အခန်း ၁၁၆ ။ အသင်း၏ကျူးကျော်ခြင်း
ချွီရွှမ်းမြို့။
“ဝူတိဂိုဏ်းလား” စာရင်းသွင်းတာဝန် အမတက သူ့လက်ထဲက စာအုပ်ကို လှန်လှောကြည့်ပြီး အရှေ့မှာရပ်နေတဲ့ သုံးယောက်ကို လှမ်းကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူထုတ်ပြောလိုက်မိတယ်။
“ခင်ဗျားတို့… တကယ်ပဲ ဂိုဏ်းတစ်ခု တည်ထောင်ပြီး ဗိမာန်တစ်ခု စိုက်ထူမှာလား”
“ဟုတ်တယ်”
“မြေအမတနှစ်ယောက်တည်းနဲ့ ပြီးတော့…” မသေမျိုးက ရှန်းရင်ကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်ပေမဲ့ သူမကျင့်ကြံဆင့်ကို အဖြေမရှာနိငင်သေးဘူး။ သူ့မျက်လုံးတွေပြူးသွားပြီး မျက်နှာပေါ် မယုံကြည်နိုင်မှုတွေအထင်းသား။ သူတို့ ကြောင်နေတယ်လို့ သူတွေးနေတာ အသိသာကြီး။
သူတို့ ဂိုဏ်းထူထောင်ချင်တယ်လို့ ပြောတာက ဘာမှထူးဆန်းတာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာက တစ်နှစ်ကို အနည်းဆုံး ထိပ်တန်းအမတကျောက်တုံး၂ရာ ပေးချေဖို့လိုတယ်၊ ဒါက သာမန်ဂိုဏ်းအတွက်တော့ ဘယ်လောက်မှမဟုတ်ပေမဲ့ သာမန်ကျင့်ကြံသူတွေအတွက်တော့ အများကြီးပဲ။ ဒါက လူကုံထံအသိုင်းအဝနုင်းက လူတွေ ဒါမှမဟုတ် အဆက်အသွယ်ကောင်းကောင်းရှိသူတွေပဲ ဂိုဏ်းတည်ထောင်ဖို့ စဉ်းစားမှာလို့ဆိုလိုတယ်။ ဒီလိုလူမျိုးတွေကလည်း အနည်းဆုံးတော့ စိတ်တန်ခိုးအမတွေဖြစ်နေပြီ။
သူ့ရှေ့ရပ်နေတဲ့လူသုံးယောက်မှာ နှစ်ယောက်က တက်လှမ်းကာစ မြေအမတတွေ။ သူတို့ဆီမှာ မိုးကြိုးဝဋ်ကြွေးရဲ့ အကြွင်းအကျန်တွေတောင် ရှိနေသေး။ နောက်ဆုံးတစ်ယောက်ဆို မြေအမတတောင် မဟုတ်ဘူး။ သူမကို သူတို့ အတူခေါ်လာလို့သာ ရောက်လာတာ သိသာတာပဲ။ ဒါတောင် သုံးယောက်က ဂိုဏ်းထောင်ဖို့ လုပ်နေကြတယ်။ သူတို့ချမ်းသာလွန်းလို့ ပိုက်ဆံသုံးစရာတခြားနည်းရှာမတွေ့တော့တာဖြစ်မယ်။
“ခင်ဗျားတို့… သေချာလား” သူ နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။
ကူယွဲ့နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားပြီး နောက်တစ်ကြိမ် ခေါင်းည်တ်ပြလိုက်တယ်။
“အင်း” သူ ဝတ်ရုံထဲနှိုက်ပြီး အမတကျောက်တုံးတစ်အိတ်ထုတ်ကာ မသေမျိုးဆီ ကမ်းပေးလိုက်တယ်။
“ကျေးဇူးပါ၊ အမတရောင်းရင်း”
