အခန်း (၄) ဆိုးယုတ်သောတပည့်များ၏ သဘောထား
ကျင့်ကြံသူထောင်ချီ၏ အကြည့်များ လုကျိုးဆီ ရောက်လာသည်။ ပိုသန်မာသည့် ပညာရှင်များက သူ့စွမ်းအား မတည်မငြိမ်ဖြစ်နေတာကို အာရုံခံရန် ကြိုးစားနေကြပြီး သူ့ခွန်အားစစ်ကို ဖော်ထုတ်ချင်နေကြသည်။ သို့သော် သူသည် သာမန်လူတစ်ဦးဖြစ်သည့်အလား သူတို့ ဘာမှမတွေ့ကြပေ။
လော့ချန်းဖုန်း၏ ကောင်းကင်တံလျှပ်ဓားက စွမ်းအားများ စတင်စုစည်းကာ မကြာမီတွင် ဓားအလင်းများက အတူတကွ ပေါင်းစုသွားသည်။
“ရှစ်စွင်း”
ယွမ်အာလေးက စိုးရိမ်ပူပန်သွားသည်။ ကျန်သည့် တပည့်သုံးဦးက သူမကဲ့သို့ စိတ်မပူပန်ဘဲ စိတ်ဝင်တစား ကြည့်နေကြသည်။
“စိတ်မပူပါနဲ့၊ ရှစ်စွင်းက သူ့ကိုယ်သူ အကြောင်းမဲ့ အသေမခံပါဘူး”
စတုတ္ထတပည့် မင်ရှစ်ရင်က ပြောသည်။
သူတို့ဆရာတွင် လျှို့ဝှက်ကတ် အမှန်တကယ် ရှိတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့ကို စမ်းသပ်ခွင့်ပေးတာ ကောင်းသည်။
ယွမ်အာလေးက သူမ၏ ဆရာတူအစ်ကိုအစ်မများ၏ ရည်ရွယ်ချက်ကို သိသည်။ သူတို့၏ မဖုံးကွယ်ထားသော အမူအရာများမှ သူမ ပြောနိုင်သည်။
သို့သော် သူမ၏ ဆရာက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိ အထွတ်အထိပ်ပညာရှင်တောင် ထိပ်တိုက် မတွေ့ရဲသည့် ကောင်းကင်ဓားဂိုဏ်း၏ အသန်မာဆုံးသိုင်းကို ရင်ဆိုင်နေရတာ ဖြစ်သည်။ ၎င်းက လော့ချန်းဖုန်း၏ ထောင်ချောက်ဆိုတာ သိသာသည်။
လုကျိုးက တည်ငြိမ်နေပုံရသော်လည်း သူ့ရင်ထဲတွင်တော့ ပူပန်နေ၏။ သူက စာရင်းဇယားပေါ်ရှိ အသုံးပစ္စည်းများဖြစ်သော အထွတ်အထိပ်သဏ္ဍာန်ကတ်နှင့် အတိုက်ခိုက်ဒဏ်ပြင်းကာကွယ်ကတ်ကိုစိုက်ကြည့်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။
လိုအပ်လာလျှင် သူ အထွတ်အထိပ်သဏ္ဍာန်ကတ်ကို အသုံးပြုရမည်မှန်း သိသည်။ ထို့အပြင် သူ့တပည့်လေးဦး၏ သံသယတို့ ဆက်တိုးပွားနေတာကိုလည်း သူ သတိပြုမိသည်။
‘တင်း… အပိုဆောင်းတာဝန် ပွင့်သွားပါပြီ၊ ကျန်တဲ့သူတွေရဲ့ ဆန္ဒက ကျုပ်တို့ မြင်ဖို့မဟုတ်၊ တပည့်တွေကို သူတို့ရဲ့ အရောင်အစစ်အမှန်ပြဖြစ်အောင် လုပ်’
တာဝန်ကို မြင်သောအခါ လုကျိုး၏ မျက်နှာ သုန်မှုန်သွားတော့သည်။ သူက ရန်သူများကို ရှေ့နှင့်နောက် ရင်ဆိုင်နေရတာ ဖြစ်သည်။ သူက ရင်နင့်ဖွယ်ဆရာပါတကား။
