အခန်း ၅။ အထွတ်အထိတ်သဏ္ဍာန်
_____________________
လုကျိုးမှာ အရယ်ခံရမည်အား မကြောက်ပေ။ သူ့အတွက်တော့ ဒါတွေအကုန်လုံးက အခုလက်ရှိပြဿနာကို ဖြေရှင်းနိုင်သရွေ့အရေးမကြီးပေ။
သူက ခေါင်းညိတ်ပြီး အကြည့်က တတိယ၊စတုတ္တ နှင့် ပဉ္စမတပည့်ဆီ အကြည့်ရောက်သွားသည်။ နောက်ဆုံးတွင်တော့ နဝမတပည့်ဆီ အကြည့်ရောက်ခဲ့၏။
“မင်းရော ဘယ်လိုလဲ၊ ယွမ်အာ”
“ရှစ်… ရှစ်စွင်း”
ယွမ်အာလေးက တွန့်ဆုတ်နေသည်။
“အရေးမကြီးဘူး… ပြောစရာရှိတာသာ ပြော၊ ငါက မုန်တိုင်းအကုန်လုံးကို မြင်ဖူးတဲ့အထိ နေထိုင်လာခဲ့ပြီးပြီ၊ မင်းရဲ့ တာ့ကောနဲ့ အာ့ရှစ်ရှိုးတို့ ရွှေနန်းဥယျာဉ်တော်ကနေ ထွက်သွားချိန် သူတို့က မင်းထက် ပိုပြီးဆုံးဖြတ်ချက်ပိုခိုင်မာတယ်”
လုကျိုးက ခပ်တိုးတိုးဆိုသည်။
ယွမ်အာလေးမှာ ဒူးထောက်ချလိုက်တော့၏။
“ရှစ်စွင်း၊ ဒီတပည့် မလုပ်ရဲပါဘူး”
“တင်း၊ အရံတာဝန် ‘အခြားသူများ၏ဆန္ဒသည် ကျုပ်တို့မြင်တွေ့ရန်မဟုတ်’ ကို ပြီးမြောက်သွားပါပြီ၊ ဆုလာဘ်က အမှန်တရားမျက်လုံးဖြစ်ပြီး အစွမ်းကတော့ ထာဝရပါ”
ထိုအခြင်းအရာက လုကျိုးကို ကြောင်သွားစေသည်။ ရုတ်တရက် သူ့ရှေ့မှောက်က လူဆိုးတပည့်များပေါ်တွင် မျက်လုံးထဲ၌ အညွှန်းများပေါ်လာလေသည်။
“တွမ့်မူရှန်း၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၂၃ ရာခိုင်နှုန်း၊ လျော့ကျလာသည်…”
“မစ်ရှစ်ရင်၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၂၃ ရာခိုင်နှုန်း၊ လျော့ကျလာသည်…”
“ကျောင်းယွဲ့၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၃၅ ရာခိုင်နှုန်း၊ လျော့ကျလာသည်…”
“စီယွမ်အာ၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၆၀ ရာခိုင်နှုန်း၊ မြင့်တက်လာသည်…”
“သဲလွန်စ: တပည့်တစ်ယောက်၏ သစ္စာရှိမှုက သုညရာခိုင်နှုန်းအောက် ရောက်ရင် ဂိုဏ်းကို သစ္စာဖောက်ပြီး ရန်သူဖြစ်ပါလိမ့်မယ်၊ သစ္စာရှိမှုက ၈၀ရာခိုင်နှုန်းအထက်ဆိုရင် တပည့်က သစ္စာမဖောက်ပါဘူး၊ ၉၀ရာခိုင်နှုန်းကျော်ရင်တော့ အမှန်တကယ် သစ္စာရှိသွားပါလိမ့်မယ်”