မသေမျိုးက အမတကျောက်တုံးတွေကို လက်ခံပြီး နောက်တစ်ကြိမ် သုံးယောက်လုံးကို စိတ်လွတ်နေတာပဲဆိုတဲ့ပုံစံနဲ့ ကြည့်လေပြန်တယ်။ နောက်တော့ သူ့လက်ထဲက စာအုပ်ကို ဖြည့်ပြီးချိပ်တစ်ခုဆင့်ခေါ်ကာ အသက်ရှူအောင့်ရင်း တစ်ခုခုရေရွတ်တော့တယ်။ သူ စာအုပ်ကို လှန်ပြီး စာလုံးတွေက ရုတ်တရက် စာရွက်ထဲကနေ ခုန်ထွက်ကာ နောက်က ကြီးမားတဲ့ အမတနံရံဆီ ပျံသန်းသွားလေတယ်။ ဖျတ်ခနဲအလင်းရောင်ပေါ်လာပြီး ရုတ်တရက် “ဝူတိဂိုဏ်း” ဆိုတဲ့နာမည်က နံရံပေါ်ကတခြားဂိုဏ်းတွေရဲ့နာမည်ဘေးမှာ ပေါ်လာတယ်။ သူတို့နာမည်က အဲအုတ်နံရံကြီးပေါ် နေရာလေးတစ်နေရာစာပဲ ယူထားတာ။
“ကောင်းပြီလေ၊ နှစ်တိုင်း ပြန်လာပြီး အကောက်ကြေးလာပေးပါ” မသေမျိုးက သတိပေးပြီး အမြန်ထပ်ဖြည့်ပြောလာတယ်။
“တကယ်လို့ အမတကျောက်တုံးတွေ မရှိတော့ရင် အချိန်မရွေးပြန်လာပြီး စာရင်းသွင်းတာကို ဖျက်သိမ်းလို့ရပါတယ်”
“ကျေးဇူးပါ” ကူယွဲ့ တလေးတစား ဂါဝရပြုလိုက်တယ်။ သူ ရှန်းရင်နဲ့ယိချင်းကို ဝတ်ရုံလက်ကဆွဲပြီး အပြင်ကို ခေါ်ထုတ်လာတော့တယ်။
ဒါ သူ့နှစ်ဘဝလုံးမှာ ပထမဆုံးအကြိမ် ငွေရေးကြေးရေးပြဿနာကြုံရတာပဲ။
အစောတုန်းက သူတို့ ချင်းထုံးဘုံဗိမာန်မှာ အမတတွေအများကြီးနေတော့ လျှို့ဝှက်သိုက်ကြီး ရှာတွေ့နိုင်မယ်ထင်ခဲ့တာ။ ဒါပေမဲ့ သူတို့ မြေကြီးတူးပြီးတဲ့နောက်မှာ ရွှင်လိက ငမွဲတစ်ယောက်ထက် မပိုဘူးဆိုတာ သိလိုက်ရတော့တယ်။
လျှို့ဝှက်သိုလှောင်ခန်းထဲ သိမ်းထားတဲ့ အမတကျောက်တုံးက တစ်ထောင်တောင် မပြည့်ဘူး – သူတို့အတွက် နှစ်နှစ်လောက်ပဲ ခံမှာ။ ရွှင်လိ ဘုံဗိမာန်သခင်အနေနဲ့ ဘယ်လိုမျိုး အာဏာအပြည့်နေနိုင်ခဲ့လဲမသိဘူး။ သူ့အမတသွေးကြောကို အားဖြည့်တဲ့နေရာမှာ အမတကျောက်တုံးတွေအားလုံး သုံးခဲ့တာဖြစ်ရမယ်။
ကူယွဲ့ ခေါင်းကိုက်စပြုလာတယ်။ သူတို့တော်တော်များများ အမတဘုံဆီရောက်လာပေမဲ့ အားလုံးကို ဆန်ကုန်မြေလေးတွေလို့ စဉ်းစားလို့ရတယ်။ သူတို့ထဲက ဘယ်သူမှ အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ကျွမ်းကျင်မှုမရှိကြဘူး။ သူတို့ကြားမှ တန်ဖိုးအကြီးဆုံးဖြစ်ခဲ့တဲ့ ဝိညာဉ်ဆေးပင်တွေတောင် အမတဆေးပင်တွေနဲ့ ယဖိဉ်ရင် အမှိုက်ဖြစ်သွားတယ်။ ပိထောင်က ဆေးလုံးဖော်တဲ့နေရာမှာ ကျွမ်းကျင်တာကြောင့် သူတို့အတွက် အသုံးဝင်မယ်ထင်ခဲ့ပေမဲ့ သူ့ဆေးလုံးဖော်တဲ့အရည်အချင်းက အမတဘုံမှာ အလုပ်သင်အဆင့်ဆိုတာ သိလိုက်ရလေတယ်။ ဂိုဏ်းကတပည့်တွေက စားတဲ့နေရာမှာပဲတော်တာ – သူတို့ကိုကမ်းလှမ်းဖို့နေနေသာသာ အလကားတောင် ခေါ်ချင်ကြမှာမဟုတ်ဘူး။
