အခန်း ၁၁၅ ။ အမတဘုံ၏ ယေဘုယျအသိပညာ
“ရှန်းရင် စားပြီးတာနဲ့ အိမ်ကို သိမ်းဆည်းမယ်” ကူယွဲ့ သုတ်သုတ်ပြာပြာ ပြေးနေရင်း အစားသရဲရှန်းရင်ကို ညွှန်ကြားရသေး။ ရှန်းရင် အမဲသာူကင်နဲ့ ထမင်းစားနေတာ။
“ယွီဟုန့်ကို တပည့်တွေဒီခေါ်လာပြီး မင်းပစ္စည်းတွေအားလုံးကို အနောက်ဆောင်ဆီ ရွှေ့ခိုင်းပြီးပြီ၊ အခုကစပြီး မင်းအဲမှာပဲနေရမယ်”
“ဟမ်” ရှန်းရင်က အူကြောင်ကြောင်ရုပ်။
“ဘာလို့လဲ” ဒီနေရာလေးမှာ နေရတာပျော်တာကို။ ဘာလို့ရွှေ့ရတာလဲ။ အလုပ်ရှုပ်ချက်ပဲ။
“ဒီတောင်ထွတ်အောက်ခြေမှာ အမတဘုံဗိမာန်ရှိတယ်မဟုတ်လား” ကူယွဲ့က မေးခွန်းပြန်မေးလာတယ်။
“ငါလေ့လာပြီးပြီ၊ မင်းအခုနေနေတဲ့နေရာက ငါတို့မြေကြီးကိုတူးရင် အမတဘုံဗိမာန်ရဲ့အလယ်တည့်တည့်ကို ရောက်ဖို့ပြီးပြည့်စုံတဲ့အနေအထားပဲ”
“ဘာလို့ ဘုံဗိမာန်ဆီ ရောက်အောင် ကြိုးစားနေတာလဲ” အခု ကြေမွသွားပြီမဟုတ်ဘူးလား။
“တခြားဘာရှိရမှာလဲ၊ သေချာပေါက် အကြွင်းအကျန်တွေ ကောက်ဖို့ပေါ့ မင်းတို့ ပုံမှန်ဆို မင်းတို့သတ်လိုက်တဲ့လူရဲ့ ပစ္စည်းတွေကို သိမ်းတယ်မဟုတ်လား”
“…” အဓိပ္ပာယ်တော့ရှိသား။
ကူယွဲ့ မျက်စေ့လှန်ပြီး တတွတ်တွတ်ပြောတော့တယ်။
“မင်းက ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ပဲ၊ နည်းနည်းလောက် ဂိုဏ်းအတွက် တွေးပေးလို့ရမလား၊ အခု ငါတို့မသေမျိုးဆီတက်လှမ်းသွားပြီဆိုတော့ ငါတို့ရဲ့လက်နက်၊ ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေ၊ ဆေးမြစ်တွေ ဘာမှအသုံးမဝင်တော့ဘူးဆိုတာမသိဘူးလား၊ ဒါကြောင့် ဂိုဏ်းထဲကလူအများစုက အခု မသေမျိုးတက်လှမ်းလာကြပြီ၊ တကယ်လို့လိုအပ်တာမစုဆောင်းရင် ငါတို့ ဒီတိုင်းထိုင်နေပြီး လေပဲစားရတော့မှာ၊ ပြီးတော့…” သူ့ညာဘက်က လူကို လှည့်ကြည့်လိုက်တယ်။
“ဒါဘယ်သူလဲ၊ ဘယ်ကခေါ်လာတာလဲ၊ မင်းငါတို့ဂိုဏ်းကို ဒုက္ခပေးနေတာရပ်လို့ရမလား”
ပိထောင် ။ ။ “…”
“ဒါ မျောလွင့်လေ”
“မျောတာတွေ မမျောတာတွေ ဂရုမစိုက်ဘူး၊ မင်း သူ့ကိုတွေ့ခဲ့တဲ့နေရာမှာ ပြန်ထားချေ” ကူယွဲ့ စိတ်အနှောင့်အယှက်ဖြစ်နေတယ်။ နိုးလာတော့ တစ်ဂိုဏ်းလုံး မသေမျိုးတက်လှမ်းပြီးပြီဆိုတာ သိရတာမလုံလောက်သေးတဲ့အတိုင်း သူ နှစ်ချီ ပင်ပင်ပန်းပန်းစုဆောင်းခဲ့တာတွေကလည်း ရုတ်တရက် အမှိုက်ဖြစ်သွားတယ်။ သူ စိတ်ပူပန်လွန်းလို့ ရူးတော့မတတ်ပဲ။ ဒါပေမဲ့ ဒီလို စိတ်ပူစရာအချိန်မှာတောင် ရှန်းရင်ဂရုစိုက်သမျှက အစားအသောက်ပဲ။