ထိုစဉ် လော့ချန်းဖုန်း၏ ကောင်းကင်ဓားတံလျှပ်က စွမ်းအားစုစည်းပြီး ဖြစ်သည်။
“သေလိုက်တော့”
ဝှစ် ဝှစ် ဝှစ်
ထက်မြသောဓားသွားဝဲက လုကျိုးဆီတန်းဝင်လာကာ လေပြင်းများက ကျင့်ကြံသူ ထောင်ချီကို လွင့်စေပြီး သူတို့၏ မျက်လုံးများ မှိတ်ထားရန်နှင့် အမြင်အာရုံကို ဖုံးထားရန် ဖိအားပေးနေသည်။
“ရှောင်လိုက် ရှစ်စွင်း”
ယွမ်အာလေးက ထိတ်လန့်သွားသည်။
တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ကျောင်းယွဲ့ကလည်း မျက်လုံးများ ပြူးကျယ်လျက် သူတို့မျက်နှာက ပူပန်ပုံ ပေါ်နေသည်။ သူတို့ဆရာ ဒဏ်ရာမရထားလျှင်တောင် ထိုတိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် နည်းနည်းတော့ ခက်ခဲဦးမှာပင်။ ထိုသို့ဆိုလျှင် သူအဘယ်ကြောင့် ဒါမျိုး လုပ်သနည်း။
“ခင်ဗျား အခုသေလို့မရသေးဘူး အဘိုးကြီး”
တွမ့်မူရှန်းက သူ့ဘာသာအော်လိုက်ပြီး မင်ရှစ်ရင်နှင့် ကျောင်းယွဲ့ကို အကြည့်ချင်း ဖလှယ်လိုက်ရာ သူတို့ မျက်မှောင်ကြုတ်သွားကြ၏။ တစ်ဖက်လူသေလျှင် ကျင့်စဉ်များနှင့် လက်နက်များက သူနှင့်အတူ ကွယ်ပျောက်သွားမှာ ဖြစ်သည်။
ဝှစ်
တွမ့်မူရှန်းနှင့် ကျောင်းယွဲ့က အလစ်ဝင်လာသည်။ ဓားသွားရာကျော် ချဉ်းကပ်လာချိန်တွင် တတိယတပည့်နှင့် ပဉ္စမတပည့်က လှိုင်းကြီးများကို ဖြေရှင်းက တစ်ဦးက သူတို့ဆရာဆီ၊ နောက်တစ်ဦးက လော့ချန်းဖုန်း၏ ဓားသွားများဆီ ဝင်သွားသည်။
“ဪ”
လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်သွား၏။’ သူတို့တွေက တကယ်ဆိုးယုတ်တဲ့ တပည့်တွေပဲ၊ သူတို့တွေက ငါသေပြီးရင် ရတနာတွေကို ငါ့အုတ်ဂူထဲ ယူသွားမှာ စိုးရိမ်နေတာလား’
“ရှစ်စွင်း ပြန်ဆုတ်”
တွမ့်မူရှန်း အားကုန်ထုတ်ထားသည့် လေပြင်းက ဓားသွားများကို အနည်းငယ် ဟန့်တားကာ ရွှေနန်းဥယျာဉ်တောင်၏ အကာအရံဆီ ပို့လိုက်၏။ ထိုသို့တိုင် ကျန်ရှိသည့် စွမ်းအားက လုကျိုးကို လှုပ်ခါစေဆဲဖြစ်ပြီး သူ မူးဝေသွား၏။ သူက ချက်ချင်းပင် ပြန်လှည့်ကာ ကြောက်လန့်ချင်ယောင် ဆောင်ပြီး အကာအရံအတွင်း ဝင်ပြေးတော့သည်။
ကျောင်းယွဲ့၏ စွမ်းအင်လှိုင်းက သူမဆရာကို ကယ်တင်ရန် ဖြစ်သော်ခည်း သူက အကာအရံအတွင်း ဝင်သွားသည်နှင့် ၎င်းက ကာကွယ်ရေး အရံအတားကို ဝင်တိုက်သွားတော့၏။
ဘုန်း
ဘုန်း
