အခန်း ၁၅၈ ။ ကျွန်တော့်ကိုမစားပါနဲ့
“ထားလိုက်တော့” ချီချန်းယွီက ဝင်ပြောလာတယ်။
“သေသေရှင်ရှင် ကံကြမ္မာပါပဲ၊ ဖုန်းယင် ရှင်လုပ်ဖို့မလို-”
“မဖြစ်ဘူး” ဖုန်းယင်လေသံက ပိုပြီးတောင် စိတ်ပူပန်ပုံပေါ်လာတယ်။ သူ သူမကိုကယ်ဖို့အတွက်ပဲ မသေမျိုးတက်လှမ်းခဲ့တာ။ သူ ဒီအချိန်ကျမှ ဘယ်လက်လျှော့နိုင်မလဲ။
“ညီနောင်ကူယွဲ့၊ ကောင်းကင်အလွန်မှကောင်းကင်များဆီ ဘယ်လိုသွားရမလဲဆိုတာ သိလား၊ ကျုပိ ဘယ်အခကြေးငွေမဆို ပေးပါ့မယ်” သူ နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့ပေမဲ့ သဘောကျတဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ ခုမှတွေ့ခဲ့တာ။
ကူယွဲ့ သက်ပြင်းချလိုက်တယ်။
“မျှော်စင်သခင်ယင်၊ ခင်ဗျားကို မကူညီချင်တာတော့မဟုတ်ဘူး၊ ဖြစ်ချင်တော့ ကျုပ်တို့က အမတဘုံမှာ နေတာသိပ်မကြာသေးလို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ မရောက်ဖူးဘူး၊ ရောက်ဖူးတဲ့သူလည်း မသိဘူး၊ ဒါကြောင့်…”
“ငါသိတယ်” ရှန်းရင်က ရုတ်တရက် ထပြောလာတယ်။
လူတိုင်းက စက္ကန့်နည်းနည်းရပ်သွားပြီးမှ သူမကိုလှည့်ကြည့်လာတော့တယ်။ တစ်ယောက်ချင်းစီက ထိတ်လန့်နေတဲ့ပုံ။
အထူးသဖြင့် စောနက ရှန်းရင်ကိုကျေးဇူးတင်ကြောင်းပြဖို့ အတော်လေး မလိုလားခဲ့တဲ့ဖုန်းယင်။ ခုတော့ သူမရှေ့အပြေး ဒူးထောက်လာပြီ။
“ရှန်းရင် မင်းကလူကောင်းဆိုတာ ကျုပ်သိပါတယ်၊ ရှောင်ယွီ့ကိုကယ်ပေးဖို့ တောင်းပန်ပါတယ်၊ မင်းခိုင်းတာမှန်သမျှ လုပ်ပေးမယ်၊ အသက်ပေးဆိုရင်တောင်ရပါတယ်”
“အာ…” သူမ မကယ်ချင်တာမဟုတ်ပါဘူး။ ဖုန်းယင်ဆီကနေ အလိုလို ခြေကြွလိုက်မိတယ်။
“ငါ သူ့ကို မကယ်ချင်တာ မဟုတ်ပါဘူး…”
ဒီလူက တစ်ချိန်လုံး ကပ်ဖားယပ်ဖားအမူအရာတွေလုပ်ဖို့ကို အရမ်းမြန်တာပဲ။ မိဘစနစ်က ဒါကို သူ့ကို သင်ပေးထားတာလား။
ဖုန်းယင်က ရှန်းရင် သူ့ကိုကူညီဖို့ ဆန္ဒမရှိတာပဲလို့ တွေးမိလိုက်တယ်။ ရုတ်တရက် သူ သွေးပျက်သွားတယ်။ သူတစ်ခဏ စဉ်းစားပြီး ကံစမ်းကြည့်လိုက်တယ်။
“အဘွား”
ချီချန်းယွီ ။ ။ “…”
လူအုပ်ကြီး ။ ။ “…”
ရှန်းရင် ။ ။ “…” ခွေး*သား