“ဂိုဏ်းမှာကပ်ပါးရပ်ပါးတွေကို ထောက်ပံ့ဖို့ ပိုက်ဆံမရှိဘူး”
“အာ အင်း… အမတရောင်းရင်းရေ ငါကပိထောင်လေ၊ အရင်က လျှို့ဝှက်ဆန်းကြယ်ဘုံမှာ တွေ့ဖူးခဲ့တယ်လေ” ပိထောင်က အနေရခက်စွာ ရှင်းပြတော့တယ်။ သူ အခုထိ ကြုံလာရတာတွေအကုန်လုံးကို ရှင်းပြလိုက်တယ်။
“မင်းက ခေတ်ဟောင်းနေတဲ့အမွေအနှစ်ကို လက်ခံဖို့ အတင်းတိုက်တွန်းခဲ့တဲ့ အမတဝိညာဉ်လား”
“…” တကယ်ပဲ “ခေတ်ဟောင်း”တယ်လို့ ခေါ်ဖို့ လိုလို့လား။
ကူယွဲ့ သူ့ကိုခေါင်းစခြေဆုံးကြည့်ပြီး အကြံကောင်းတစ်ခုတွေးမိသွားသလိုမျိုး မျက်လုံးတွေ တောက်ပသွားတယ်။ သူ လက်ဘှမ်းပြီး သူ့ပေါင်က မုန်လာဥဖြူကိုဆွဲခွာ ပိထောင်လက်မောင်းထဲ တွန်းထည့်လိုက်တယ်။
“ကောင်းတယ် မင်းဝူတိဂိုဏ်းမှာ နေယ်လို့ ဆုံးဖြတ်ပြီးမှတော့ နည်းနည်းပါးပါး အထောက်အကူပြုပေးပေါ့၊ မင်းအရည်အချင်းတွေကို စမ်းသပ်ဖို့အချိန်ရောက်ပြီ၊ ဒီမုန်လာဥကို ယူသွားပြီး အမတဆေးလုံးတချို့ ဖော်ပေးပါ၊ တန်ဖိုးရှိတဲ့ဟာမျိုးတွေပဲ ဖော်နော်”
“ကျီ” မုန်လာဥဖြူက တန့်သွားပြီး ပိထောင်ကို လေ့လာတော့တယ်။ နောက်တော့ “ဖွီ” ခနဲ အသံအကျယ်ကြီး ထွက်လာလေတယ်
နောက်ထပ်ရုပ်ဆိုးလိုက်တဲ့အရာပဲ
ပိထောင် ။ ။ “…”
ဝူတိဂိုဏ်းကလူတိုင်း ပိုင်သမျှပစ္စည်းအားလုံးကနေ အမြတ်အကုန်ညှစ်ထုတ်ဖို့ ဆုံးဖြတ်ထားကြတာလား။
ကူယွဲ့ ရှန်းရင်ဘက်လှည့်ပြီး မေးလိုက်တယ်။
“ရှန်းရင်၊ ဂိုဏ်းအနာဂတ်အတွက် မင်း ဘာစီစဉ်ထားလဲ”
“အစီအစဉ်လား” ရှန်းရင် တန့်သွားတယ်။
“မင်းမှာ သောက်ကျိုးနည်း အစီအစဉ်လေးတစ်ခုတောင် မရှိဘူးလား” ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားပြီး အလိုမကျမှုကြောင့် နားထင်ကြောတွေ တင်းမာလာတာကို ခံစားမိလိုက်တယ်။
“အနည်းဆုံးတော့ အကြံတစ်ခု ထုတ်သင့်တယ်မဟုတ်ဘူးလား၊ ဒီမှာပဲဆက်နေမလား၊ ဒါမှမဟုတ် ပြောင်းဖို့ တခြားနေရာရှာမလားဆိုတာ၊ အဲဒီအသစ်စုဆောင်းထားတဲ့ တပည့်တွေကိုရော ဘယ်လိုလုပ်မလဲ၊ သရုပ်ဆောင်နေတာ တော်တော့ ငါ မေ့နေတုန်းက ဒါတွေအားလုံး မစဉ်းစားထားဘူးလား၊ မင်း သုတ်သင်ရှင်းလင်းတဲ့ ပြဿနာကိုတောင် ပြင်နိုင်ခဲ့တာပဲ၊ မင်းဦးနှောက်ကို ဆက်အလုပ်လုပ်ခိုင်းပြီး စဉ်းစားတော့”
