အခန်း ၁၆၁ ။ ရွှမ်ထုံဝင်လာ
ဂျပုလေးက ဝူတိဂိုဏ်းမှာနေနေတာ အခု တစ်လနီးပါးရှိပြီ။ ကံမကောင်းတာနဲ့ ခဏခဏ ဒဏ်ရာရနေတာကလွဲလို့ အများအားဖြင့်တော့ အဆင်ပြေပါတယ်။ လုံးဝမပြောင်းနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ရှန်းရင်ဆီ တစ်နေ့သုံးကြိမ်ပို့နေကျ ပူဇော်ဖွယ်တွေပဲ။ ရှန်းရင် အဖြေမထုတ်နိုင်တာက အဲဒါတွေကို သူဘယ်နေရာဆီက ရလာလဲဆိုတာပဲ။ ဒါပေမဲ့ သူမ မနက်တိုင်း ပြတင်းပေါက်အပြင်မှာ သပ်သပ်ရပ်ရပ်စီထားတဲ့ အဆာသွတ်မုန့်၊ အဆာပြေမုန့်တွေ၊ သစ်သီးတွေရှာတွေ့နေကျ။
ရှန်းရင် ဒါတွေကို မလိုချင်ဘူးလို့ ဘယ်လောက်ရှင်းအောင်ပြောပြော ဂျပုလေးက အကျင့်ကို ဖျောက်နိုင်တဲ့ပုံမပေါ်။
တစ်နေ့တုန်းက သူမက ဂိုဏ်းထဲကို တောရိုင်းပန်းတွေ သယ်လာချိန် မုန်လာဥဖြူနဲ့တိုးသွားတယ်လေ။ မုန်လာဥဖြူ ဒေါသထွက်လွန်းလို့ ပေါက်ကွဲပါလေရော။ နှစ်ယောက်လုံးက ငယ်တာမို့ ရန်စဖြစ်ကြတော့တယ်။ မုန်လာဥဖြူကတော့ ရှန်းရင်ကို ပန်းပေးခွင့် သူ့ဆီမှာပဲရှိတယ်လို့ အတင်းပြောပြီး ဂျပုလေးကို ရှန်းရင်အနား တောရိုင်းပန်းတွေနဲ့ သွားခွင့်မပေး။ မုန်လာဥဖြူက ဂျပုလက်ထဲကနေ တောရိုးပန်းတွေကို အတင်းဆွဲလုပြီး သူ့ဒုဓလီပန်းတွေနဲ့ လဲပစ်လိုက်တယ်။ မုန်လာဥဖြူက ဂျပုကို ရှန်းရင်ဆီ ပန်းထပ်ပေးချင်ရင် သူ့ဆီက တောင်းရမယ်လို့ပါ ပြောလိုက်သေးတယ်။
အဲနောက်ပိုင်းကစပြီး တောရိုင်းပန်းတစ်ပွင့်မှ ရှန်းရင်ပြတင်းပေါက်အပြင်မှာ ပေါ်မလာတော့ဘူး။
ရှန်းရင် ပြတင်းပေါက်အပြင်မှာ ညှပ်ထားတဲ့ ဒုဓလီသုံးပွင့်ကို ကြည့်လိုက်တယ်။ သူတို့က အမွှေးတိုင်သုံးချောင်းလို မတ်မတ်လေး။ လေတစ်ချက်တိုက်တိုင်း အပွင့်တချို့ကလွင့်သွားလေရဲ့။ သူမ နှုတ်ခမ်းစေ့လိုက်မိတယ်။ ဒါ… ဂျပုလေး ကမ္မည်းတိုင်ရှေ့ ပူဇော်လောက်တဲ့ အမွှေးတိုင်သုံးချောင်းနဲ့ အတူတူပဲလား။
-_-|||