တပည့်သုံးယောက်၏ သစ္စာရှိမှုလျော့ကျခြင်းက သူထင်ထားသလိုပင်ဖြစ်၏။ သို့သော်ငြား ယွမ်အာလေး၏ သစ္စာရှိမှုက မြင့်တက်လာ၍ အနည်းငယ်အံ့သြသွားရသည်။
“ဒီကိစ္စမှာ ငါဆက်ပြီး ဟန်ဆောင်လို့ မဖြစ်တော့ဘူး…”
လုကျိုးက တမင်သက်သက်ဆိုလာသည်။
“ဟုတ်တယ်၊ ငါတကယ် ဒဏ်ရာရသွားခဲ့တယ်…”
သူ့တပည့်များ၏ မျက်ဝန်းများက ဝင်းလက်သွားသည်။ ထိုစဉ် အကာအရံအပြင်ဘက်မှ ကျင့်ကြံသူများကတော့ အရံအတားထဲ အလျင်စလိုဝင်လာချင်ပြီး မိစ္ဆာအိုကြီးကို ဝံပုလွေအုပ်ကြီးကဲ့သို့ တစ်စစီဆုတ်ဖြဲရန် စိတ်အားထက်သန်နေကြသည်။
လုကျိုးက ပထမတပည့်သုံးယောက်၏ သစ္စာရှိမှုက ငါးရာခိုင်နှုန်းလျော့ကျသွားမှန်း သတိပြုမိသွားသည်။
သို့ပေမဲ့ ထို့နောက် သူ့လေသံက ရုတ်တရက် ပြောင်းလဲသွားလေသည်။
“ဒါပေမဲ့၊ မင်းတို့တွေငါ့ကို လက်ညှိုးထိုးနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး”
လုကျိုးက ‘ကျိထျန်းတောက်၏ အထွတ်အထိတ် သဏ္ဍာန်’ အတွေ့အကြုံကတ်တစ်ကတ်ကို ချေမွလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ့ ခြောက်ကပ်နေသည့်သွေးကြောများ၊ စွမ်းအင်သိုလှောင်ရာနေရာနှင့် ချီများက အဆင့်အမြင့်ဆုံးအထိ ထိုးတက်သွားခဲ့သည်။
အလယ်တည့်တည့်တွင် သူရှိရင်း အားကောင်းလှသည့် လေပြင်းဟပ်ခြင်းက ဦးတည်သွားခဲ့သည်။
“အား”
“ဒါက ဘယ်လိုလုပ်… ဖြစ်နိုင်ပါ့မလဲ”
တွမ့်မူရှန်း၊ မစ်ရှင်ရင်နှင့် ကျောင်းယွဲ့တို့ နောက်ပြန်လွင့်သွားခဲ့ပြီး သွေးပွက်ပွက်အန်ကုန်ကြလေသည်။ ယွမ်အာလေးကတော့ မျက်လုံးများပြူးကာ သူမဆရာကို မယုံနိုင်စွာကြည့်နေ၏။
အားကောင်းလှသည့် လေပြင်းလှိုင်းများက စီးဆင်းသွားကာ ပြိုလဲလုနီးပါးဖြစ်နေသည့် အကာအရံကို တစ်စစီဖြစ်သွားစေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အကာအရံက ပျောက်ကွယ်သွားခဲ့သည်။ ကျင့်ကြံသူ သောင်းချီက အံ့သြတကြီးကြည့်နေပြီး တစ်လောကလုံး တိတ်ဆိတ်သွားခဲ့သည်။
“သူ ဒဏ်ရာရနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အဲလောက်အားကောင်းတဲ့ စွမ်းအင်လှိုင်းတွေ ထုတ်နိုင်သေးတာလဲ”
“သူ အကာအရံထဲ သွေးပျက်ပြီး ပြန်ပြေးသွားတာ သေချာမြင်လိုက်ပါတယ်!”