လေထဲရှိ မမြင်ရသည့် အကာအရံပေါ်တွင် လေပြင်းက မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲတော့သည်။
ခရက်… ခရက်
မျက်တောင်တစ်ခတ်အတွင်း ရွှေနန်းဥယျာဉ်တောင်၏ အကာအရံက နေရာအနှံ့အက်ကြောင်းများ ပြည့်သွားတော့သည်။ ၎င်းက ကြာကြာမခံတော့ပုံရသည်။
တိတ်ဆိတ်မှုက ကြီးစိုးကာ အကြည့်အားလုံး ရောက်လာသည်။ လုကျိုးက အကာအရံကို အနည်းငယ် မော့ကြည့်ပြီး သူ့ရင်ထဲ သက်ပြင်းချလိုက်၏။
အတိုက်ခိုက်ဒဏ်ပြင်း ကာကွယ်ကတ်ကို မသုံးလိုက်ရပေ။ သူ့တွင် ငါးကတ်ရှိသေးသည်။ တစ်နည်းဆိုရလျှင် ခုနတုန်းတိုက်ကွက်က သူ့ကို မထိသွားစေပေ။ သို့သော် တပည့်များက သူ့အစီအစဉ်ကို ဖျက်ဆီးလိုက်၏။
“ဒီမိစ္ဆာကြီး ဟန်ဆောင်နေတာ ငါသိသားပဲ၊ သူ ခုနတုန်းက ပြေးတာ တကယ်မြန်တယ်”
“ငါလဲ မြင်လိုက်တယ်၊ ရှက်စရာပဲ”
“ရှိန်လောက်တဲ့ မိစ္ဆာဂိုဏ်းချုပ် ဒီလိုနောက်ဆုတ်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး”
၎င်းက ကျင့်ကြံသူ ထောင်သောင်းချီကို ယုံကြည်ချက် ပိုရှိသွားစေသည်။
လော့ချန်းဖုန်းက ရှေ့သို့ ပျံသွားပြီး ဝေဟင်မှ ငုံ့ကြည့်ကာ ပြောလိုက်၏။
“ဒီတော့ ဒါက မင်းရဲ့ အကွက်လား၊ ကျုပ်ကို တကယ် အမြင်ကျယ်စေတာပဲ”
သူ့တိုက်ခိုက်မှုက ပစ်မှတ်ကို လွဲချော်သော်လည်း သူက ၎င်းကြောင့် အနှောင့်အယှက် မဖြစ်ပေ။ သမာသမတ်ဂိုဏ်းများမှ တွေးဆကြည့်မိသလောက် ထိုဆိုးယုတ်သူအဖွဲ့အတွက် လှည့်ကွက်သုံးတာက အသုံးမဝင်ပေ။
“လော့ချန်းဖုန်း ရှင်က တကယ် အရှက်မဲ့တာပဲ။ ကျွန်မရဲ့ ရှစ်စွင်းကို လေ့ကျင့်ရေး ပစ်မှတ်လို မလှုပ်မယှက် ရပ်နေပြီး ရှင် စွမ်းအားအပြည့်နဲ့ တိုက်ခိုက်တာကို ခံယူစေချင်တာလား၊ ရှင်က ကျွန်မတို့ကို အရူးများ မှတ်နေလား”
ကျောင်းယွဲ့က အပြုံးတစ်ပွင့်ဖြင့် လှောင်လိုက်၏။
“ကျောင်းယွဲ့ ငါက မင်းတို့ဆရာနဲ့ တိုက်ခိုက်နေတာ၊ ဒါပေမဲ့ မင်းက သူတောင် ဘာမှမပြောဘဲ ရုတ်တရက် ဝင်နှောင့်ယှက်တာလေ၊ ဟားဟား မိစ္ဆာဂိုဏ်းချုပ်ဆိုတဲ့ သူ့အဆင့်အတန်းက အရင်လို လေးစားမခံရတော့ဘူး ထင်ပါရဲ့”
လော့ချန်းဖုန်းက ဆိုသည်။
“ရှိန်လောက်တဲ့ မိစ္ဆာဂိုဏ်းချုပ်က သူ့တပည့်တွေရဲ့ ကာကွယ်မှု လိုအပ်တယ်ဆိုတာ ငါ မယုံနိုင်ဘူး၊ ဒါက လောကတစ်ခွင်အတွက် ထူးဆန်းတဲ့သတင်းတစ်စ ဖြစ်သွားမှာပဲ”