“ဂိုဏ်းချုပ်နဲ့ အကြီးအကဲကူယွဲ့ ဒီရောက်နေပြီ” ယွီဟုန်က ဂျပုလေးလက်ကိုဆွဲရင်း ခန်းမထဲ ဝင်လာတယ်။ သူမ ဂျပုလေးကို မမြင်ရတာ ရက်ပိုင်းပဲရှိသေး လက်မတချို့လောက် အရပ်ရှည်လာပုံပဲ။ ခုဆို ယွီဟုန်ရဲ့ လက်မောင်းအထက်ပိုင်းလောက်ထိ ရောက်တော့မယ်။
“ကောင်းကင်နတ်ဘုရား ကျေးဇူးပြုပြီး…” ရွှမ်ထုံက အနောက်ဆောင်ထဲ ဝင်ဝင်လာချင်း မျက်လုံးတွေ ဝင်းလက်သွားတယ်။ ရှန်းရင်ဘေး ပြေးမလို့ရှိသေး၊ တစ်ခုခုကိုမှတ်မိသွားပုံနဲ့ ရပ်တန့်လိုက်တယ်။ ယွီဟုန့်လိုမျိုးပဲ သူမက ရှန်းရင်ကို ဂါရ၀ပြုလေရဲ့။
“ရွှမ်ထုံ ဂိုဏ်းချုပ်နဲ့ အကြီးအကဲ၂ယောက်ကို ဂါရ၀ပြုပါတယ်”
“ရွှမ်ထုံ မင်းဒီပစ္စည်းတွေကို အိမ်ထဲ လျှောက်ပစ်ခဲ့တာလား” ကူယွဲ့မေးလိုက်တယ်။
ရွှမ်ထုံကပျာယာခတ်သွားပြီး ခေါင်းညိတ်ပြတယ်။
“ဟုတ်”
“ဘာလို့လဲ”
“သူတို့တွေက ကောင်းကင်… ဂိုဏ်းချုပ်အတွက် ပူဇော်ဖွယ်တွေပါ”
ကူယွဲ့ ခေါင်းကိုက်လာသလိုပဲ။
“မင်းက ငါတို့ဂိုဏ်းရဲ့တပည့်ဖြစ်နေပြီ၊ ပူဇော်ဖွယ်တွေ လုပ်ဖို့မလိုတော့ဘူး” သူမက ဂိုဏ်းဆီကနေ ဒီပစ္စည်းအားလုံးကို ယူနေတာလေ ယိချင်း သူ့ကိုမဆုံးမသေးတာပဲ ကံကောင်းတယ်ပြောရမယ်။
“ဒါပေမဲ့… ဒါပေမဲ့ ကောင်းကင်နတ်ဘုရားကို ကတိပေးထားတယ်” သူမက တလေးတနက်ကို ပြောတော့တယ်။
“မမဟုန်က ပြောတယ်လေ၊ လူတွေက သူတို့စကားကိုတည်ရမယ်၊ အမတတွေဆို ပိုတောင် တည်သင့်တယ်ဆို၊ သေချာပေါက် ကတိတည်ရမှာပေါ့” ကောင်းကင်နတ်ဘုရားက သူမကို ကာကွယ်ခဲ့တဲ့အတွက် နေ့တိုင်း ပူဇော်ဖို့ ကတိပေးခဲ့တာ။ စကားကိုပြန်ရုပ်သိမ်းလို့မရဘူး။
ကူယွဲ့ ။ ။ “…”
ဆွဲထည့်ခံလိုက်ရသော ယွီဟုန် ။ ။ “…”
သူမက မျက်မှောင်ကြုတ်ပြီး မဆိုစလောက် မခံမရပ်နိုင်ဖြစ်နေတဲ့ပုံ။ ရှန်းရင်ဘက် လှည့်ပြောလိုက်တယ်။
“ကောင်းကင်နတ်ဘုရားကို မတွေ့ရတာ ရက်ပိုင်းရှိသွားပြီလေ၊ ထင်နေတာ… ထင်နေတာ…” သမီးကို မလိုချင်တော့ဘူးလို့။ သူမအသံက တိမ်ဝင်သွားတယ်။ နည်းနည်းလောက်ကြာတော့ သူမက ဆက်ပြောတယ်။
