အခန်း ၁၅၇ ။ ချန်းယွီဒဏ်ရာများ
ပိထောင် ဖုန်းယင်သွေးကြောတွေကို ကုသဖို့ စုစုပေါင်း၇ရက်ကြာခဲ့တယ်။ သူ့လောင်ကျွမ်းနေတဲ့ကိုယ်က နောက်ဆုံးတော့ အရောင်ပြန်တင်လာပြီ။ သူက အခု ပိုပြီး သတိနိုးကြားလာတယ်။
ပိထောင်က နဖူးက ချွေးကိုသုတ်ပြီး အခန်းထံကထွက်လာခဲ့တယ်။ သူ ထွက်ထွက်လာချင်းမှာပဲ ခြံဝန်းထဲ သူအလုပ်ပြီးမှာကို စောင့်နေတယ်ဆိုပြီး… အဆက်မပြတ်စားနေတဲ့ လူတချို့ကို သတိထားမိသွားတယ်။ သူတို့ပဲ ဖုန်းယင်က သူငယ်ချင်းလို့ ပြောတယ်မဟုတ်ဘူးလား။ ဘာလို့ပိထောင်ပဲ ဖုန်းယင်အခြေအနေကို စိုးရိမ်နေတယ်လို့ ထင်ရတာပါလိမ့်။
“ကြီးမြတ်တဲ့… ဂိုဏ်းချုပ်” ပိထောင်က သက်ပြင်းချပြီး သူမရှေ့လှမ်းသွားလိုက်တယ်။
“ကျုပ် သူ့သွေးကြောတွေကို ကုသပြီးပါပြီ၊ ဒါပေမဲ့ ဝဋ်ကြွေးချေမှုက သူ့အုတ်မြစ်ကို ထိခိုက်သွားတယ်၊ ကျုပ်ကျင့်ကြံဆင့်ကြောင့် သူ့အုတ်မြစ်ကို အခုကုသပေးလို့မရဘူး၊ အနားယူပြီး သူ့အုတ်မြစ်ကို သူ့ဘာသာ ထိန်းညှိရလိမ့်မယ်” ပိထောင်က စိတ်တန်ခိုးအဆင့်အမတပဲရှိသေးတာ၊ ပြီးတော့ တက်လှမ်းပြီးကာစ။ အဆင့်မြင့်အမတတွေပဲ တခြားလူရဲ့ အုတ်မြစ်ကိုကုသပေးနိုင်တယ်။
“အိုး… ပင်ပန်းသွားရပြီ” ရှန်းရင် ခေါင်းညိတ်ပြီးလက်ထဲကပန်းသီးကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်တယ်။ အဲတော့မှ ဖုန်းယင်က သူတို့ဆီ လျှောက်လာနေတာကို သူမသတိထားမိသွားတယ်။ အမှန်ပဲ ရင်းနှီးနေတဲ့ စနစ်အသံကထွက်လာပြန်တယ်။
[တင်း အာရုံခံ ။ ။ လက်ခံသူကိုယ်ခန္ဓာက ၈၈ရာခိုင်နှုန်း ပျောက်ကင်းသွားပါပြီ၊ တာဝန် ။ ။ ကျေးဇူးတရားပြသမှုဆိုတာ အရင်ခေတ်တည်းက ရှိလာခဲ့တဲ့တန်ဖိုးပါ၊ လက်ခံသူ ကျေးဇူးပြုပြီး ခေါင်သူကြီးကို သူမရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါ]
ဖုန်းယင် ခြေယိုင်ပြီး နောက်တစ်ကြိမ် ဒူးထောက်ကျမလိုဖြစ်သွားလေရဲ့။ ဒါပေမဲ့ သူအချိန်မီပြန်ထိမ်းပြီး မတ်တတ်ရပ်နေဆဲ။ စိတ်ထဲတော့ စနစ်ကို ဆဲရေးပြီးမေတ္တာပို့ပြီးပြီ။ သူ ပိထောင်ဘက်လှည့်ပြီး လက်နှစ်ဖက်ဆုပ်လိုက်တယ်။
“ခင်ဗျားရဲ့အကူအညီအားလုံးအတွက် ကျေးဇူးတင်ပါတယ် အမတရောင်းရင်းပိထောင်၊ ကိုယ်တိုင်ကိုယ်ကျ ပြန်ဆပ်ပါ့မယ်”