“ငါတော့ ခံစားချက်မကောင်းတော့ဘူးနော်…”
“အဲလိုပြောမနေစမ်းနဲ့ကွာ၊ ခြေထောက်တောင် တုန်လာပြီ!”
ပညာရှင်ဆယ်ယောက်မှာ လုကျိုးကို ဒေါသတကြီးစိုက်ကြည့်ရင်း မယုံနိုင်ဖြစ်နေသည်။ တစ်ဖက်တွင်တော့ လုကျိုးက အသက်ဝဝရှူပြီး သူ့တပည့် လူဆိုးသုံးယောက်ကိုတစ်ချက်တောင် မကြည့်ပေ။
အထွတ်အထိတ် သဏ္ဍာန် ခံစားချက်မှာ အမှန်တကယ်ကို ကောင်းလှသည်။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး သူ့ရှေ့ကလူတိုင်းမှာ လက်ညှိုးတစ်ချက် တောက်ရုံဖြင့် ချေမွနိုင်သော ပုရွက်ဆိတ်များဟု ခံစားနေရသည်။
တွမ့်မူရှန်းနှင့် တခြားတပည့်နှစ်ယောက်မှာ မြေကြီးပေါ်ကျကျခြင်းပင် ချက်ချင်းလူးလှိမ့်လာပြီး ဒူးထောက်ကာ ပြိုင်တူပြောလိုက်ကြသည်။
“ဒီတပည့် ရှစ်စွင်းခွင့်လွှတ်မှုကိုတောင်းခံပါတယ်”
သွေးများက သူတို့ ပါးစပ်ထောင့်များက စီးကျပြီး လက်ဖမိုးပေါ် ကျလာလေသည်။ သူတို့လက်ချောင်းများက တုန်ယင်နေကြပြီး အသက်တောင် ကျယ်ကျယ်မရှူရဲပေ။
လုကျိုးက သူတို့ကို စိန်းစိန်းဝါးဝါးကြည့်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ပြင်းထန်လှသည့် စွမ်းအင်အဟုန်က တပည့်သုံးယောက်ဆီ လှိုင်းကြီးတစ်လှိုင်းပမာ ရိုက်ခတ်သွားလေ၏။
“မင်းတို့ ငါ့စကားကို နားမထောင်ကြဘူး၊ အပြစ်ပေးရမယ်”
ဘန်း၊ ဘန်း၊ ဘန်း၊
ရွှေရောင်အလင်းတန်းသုံးခုက တပည့်သုံးယောက်ပေါ် ရိုက်ကျလာပြီး သွေးထပ်အန်သွားပြန်လေသည်။
“ငါပြန်လာမှ မင်းတို့နဲ့ ရှင်းမယ်!”
လုကျိုးက သူတို့ကို မျက်စိထဲမထည့်သော်ငြား ကျန်ရစ်သည့်အချိန်ကို ကြည့်လိုက်၏။ ၂၉ မိနစ်ရှိသေးသည်။ တပည့်သုံးယောက်ကို ပညာပေးဖို့ အချိန်အများကြီး မကုန်ခဲ့ပေ။
အခု သူ့အတွက်ကျန်ရစ်သည်က သောင်းချီသော ကျင့်ကြံသူများ၊ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်အဆင့်၏ ပညာရှင်ဆယ်ယောက်နှင့် ရင်ဆိုင်ရန်ဖြစ်သည်။
လေထဲတွင် ရှိနေသည့် လော့ချန်းဖုန်းကို စိုက်ကြည့်ရင်း လုကျိုးကပြောလိုက်သည်။
“မင်း အရင်လတုန်းက ဘယ်လောက်သန်မာလာလဲ ကြည့်ကျတာပေါ့”
ဘုန်း!
