင်မတန်ကြင်နာစွာနဲ့ ဆက်ဆံကြတော့တယ်။ သူတို့ကို လမ်းတစ်လျှောက်အဖော်ပြုဖို့ ထိပ်တန်းအဆင့်အမတလက်နက်တွေ ပြရုံတင်မကဘူး၊ ပျင်းပြီးမသေအောင် ကောင်းကင်အလွန်မှ ကောင်းကင်များအကြောင်းကိုပါ ရှင်းပြဖြစ်တယ်။
“အမတရောင်းရင်းတို့ ပင်ပန်းနေပြီလား၊ တစ်ခဏလောက်နားကြမလား၊ ဒီကနေ ကောင်းကင်အလွန်မှကောင်းကင်များဆီ သွားဖို့ ၂ ရက်လောက်ကြာဦးမယ်၊ ကျုပ်တို့ အလျင်လိုစရာလုံးဝမလိုပါဘူး”
“အမှန်ပဲ၊ မိန်းကလေးချီ၊ ခင်ဗျားက ဝိညာဉ်ပဲရှိသေးတာ၊ အဝေးကြီးသွားဖို့ အဆင်မပြေဘူး၊ ခင်ဗျားရဲ့ ချီနဲ့စွမ်းအင်ကို ပြန်လည်အားဖြည့်ပေးနိုင်မဲ့ ဝိညာဉ်တည်ငြိမ်ပုလဲရှိတယ်၊ အရမ်းအသုံးဝင်မှာပါ”
“အမှန်ပဲ၊ အမတရောင်းရင်းယင်၊ ခင်ဗျား ဒဏ်ရာအကြီးအကျယ်ရထားတာ၊ ဒီမှာထိပ်တန်းအဆင့် အမတဆေးလုံးဘူး ရှိပါတယ်၊ ယူထားပြီး ကုသမှုလုပ်ငန်းစဉ်ကို ကူညီပေးနိုင်အောင် တစ်ခုသောက်လိုက်ပါ၊ ခင်ဗျား လိုတဲ့အချိန် တခြားဟာတွေအတွက် သိမ်းထားလို့ရပါတယ်”
ဖုန်းယင် ။ ။ “…”
ချီချန်းယွီ ။ ။ “…”
“ကျေး… ကျေးဇူးပါ အဇဋာဧကရာဇ်တို့”
ဧကရာဇ်နှစ်ပါးက လက်ဆောင်လက်မခံခင်ထိ အနားမယူလောက်မဲ့ပုံ မြင်တော့ ဖုန်းယင်နဲ့ ချီချန်းယွီတို့က ဧကရာဇ်တွေကမ်းပေးလာတဲ့ပစ္စည်းတွေကို ယူပြီး ကျေးဇူးတင်လိုက်တယ်။
“ဖုန်းယင်” ချီချန်းယွီက ဖုန်းယင်ဝတ်ရုံလက်ကို ဆွဲလိုက်တယ်။ သူမ နှစ်ယောက်သားရဲ့ စိတ်ရင်းအကြည့်တွေကို လှမ်းကြည့်ပြီး မနေနိုင်ဘဲမေးလိုက်တယ်။
“ဒီနှစ်ယောက်က… တကယ်ပဲ အဇဋာဧကရာဇ်တွေလား” သူတို့က တကယ်ပဲ အမတဘုံမှာ အသန်မာဆုံးလူတွေလား။
“ဟုတ်တယ်… မလား” ဖုန်းယင်လည်း ကိုယ်တိုင် မသေချာ။ အမတဘုံက အမတတွေအားလုံသက ဒီလိုယဉ်ကျေးကြတာလား။ ဖုန်းယင် ဧကရာဇ်နှစ်ပါးက သူတို့ကို ပစ္စည်းတွေထပ်ပေးဖို့ ပြင်နေတာမြင်တော့ အမြန်ထပ်ပြောလိုက်တယ်။
“ခင်ဗျားတို့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် အဇဋာဧကရာဇ်တို့၊ နောက်ကျနေပြီဆိုတော့ ဆက်သွားကြရအောင်၊ ကျုပ်တို့ ရှန်းရင်ကို ဝူတိဂိုဏ်းမှာ ဆယ်ရက်အတွင်းတွေ့ဖို့ ပြင်ထားတယ်လေ၊ ဒါကြောင့်…”
သူ စကားတောင်မဆုံးခင် အဇဋာဧကရာဇ်တွေ တုန်ယင်သွားတယ်။ ချက်ချင်းပဲ မတ်မတ်ရပ်ပြီး ဖြူဖျော့သွားတယ်။ သူတို့အရင်လိုစိတ်အေးနေပုံမပေါ်တော့ဘူး။
“မြန်မြန် မြန်မြန်၊ ဒီနေ့ကောင်းကင်အလွန်မှကောင်းကင်ဆီ အရောက်သွားကြရအောင်”
သူတို့တာဝန်နဲ့ ဆိုတာ မေ့တော့မလို့။
လက်နက်တွေကိုထုတ်ပြီး အရင်ကထက် ဆယ်ဆ မြန်တဲ့အရှိန်နဲ့ ခရီးထွက်တော့တယ်။