“ဟာ့… မျှော်စင်သခင်ယင် ကျေးဇူးပြုပြီးစိတ်မပူပန်ပါနဲ့” ကူယွဲ့ လုံးဝကို ကူကယ်ရာမဲ့နေတဲ့ပုံ။ သူ ဖုန်းယင်ကို ထူပြီး ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။
“မင်း ကောင်းကင်အလွန်မှကောင်းကင်များဆီ ရောက်ဖူးတဲ့လူကို ဘယ်တုန်းတည်းက သိသွားတာလဲ”
“ငါယောင်နေတုန်းကပေါ့” ရှန်းရင်ဖြေလိုက်တယ်။
“ငါဒါကို အရင်ကမပြောဖူးဘူးလား၊ ဂျပုလေးကို ပြန်ပေးဆွဲချင်တဲ့ တိရစ္ဆာန်နှစ်ကောင်က ကောင်းကင်အလွန်မှကောင်းကင်များဆီကလေ၊ သူတို့က သူ့ကို ဒီနေရာဆီ ခေါ်လာပေးတဲ့သူတွေပဲ”
“တိရစ္ဆာန်လေးတွေ… မင်းတွေ့ခဲ့တဲ့ အမတတွေက မိစ္ဆာအမတတွေလား” ကူယွဲ့တန့်သွားတယ်။ သူမက ဝိညာဉ်သားရဲတွေကို ပြောတယ်လို့ထင်နေခဲ့တာ။ ဒါပေမဲ့ တကယ်ကြီး မိစ္ဆာအမတတွေကို ဆိုလိုနေတာပဲ။ ပြီးတော့ ကောင်းကင်အလွန်မှကောင်းကင်များဆီကတဲ့လေ။
“မင်းဘာလို့ စောစောက မပြောတာလဲ၊ သူတို့ အခုဘယ်မှာလဲ”
“ငါမသိဘူးလေ” အဲဒါကြောင့် သူမ ကလေးကို ချက်ချင်းပြန်မဖြေခဲ့တာလေ။
ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ သူမက လုံးဝကို အားမကိုးရတာပဲ သူတို့ မိစ္ဆာအမတတွေနဲ့ ဘယ်လိုမျိုးအဆက်အသွယ်ရနိုင်မလဲဆိုတာ စစဉ်းစားတော့တယ်။
တစ်ချိန်လုံးဘေးမှာရပ်နေတဲ့ ယွီဟုန်က ရုတ်တရက်ဝင်ပြောလာတယ်။
“ဂိုဏ်းချုပ် ရှင်ဆိုလိုတာက… အမျိုးသားနှစ်ယောက်လား၊ ဝတ်ရုံစိမ်းနဲ့တစ်ယောက်ရယ် ဝတ်ရုံနက်နဲ့တစ်ယောက်ရယ်”
“အမှန်ပဲ” နင်ဘယ်လိုသိလဲ။
“ယွီဟုန် မင်း သူတို့ကိုမြင်ဖူးတာလား” ကူယွဲ့ စိတ်အားထက်သန်စွာနဲ့ မေးတယ်။
“ကျွန်မ… မြင်ဖူးပါတယ်” ယွီဟုန့်အမူအရာက ပိုပိုထူးဆန်းလာတယ်။
“သူတို့က ဂိုဏ်းချုပ်ကိုတွေ့ဖို့ ဒီတောင်ခြေမှာ စောင့်နေသူတွေပါ”
“…”
“သူတို့အဲမှာရပ်နေတာ လဝက်လောက်ရှိနေပါပြီ”
“…”
——————
တောင်ဝင်ပေါက် ပွင့်သွားတာနဲ့ ပုံရိပ်နှစ်ခုက အနောက်ဆောင်ဆီ ပျံသန်းလာတယ်။ မျက်စိတစ်မှိတ်အတွင်း လူတိုင်းရှေ့ ထူးဆန်းတဲ့လူနှစ်ယောက်ပေါ်လာတာပေါ့။ ယွီဟုန်ပြောသလိုပဲ တစ်ယောက်က အစိမ်းရောင်၊ နောက်တစ်ယောက်က အမည်းရောင်။