သူက မြေကြီးကို ခြေတစ်ဖက်ဖြင့် အားပြုထောက်ပြီး လျှပ်စီးလို အရှိန်နှုန်းဖြင့် လေထဲ သူ့ကိုယ်သူတွန်းပို့လိုက်သည်။ သူ အပေါ်ပျံသန်းလာရင်း ကျယ်လောင်ပြတ်သားသော အသံဖြင့်အော်လိုက်သည်။
“စိတ်ဝိညာဉ်သဏ္ဍာန်၊ ဒုက္ခမိုင်တစ်ရာ ရှုကွင်း”
ကောင်းကင်တွင် ပေတစ်ရာကျော်မြင့်ပြီး ပေနှစ်ဆယ်ကျော် အကျယ်ရှိသည့် စိတ်ဝိညာဉ်သဏ္ဍာန်တစ်ခုပေါ်လာကာ ရွှေရောင်အလင်းတန်းဝန်းရံထားလေ၏။ ၎င်းအောက်တွင် သစ်ရွက်ရှစ်ခက်နှင့် ရွှေရောင်ကြာပွင့်တစ်ပွင့်က မရပ်မနားလည်နေတာမြင်လိုက်ရ၏။
ထိုမြင်ကွင်းကိုမြင်ချိန် လော့ချန်းဖုန်းက အလျင်အမြန် နောက်ပြန်ဆုတ်ကာ မျက်နှာပေါ်တွင် ထိတ်လန့်မှုအသွင်ရှိနေသည်။
“သူ့ကိုတားကြစမ်း”
အခြား ပညာရှင်ကိုးယောက်မှာ လေထဲ ပျံသန်းလာကြပြီး သူတို့၏ စိတ်ဝိညာဉ်သဏ္ဍာန်များကို ထုတ်လိုက်လေသည်။
စိတ်ဝိညာဉ် သဏ္ဍာန်ဆယ်ခုက နံရံကြီးတစ်ခုဖြစ်သွားပြီး ကျန်သည့် ကျင့်ကြံသူများမှာ အလျင်အမြန်ပြန်ဆုတ်ပြီး သူတို့နောက် ဝင်ပုန်းကုန်ကြသည်။
ထိုသို့တောင် ပိုပြီး အားနည်းသည့် ကျင့်ကြံသူများမှာ မင်သက်နေမိပြီး အချိန်မှီပြန်မဆုတ်နိုင်ခဲ့၍ မြေကြီးပေါ်လဲကျကုန်ကာ တစ်ချို့ဆိုလျှင် ဒွာရအပေါက်ခုနစ်ပေါက်ကနေ သွေးများယိုစီး၍ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
“နတ်မင်းများ… သူ့ ခွန်အားအကြီးဆုံး သိုင်းကွက်ကိုသုံးသွားတာ မယုံနိုင်ဘူး”
“ဒါ ကျိထျန်းတောက်ရဲ့ စွမ်းအားအပြင်းဆုံး သိုင်းကွက်တွေထဲကတစ်ခုပဲ၊ ဒုက္ခမိုင်တစ်ရာ ရှုကွင်းရဲ့ သစ်ရွက်ရှစ်ခက် စိတ်ဝိညာဉ် သဏ္ဍာန်ပဲ”
“သွေးမပျက်ကြနဲ့! သူ့ ဒုက္ခမိုင်တစ်ရာ ရှုကွင်းက အရှိန်ပြင်းပေမဲ့ စွမ်းအင်လည်း တအားကုန်တယ်၊ ငါတို့ ဒီတိုက်ခိုက်မှုကို တောင့်ခံနိုင်တာနဲ့ သူက အဆုံးသတ်သွားမှာပဲ”
ပညာရှင်ဆယ်ယောက်လည်း ထိုသို့တွေးနေခြင်းပင်။