ဟန်ချက်ပျက်တော့မလို ဖြစ်သွားတဲ့ချီချန်းယွီ ။ ။ “…”
တစ်စုံတစ်ရာကို အမှတ်ရသွားတဲ့ ဖုန်းယင် ။ ။ “…”
သူတို့က ရှန်းရင်တစ်ရေးအိပ်နေတာကို မတော်တဆ နှိုးမိဖူးကြတာလားဟေ။
————
တစ်ဖက်ခြမ်းတွင်တော့။
ဆရာတပည့်နှစ်ယောက်က သူတို့ရှေ့ကလူကို တိတ်တဆိတ် စိုက်ကြည့်နေမိတယ်။
“မင်းတို့ ဘာကြည့်နေတာလဲ” ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တယ်။
“မင်းတို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ ဖွင့်ထားတာ၊ ငါကျသွားလို့မရဘူးလား”
“အာ… အဲလိုမဟုတ်ပါဘူး” ရှန်းရင်က ခေါင်းတကုတ်ကုတ်။
“နင် ဖုန်းယင်တို့နဲ့လိုက်သွားမယ် ထင်မိရုံပါ”
“ကျွန်တော်ရောပဲ”
ဖေဖေနျိုရဲ့ လောဘကြီးတဲ့ စရိုက်အရ သူတို့ရဲ့ အလားအလာရှိတဲ့ဖောက်သည်နှစ်ယောက်ကို လက်လျှော့ပြီး ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ သူတို့နဲ့သွားစရာ အကြောင်းရင်းမရှိဘူး။ လုံးဝကို အဓိပ္ပာယ်မရှိတာ။
“ငါက ဘာလို့ သူတို့နောက်လိုက်ရမှာလဲ” ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ သူက သူတို့နဲ့ အဲလောက်မှမရင်းနှီးတာ။
“မင်းတို့နှစ်ကောင်က ဘယ်သွားသွား ပြဿနာရှာတယ်လေ – ကြည့်ရတာ အရိုးစွဲနေတဲ့ပုံပဲ၊ မင်းတို့နှစ်ယောက်တည်း ဘယ်လိုလုပ်ထားခဲ့နိုင်မလဲ” သူ နောက်နေ့ သူတို့တွေနေရာတိုင်းမှာချန်ထားခဲ့တဲ့ ပြဿနာတွေအကြောင်း မကြားချင်ဘူး။ ပြီးတော့ ဝူဟုန်နဲ့ပြောင်ထင်ရဲ့ သူတို့ပေါ် ဆက်ဆံတဲ့အပြုအမူအရ မကြာခဏပြန်တွေ့နိုင်တယ်။ သူ သူတို့နဲ့ စီးပွားရေးလုပ်ချင်ရင်တောင် အနာဂတ်မှာ အခွင့်အရေးတွေ အများကြီးရှိလာမှာပဲ။
သူ ဖုန်းယင်ကို အချက်အလက်တွေစုဆောင်းဖို့လည်း ညွှန်ကြားပြီးပြီ။ စနစ်ရဲ့အကူအညီနဲ့ဆို မိုင်ပေါင်းထောင်ချီအဝေးမှာပေါက်နေတဲ့ မှိုကိုပါ အာရုံခံနိုင်မှာပဲ။ တိကျတဲ့အချက်အလက်တွေနဲ့သာဆို သူ တွက်ချက်ပြီး လှည့်လို့ရ… ဖွီ သူတို့နဲ့ ထိထိရောက်ရောက် စီးပွားရေးလုပ်လို့ရပြီ ပြောပါတယ်
“မြန်မြန် မြန်မြန် ဧကရာဇ်တက်လှမ်းစင်မြင့်က အရမ်းဝေးတယ်မဟုတ်ဘူးလား” ကူယွဲ့ သူတို့ကို လောလိုက်တယ်။
“ဆယ်ရက်အတွင်း ပြီးမယ်ပြောထားတာ၊ ပြန်ရောက်တာနဲ့ လုပ်စရာတွေ ရှိသေးတယ်မဟုတ်လား၊ အချိန်ဖြုန်းနေကြတာတော်တော့”
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ငါတို့ဆင်းရဲသားတွေတော့ သူဌေးတွေလောကကို တကယ်ကို ဘယ်တော့မှနားလည်နိုင်မှာမဟုတ်ဘူးပဲ။