“ဟမ်…” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ သူမ ဦးနှောက်ကို အလုပ်လုပ်ရတာ ပင်ပန်းလွန်းတယ်လေ။ ခဏနေတော့ သူမက ကူယွဲ့ပခူံကို ပုတ်ပြီး တလေးတနက်ပြောတော့တယ်။
“ဖေဖေနျို၊ ငါ နင့်ကို အားကိုးနေတယ်”
ဖေဖေနျိုရှိနေရင် ဘာလို့ဦးနှောက်လိုဦးမှာလဲ။ လွှင့်ပစ်လိုက်မှာပေါ့
“သွားစမ်း” ကူယွဲ့ ဒေါသတကြီး အော်လိုက်တော့တယ်။ ငါ မင်းရဲ့ကလေးထိန်းမဟုတ်ဘူး။
“ငါမင်းကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့၊ ငါတို့ အမတလောကအကြောင်း ဘာမှမသိဘူး၊ မျက်နှာပြင်ပေါ်မှာတော့ ငါတို့ထျန်းလန်လောကရဲ့ ပြဿနာကို ဖြေရှင်းပြီးတဲ့ပုံစံမျိုးပဲ၊ ဒါပေမဲ့ ရွှင်လိမှာ သူငယ်ချင်း၊ ဆွေမျိုးရှိမရှိမသိဘူး၊ တစ်နေ့ကျ ငါတို့တံခါးကို လာခေါက်နိုင်တယ်၊ ငါစိုးရိမ်တာက…”
“ငါတို့ အဲဒါနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုပါဘူး” ပိထောင်က ကြားဖြတ်ဝင်ပြောတယ်။
“ချင်းထုံးအမတဘုံဗိမာန်က ချွီရွှမ်းမြို့မှာ တည်ရှိတာ၊ မသေမျိုးချီပါးတဲ့ အရေးမပါတဲ့ဒေသပေါ့၊ ပြီးတော့ ရွှင်လိရဲ့ အမတသွေးကြောဇာတ်လမ်းက လျှို့ဝှက်ချက်မဟုတ်ချိန် သူ့အမတ သွေးကြောကို အားဖြည့်ဖို့ သက်ရှိဝိညာဉ်တွေကို အသုံးချနေတာ လူတွေကို မသိစေချင်ဘူးလေ၊ ဒါကြောင့် တခြားအမတဘုံဗိမာတ်က အမတတွေနဲ့ ဆက်ဆံရေးကို လျှော့ချတာ ပုံမှန်ပဲပေါ့၊ ငါတို့ ချွီရွှမ်းမြို့မှာ ဂိုဏ်းကို စာရင်းသွင်းပြီး ကောက်ကြေးကိုအချိန်မီပေးသရွေ့ မြို့က ဗိမာန်တွေကြားက ကိုယ်ရေးကိုယ်တာပြဿနာတွေကို ဝင်စွက်ဖက်မှာမဟုတ်ဘူး”
“ကောက်ကြေးပေးရမယ်လား” ကူယွဲ့က မျက်မှောင်ကြုတ်မေးလိုက်တယ်။
“ဘာအဓိပ္ပာယ်လဲရှင်းပြ”
ပိထောင်က ခေါင်းညိတ်ပြီး အမတဘုံမှာ ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာ ရှင်းပြလိုက်တယ်။
အတိုချုံးပြရရင်တော့ ဒီအမတဘုံဗိမာန်ဆိုတာ အမတလောကထဲမှာတော့ တကယ်ကို ဘာမှထူးထူးခြားခြားမဟုတ်ဘူးတဲ့။