လုကျိုးက ဘာမှမဟုတ်ဘဲ သူ့ကို စော်ကားပြောဆိုနေကြသည့် အမှိုက်စကားများဖြစ်သော သူတို့စကားများကို ဂရုမစိုက်ပေ။ သူတို့က အချိန်ဖြုန်းနေပြီး အဓိပ္ပာယ်မရှိ လုပ်နေတာပဲဖြစ်သည်။ ထိုအစား သူက အထွတ်အထိပ်သဏ္ဍာန်ကတ်ကို ထပ်ကြည့်လိုက်၏။ သူ့တွင် သုံးကတ်ရှိပြီး တစ်ကတ်စီက သူ့ကို နာရီဝက် အထွတ်အထိက်အချိန် ပေးသည်။ တစ်နည်းဆိုရလျှင် ထိုကတ်များကို သူ သုံးလိုက်သည်နှင့် သူက တိုက်ပွဲကို မြန်နိုင်သမျှ မြန်မြန် နိုင်အောင် တိုက်ခိုက်ရမှာ ဖြစ်သည်။
မင်ရှစ်ရင်က သူ့ဆရာ၏ အမူအရာကို မြင်သောအခါ သူက လက်သီးဆုပ်ကာ
“ရှစ်စွင်း သူတို့နဲ့ လေကုန်ခံပြောနေဖို့ မလိုပါဘူး၊ ရှစ်စွင်းရဲ့ ခွန်အားနဲ့ ထိပ်တန်းပညာရှင်ဆယ်ယောက်ကို ထိန်းထားသရွေ့ ကျန်တဲ့သူတွေကို ကျုပ်တို့လေးယောက် ဖြေရှင်းလိုက်ရုံပါပဲ။ ဒါက ပိုမကောင်းဘူးလား”
လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်ကာ လေးနက်သည့် အသံဖြင့် ပြောသည်။
“မင်းက ငါ့ဆုံးဖြတ်ချက်ကို သံသယဝင်တာလား”
“မဟုတ်၊ ဒီတပည့် မလုပ်ရဲပါဘူး”
‘ပြင်ပရန်ကို မခုခံခင် အတွင်းရန်ကို ငြိမ်းအောင်လုပ်ခြင်း’၏ အဓိပ္ပာယ်ကို လုကျိုး ကောင်းကောင်းသိသည်။ သူသာ ထိုတပည့်များ၏ ရန်ကို ငြိမ်းအောင် မလုပ်နိုင်လျှင် နောက်ပိုင်းကျ ခက်ခဲတော့မှာ ဖြစ်သည်။
အထွတ်အထိပ်သဏ္ဍာန်ကတ်၏ အချိန်စေ့သွားပြီး အားလုံးကို သူ အသုံးပြုပြီးသည်နှင့် သူ ဘေးအန္တရာယ်ထဲ ထပ်ကျရောက်မှာ ဖြစ်သည်။
“တွမ့်မူရှန်း”
“ဟုတ် ရှစ်စွင်း”
“ရာရာစစ” လုကျိုး၏ အသံက ပိုကျယ်လာသည်။
“ဘာများ”
“ငါ့ကိစ္စ မင်းကို ဘယ်သူက ဝင်ရှုပ်ခွင့်ပြုလို့လဲ”
တွမ့်မူရှန်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက အမြန်ဒူးထောက်ချကာ ပြောလိုက်၏။
“ဒါမှားမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ရှစ်စွင်းရဲ့ လုံခြုံရေးကို ကျွန်တော် စိတ်ပူလို့ပါ၊ အရူးကြီးလော့ချန်းဖုန်းက ရှစ်စွင်းကို သူ့ထောင်ချောက်ထဲကျအောင် လှည့်စားဖို့ ကြိုးစားနေတာ၊ ရှစ်စွင်း သူ့အကွက်ထဲ မဝင်မှ ဖြစ်မယ်”
အမှန်တွင် ကိစ္စများစွာက သိသာပြီးသားဖြစ်ကာ တစ်စုံတစ်ယောက်အတွက် စာရွက်အလွှာပါးကို စုတ်ဖြဲရန်သာ ဖြစ်သည်။ ပြီးခဲ့သည့်လက ကျိထျန်းတောက်မှာ ရုန်းကန်လှုပ်ရှားခဲ့ရသည်။ သို့သော် ထိုတပည့်များက အရူးများ မဟုတ်ပေ။ အချို့သော အသေးစိတ်များက သူတို့ကို သံသယကြာကြာဝင်စေသည်။