“ဂါရ၀ပြုစရာမလိုပါဘူးဗျာ အမတရောင်းရင်း”
ပိထောင်လည်း လက်နှစ်ဖက်ဆုပ် ပြန်ဂါရ၀ပြုလိုက်တယ်။
“ကျုပ်က ဂိုဏ်းချုပ်အမိန့်အရ လုပ်တာပါ”
အဲတော့မှ ဖုန်းယင်လည်းတစ်ဖင်လှည့်ပြီး ရှန်းရင်ဘေးက ခြေလှမ်းကျဲကြီးတွေနဲ့ ဖြတ်သွားတယ်။ သူ လက်လှမ်းပြီး ချန်းယွီလက်ကို ကိုင်လိုက်တယ်။
“ရှောင်ယွီ၊ ကိုယ်မင်းကို ခြောက်မိသွားလား၊ ကိုယ်မင်းကိုစိုးရိမ်စေမိလို့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကိုယ် အခု အဆင်ပြေနေပါပြီ”
“အာ…” ချီချန်းယွီက ရှန်းရင်ပန်းကန်လုံးထဲ စားစရာထပ်ထည့်ပေးနေရင်း ရပ်သွားတယ်။
တကယ်တော့… သူမ အဲလောက်စိုးရိမ်နေတာမဟုတ်ပါဘူး။ သူမ ဘယ်လိုပဲဖြစ်ဖြစ် ရှန်းရင်ကို ရှာတွေ့ခဲ့ပြီလေ။
“ရှင်… ရှင်အဆင်ပြေတာ ကျွန်မဝမ်းသာပါတယ်၊ ဒါတွေအကုန်လုံးက ရှန်းရင်ကျေးဇူးကြောင့်ပေါ့၊ မဟုတ်ရင် ကျွန်မတို့…”
သူမက စကားအဆုံးထိမပြောဘူး။ ရှန်းရင်ဘက်ပဲ လှည့်ပြီး ရင်ထဲကျေးဇူးတင်မှုတွေပြည့်နေတယ်။ ဖုန်းယင်ကတော့ စိတ်မပါတပါနဲ့ ရှန်းရင်ဘက်လှည့်ပြီး ဗလုံးဗထွေး ရေရွတ်လိုက်တယ်။
“ကျေးဇူး”
“မလိုပါဘူး ကလေး” ဘာပဲဖြစ်ဖြစ် သူမ ဘာမှမှ မလုပ်ခဲ့တာ။
ဖုန်းယင်နှုတ်ခမ်းတွေ တွန့်သွားတယ်။ ဘယ်သူက ကလေးတုံး။
[တင်း လက်ခံသူ ။ ။ ကလေး၊ အချက်အလက်ဖတ်နေပါတယ်၊ သူတို့ကိုတင်ပြသင့်ပါသလား]
“…”
သူ ဒီမိဘအုပ်ထိန်းမှုစနစ်ကို မုန်းလိုက်တာ
“မျှော်စင်သခင်ဖုန်း(၁)” ယိချင်းက ရှေ့တက်ပြီး နှုတ်ဆက်လိုက်တယ်။ ဖုန်းယင်နဲ့ရှန်းရင်ကြား တမင်တောင်ဝင်ရပ်လိုက်သေး။
“…” မင်းကမှ အရူးမျှော်စင်သခင်။ မင်းတို့တစ်မိသားစုလုံးမှ အရူးမျှော်စင်သခင်တွေနဲ့ပြည့်နေတာ။ ငါက မျှော်စင်သခင်ယင်လို့ ဘယ်နှစ်ကြိမ်ပြောရမှာလဲ။
“သူ့အကြောင်းပြောကြရအောင်၊ ခင်ဗျားအစီအစဉ်ကဘာလဲ” ယိချင်းက ချီချန်းယွီကို လှမ်းကြည့်လိုက်တယ်။ သူ သူမက ဝိညာဉ်ပဲရှိတာမို့ အခြေအနေကိုမပြောတတ်ဘူး။ ဖုန်းယင် သူမကို အမတဘုံဆီခေါ်လာဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဝိညာဉ်တစ်ခုအနေနဲ့ပဲ ထားဖို့ ရည်ရွယ်ချက်ရှိမှာ မဟုတ်ဘူး။
ဖုန်းယင်က မျက်မှောင်မှောင်ကြုတ်ပြီး ချီချန်းယွီနဲ့ အကြည့်ချင်းဖလှယ်လိုက်တယ်။ နောက်တော့ သူက ခေါင်းညိတ်ပြီး ပြောပြလာတယ်။