“ကောင်းကင်နတ်ဘုရားပြန်လာမယ်ဆိုတာ သိပါတယ်၊ ဒါကြောင့်… ဒီတစ်ကြိမ် သမီးက ကြာရှည်ခံတဲ့ စားစရာတွေကိုပဲ ပူဇော်ဖို့အသင်ပြင့်ထားတာ၊ သူတို့က ပုပ်သွားမှာမဟုတ်ပါဘူး” သူမအတွက် စားစရာရှာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အချိန်အကြာကြီး တူးခဲ့ရတာ။
ကြာရှည်ခံတဲ့စားစရာတွေရဲ့ ပိုင်ရှင်အမှန် ။ ။ “…” ငါတော့ သူ့ကိုတကယ် တောင်အောင်ပစ်ချချင်နေပြီ။
“သမီး… တစ်ခုခု အမှားလုပ်မိလို့လား” ရွှမ်ထုံက လူတိုင်းကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေတယ်။
“…” ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ သူမ အမှားလုပ်ခဲ့တယ်လို့လည်း ပြောမရဘူး။ ရည်ရွယ်ချက်ကောင်းပေမဲ့ အတော်လေးရလဒ်ဆိုးသွားတဲ့ ကလေးမကို ဘယ်လိုကူညီရမလဲ မသိတဲ့အတွက် သက်ပြင်းချလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးပဲ ရှိသေးတာကိုး သူမ ရှန်းရင်ဘက် လှည့်ပြောလိုက်တယ်။
“ဟေး သူက မင်းပရိသတ်၊ ကိုယ့်ဟာကိုယ်ရှင်း” ငါတော့ ဝင်မပါတော့ဘူး။
ရှန်းရင် အသီးစားနေတာ ရပ်လိုက်တယ်။ သူမကို တောက်ပစွာနဲ့ စိုက်ကြည့်နေဆဲ ကလေးမဘက် လှည့်လိုက်တယ်။ သူမစားတောင်မစားရသေးဘူး၊ အခု ကလေးကိုသင်ပေးရဦ်းမယ်ပေါ့… အလုပ်ရှုပ်လိုက်တာ
သူမ သက်ပြင်းချပြီး ကလေးဆီ လျှောက်လာခဲ့တယ်။
“ဟိတ်… ဂျပုလေး”
“ဂိုဏ်းချုပ်” ရွှမ်ထုံက ဂါရ၀ပြုပြီး ခပ်မတ်မတ်ရပ်လိုက်တယ်။ သူမကြည့်ရတာ လုံးဝကို အညှို့ခံထားရတဲ့ပုံ။ ဟီးဟီး… ကောင်းကင်နတ်ဘုရားက နောက်ဆုံးတော့ ငါ့ကိုစကားပြောပြီ။
“လျှို့ဝှက်ချက်တစ်ခုပြောပြမယ်”
“ဟုတ်” သူမ ရှန်းရင်ကို မျှော်လင့်တကြီး စိုက်ကြည့်နေမိတယ်။
“တကယ်တော့ ငါတို့ ပုံမှန်က ကောင်းကင်နတ်ဘုရားတွေကို စားစရာပူဇော်တာမျိုး မလုပ်ကြဘူး၊ ဒါကြောင့် နင်ဒီပစ္စည်းတွေဆက်ကပ်လည်း… လုံးဝအသုံးမဝင်ဘူး” အဲဒါတွေက ဟင်းခက်အမွှေးအကြိုင်အနေနဲ့ သုံးတဲ့ ဟင်းသီးဟင်းရွက်တွေပဲ။
“တ… တကယ်လား” သူမကြည့်ရတာ အကြပ်ရိုက်သွားတဲ့ပုံ။ ပျော့တိပျော့ခွေနဲ့ ပြားသွားတဲ့ပူဖောင်းလိုပဲ။ အချိန်မရွေးငိုတော့မဲ့ပုံစံနဲ့ သူမမျက်လုံးတွေက မျက်ရည်ဝဲလာတယ်။