သူတို့ရွေးစရာမရှိဘဲ အမတကျောက်တုံးတွေကို ရှာဖို့ နည်းလမ်းပေါင်းစုံရှာရတော့မယ်
ကူယွဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ ချွီရွှမ်းမြို့က အမတမြို့ငယ်လေးလို့သတ်မှတ်လို့ရပေမဲ့ နေရာကတော့ ကျယ်တယ်။ အောက်ဘုံက ဆွေကြီးမျိုးကြီးမိသားစုတွေရဲ့ မြို့တွေနဲ့ယှဉ်ရင် ချွီရွှမ်းမြို့က ပိုကြီးတယ်။ တကယ်လို့ သူတို့ ကြိုးစားရှာရင် သေချာပေါက်စီးပွားရေး အခွင့်အလမ်းတွေရှာတွေ့မှာပဲ။
“ဒီကနေ လမ်းခွဲရအောင်” သူ လမ်းကို ဟိုဟိုဒီဒီကြည့်ပြီး အကြံပေးလိုက်တယ်။ သူ့ဘေးကလူကို လှည့်ကြည့်ပြီး ညွှန်ကြားလိုက်တယ်။
“ယိချင်း၊ မင်းက လက်နက်မွမ်းမံတာမှာ တော်တယ်၊ အမတလက်နက်တွေအကြောင်း သွားရှာကြည့်၊ ကုန်ကြမ်းပစ္စည်းတွေက ဘယ်လောက်ကုန်ကျလဲနဲ့ ဘယ်လိုရောင်းဝယ်ကြတာလဲဆိုတာ”
“ကောင်းပြီ” ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။
“ကျန်တဲ့နယ်ပယ်တွေကို ငါ့တာဝန်ထားလိုက်၊ ပြန်ဆုံတဲ့အချိန် ဘယ်နယ်ပယ်က ငါတို့အတွက် အကျိုးအမြတ်ဖြစ်ဆုံးလဲ စဉ်းစားလို့ရပြီ၊ ငါတို့ မြို့ဝင်ပေါက်မှာ နောက်လေးနာရီနေရင် ပြန်စုကြမယ်၊ ရှင်းရင် မင်း…”
ကူယွဲ့ အလိုလိုလှည့်ကြည့်မိလိုက်တော့ ရှန်းရင်ရပ်နေတဲ့နေရာမှာ နေရာလွတ်ဖြစ်နေတာ မြင်လိုက်ရတယ်။ သူမက အရိပ်အယောင်တောင် မရှိဘဲ ပျောက်နေပြီ။
“ဟေး၊ သူ ဘယ်မှာလဲ”
ယိချင်း ။ ။ “…”
ဟိုလီရှစ် အဲရှေ့နောက်တောင်မြောက်မသိတဲ့ ကြွက်က လူနှစ်ယောက်ဘေးလမ်းလျှောက်နေတာတောင် ဘယ်လိုလမ်းပျောက်သွားတာလဲဟ
——————
ပင်မလမ်းသုံးလမ်းဘေးရှိ မှောင်မည်းနေသော လမ်းကြား။
အမည်းရောင်ဝတ်ရုံနဲ့ လူဆယ်ယောက်ကျော်က လမ်းကြားက ထောင့်တစ်ထောင့်မှာ စုဝေးနေပြီး လူအုပ်ကြီးကို ရှောင်နေတယ်။ အုပ်စုခေါင်းဆောင်က တိုးတိုးတိတ်တိတ်လေသံနဲ့ ညွှန်ကြားချက်ပေးနေတယ်။
“နေဝင်ရင် ငါတို့အစီအစဉ်အကောင်အထည်ဖော်လို့ရပြီ၊ လူပဲရှာနေတာ မှတ်ထားကြ၊ သူတို့ကို တွေ့ပြီဆိုတာနဲ့ ဖမ်းပြီးခေါ်သွားချေ”
အုပ်စုက ခေါင်းညိတ်ပြလိုက်တယ်။