“နှုတ်ခွန်းဆက်သပါတယ် အမတ…” အကျင့်အတိုင်း ကူယွဲ့ အမတနှစ်ယောက်ကို နှုတ်ဆက်ဖို့ လုပ်ပေမဲ့ သူတို့နှစ်ယောက် အချိန်မီ မထိန်းချုပ်လိုက်နိုင်တဲ့ ဘေးပတ်လည်က မသေမျိုးချီတွေကြောင့် တန့်သွားခဲ့တယ်။ ကူယွဲ့ မျက်လုံးပြူးသွားတော့တာပေါ့။ ဟိုလီရှစ် ကြောက်ခမန်းလိလိ ပြင်းထန်တဲ့ အဲမသေမျိုးချီက ဘာကြီးလဲ။ ဒီမိစ္ဆာအမတတွေရဲ့ ကျင့်ကြံဆင့်အတိအကျက ဘာများလဲ။
“ယိချင်း” သူ့ဘေးက အရှိန်အဝါတွေကို ပိုပြီးကောင်းကောင်းသိတဲ့လူရဲ့ ဝတ်ရုံလက်ကို အလိုလိုဆွဲမိလိုက်တယ်။
ယိချင်းက မျက်မှောင်ကြုတ်သွားတယ်။
“အဇဋာဧကရာဇ်တွေ”
ဘာ။
“…”
ချီး ငါ့ဖင်ကို တိရစ္ဆာန်လေးတွေ ဒီအစားသရဲ အိပ်မက်ယောင်နေတုန်း ဘာတွေများ လုပ်ခဲ့တာပါလိမ့်။
“နှုတ်ဆက်ပါတယ်၊ ကြီးမြတ်တဲ့နတ်သမီး”
အံ့ဩဖို့ကောင်းစွာပဲ အမတနှစ်ယောက်က ရှန်းရင်ကို တယဉ်တကျေး ဂါရ၀ပြုလာတယ်။ တစ်ချက်လေးတောင် အထားအသိုမလွဲ။
“ဟေး ငါတို့နောက်ဆုံးတွေ့ခဲ့တာ တော်တော်ကြာပြီနော်” ရှန်းရင် လက်ယမ်းပြပြီး သူမရှေ့က နေရာလွတ်ကို လက်လှမ်းပြလိုက်တယ်။
“လာထိုင်ဦးလေ”
နှစ်ယောက်သား စတင်ပြီးတဲ့နောက် ချက်ချင်း အသည်းအသန်ခေါင်းခါတော့တယ်။
“ဟင့်အင်း ဟင့်အင်း ဟင့်အင်း အမတလေးတို့ မရဲပါဘူး၊ ဒီတိုင်းရပ်နေတာနဲ့တင်အဆင်ပြေပါတယ်”
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ဆက်ပြီးရပ်နေတာက လိုက်ဖက်ပါတယ်၊ ကျုပ်တို့ ရပ်ရတာ သဘောကျတယ်”
နောက်နေတာပဲ ဖြစ်ရမယ်။ သူတို့က အသနားခံဖို့ ဒီရောက်နေတာလေ။ ဘယ်လိုလုပ်ထိုင်ရဲမလဲ။
သူတို့ ကြီးမြတ်တဲ့နတ်သမီးဒေါသ နောက်ဆုံးတော့ လျော့ပါးမလာခင်ထိ တောင်ခြေမှာ ရပ်နေဖို့ လဝက်လောက် အပြစ်ပေးခံရပြီးပြီ။
အခု သူမက သူတို့ကိုထိုင်ခိုင်းနေတယ်။ ဖြစ်နိုင်တာက…။
နှစ်ယောက်သား ရှန်းရင်ရှေ့က စားပွဲကို အလိုလို လှမ်းကြည့်မိလိုက်တယ်။ အသားအမျိုးမျိုးကို ပုံစံ အမျိုးမျိုးနဲ့ ချက်ထားလေရဲ့။ နှစ်ယောက်သား အသည်းအသန် တုန်ယင်သွားတော့တယ်။ ဒါခြိမ်းခြောက်တာလား။ သူတို့ သူမအမိန့်ကိုနာမခံရင် ဒီလိုဟင်းပွဲတွေအဖြစ် ချက်စားပစ်မယ်ဆိုတဲ့ အရိပ်ပြမှုလား။ သူမရဲ့ အဲဒီစကားတွေက တစ်ခုခုဆိုလိုတာပဲဖြစ်ရမယ်