“အာ… အာ ဒါဆို သမီး ဘာဆပ်ကပ်သင့်လဲဟင်”
“အဲဒါခက်တယ်၊ နင် နာရီဝက်တစ်နာရီအတွင်း မသင်နိုင်ဘူး”
“မကြောက်ပါဘူး ကျေးဇူးပြုပြီး သမီးကိုသင်ပေးပါ ဂိုဏ်းချုပ်၊ လုပ်ပါ့မယ်”
“ကောင်းပြီလေ ဒါဆို…” သူမ တစ်ဖက်လှည့်ပြီး အိမ်လေးဆီ လက်ညှိုးလှမ်းထိုးလိုက်တယ်။ အရမ်းကို တည်ကြည်စွာနဲ့ သူမကညွှန်ကြားလိုက်တယ်။
“အဲဒါတွေအကုန်လုံးကို လာခဲ့တဲ့နေရာ အရင်ပြန်ထားချေ”
“ချက်ချင်းလုပ်လိုက်ပါ့မယ်”
သူမက ခူးလာခဲ့တဲ့ အသီးအရွက်တွေအားလုံးကို ကုန်းကောက်တော့တယ်။
ကူယွဲ့ ။ ။ “…”
ဒါပေါ့ဆမှုလား။ သေချာပေါက် ပေါ့ဆမှုပဲ။ အိမ်ကိုသန့်ရှင်းဖို့ လူလိုချင်နေရုံ မဟုတ်လား။ ကလေးတစ်ယောက်ကိုတောင် အလွတ်မပေးဘူးပေါ့ ကိုယ့်ကိုယ်ကိုယ်မရှက်ဘူးလား။
“လာ ငါ့မှာသိုလှောင်အိတ်ရှိတယ်၊ သုံးရင် နင့်အတွက် ပိုအဆင်ပြေသွားလောက်တယ်”
“ကျေးဇူးပါ ဂိုဏ်းချုပ်”
“ရတယ်၊ နင် ပြန်စိုက်ပြီးသွားရင် ပြန်လာပြီး အခန်းကိုသန့်ရှင်းရေးလုပ်နော်၊ ကောင်းကောင်းလုပ်ရင် ငါနင့်ကိုအတော်လေးအထင်ကြီးမိမယ်”
“ဟုတ်ကဲ့ ဂိုဏ်းချုပ် ကိစ္စမရှိပါဘူး ဂိုဏ်းချုပ်”
ကူယွဲ့ ။ ။ “…” အကျိုးနည်းငတုံး။
ခဏ ယွီဟုန် မင်းသူ့ကို ဘယ်လိုကြည့်နေတာလဲ ရှန်းရင်ဆီက သင်ပြီး တခြားတပည့်တွေကို ဒီဘိုသင်ပေးတာမျိုးမလုပ်နဲ့နော်။
——————
ကလေးမက ဝမ်းမြောက်ဝမ်းသာစွာနဲ့ သိုလှောင်အိတ်ကိုယူပြီး ဥယျာဉ်ဆီပြေးသွားတယ်။ ယွီဟုန်တော့ သူမ ရှန်းရင်ကို အပင်ပြန်စိုက်ဖို့ ကူညီသင့်မသင့် အသည်းအသန်စဉ်းစားနေမိပြီ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒါက ယွီဟုန်ချီးကျူးခံရတဲ့ပုံလေ။
အိုး အားကျလိုက်တာ…။
“ဂိုဏ်းချုပ် အကြီးအကဲနှစ်ယောက်၊ ညီမငယ်ရွှမ်ထုံနဲ့ပတ်သက်ပြီး… တပည့်မှာ တင်ပြစရာတစ်ခုရှိပါတယ်”
ယွီဟုန် လောလောဆယ်ကိစ္စကို ရုတ်တရက် သတိပြန်ရသွားပြီး ကလေးနောက်လိုက်ချင်စိတ် ထိန်းလိုက်ရတယ်။ ဟုတ်တယ် ဥယျာဉ်နောက်မလိုက်ခင် ကိစ္စတင်ပြပြီးတဲ့အထိစောင့်တာပေါ့