“ငါတို့အခုရှိနေတဲ့နေရာက အမတကျန်းယန်ရဲ့ ချွီရွှမ်းမြို့ပေါ့၊ ဖုန့်ချန်တိုက်ကြီးရဲ့ ချုံလန်တိုင်းပြည်ထဲ ရှိတာ၊ မသေမျိုးဆီကို တက်လှမ်းခဲ့တဲ့ အမတတွေက ဒီနေရာကိုလာပြီး ဂိုဏ်းတည်ထောင်၊ တပည့်စုဆောင်းလို့ရတာပေါ့၊ ချွီရွှမ်းမြို့မှာတင် ထောင်နဲ့ချီအမတဂူဗိမာန်တွေရှိတယ်၊ ချင်းထုံးအမတဘုံဗိမာန်က အဲထဲက တစ်ခုပဲ၊ မြို့က ချွီရွှမ်းမြို့ထဲက ပိုင်နက်တိုင်းကို ပိုင်ဆိုင်တယ်၊ ဒါကြောင့်ဂိုဏ်းတည်ထောင်ချင်ရင် နှစ်တိုင်း သတ်မှတ်ထားတဲ့ အမတကျောက်တုံးတွေကို ပေးချေဖို့လိုတာပဲ၊ ချွီရွှမ်းမြို့အောက်မှာ အမတသွေးကြောတစ်ခုရှိတယ် – ငါတို့မြို့လယ်ခေါင်နဲ့နီးလေ၊ မသေမျိုးချီတွေ ပိုထူလာလေပဲ၊ ချင်းထုံးဘုံဗိမာန်က ပထမအဆင့်ဂိုဏ်းလို့ စဉ်းစားနိုင်ပေမဲ့ မြို့လယ်ခေါင်နဲ့ဝေးတာမို့ မသေမျိုးချီသိပ်မရှိဘူး၊ ဒါကြောင့် နှစ်တိုင်း ချင်းထုံးအမတဘုံဗိမာန်က အမတကျောက်တုံးအများကြီး ပေးဖို့မလိုတာ”
“မင်း စောနကပြောတဲ့ မဟူရာအမတကျတော့ရော”
“အမတဘုံဆိုတာ သေမျိုးဘုံနဲ့ မကွာခြားပါဘူး၊ ကျုပ်တို့ ဒီမှာကျင့်ကြံဆင့်တွေကိုမြှင့်ရဦးမှာပဲ၊ အဓိကအဆင့်ရှစ်ဆင့်ရှိတယ်၊ မြေအမတ၊ ရွှေအမတ၊ စိတ်တန်ခိုးအမတ၊ မဟူရာအမတနဲ့ အဆင့်မြင့်အမတပေါ့၊ စဖွဲ့စည်းထားတဲ့ အမတအရိုးတွေနဲ့လူတွေက ပုံမှန်ကတော့ မြေအမတတွေ၊ လူတစ်ယောက်က မဟူရာအမတအဆင့်ကို ကျော်လွန်သွားပြီဆိုရင် ဧကရာဇ်ဖြစ်လာနိုင်တယ်၊ ဧကရာဇ်ကတော့ သုံးမျိုးရှိတာ၊ ဧကရာဇ်ငယ်၊ နတ်ဒေဝါဧကရာဇ်နဲ့ အာကာသဧကရာဇ်တွေပဲ၊ ဧကရာဇ်တွေက ကိုယ်ပိုင်တိုင်းပြည် ထူထောင်ခွင့်ရှိတယ်၊ ချုံလန်က နတ်ဒေဝါဧကရာဇ်ကောယိုး တည်ဆောက်ထားတဲ့တိုင်းပြည်ပဲ၊ နတ်ဒေဝါဧကရာဇ်တွေထက် မြင့်တဲ့ အာကာသဧကရာဇ်တွေကတော့ တိုက်ကြီးတွေကို ပိုင်ဆိုင်တယ်၊ အမတဘုံမှာ စုစုပေါင်း အာကာသဧကရာဇ်ဆယ်ယောက်ရှိတယ်၊ သူတို့တစ်ယောက်ချင်းစီက ပင်လယ်တစ်စင်း ဒါမှမဟုတ် တိုက်ကြီးတစ်ခုပိုင်ကြတာ”
“နင်ဆိုလိုတာက…” ရှန်းရင် ထမင်းကို ဘေးဖယ်ထားရင်း ကြားဖြတ်ပြောလိုက်တယ်။
“ငါတို့ကို တောင်တစ်ခုပေါ်က ရွာလေးတစ်ခုလို့ပဲ သတ်မှတ်လို့ရတာပေါ့၊ ငါတို့ အကောက်ကြေးပေးသရွေ့ ဘယ်သူမှ ဒီနေရာကို ဘယ်သူစီမံနေလဲ၊ ဘယ်မှာနေလဲ ဂရုမစိုက်ကြဘူးပေါ့”
“အဲလိုပြောလို့ရတယ်” ပိထောင် ခေါင်းညိတ်ပြလိုက်တယ်။
ကူယွဲ့ စိတ်အေးသွားပြီး သက်ပြင်းချလိုက်တယ်။ သူ တစ်ခဏစဉ်းစားပြီးတော့ ဆက်ပြောလိုက်တယ်။