“နဂိုက ရှောင်ယွီ့ကိုကယ်ဖို့ဝိညာဉ်ကို သူ့ကိုယ်ထဲကနေ ထုတ်ပေးခဲ့တာ၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ… သူ့ဝိညာဉ်က သူ့ကိုယ်ဆီ ပြန်မသွားနိုင်တော့ဘူး”
သူက ဂါထာတစ်ခုရွတ်ပြီး မျက်စိမှိတ်ကာ နဖူးကို လက်တစ်ချောင်းနဲ့ထိလိုက်တယ်။ အလင်းတန်းဖြူကြီး တောက်ပသွားပြီး သူ့ဘေးက မြေကြီးဆီ လက်တစ်ဖက်ယမ်းလိုက်တယ်။
ဝတ်ရုံနီသဏ္ဌာန်တစ်ခုက မြေကြီးပေါ်လှဲလျောင်းလျက်ပေါ်လာတယ်။ ကြက်ကင်အစ်မရဲ့ကိုယ်ပဲ။
[တင်း ပစ္စည်းကို စနစ်သိုလှောင်ခန်းထဲမှ အောင်အောင်မြင်မြင်ထုတ်ယူပြီးပါပြီ]
အဲအနေအထားက…။
“ခင်ဗျားက သူ့ခန္ဓာကိုယ်ကို ယူပြီး ခင်ဗျားအသိစိတ်ထဲ ထည့်ထားတာပဲ” ပိထောင်က အံ့ဩတကြီးပြောပြီး သူကတုံးအသလိုမျိုးကြည့်လိုက်တယ်။ အသိစိတ်ဆိုတာ အရေးကြီးတဲ့နေရာ။ လူတစ်ယောက်ရဲ့ ဝိညာဉ်ပြီးရင် ဒုတိယပဲ။ တကယ်လို့ တခြားပြင်ပကအရာ၊ ဒါမှမဟုတ် အရှိန်အဝါတောင် လူတစ်ယောက်ရဲ့အသိစိတ်ထဲဝင်လာရင် မခံမရပ်နိုင်တဲ့ ဝေဒနာကိုခံစားရလိမ့်မယ်။
“ဟင့်အင်း” ဖုန်းယင်က ခေါင်းယမ်းပြီး ရှန်းရင်ဘက်လှည့်လိုက်တယ်။ သူ ဆက်ရှင်းပြမနေတော့ဘူး။ တကယ်ပဲ သူ့အသိစိတ်မှမဟုတ်တာ – စနစ်ထဲ ကိုယ်ခန္ဓာကို သိမ်းဆည်းထားရုံပဲ။ သူက သူ့အသိစိတ်ရော၊ ဝိညာဉ်ချီကိုပါ ရှောင်ယွီ့ကိုယ်ကို ကာကွယ်ဖို့သုံးခဲ့တာ။
“လွင့်မျော အခြေအနေက ဘာလဲ” ရှန်းရင် သူ့ကိုလောပြီး ခေါင်းစဉ်ပြောင်းလိုက်တယ်။
“အိုး” ပိထောင်က ရှေ့တက်ပြီး ကြက်ကင်အစ်မရဲ့ ကိုယ်ကို စစ်ဆေးဖို့ မသေမျိုးချီကိုသုံးလိုက်တယ်။ သူ ခန္ဓာကိုယ်ကိုလေ့လာပြီးလေ ပိုမျက်မှောင်ကြုတ်မိလာလေပဲ။ သူ စိုးရိမ်နေတဲ့ဖုန်းယင်ဘက်လှည့်ပြီး သက်ပြင်းချလိုက်တယ်။
“သူ့ခန္ဓာကိုယ်၊ သွေးကြော၊ ဝိညာဉ်ကြောနဲ့ ကောင်းကင်စိတ်အာရုံအားလုံးက ဝဋ်ကြွေးချေမိုးကြိုးကြောင့် ကျိုးပဲ့ကုန်ပြီ၊ အရမ်းကို ဒုက္ခများနိုင်ပေမဲ့ ခန္ဓာကိုယ်ကိုပြန်ကုသဖို့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး” သူတို့ အာဟာရဖြည့်တင်းပေးဖို့ပဲလိုတာ။
ဖုန်းယင် အပျော်လွန်သွားပေမဲ့ ပိထောင်ကဆက်ပြောတယ်။
“သူမဝိညာဉ်က ခန္ဓာကိုယ်ဆီ ဘာလို့ပြန်မလာနိုင်လဲဆိုတာအတွက်ကတော့ – ကျုပ်ရှင်းမပြနိုင်ဘူး”
