အခန်း (၆) အစွမ်းတန်ခိုးထက်ဆုံး သိုင်းကွက်များသာ သိသည်
_________
ထိပ်သီး ကျင့်ကြံသူ ဆယ်ယောက်မှာ ပြဿနာ၏ အတိမ်အနက်ကို ရုတ်တရက်သိနားလည်သဘောပေါက်လာခဲ့လေပြီ။
လွန်ခဲ့သော တစ်လ တိုက်ပွဲ၌ ကျိထျန်းတောက်တစ်ကိုယ်တည်း သူတို့ ဆယ်ယောက်ကို စိတ်ဝိညာဉ်သဏ္ဍာန်ခွဲ ဒုက္ခမိုင်တစ်ရာ ရှုကွင်း တစ်ခုသာ သုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အခြား မည်သည့်အစွမ်းထက်တိုက်ကွက်မှ သူ မသုံးခဲ့။ သို့သော် ယခုတော့ ထိပ်တန်း အစွမ်းဆုံးဆိုသည့် သိုင်းကွက်များကိုသာ တစ်ခုပြီးတစ်ခု သေရေးရှင်ရေးပမာ အသည်းအသန် သုံးနေခြင်းဖြစ်၏။
သို့ပေလျက် သူတို့ ထိတ်လန့်တုန်လှုပ်မိသည်မှာ ကျိထျန်းတောက်ဟန်ပန်က အေးဆေး သက်သာ ရှိနေသောကြောင့်ပင်။
မှန်သည်။ သူ့အသွင်က အလွန်စိတ်လက်ပေါ့ပါးနေဟန်ရှိသည်။
လုကျိုးသည်လည်း စိတ်ဝင်စားစရာ အချက်တစ်ခုကို တွေ့သွားလေသည်။ အထွတ်အထိပ် သဏ္ဍာန်ကတ်၏ အဓိကအချက်က ‘အထွတ်အထိပ်’ဟူသော စကားလုံးပေါ် မှီတည်နေသည်။ သူ အတွင်းအား မည်မျှပင် သုံးသုံး၊ အမြင့်ဆုံး အများဆုံးအခြေအနေသို့ ချက်ချင်း ပြန်ရောက်နိုင်လေသည်။
နာမည်နှင့် သက်ရောက်မှု လိုက်ဖက်ညီလှပေသည်။
တကယ်ကို အစွမ်းထက်သည့် ပစ္စည်းပင်။
ထိုကတ်များကို ချွေချွေတာတာ သုံးရမည်ဟု လုကျိုး ဆုံးဖြတ်လိုက်သည်။ သူ့မှာလည်း သုံးကတ်သာ ရှိသည်။
သို့ဖြစ်ရာ… ဤတိုက်ပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ဖို့ လိုလေသည်။
မပြည့်စုံသော နတ်ဒေဝါ ဖျန်ဖြေခြင်းဖြင့် ကျင့်ကြံသူ ရာကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သေဘေးက လွတ်မြောက်သွားသော အဆင့်နိမ့် ကျင့်ကြံသူတို့ကိုလည်း ကြောက်လန့်တုန်လှုပ်သွားစေနိုင်ခဲ့၏။ အထွတ်အထိပ်အဆင့်မှာ အကန့်အသတ်မရှိ ဆက်ရှိနေနိုင်မှုကြောင့် လုကျိုးကလည်း အခွင့်အရေးကို လက်လွှတ်မခံပေ။ သူ့ချီအတွင်းအားများကို အထိမ်းအကွပ်မဲ့ သုံးတော့သည်။ အနီးဝန်းကျင်ရှိရှိသမျှသော ကျင့်ကြံသူများကို မြင်မြင်ရာ သတ်ဖြတ်နေတော့၏။