ဖေဖေနျိုက သူတို့ကို တစ်လမ်းလုံးလောတာတောင် ကောင်းကင်အလွန်မှကောင်းကင်များထဲက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ ရောက်ဖို့ ငါးရက်ကြာခဲ့တယ်။ တကယ်တော့ ကောင်းကင်အလွန်မှ ကောင်းကင်များက ယွီဖုန်းအမတနယ်မြေနဲ့ တစ်ပုံစံတည်းပဲ – အမတဘုံနဲ့ ချိတ်ဆက်နေပေမဲ့ လုံးဝကို တသီးတခြားပုံမျိုး။
ယွီဖုန်းအမတနယ်မြေက အမတဘုံရဲ့ နယ်နိမိတ်ဘောင်မှာ ရှိတာဆိုရင် ကောင်းကင်အလွန်မှ ကောင်းကင်များကတော့ တည့်တည့်မှာရှိနေတာ။ ကောင်းကင်အပေါ်မှာပေါ့။ တစ်ယောက်ယောက်က အဲကိုသွားချင်ရင် ကိုးလွှာနန်းတော်တံခါးတွေကိုဖြတ်ရမယ်။ တိုက်ကြီးအသီးသီးက အမတတွေက တစ်လွှာစီကို စောင့်ရှောက်ကြတယ်။ အဇဋာဧကရာဇ်တံဆိပ်ပြား ရှိသူတွေပဲ နန်းတော်တံခါးတွေကြား ဖြတ်သန်းနိုင်ပြီး နောက်တစ်ဆင့်ကိုသွားနိုင်မှာ။ ဒါပေမဲ့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကတော့ မတူဘူး။ ကောင်းကင်အလွန်မှကောင်းကင်များရဲ့ အစွန်ဆုံးမှာရှိနေတာ။ အဲကိုရောက်ဖို့ ကိုးလွှာရတနာတံခါးများကို ဖြတ်စရာမလိုဘူး။
သုံးယောက်သား စင်မြင့်ဆီ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့တယ်။ သူတို့ဒီရက်ပိုင်းမြင်ရသမျှက ပတ်ပတ်လည်မှာ အမတမြူခိုးဖြူတွေကြီးပဲ။ ရှည်ကြာပင်ပန်းတဲ့ခရီးအဆုံးမှာတော့ တိမ်တိုက်ကြီးနှစ်ခုကြား ထောင်မတ်နေတဲ့ စင်မြင့်ကိုမြင်လိုက်ရတယ်။ စင်မြင့်က အတော်လေးကျယ်တာမို့ သူတို့ဂိုဏ်းက လေ့ကျင့်ရေးကွင်းလိုမျိုးပဲ။ စင်မြင့်ပတ်ပတ်လည်မှာ ထူးခြားတဲ့ အဆောက်အဦတွေလည်းမရှိဘူး။ ကောင်းကင်ထဲမှာ ထီးထီးကြီး ရပ်တည်နေတယ်။
အဝေးကနေ စင်မြင့်ပေါ်က ထုတ်လွှင့်လာတဲ့ မတန်တဆဖိအားကိုခံစားလိုက်ရတယ်။
ကူယွဲ့ တစ်ခဏရပ်ပြီး သူ့ကိုယ်သူ အသင့်ပြင်လိုက်တယ်။ သူ အသက်ပြင်းပြင်းရှူပြီး စင်မြင့်ဆီ ပျံသန်းလာခဲ့တယ်။
သူတို့ ရောက်ရောက်ချင်း အဖြူရောင်ပုံရိပ်တစ်ခုက သူတို့ရှေ့ပေါ်လာတယ်။
“နှုတ်ဆက်ပါတယ် အမတရောင်းရင်းတို့” ဝတ်ရုံဖြူဝတ်ထားတဲ့လူက တစ်ခေါင်းလုံး ဖြူဖွေးစွတ်နေတာပဲ။ သူက ယိချင်းကိုဖြီးပြတယ်။ မျက်လုံးတွေက တောက်ပနေပြီး ဂါရ၀ပြုလာလေရဲ့။
“ရှောင်ကျွင်း”
အမတဘုံမှာ ဧကရာဇ်သုံးဆင့်ရှိတယ်။ ဧကရာဇ်ငယ်တက်လှမ်းသူတွေကို “ရှောင်ကျွင်း” လို့ခေါ်ပြီး နတ်ဒေဝါဧကရာဇ် ဖြစ်လာမဲ့သူတွေကိုတော့ “ရှန်းကျွင်း”၊ အဇဋာဧကရာဇ် ဖြစ်လာမဲ့သူတွေကိုတော့ “သီကျွင်း” လို့ ခေါ်ဝေါ်ကြတယ်။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်မှာ အလုပ်လုပ်လာတာ ကြာပြီမို့ ယိချင်းက ဧကရာဇ်ငယ်တက်လှမ်းမဲ့သူဆိုတာ အလိုလိုပြောနိုင်တယ်။