“အမတအရိုးတွေ ဖွဲ့စည်းထားတဲ့လူတွေက မြေအမတတွေ၊ ဒါပေမဲ့ ငါတို့တပည့်တွေက မိုးကြိုးဝဋ်ကြွေးကို မဖြတ်သန်းရသေးလို့ အနတမတအရိုးတွေမရှိဘူး၊ သူတို့က ဘာလဲ”
“စိတ်အေးအေးထားပါ အမတရောင်းရင်း၊ ဖြေရှင်းနည်းလွယ်လွယ်လေး ရှိပါတယ်၊ သူတို့ မသေမျိုးတက်လှမ်းမှုရေကန်ထဲမှာ ရေစိမ်သရွေ့ မသေမျိုးတက်လှမ်းမှုရေကန်ရေက သူတို့သေမျိုးခန္ဓာကိုယ်ထဲ စိမ့်ဝင်ပြီး အမတအရိုးတွေ ဖြစ်လာလိမ့်မယ်၊ ပြဿနာတစ်ခုတည်းက သူတို့ အမတအရိုးတွေ ဖြစ်လာဖို့ လုံလုံလောက်လောက် မသန်မာလောက်မှာပဲ၊ ရေကန်ထဲဝင်ဖို့ အနည်းဆုံးနတ်ဝိညာဉ်အဆင့်တွေတော့ရှိနေရမယ်”
“မသေမျိုးတက်လှမ်းမှုရေကန်က ဘယ်မှာလဲ” သူ ဘယ်မှာရှာရမှာလဲ။
“မှားနေပြီ အမတရောင်းရင်းရေ၊ မသေမျိုးတက်လှမ်းမှုရေကန်ဆိုတာက မသေမျိုးချီတွေ ထူထဲလာတာကနေ ဖြစ်လာတာ၊ ငါတို့ ဘယ်နေရာမှာမဆို တွင်းတူးပြီး မသေမျိုးချီငွေ့ရည်ဖွဲ့အစီအရင်ကို ပြင်ဆင်လိုက်ရင် မသေမျိုးတက်လှမ်းမှုရေကန်ဖြစ်လာမှာ၊ အမတဘုံထဲက မသေမျိုးချီက ဝိညာဉ်ချီထက် အများကြီးပိုကြွယ်ဝတယ်၊ ပြီးတော့ အမတဘုံမှာ မိုးကြိုးဝဋ်ကြွေးတွေလည်းမရှိဘူး၊ ဒီတပည့်တွေအားလုံး နှစ်တစ်ရာအတွင်း မြေအမတတွေ ဖြစ်လာနိုင်တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ့တပည့်တွေက နှစ်တစ်ရာအတွင်း မသေမျိုးတက်လှမ်းတော့မယ်။ သူကိုယ်တိုင်ကတော့ နှစ်ရာချီအများကြီး ကြိုးစားခဲ့ရပေမဲ့ သူ့တပည့်တွေကတော့ မြန်မြန်ပဲ သူ့ကိုလိုက်မှီတော့မယ်။ စဉ်းစားကြည့်ရုံနဲ့တင် သူရင်နာနေပြီ။
“ကြီးမြတ်တဲ့နတ်ဒေဝါရှန်း၊ ငါတို့ နောက်တစ်ကြိမ် အကောက်ပေးချိန် ချွီရွှမ်းမြို့မှာ ဂိုဏ်းကိုစာရင်းသွင်းသင့်တယ်၊ ဒါဆို ဝူတိဂိုဏ်းကို တရားဝင် အမတဂိုဏ်းအဖြစ် စဉ်းစားကြလိမ့်မယ်”
“ငါတို့ နောက်တစ်ကြိမ် အကောက်ပေးရမှာ ဘယ်တော့လဲ”
“သုံးလနေတိုင်း လအစပိုင်းမှာ ပေးချေနေကြဆိုတော့…” သူက လက်ချောင်းတွေနဲ့ရေနေရင်း ရုတ်တရက် တန့်သွားပြီးမှ မျက်လုံးတွေ ပြူးထွက်လာတယ်။
“အဲဒါ… မနက်ဖြန်ပဲ”
“…”
ချီး ဘာလို့စောစောကမပြောရတာတုန်း
သူ လှည့်ပြီး ပြေးထွက်လာခဲ့တယ်။ တစ်ခဏနေတော့ တပည့်သုံးဆယ်ကျော်နဲ့ ပြန်ရောက်လာပြီး ခန်းမဆီ လက်ညှိုးထိုးတော့တာပဲ။
“မြန်မြန်၊ တုံ့ဆိုင်းနေတာရပ်ပြီး တူးကြတော့ ဘယ်အမတကျောက်တုံးမှ မကျန်ခဲ့စေနဲ့”
ရှန်းရင် ။ ။ “…”
…