ကြောက်စရာကောင်းလိုက်တာ…။
“ကောင်းပြီလေ” နှစ်ယောက်သားဆန္ဒမရှိတာမြင်တော့ ရှန်းရင်ဆက်ပြီးတွန်းအားပေးမနေတော့ဘူး။
“အင်း… နင်တို့ ဂျပုလေးကိုပို့ဖို့ အလုပ်များခဲ့ရတာအတွက် ကျေးဇူးပါ”
တကယ်ပဲ သူမ ဒါကိုမမေ့သေးဘူးပဲ။ ထိုင်ဖို့ငြင်းမိတာ ကံကောင်းသွားတယ်။
ဝူဟုန်တို့ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။ သူတို့လဝက်နီးပါး ဒါလုပ်ဖို့ စိတ်ကြိုပြင်ဆင်ခဲ့တာ။ နောက်ဆုံးတော့ ဝူဟုန် သတ္တိစုပြီး ရှေ့တက်လိုက်တယ်။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့ နတ်သမီး၊ ကျေးဇူးပြုပြီး ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ၊ ဘာလို့လဲဆိုတော့… အမတ… အမတဘုံက ကြီး… ကြီးလွန်းတယ်လေ၊ ကျုပ်တို့ ချီရွှမ်းမြို့ကိုရှာဖို့ လေးရက်သုံးခဲ့ရပြီး ဒီတောင်ကို ရှာဖို့ နောက်တစ်ရက်သုံးခဲ့ရပါတယ်၊ အဲဒါကြောင့် နောက်ကျသွားရတာပါ”
“အော် အဆင်ပြေပါတယ်” ရှန်းရင်က ဘေးကို လက်ညှိုးထိုးပြလိုက်တယ်။
“တခြားကိစ္စအတွက် လာခိုင်းတာ၊ ဒီကိုလာပြီး ကြက်ကင်အစ်မရဲ့ အခြေအနေကို ကြည့်ပါဦး”
ကြက်ကင်
နှစ်ယောက်သား အချင်းချင်း ကြောက်လန့်တကြား ကြည့်ပြီး တုန်ယင်လာခဲ့တယ်။ နောက်တော့ မြေကြီးပေါ်လဲနေတဲ့ အမျိုးသမီးကို သတိထားမိသွားတယ်။ သူမက ကြီးမြတ်တဲ့နတ်သမီးဘေး ထိုင်နေတဲ့ ဝိညာဉ်နဲ့တစ်ပုံစံတည်းပဲ။
“ဟုတ်” နှစ်ယောက်သား အရှေ့ကို အပြေးတက်လာပြီး တစ်ယောက်တစ်ဖက်စီ လက်ကိုဆွဲလိုက်တယ်။ သူတို့ သူမသွေးကြောတွေကို စစ်ဆေးလေ ပိုပြီးဖြူဖျော့လာလေပဲ။ ဒီလူရဲ့ အတွင်းပိုင်းဒဏ်ရာတွေက… တစ်ခုခုလောင်ထားတာ သေချာတယ်။ သူတို့ ကြီးမြတ်တဲ့ နတ်သမီးက ဒီအမျိုးသမီးကို “ကြက်ကင်အစ်မ” လို့ ခေါ်တာကို စဉ်းစားနေမိလေရဲ့…။
နောက်တစ်ကြိမ် သူတို့အချင်းချင်း ကြောက်လန့်တကြား ကြည့်မိလိုက်တယ်။ ကြောက်စရာအတွေးပုံရိပ်တွေ သူတို့ စိတ်ထဲပြည့်လာလေရဲ့။ ကြီးမြတ်တဲ့နတ်သမီးက… ဗိုက်ဆာရင် လူကျင့်ကြံသူတွေကိုပါ ချမ်းသာမပေးဘူးလား။