“ကျုပ်က ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို စောင့်ရှောက်တဲ့ အမတပါ၊ အဇဋာမင်းကြီးတွေအားလုံးက ကျုပ်ကို ဧကရာဇ်အသစ်တွေအတွက် ကိစ္စအဝဝရှင်းပြပေးဖို့ လွှတ်ထားတာပါ၊ ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါ ရောင်းရင်းအမတတို့”
ဒီလိုနဲ့ သူက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ အားလုံးကိုဦးဆောင်လာရင်း စင်မြင့်အလယ်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ရှောင်ကျွင်း ကျေးဇူးပြုပြီး စင်မြင့်အလယ်ပေါ်က နတ်ကျောက်တုံးပေါ် မတ်တတ်ရပ်ပါ၊ ပလင်းတန်းဖြူတစ်ခုပေါ်လာပါလိမ့်မယ်၊ ဧကရာဇ်ငယ် မသေမျိုးချီကို စုပ်ယူပြီး တစ်မိနစ်စောင့်ရင်ရပါပြီ”
“ကျေးဇူးပါ ရောင်းရင်းအမတ” ယိချင်းက ခေါင်းညိတ်ပြီး စင်မြင့်အလယ်ဆီ လျှောက်လာခဲ့တယ်။
ရှန်းရင်နဲ့ကူယွဲ့လည်း နောက်က အလိုလို လိုက်သွားမိပေမဲ့ အမတအစောင့် တားတာခံလိုက်ရတယ်။
“ကျေးဇူးပြုပြီး ဒီမှာရပ်ပါ အမတရောင်းရင်းတို့၊ တက်လှမ်းမဲ့အမတတွေပဲ စင်မြင့်ပေါ်တက်ရတာပါ”
“အော်” နှစ်ယောက်သားက နောက်ဆုတ်ပြီး စင်မြင့်အလယ်မှာရပ်နေသူကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက အပြည့်အဝပြန်မကောင်းသေးဘူးလေ။
“မစိုးရိမ်ပါနဲ့ အမတရောင်းရင်းတို့” အမတအစောင့်က သူတို့စိတ်ကိုဖတ်နိုင်သလိုမျိုး စိတ်အေးအေးထားခိုင်းတယ်။
“ရှောင်ကျွင်း အဆင်ပြေပါလိမ့်မယ်၊ ဧကရာဇ်တက်လှမ်းရတာ ဝဋ်ကြွေးချေတာကို တောင့်ခံတာနဲ့ မတူပါဘူး၊ သူ့ကျင့်ကြံဆင့်ကို အထောက်အကူပြုမဲ့ ကောင်းကင်အလင်းတစ်ခုပဲရှိမှာပါ၊ အန္တရာယ် မရှိပါဘူး”
“ဝဋ်ကြွေးချေမှု မရှိဘူးလား” ကူယွဲ့ အူကြောင်ကြောင်ကြည့်နေမိတယ်။ အမတအစောင့် သူတို့ကို တားတာက မိုးကြိုးကြောင့် ထိခိုက်ဒဏ်ရာရမှာစိုးလို့ထင်နေတာ
“အဆင်မြင့်အမတကနောက်နေတာပဲ” အမတအစောင့်က ရယ်တယ်။
“ဧကရာဇ်တက်လှမ်းရတာ ကောင်းတဲ့ကိစ္စလေ၊ ဘာလို့ဝဋ်ကြွေးချေမှုရှိရမှာလဲ၊ ဒီဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ လာနိုင်တာကို ဆုလာဘ်လို့စဉ်းစားလို့ရတယ်၊ ဒါပေမဲ့… နောက်ပိုင်း သူ နတ်ဒေဝါဧကရာဇ် ဒါမှမဟုတ် အဇဋာဧကရာဇ်အဖြစ်တက်လှမ်းရင် ဒီကိုထပ်လာဖို့မလိုတော့ပါဘူး”
“သိပါပြီ” ကူယွဲ့ ခေါင်းညိတ်ပြီး အစောင့်ပြောသွားတာကို သိပ်မစဉ်းစားတော့ဘူး။ သူ စင်မြင့်အလယ်က ယိချင်းကို လှမ်းကြည့်လိုက်တယ်။
…