“ဘာကိစ္စလဲ” ကူယွဲ့ မော့ကြည့်လိုက်တယ်။
“သူ့ကျင့်ကြံဆင့်အကြောင်းပါ” ယွီဟုန်က အခက်တွေ့စွာ ပြောလိုက်တယ်။
“သူက သဘာဝအရ အားနည်းတော့ ခန္ဓာကျင့်ကြံမှုအတွက် မသင့်တော်ဘူး၊ ဒါကြောင့် ဂိုဏ်းရဲ့လေ့ကျင့်နည်းက သူနဲ့အလုပ်မဖြစ်ပါဘူး၊ သူလိုက်နိုင်မှာမဟုတ်ဘူး၊ ဓားသိုင်းကိုလည်း လေ့ကျင့်နိုင်မှာမဟုတ်ဘူး၊ ပိထောင်က သူ့ကိုယ်ထဲ ချီဘယ်လိုစုဆောင်းရမလဲ သင်ပေးတဲ့သူဆိုပေမဲ့ သူက မီးဓာတ်ပါတဲ့ ဟင်္သာပြဒါးကျင့်ကြံသူ၊ ညီမငယ်က ရေဝိညာဉ်ကြောရှိတဲ့ တစ်ဦးတည်းသောလူ၊ သူက ပိထောင်ဆီကနေ ဆက်ပြီးသင်ယူဖို့ မသင့်တော်ပါဘူး”
အဲဒါက တကယ့်ကိုပြဿနာပဲ။
“သူက ရေဝိညာဉ်ကြောရှိတဲ့ တစ်ဦးတည်းသောလူပေါ့” ချီချန်းယွီက အံ့ဩတကြီးပြောပြီး သုံးယောက်သားကို ထိတ်လန့်တကြား ကြည့်လိုက်တယ်။
“ဖြစ်နိုင်တာက သူလည်း…”
ကူယွဲ့က တိတ်တိတ်လေးနေပြီးမှ ခေါင်းထပ်ညှိတ်လိုက်တယ်။
“အဲဒါအမှန်ပဲ”
ချီချန်းယွီ လက်သီးနှစ်ဖက် ဆုပ်မိလိုက်တယ်။ သူမ သန့်စင်တဲ့ယင်ဓာတ်ခန္ဓာကိုယ်အမျိုးအစားနဲ့ လူတွေကို စောင့်ဆိုင်းနေတဲ့ ကံကြမ္မာကို အပြည့်အဝ သိပြီးသား။ သူတို့တွေက အမတဘုံထဲရှိတာမို့ ချီချန်းယွီလောက်တော့ ဆိုးဝါးတဲ့ဘဝမှာ နေထိုင်ရမှာမဟုတ်ဘူး။ ဂျပုလေးရဲ့ ကိုယ်ခန္ဓာက အမတလက်နက်အမျိုးမျိုး လေ့ကျင့်ဖို့နဲ့ အမတဆေးလုံးတွေအတွက် အသင့်ဆုံးပဲ။
“ကျွန်မလုပ်ပါရစေ၊ သူ့ကိုသင်ပေးမယ်”
သူမလည်း သန့်စင်တဲ့ ယင်ခန္ဓာကိုယ်အမျိုးအစားရှိတာ။ ဘယ်သူမှ သူမလောက် လေ့ကျင့်တဲ့နည်းလမ်းတွေကို နားမလည်ဘူး။
ကူယွဲ့က ခေါင်းယမ်းလိုက်တယ်။ သူ ဇာတ်လမ်းအကြောင်းပြောချင်စိတ်ကို ထိန်းချုပ်နေရတယ်။
“သူက ချီကို ကိုယ်ထဲဘယ်လိုဆွဲသွင်းရမလဲဆိုတာ သိပြီးသား၊ သူ့လေ့ကျင့်မှုတစ်ခုလုံးကို ပြန်မစသရွေ့… ဘယ်လိုပဲဖြစ်ဖြစ် မင်းက… အာ၊ မင်းရဲ့စွမ်းရည်တွေက”