လော့ချန်းဖုန်းဦးဆောင်မှုနှင့်အတူ စိတ်ဝိညာဉ် သဏ္ဍာန်ဆယ်ခုမှာ ဒုက္ခမိုင်တစ်ရာရှုကွင်း၏ ဖျက်ဆီးခြင်းကို ဆက်တိုက်တောင့်ခံနေကြသည်။ မိုင်တစ်ရာအတွင်း ပတ်ပတ်လည် ရှိသမျှအရာအားလုံးမှာ စိတ်ဝိညာဉ်သဏ္ဍာန် ဆယ့်တစ်ခုထံမှ တောက်ပသော အလင်းရောင်ကြောင့် လင်းလက်နေသည်။ သားရဲများနှင့် ငှက်များကတော့ သူတို့အသက်ရှင်ရန် ထိတ်လန့်တကြား ထွက်ပြေးကုန်ကြသည်။
အထွတ်အထိတ်သဏ္ဍာန်ကတ်ကို သုံးပြီးနောက် ကျိထျန်းတောက်၏ အဓိကကျွမ်းကျင်မှု သိုင်းကွက်များမှာ လုကျိုးဦးနှောက်ထဲ ပေါ်လာခဲ့သည်။ ဒုက္ခမိုင်တစ်ရာရှုကွင်း၏ စိတ်ဝိညာဉ်သဏ္ဍာန်မှာ သူ့အင်အားအကြီးဆုံးသိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်။
သို့သော်ငြား ဘာကြောင့် သူချက်ချင်းတန်းသုံးခဲ့ရတာလဲ။
ဘာကြောင့်လဲဆိုတော့ အချိန်ပြည့်သည်နှင့် ပျောက်သွားမည့် အတွေ့အကြုံကတ်ဖြစ်၍ပင်။ ထို့ကြောင့် အကန့်မသတ်မရှိဘဲ သေချာ အသုံးပြုရမည်။
“မင်းက ဓားကိုင်ရတာကြိုက်တော့ ငါလည်းဓားကိုင်ရမှာပေါ့”
လုကျိုးက သူ့ညာဘက်လက်ကို မြှောက်လိုက်၏။
ကျိန်းတောက်အောင် ဖြူနေသောအလင်းတန်းက သူ့လက်ညှိုးနှင့်လက်ခလယ်ကြားပေါ်လာကာ မျက်စိကျိန်းစရာ ဓားတစ်ချောင်းပေါ်လာ၏။ ထို့နောက် စွမ်းအင်များက ဓားသွားပတ်လည်တွင် ဝေ့ဝဲနေကာ ဓားရောင်ခြည်အဖြစ် တစ်နေရာတည်း၌ ပေါင်းစုံသွားခဲ့သည်။
“မပြည့်စုံသော နတ်ဒေဝါဖျန်ဖြေခြင်းလား”
အလိုလို တွမ့်မူရှန်းမော့ကြည့်မိကာ ခန္ဓာကိုယ်က တုန်ရီသွားသည်။ တကယ်တော့ ဒီသိုင်းကွက်က နတ်ဒေဝါထိပ်သီးနည်းနိဿယ၏ ခွန်အားအကြီးဆုံးသိုင်းကွက်တွေထဲက တစ်ခုဖြစ်၏။
နတ်ဒေဝါထိပ်သီးနည်းနိဿယတွင် ဓားရေးများ၊ လှံရေးများ ပါဝင်သည်။ တွမ့်မူရှန်းက ဓားသိုင်းအားလုံးကိုသင်ချင်ခဲ့သော်ငြား ကျိထျန်းတောက်က နောက်ဆုံးအကွက်ကို သင်ပေးရန် ငြင်းဆန်ခဲ့သည်။