Σ(°△°|||)
သူတို့ တုန်တုန်ရင်ရင်နဲ့ အမျိုးသမီးသွေးကြောကို ဆက်လေ့လာလိုက်တယ်။
“သူ ဘယ်လိုနေလဲ၊ ကယ်လို့ရလား” ရှန်းရင် ရုတ်တရက် မေးလိုက်တယ်။
နှစ်ယောက်သားက ကြောက်လန့်တကြား ခုန်မိလိုက်တယ်။ ကံကောင်းလို့ လဝက်နီးပါးပြင်ဆင်မှုက အလဟဿ မဖြစ်သွားဘူး။ သူတို့ပါးစပ်ထဲကထွက်လုနီးပါး ကျွိကျွိအသံတွေ မျိုချပစ်လိုက်တယ်။
ဝူဟုန် အသက်ပြင်းပြင်းရှူပြီး ဖြေလိုက်တယ်။
“ကြီးမြတ်တဲ့ နတ်သမီး… ကြီးမြတ်တဲ့နတ်သမီး၊ ဒီလူ့ကိုယ်ခန္ဓာက ကျွမ်းထားတာပါ… အတော်လေးကိုဆိုးဆိုးပဲ၊ ဒါပေမဲ့ ပြန်သက်သာလာနိုင်ပါတယ်၊ အဆင့်တစ်ဆယ် အမတဆေးလုံးက ဆောင်ရွက်ပေးနိုင်ပါတယ်၊ ဖြစ်ချင်တော့ သူမခန္ဓာကိုယ်ထဲက အသက်က ချုပ်ငြိမ်းသွားပါပြီ၊ တကယ်လို့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်လို့ရအောင်လုပ်ချင်ရင် ကိုယ်ထဲကအသက်ကို ပြန်စတင်မှဖြစ်ပါမယ်” ကြီးမြတ်တဲ့နတ်ဒေဝါက စိတ်ပြောင်းပြီး ဒီအမျိုးသမီးကို ကယ်ဖို့ ဆုံးဖြတ်လိုက်တာ ဘာကြောင့်လဲဆိုတာ အရေးမကြီးဘူး။ သူတို့ ဘာဖြစ်ခဲ့လဲဆိုတာ မသိချင်ယောင်ပဲဆောင်နေလိုက်မယ်… ဟုတ်တယ် သူတို့ ဘာမှမသိဘူး
“အိုး…” ဒါကြောင့် ကြက်ကင်အစ်မက ခန္ဓာကိုယ်ဆီ မပြန်နိုင်တာကိုး။
“ဆက်ပြော”
“ကျုပ်ရဲ့ ဇာမဏီအော်သံနန်းတော်မှာ ဝိညာဉ် ကိုယ်ခန္ဓာဆီပြန်နိုင်အောင် ကူညီပေးနိုင်တဲ့ ခြောက်သွေ့လဝက်တွေရှိခဲ့ပေမဲ့…” ဒါပေမဲ့ ဇာမဏီအော်သံနန်းတော်က ပြောင်ထင်ဖျက်ဆီးတာ ခံလိုက်ရပြီ။ သူ ရနိုင်ပါ့ဦးမလားမသိဘူး။
ပြောင်ထင်က ကြောင်သွားပြီး ချက်ချင်း လက်မြှောက်လိုက်တယ်။
“ကျုပ်မှာရှိပါတယ် ကျုပ်မှာရှိတယ် ခြောက်သွေ့လဝက်တွေရှိပါတယ် သေချာပေါက် သူပြန်သက်သာလာနိုင်အောင် ကူညီပေးနိုင်ပါတယ်” ငှက်အစုတ်ပလုတ်။ ငါတို့က ဒီကပ်ဘေးမှာ ညီအစ်ကိုတွေလို့ ပြောခဲ့တယ်မဟုတ်လား။ ဘယ်လိုလုပ် ရောင်းစားဖို့တွေးနိုင်ရတာလဲ။
“အော် ဒါဆိုလည်း အနှောင့်အယှက်ပေးမိပြီ” ရှန်းရင် သက်မချလိုက်တယ်။ နောက်ဆုံးတော့ အရာအားလုံးအဆင်ပြေသွားခဲ့ပြီ။