လုကျိုးက ကမ္ဘာကူးပြောင်းလာသူဖြစ်ပြီး ကျိထျန်းတောက် မဟုတ်ပေ။ ထို့ကြောင့် သူ မည်မျှကြိုးစား တုပစေကာမူ ကျိထျန်းတောက်အပြော၏ အနှစ်ကို မရနိုင်ပေ။ ယခုအချိန်တွင် တပည့်များက သူတို့ဆရာ ဟန်ဆောင်နေမှန်း သဘောပေါက်ပြီး ဖြစ်သည်။ သူ ဟန်ဆောင်နေချိန်မှ စပြီး သူတို့ကတော့ ဆက်သရုပ်ဆောင်ရန် မလိုတော့ပေ။
ထိုစဉ် မင်ရှစ်ရင်က တွမ့်မူရှန်းကဲ့သို့ ကြောက်ချင်ယောင် မဆောင်ပေ။ သူ့မျက်နှာထက်တွင် သစ္စာဖောက်သည့် အပြုံးဖြင့် စကား ဆိုလိုက်သည်။
“ရှစ်စွင်းက ခက်ခက်ခဲခဲတွေ ဟန်ဆောင်နေတာပဲ၊ တော်လောက်ပြီထင်တယ်”
“ဪ…”
“စန်းရှစ်ရှိုး ထတော့”
မင်ရှစ်ရင်၏ သဘောထားက ပြောင်းလဲသွား၏။ တွမ်မူရှန်း မျက်နှာပေါ်ရှိ လေးစားသည့်အကြည့်က ပျောက်ကွယ်သွားကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ပဉ္စမတပည့် ကျောင်းယွဲ့က တခစ်ခစ်ရယ်မောကာ
“လက်လျှော့လိုက်ပါတော့ ရှစ်စွင်း၊ ကျွန်မတို့ကို ရှစ်စွင်းရဲ့ ကျင့်စဉ်တွေနဲ့ လက်နက်တွေပေးရင် ကျွန်မတို့ ရှစ်စွင်းကို ဒီနေ့ သေချာပေါက်ခေါ်သွားမယ်၊ ရှင်က အမြဲတမ်း ကျွန်မတို့ရဲ့ ရှစ်စွင်းဖြစ်နေမှာပါ”
ယွမ်အာလေး၏ မျက်လုံးက ပြူးကျယ်သွားကာ
“ရှစ်ရှိုးတို့နဲ့ ရှစ်ကျဲ ဘာတွေလုပ်နေ…”
အကာအရံအပြင်ဘက်ရှိ လော့ချန်းဖုန်းနှင့် ကျန်သည့်သူများမှာ လူဆိုးများ အချင်းချင်း တိုက်ခိုက်နေသည်ကို မြင်ချိန် ကျယ်လောင်စွာ ရယ်မောကြတော့သည်။
“ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်မှုကနေ မင်းလွတ်မြောက်ကောင်း လွတ်မြောက်မယ်၊ ဒါပေမဲ့ မင်းရဲ့ မကောင်းမှုကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး”
“ဒါက ကံပဲကွ၊ ဒီလောက် ယုတ်မာတဲ့ တပည့်တွေနဲ့ ခင်ဗျားတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်”
“ခင်ဗျားကို သစ္စာဖောက်သွားတဲ့ တပည့်ငါးယောက်က အကောင်းဆုံး ဥပမာတွေပဲ၊ ဒီမိစ္ဆာကြီးက ကျုပ်တို့ သမာသမတ်ဂိုဏ်းသားတွေ မတိုက်ခိုက်ရင်တောင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးပဲ”
ထိပ်တန်းပညာရှင် ဆယ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်မောလိုက်ကြတော့သည်။