“မြို့အရှင်က ဒီနေရာကို လုံခြုံရေးတင်းကြပ်ထားတာ၊ ဒါက မြေပုံ- မင်းတို့ ဘယ်မှာရှာရမလဲ မှတ်ထားကြ” လက်ကောက်ဝတ်တစ်ချက် လှည့်လိုက်တာနဲ့အတူ မြေပုံတစ်ခုရဲ့ သုံးဖက်မြင်ပုံရိပ်က လက်ဖဝါးမှာပေါ်လာတယ်။ သူက တစ်ယောက်ချင်းစီကို မြေပုံပြပြီး ဆက်ပြောလိုက်တယ်။
“မလှုပ်ရှားခင် ငါအချက်ပြတာ စောင့်ကြ၊ မှတ်ပြီးပြီလား”
“မမှတ်ရသေးပါဘူး” ရှန်းရင် ဖြည်းဖြည်းချင်း လက်လေးမြှောက်လိုက်တယ်။
ခေါင်းဆောင်က ရပ်သွားပြီး သူမဘက်ဒေါသတကြီး လှည့်ကြည့်တော့တယ်။ သူက မြေပုံကို သူမဘေးကပ်ပြီး စိတ်မရှည်စွာ ပြောလိုက်တယ်။
“မင်း ဒါတောင် မမှတ်နိုင်ဘူးလား၊ မြန်မြန် အလွတ်ရအောင်မှတ် ဘယ်သူကများ မင်းကို ဒီတာဝန်ထဲ ခေါ်လာတာလဲ”
“နင်လေ” သူမကိုယ်ပေါ်က ဝတ်ရုံအနက်ကို ငုံ့ကြည့်လိုက်တယ်။ သူတို့ တံခါးပေါက်မှာရှိနေချိန် သူမကိုဆွဲခေါ်လာတဲ့လူက သူလေ။
အဲလူက တုံ့ဆိုင်းနေပြီး ခေါင်းစခြေဆုံး သူမကို ကြည့်တော့တယ်။ ဒီတစ်ယောက်ကို ဘယ်မှာတွေ့ဖူးလဲ သူမှတ်မိဖို့ ကြိုးစားနေပေမဲ့ မမှတ်မိ။ ကိစ္စကိုဘေးဖယ်ထားလိုက်ပြီး မြေပုံက အမှတ်လေးကို လက်ညှိုးထိုးပြလိုက်တယ်။
“ဟေး၊ ခဏနေရင် မင်းကဒီနေရာကနေ ဝင်ရမယ်၊ ငါတို့ရှာနေတဲ့လူက ခြံဝန်းထဲရှိလောက်မယ်၊ ပင်မအိမ်ထဲမသွားနဲ့၊ ငါတို့ မြေအမတတွေထဲ ဘယ်သူကမှ အဲကလူတွေကို ကိုယ်တွယ်နိုင်မှာမဟုတ်ဘူး”
“အိုး…” သူမ ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ရော။
“ဘယ်သူ့ကိုမှ သတိမပေးမိအောင် သတိရဦး” သူ ဆက်ပြောလိုက်တယ်။
“လူရှာတွေ့ပြီဆိုတာနဲ့ ပြန်ဆုတ်လာခဲ့၊ မြို့ပြင်က မဟူရုတောအုပ်ထဲ လူတိုင်းပြန်ဆုံကြမယ်၊ တစ်ယောက်ယောက်က ငါတို့ကိုလာကြိုလိမ့်မယ်”
“ဟုတ်ကဲ့” လူတိုင်းခပ်တိုးတိုး ပြန်ဖြေကြတယ်။
ခေါင်းဆောင်က မှောင်နေပြီဖြစ်တဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
“အချိန်ကျပြီ” သူ ချိပ်တစ်ခုကိုလက်နှစ်ဖက်နဲ့ ပုံစံဖော်လိုက်တယ်။ စက္ကန့်ပိုင်းနဲ့တင် နေရာရွှေ့ပြောင်းအစီအရင်က သူတို့ခြေဖဝါးအောက် ပေါ်လာတယ်။
မျက်စိတစ်မှိတ်အတွင်း သူတို့ကိုယ်သူတို့ ခြံဝန်းတစ်ခုထဲ ရောက်နေတာ မြင်လိုက်ရတယ်။ ခေါင်းဆောင်က အရေးကြီးတဲ့ လက်ဖွဲ့အဆောင်တွေကို ဖြန့်ဝေပေးလာတယ်။
“ဒါက မင်းတို့အငွေ့အသက်ကို ကာကွယ်ဖို့ကူညီပေးလိုက်မယ်၊ ဒါရှိနေသရွေ့ မဟူရာအမတတွေက မင်းတို့ကို သတိထားမိမှာမဟုတ်ဘူး၊ သွားကြရအောင်”