ဒီသိုင်းကွက်ကို ဒီလိုအခါသမယတွင် မြင်ရမည်မထင်ခဲ့။ တွမ့်မူရှန်း မှားခဲ့သည်။ မင်ရှစ်ရင် မှားသွားခဲ့သည်။ ကျောင်းယွဲ့မှားသွားခဲ့သည်။ သူတို့ဆရာက ဒုက္ခမိုင်တစ်ရာရှုကွင်း၏ စိတ်ဝိညာဉ်သဏ္ဍာန်တင်မက မပြည့်စုံသော နတ်ဒေဝါဖျန်ဖြေခြင်း သိုင်းကွက်ကိုပါသုံးနိုင်သည်။
ဒီလိုအကွက်က သူ့အင်အားအကြီးဆုံးသိုင်းကွက်များထဲမှ တစ်ခုပင်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်က စိတ်ဝိညာဉ်သဏ္ဍာန်၏ လွှမ်းခြုံမှုအောက် မပြည့်စုံသော နတ်ဒေဝါဖျန်ဖြေခြင်း သိုင်းကွက်က ဆတိုး အဟုန်မြင့်သွားခဲ့သည်။
လော့ချန်းဖုန်း၏ မျက်လုံးများပြူးသွားပြီး နှုတ်ခမ်းများကလည်း တုန်ယင်နေသည်။
“ပြန်ဆုတ်ကြ
“ပြန်ဆုတ်ရမှာလား
“ငါတို့အခု ပြန်မဆုတ်ရင် ဆယ်ယောက်လုံး သေချာပေါက် ဒဏ်ရာရတော့မယ်၊ ဒီမိစ္တာအိုပြီးက ဒဏ်ရာမရရုံတင်မဟုတ်ဘူး၊ အရင်ကထက်လည်း ပိုသန်မာလာတယ်
လော့ချန်းဖုန်းက တွန့်ဆုတ်စွာ ဆိုလေသည်။
“ဒါဘယ်လိုဖြစ်တာလဲ
တွမ့်လင်ဂိုဏ်း၏ ချန့်ကျင်းမှာ မယုံသင်္ကာမှုများနှင့် ပြည့်နေသည်။ လွန်ခဲ့သည့်တစ်လကပင် ကျိထျန်းတောက်နှင့် ရင်ဆိုင်ရာတွင် သိပ်ပြီးမခက်ခဲခဲ့ပေ။ သူတို့ သူ့ကို တိုက်ပွဲအတွင်း ဒဏ်ရာပြင်းပြင်းရအောင် လုပ်နိုင်ခဲ့တာသေချာ၏။
ဒါပေမဲ့အခုတော့… သူတို့လည်း မှားသွားခဲ့သည့်ပုံပင်။
လုကျိုးက သူ့စိတ်ဝိညာဉ် သဏ္ဍာန်ရှေ့ မျောလွင့်နေသည်မှာ နှစ်ခုစလုံး ပေါင်းစည်းသွားသည့်ပမာဖြစ်နေ၏။ ထို့နောက် မပြည့်စုံသော နတ်ဒေဝါဖျန်ဖြေခြင်းက လျင်မြန်စွာ ချည်းကပ်လာသည်မှာ ဟင်းလင်းပြင်အားထက်ခြမ်းပိုင်းလိုက်သကဲ့သို့ပင်။
ရွှစ်!
ပညာရှင်ဆယ်ယောက် ကောင်းကင်တွင်ပြန်ဆုတ်သွား၍ ဆယ်ခုသော စိတ်ဝိညာဉ်သဏ္ဍာန်များမှာ တစ်ချိန်တည်းတွင် ပျောက်ကွယ်ကုန်ကြသည်။ သူတို့ ပြန်ဆုတ်ချိန် သူတို့၏ စိတ်ဝိညာဉ်သဏ္ဍာန်များနောက် ပုန်းနေသော အားနည်းသည့် ကျင့်ကြံသူများမှာ ဝေဒနာ ခံစားရတော့သည်။
နောက်တစ်စက္ကန့်အတွင်းပင် အားပြင်းလှသည့် ဓားအလင်းတန်းကြီးမှာ ကောင်းကင်ပေါ်မှကျလာပြီး လူအုပ်ကြီးကို ထပ်ခြမ်းခွဲသွားခဲ့သည်။