ပိထောင်စကားပြောပြီးချိန် ဖုန်းယင်ရော ကြက်ကင်အစ်မရဲ့အမူအရာပါ မှောင်မည်းသွားတယ်။ အမတဘုံမှာတောင် ဖြေရှင်းနည်းမရှိဘူးလား။
“ဟုတ်တာပေါ့၊ ကျုပ်ကျင့်ကြံဆင့် နိမ့်လို့လဲဖြစ်နိုင်ပါတယ်” ပိထောင် ထပ်ဖြည့်ပြောလိုက်တယ်။
သူတို့ကတော့ ဆက်ပြီး သုန်မှုန်စိတ်ပျက်နေကြဆဲပဲ။
“ငါတို့… ဖေဖေနျိုတစ်ချက်ကြည့်ပေးမှာကို စောင့်ရင်ရော” ရှန်းရင်အကြံပြုလိုက်တယ်။ စားဖိုမှူးက ဒဏ်ရာကုသနေဆဲဖြစ်ပြီး သူတို့ကိုမကြည့်ပေးနိုင်ပေမဲ့ ဖေဖေနျို့မှာတော့ နည်းလမ်းရှိလောက်တယ်။
“နျို…” ဖုန်းယင် တန့်သွားပြီး နောက်ဆုံးတော့ရှန်းရင် ဘယ်သူ့ကို ဆိုလိုလဲဆိုတာ နားလည်သွားခဲ့တယ်။ သူရင်ခုန်သွားတယ်။ ဒေါသထွက်စရာ ရှန်းရင်နဲ့ယှဉ်ရင် ဖုန်းယင်က သူမအပေါင်းအသင်းကို အများကြီးပိုသဘောကျတယ်။
“ညီကိုကူယွဲ့လည်း မသေမျိုးတက်လှမ်းလာတယ်ပေါ့”
“ငါက ဘာဖြစ်လဲ” သူမ စကားပြောပြီးပြီးချင်း ကူယွဲ့က လျှောက်လာတယ်။ သူ နောက်ဆုံးတော့ ဝဋ်ကြွေးချေခြင်း ပြီးဆုံးသွားပြီး စိတ်ဓာတ်တက်ကြွနေပုံပဲ။
“ဟေးဖေဖေနျို” ရှန်းရင်က လက်ယမ်းပြလိုက်တယ်။ သူက အချိန်ကိုက်ပဲ – သူမ အမတကျောက်တုံးတွေအားလုံး သုံးပြီးသွားပြီ။
သူမ သူ့ကိုနှုတ်ဆက်ဖို့ရှိသေး ဖုန်းယင်က ရှေ့တက်သွားတယ်။
“ညီကိုနျို၊ ခင်ဗျားနောက်ဆုံးတော့ ရောက်လာပြီပဲ”
“…” ဘယ်သူက မင်းညီကိုနျိုလဲ။ ကူယွဲ့ မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က မီးကျွမ်းနေတဲ့ သူစိမ်းကိုကြည့်လိုက်တယ်။ နောက်ဆုံးတော့ ဘယ်သူလဲဆိုတာ သူသိသွားပြီ။
“မျှော်စင်သခင်ယင် ခင်ဗျားတက်လှမ်းလာတာလား” အဲတော့ သူ ဝဋ်ကြွေးချေမှုဖြတ်သန်းနေချိန် မသေမျိုးချီထဲ ထူးဆန်းတဲ့လှုပ်ရှားမှုတွေ ခံစားခဲ့ရတဲ့အကြောင်းရင်းကိုး။
သူက ရှန်းရင်ဘက်လှည့်ပြီး စိုက်ကြည့်လိုက်တယ်။ သူ့အကြည့်က “မင်းက ငါတို့စားစရာတွေကို စားဖို့ လူတွေခေါ်လာပြီး တစ်ချိန်လုံးမွဲတဲ့ပုံလုပ်ဖို့ပဲ သိတယ်” လို့ပြောနေတဲ့ပုံ။
တစ်ဖက်မှာတော့ ဖုန်းယင်က ဘာအထင်သေးမှုမှမခံစားရဘဲ မျှော်လင့်တကြီးပုံစံသာ ပေါ်နေတယ်။
“နျို… ဆိုလိုတာက ညီကိုကူယွဲ့၊ ကျေးဇူးပြုပါ ရှောင်ယွီ့ကို ကူညီပေးပါ”