“ကြီးမြတ်တဲ့နတ်သမီး၊ ခင်ဗျားက… ခင်ဗျားက ကြင်နာလွန်းနေပါပြီ၊ ဒါ ကျုပ်တို့လုပ်… လုပ်သင့်တာပါ”
ပြောင်ထင် နဖူးကချွေးစေးတွေကို သုတ်ပြီး ပင့်သက်ချလိုက်တယ်။ ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားပုံနဲ့ သူပြောလိုက်တယ်။
“ခြောက်သွေ့လဝက်က အာနိသင်ရှိအောင် ထုတ်ပြီးမိနစ်ဝက်အတွင်း စားရမှာပါ၊ မဟုတ်ရင် အကျိုးမရှိတော့ဘူး၊ ဒီဘက်က.. အမတ၊ ခင်ဗျားသက်သာချင်ရင် ကောင်းကင်အလွန်မှကောင်းကင်များဆီ လိုက်ခဲ့မှဖြစ်မယ်”
“ကျေးဇူးတင်ပါတယ် အမတရောင်းရင်းတို့” ဖုန်းယင် ဝမ်းသာသွားတယ်။ ဒီကိစ္စက အဲလောင်အလွယ်လေး အဆင်ပြေသွားမယ်သူမထင်ခဲ့ဘူး။ အိပ်မက်လိုပဲ။
ကြက်ကင်အစ်မလည်း ချက်ချင်းကျေးဇူးတင်တဲ့အနေနဲ့ ဂါရ၀ပြုပြီးတဲ့နောက် ရှန်းရင်ဘက် လှည့်လိုက်တယ်။
“ရှန်းရင် နင်ငါ့ကို နောက်တစ်ကြိမ်ကယ်ခဲ့ပြန်ပြီ”
“ဘာမှမဖြစ်ပါဘူး” သူမက ဘာပဲဖြစ်ဖြစ် ဘာမှမှမလုပ်ခဲ့တာ။ နောက်တော့ အရေးကြီးတဲ့ကိစ္စတစ်ခု စဉ်းစားမိပြီး မိစ္ဆာအမတနှစ်ယောက်ဘက် ထပ်လှည့်ပြောလိုက်တယ်။
“အော်ဟုတ်သား၊ နင်တို့နှစ်ယောက်က ဆေးကုသရာမှာ ကျွမ်းကျင်တဲ့ပုံပဲ၊ တစ်လက်စတည်း သူ့ကိုတစ်ချက်ကြည့်ပေးပါလား”
သူ ယိချင်းကို လက်ညှိုးထိုးပြလိုက်တယ်။
“ဟုတ်ကဲ့” နှစ်ယောက်သားက ယိချင်းဘေး ပြေးသွားပြီး သူ့ကိုဝိုင်းနေတဲ့ မသေမျိုးချီကို လေ့လာလိုက်တယ်။ ဧကရာဇ်အဖြစ် တက်လှမ်းတော့မဲ့ အငွေ့အသက်ရှိပေမဲ့ ဧကရာဇ်တက်လှမ်းအဆင့် ရောက်အောင် မလုပ်ထားတာ အသိသာကြီးပဲ။ သူတို့ ဘာရယ်မဟုတ် မေးမိလိုက်တယ်။
“အမတရောင်းရင်း ဘယ်သူ…”
“အော် သူက ငါ့စားဖိုမှူးလေ” ရှန်းရင်က အလိုလိုဖြေမိသွားတယ်။
ထူးဆန်းတဲ့ တိတ်ဆိတ်မှုအပြည့်။
နောက်တော့ ဝုန်းခနဲအသံ။
နှစ်ယောက်သား သူတို့ရဲ့ပျော့ခွေနေတဲ့ခြေထောက်တွေက အလေးချိန်ကို ထိန်းမထားနိုင်တော့လို့ ခုဒူးထောက်ကျသွားခဲ့ပြီ။
စား… စား… စားဖိုမှူး။ သူမက စားဖိုမှူးတောင် ပြင်ထားတယ်ပေါ့။
သူတို့ကို ခွင့်လွှတ်ပေးမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား။
…