ခဏမျှကြာတော့ သူ ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်သည်။ အနီးဝန်းကျင်ရှိ အဆင့်နိမ့် ကျင့်ကြံသူများအားလုံး နောက်ဆုတ်သွားကြလေပြီ။
ထိပ်သီးကျင့်ကြံသူ ဆယ်ပါးပင်လျှင် နောက်ဆုတ်သွားသည်ကို မည်သူက ဆက်နေရဲပါတော့မလဲ။
ယပ်တောင် ဖြန့်ကားသွားသည့်ပမာ ကျင့်ကြံသူ လူအုပ်ကြီး ဖယ်ခွာပြေးကြသည်။
လုကျိုးမှာတော့ တစ်ယောက်တည်း။ ကိုယ်ပွားသိုင်းလည်း မတတ်တော့၊ သူတို့အားလုံးနောက်ကို မလိုက်နိုင်ပေ။ သူ မျက်မှောင်သာ အသာကျုတ်လိုက်ပြီး ထိပ်သီးကျင့်ကြံသူ ဆယ်ယောက်ကိုသာ ဦးတည်တိုက်ခိုက်လိုက်တော့သည်။
“ပြေးမလို့လား၊ နှေးလွန်းနေတာတော့ စိတ်မကောင်းဘူး” လုကျိုးမှာ လျှပ်စီးကြောင်းသဖွယ် လှုပ်ရှားနိုင်သည်။ လေအလျင်မှာ သူ့အရိပ်များသာ ထင်ကျန်နေလေသည်။ သူ့အရှိန်အဟုန်ကို တွေ့သောအခါ ဆိုးသွမ်းသော တပည့်များပင်လျှင် မင်သက်ငေးကြောင်သွားရတော့၏။
အတုန်လှုပ်ကြီး တုန်လှုပ်နေသော တွမ့်မူရှန်းက ရေရွတ်လာသည်။ “ဆရာ့ရဲ့အစွမ်းထက်လှတဲ့ နတ်သိုင်းထဲက… ဝိညာဥ် အမီဖမ်း ခြေကွက်”
“စန်း- စန်းရှစ်ရှိုး၊ ကျွန်တော်တို့ အခု ဘ- ဘာ- ဘာ လုပ်ရတော့မလဲ…”
မင်ရှစ်ရင်မှာ ပါးနပ်သူ ဖြစ်သော်လည်း ယခုတော့ ဘာဉာဏ်နီဉာဏ်နက်မှ ထွက်မလာနိုင်တော့ချေ။ စိုးရိမ်ထိတ်လန့်မှုတို့ကြောင့် မျက်ခွံများပါ တုန်လာပြီဖြစ်၏။
“ငါ ဘယ်သိမလဲ”
“ကျွန်မတို့လဲ ပြေးကြမလား” ကျောင်းယွဲ့က အတင့်ရဲသော အကြံတစ်ခုကို ရှေ့တန်းတင်လိုက်သည်။
နဝမတပည့်က ဝင်ပြောတော့၏။
“ရှစ်ရှိုး ရှစ်ကျဲတို့၊ ညီမ ပြောတာကို နားထောင်ပါ၊ ဒီအတိုင်းပဲ ငြိမ်နေလိုက်ပါလား… ရှစ်စွမ်းက နတ်ဒေဝါတမျှ အစွမ်းထက်နေတာ၊ ရှင်တို့ သူ့လက်က ပြေးလို့ မလွတ်နိုင်ဘူး”
“. . .”