“ဘာရှောင်ယွီလဲ” ကူယွဲ့ လှည့်လိုက်တော့ ချီချန်းယွီကိုမြင်သွားတယ်။ ဟိုလီရှစ် သူ အစားသရဲကို ထပ်ပြီးစိန်းစိန်းဝါးဝါးကြည့်မိတော့တယ်။ မင်း နှစ်ယောက်တောင်ခေါ်လာတာပဲ သူမ အသုံးစရိတ်ကို လျှော့ဖို့ဆုံးဖြတ်လိုက်ပြီ။
“အမတရောင်းရင်းပိထောင် ပြောတာတော့ ခင်ဗျားကျင့်ကြံဆင့်ကအမြင့်ဆုံးတဲ့၊ ခင်ဗျားက အခုသူ့တစ်ခုတည်းသော မျှော်လင့်ချက်ပါ” သူချက်ချင်း ဒူးထောက်ချလိုက်တယ်။
အင်း၊ ကြားရတာ နားဝင်ပီတိဖြစ်စရာပဲ။
“မျှော်စင်သခင်ယင် ဒီလိုမျိုးတွေလုပ်စရာမလိုပါဘူး” ကူယွဲ့က လက်လှမ်းပြီး ဖုန်းယင်ကို ထူပေးလိုက်တယ်။
“ဘာတွေဖြစ်တာလဲ ပြောပါဦး” မင်းရဲ့ ကျွမ်းကျင်တဲ့ ဖားမှုစွမ်းရည်ပေါ် မူတည်ပြီး…။
“ကျုပ်က ဒီနေရာမှာ အဆင့်မြင့်ဆုံး ကျင့်ကြံဆင့်ဆိုပေမဲ့လည်း ဘာတွေဖြစ်နေလဲ သိဖို့တော့ လိုသေးတယ်မလား”
ဒဏ်ရာရနေသော ယိချင်း ။ ။ “…”
ဖုန်းယင်က ကူယွဲ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ ကူယွဲ့က ကြက်ကင်အစ်မကို စစ်ဆေးပြီးတဲ့နောက် ခေါင်းယမ်းပြတယ်။
“ကျုပ်မှာလည်းဖြေရှင်းနည်းမရှိဘူး”
ဖုန်းယင်က ဖြူဖျော့သွားတယ်။
“ကျုပ်ဝိညာဉ်တွေအကြောင်း အများကြီးနားမလည်ဘူး၊ သူ့လိုခပ်ဆင်ဆင်အခြေအနေမျိုးလည်း တစ်ယောက်မှမမြင်ဖူးဘူး” ကူယွဲ့ စဉ်းစားနေပြီးမှ ထပ်ဖြည့်ပြောလိုက်တယ်။
“ဒါပေမဲ့… ကျုပ်ကြားတာတော့ ခြောက်သွေ့လဝက်လို့ခေါ်တဲ့ အမတဆေးမြစ်ရှိတယ်တဲ့၊ ဝိညာဉ်တွေကို အားဖြည့်ပေးနိုင်တယ်လို့ ကြားဖူးတယ်၊ အကူအညီဖြစ်နိုင်တယ်”
“တကယ်ပဲ” ဖုန်းယင်ရင်တုန်သွားတယ်။ သူ ဒီအမတဆေးမြစ်ကို ဘယ်မှာရှာရမလဲ မေးဖို့ လုပ်လိုက်တယ်။
“ခြောက်သွေ့လဝက်” ပိထောင် အံ့ဩတကြီးဖြစ်သွားတယ်။ အဲဒါက ထိပ်တန်းအဆင့်အမတဆေးမြစ်။ ကောင်းကင်အလွန်မှကောင်းကင်များဆီမှာပဲ ပေါက်တာ။ အဲဒါက အဇဋာဧကရာဇ်ဆယ်ပါးရဲ့ ဘုံ။ သာမန်အမတတွေက ဒီဆေးမြစ်ကို ဘယ်တုန်းကမှ မမြင်ဖူးဘူး။ ပြီးတော့ ဝိညာဥ်ကို အားဖြည့်ပေးတာက ကောင်းကင်စိတ်အာရုံအတွက်လည်း ကောင်းတယ်။ ဒီအမတဆေးမြစ်တွေအားလုံးကို ရတနာဆိုပြီးသတ်မှတ်လို့ရတယ်။
မှတ်ချက် ။ ။ မျှော်စင်သခင်ဖုန်းဆိုတာ မျှော်စင်သခင်အရူးဆိုတာနဲ့ အသံထွက်ဆင်လို့ပါ
…