အဲတော့မှပဲ ချီချန်းယွီကိုဝိုင်းထားတာက မသေမျိုးချီဖြစ်ပြီး မိစ္ဆာချီ၊ ယင်ချီတွေ ဟုတ်မနေတာ နားလည်သွားခဲ့တယ်။
“မိစ္ဆာလမ်းစဉ် ကျင့်သုံးခဲ့တာ လက်စားချေဖို့ပါပဲ” ချီချန်းယွီ ခပ်ယဲ့ယဲ့ပြုံးလိုက်တယ်။
“ထျန်းလန်လောကထဲရောက်တာနဲ့ စွမ်းရည်အားလုံးကိုဖယ်ရှားပြီး အစကနေပြန်ကျင့်ကြံခဲ့တာ၊ အခုကျွန်မက အမတကျင့်ကြံသူဖြစ်နေပြီ”
“မြန်လိုက်တာ” ကူယွဲ့ သူ့နားကိုတောင် မယုံနိုင်ဘူး။ သာမန်သေမျိုးအတွက် စွမ်းရည်နဲ့ လေ့ကျင့်မှုအားလုံးကို ဖယ်ရှားပစ်ရတာ နာကျင်ရတဲ့လုပ်ငန်းစဉ်ပဲ။ ချီချန်းယွီက သူ့ချီကိုတောင် အစကနေ ပြန်ကျင့်ကြံရမှာ။ သူ ဒီနှစ်နည်းနည်းလေးအတွင်း ဒါတွေအားလုံးကို တကယ်လုပ်နိုင်ခဲ့တယ်ပေါ့
“မမြန်ပါဘူး၊ နှစ်၅၀၀လောက်ကြာသွားတယ်” နှစ်ကြိမ်စခဲ့လို့လည်း ဝဋ်ကြွေးချေမှုကို မဖြတ်သန်းနိုင်ဘဲ ဝိညာဉ်ဖြစ်လာခဲ့တာ။
“နှစ်ငါးရာ” ကူယွဲ့ အံ့ဩတကြီးရေရွတ်မိလိုက်တယ်။
“ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ နှစ်နည်းနည်းလေးပဲရှိသေး…”
ခဏ အမတဘုံနဲ့ သေမျိုးဘုံကြား အချိန်ရွေ့လျားပုံက ကွာခြားချက်ရှိတာလား။
“အထက်ဘုံကို အစကနေပြန်စပြီး ဘယ်လောက်အကြာမှာ ရောက်ခဲ့တာလဲ”
ချီချန်းယွီက ခေါင်းထဲရေတွက်လိုက်တယ်။
“နှစ်၂ရာပါ”
“…” သေမျိုးဘုံမှာ သူမက တကယ်ပဲ သူတို့ကို နှစ်၇ရာတောင် ရှာခဲ့တာလား။ ကြည့်ရတာ အမတဘုံကတစ်ရက်က အောက်ဘုံကတစ်နှစ်နဲ့ အတူတူလောက်ပဲထင်တယ်။
သူ ချီချန်းယွီကို လေးစားစွာကြည့်လိုက်တယ်။
“နှစ်ကြိမ်ပြန်စပြီး နှစ်၂ရာတည်းနဲ့ မသေမျိုးဆီတက်လှမ်းနိုင်ခဲ့တာ အတော်လေး ချီးကျူးစရာကောင်းနေပြီ”
“အမှန်ပဲ” ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။ သူမက တကယ့်ကို ဆရာကယ်တင်ခဲ့တဲ့သူပဲ။
“သာမန်ကျင့်ကြံသူတွေက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ရောက်ဖို့ အဲလောက်ကြာချိန်လိုတယ်”
ချီချန်းယွီ ။ ။ “…”
ဖုန်းယင် ။ ။ “…”
ဘာလို့ ကူယွဲ့နဲ့ယိချင်းက သူတို့ကိုလှောင်နေသလိုခံစားနေရပါလိမ့်။
…