သူတို့ ခေါင်းညိတ်ပြပြီး ခြံဝန်းထဲ နေရာအနှံ့ဝင်ပုန်းကြတော့တယ်။
ကျူးကျော်သူ ရှန်းရင် ။ “…” ငါတို့ ဘယ်သူ့ကိုရှာနေတာလဲ။ သူတို့နဲ့အရင် အတည်ပြုသင့်လား။
သူမ လျှောက်ကြည့်ပြီး ထွက်လာဖို့ ဦးတည်ဖက်တစ်ခုရွေးလိုက်တယ်။ သူမ လျှောက်ကာနီးဆဲဆဲမှာတင် တစ်ယောက်ယောက်က ပြန်ဆွဲထားတော့တယ်။
“ခဏ ပြန်လာဦး” ခေါင်းဆောင်က သူမကိုနောက်ပြန်ဆွဲပြီး ညာဘက်ကို လက်ညှိုးထိုးပြတော့တယ်။
“မင်းက ဒီလမ်းကိုသွားရမှာ၊ ဘာဖြစ်တာလဲ၊ မြေပုံကို ခဏခဏလေ့လာခဲ့တယ်မဟုတ်လား၊ တခြား ဘယ်သူ့ကိုမှ သတိမပေးမိအောင်လည်း သတိရဦး”
“အာ တကယ်တော့လေ ငါက” ငါက နင်တို့ထဲက မဟုတ်ဘူးဟ။ ရှန်းရင် ရှင်းပြဖို့လုပ်လိုက်တယ်။
အဲလူအမူအရာက ပြောင်းသွားပြီး သူမကို ကြားဖြတ်ပြောတော့တယ်။
“လူလာနေပြီ မင်းကိုယ်ပေါ် အဆောင်ကပ်ပြီး သွားတော့” သူက ထွက်ပြေးပြီး မြင်ကွင်းကနေ ပျောက်သွားတော့တယ်။
ရှန်းရင် ။ ။ “…”
ဖေဖေနျိုဒေါသကို ခံစားမိလိုက်ရသလိုပဲ
သူမဝတ်ထားတဲ့ အမည်းရောင်ဝတ်ရုံကို ငုံ့ကြည့်ပြီး နောက်ဆိုအပြင်ထွက်ချိန် အရောင်တောက်တောက်ဝတ်ဖို့ စိတ်ထဲမှတ်ထားလိုက်တယ်။ ဒါမှ နောက်တစ်ကြိမ် အပြင်ထွက်ရင် ဒုစရိုက်ဂိုဏ်းတစ်ခုခုရဲ့ ဝတ်ရုံဝတ်ထားတယ်ဆိုပြီး လူမမှားခံရမှာ။
ဒါပေါ့၊ တခြားအရာက လောလောဆယ် ပိုအရေးကြီးနေတာ – ငါ ဘယ်နေရာရောက်နေတာလဲ။
အဖွဲ့က ဘယ်မှာလဲ။ သူတို့ သူမကိုဖမ်းလာပေမဲ့ ခေါ်သွားဖို့ကျ အလုပ်ရှုပ်မခံဘူးလား။
ရှန်းရင် သက်ပြင်းချပြီး သူမဘယ်ဘက်က မုခ်ခုံးတံခါးအပြင်ဘက် ထွက်လာခဲ့လေတယ်။ ထားလိုက်တော့၊ ငါ့ဘာသာပဲလူရှာတော့မယ်။ ဒီကိစ္စကြောင့် ဖေဖေနျိုက စားသောက်စရိတ်လျှော့မချဖို့ပဲ မျှော်လင့်တာ။ စောနကလူပြောတဲ့ပုံအရတော့ လှန့်မိသလိုမဖြစ်သရွေ့ အဆင်ပြေမှာပါ…။
“မင်းကဘယ်သူလဲ” ရှန်းရင် တံခါးကနေ ဖြတ်လျှောက်နေတုန်း တစ်ယောက်ယောက် မေးသံကို ကြားလိုက်ရတယ်။
သူမ ရွှီးခနဲအသံတွေကြားလိုက်ရပြီး မသေမျိုးချီတွေနဲ့လုပ်ထားတဲ့ ဓားဆယ်ချောင်းကျော် သူမမျက်နှာဆီ တည့်တည့်ချိန်ရွယ်ထားတာ မြင်လိုက်ရတော့တယ်။
ရှန်းရင် ။ ။ “…”
သူမလက်ထဲက အဆောင်ကို မပြီး ရင်ဘက်ပေါ် ကပ်လိုက်တော့တယ်။
လူ ။ ။ “…”
အရှိန်အဝါဖုံးကွယ်အဆောင်ကို အခုမှကပ်တော့ဘာထူးလဲဟ။ ငါကန်းနေတယ်များထင်နေလား။
…