သူတို့ ရင်တွင်း၌ မျှော်လင့်ချက် ကင်းမဲ့မှုသာ ကြီးစိုးလာတော့၏။
ဝိညာဥ် အမီဖမ်း ခြေကွက် သိပ်စွမ်းလွန်းနေသည့် အကြောင်းရင်းမှာ ပစ်မှတ်၏ နောက်သို့ တစ်ခဏအတွင်း လိုက်မီနိုင်သောကြောင့်ဖြစ်သည်။ အားနည်းချက်ဟူ၍ စိတ်ဝိညာဥ်စွမ်းအား အလွန်အများအပြား အသုံးပြုရခြင်းပင်။
သူတို့၏ ဆရာသခင် အစွမ်းထက်ဆုံး၊ အပြောင်မြောက်ဆုံး သိုင်းပညာများကို ဇယ်ဆက်သလို ဆက်တိုက် အသုံးပြုသွားသည်ကို ကြည့်ရင်း အံ့သြနေနှင့်ပြီးဖြစ်၏။ ထို့အပြင် ဤသို့သော နတ်သိုင်းဟု တင်စားရလောက်သည့် အစွမ်းထက် သိုင်းကွက်ကိုပါ ထုတ်လာမည်ဟု ထင်မထားခဲ့မိပေ။
တပည့်လူဆိုးများအတွက် နားမလည်နိုင်သည့်အရာက ဤမျှ အစွမ်းတန်ခိုးထက်နေပြီးသော ဆရာသခင်သည် ၎င်းတို့ ဆရာတူ အစ်ကိုကြီးနှင့် ညီအစ်ကိုတချို့ သစ္စာဖောက်သည်ကို ငြိမ်ခံနေပြီး၊ တောင်ခြေထိ ရန်သူ စော်ကားထိပါးလာသည်ကို လက်ခံခဲ့သည့် အကြောင်းအချင်းပေ။
စင်စစ်၊ ၎င်းတို့သာလျှင် နားမလည်နိုင်ကြသည် မဟုတ်။
‘ငှက်အိုတွေကို စပါးနှံနဲ့ မျှားလို့ မရတဲ့… ကြည့်ရတာ ရှစ်စွင်းက တစ်ချိန်လုံး ဟန်လုပ်နေပြီး ငါတို့ကို တမင် လှည့်စားခဲ့တာပဲ’
‘မဟုတ်မှလွဲရော… ရှစ်စွင်းက အရင်လို ဟန်ဆောင်နေရတာကို ငြီးငွေ့လာလို့ ပုံစံပြောင်းချင်တာများလား’
တပည့် သုံးယောက်၏ စိတ်ဝယ် အမျိုးမျိုးသော မှန်းဆချက်များနှင့် ပြည့်နှက်လာတော့သည်။ သို့သော်လည်း အဖြေမှန် ရလာမည့်အစား၊ မိမိတို့၏ အထင်အမြင်ယူဆချက်များဖြင့် မိမိတို့ဘာသာ ပြန် ထိတ်လန့်နေကြရလေသည်။
ဝိညာဥ် အမီ ခြေကွက်ကို အသုံးပြုလိုက်သည်နှင့် ဒုက္ခ မိုင်တစ်ရာ ရှုကွင်း ဝိညာဥ်သဏ္ဍာန်ရုပ်နှင့် လုကျိုး၊ နှစ်ကိုယ်စလုံး ပျောက်ကွယ်သွားကြလေသည်။
ထိုစဥျ. . .
လော့ချန်းဖုန်း လေမှာ ကိုယ်ဖော့ပျံဝဲရင်း တစ်ချက် တစ်ချက် နောက်ကို လည်ပြန် ပြန်ကြည့်နေရသည်။ သမာသမတ်လမ်းစဥ်လိုက်သော ကျင့်ကြံသူ အပေါင်းတို့မှာ ဝံပုလွေရိုင်းကြီးတစ်ကောင်ကို တွေ့လိုက်သော သိုးငယ်တစ်အုပ်ပမာ ကစဥ့်ကလျား ထွက်ပြေးနေကြ၏။
“အယ်၊ ကျုပ်က ခင်ဗျားကို စောင့်နေတာ ကြာလှရှိပြီ၊ ဘာလို့ အခုမှ ဒီ ရောက်တာတုန်း”
သူ့ရှေ့ လေယံမှာ ရပ်တန့်နေသူကား ရင်းနှီးသိကျွမ်းနေသော ပုဂ္ဂိုလ်။
လော့ချန်းဖုန်း ကပျာကယာ အရှိန်သတ်လိုက်ပြီး ပြောမိတော့သည်။
“မိစ္ဆာကြီး… မြန်လိုက်တာ” သူ့ကျောမှာလည်း ဇောချွေးပြန်လာမိပြီ။
‘တခြားသူတွေကျ မလိုက်ဘဲ ဘာလို့ ငါ့ကိုမှ ရွေးလိုက်နေတာလဲ’ သူ ခါးသက်စွာလည်း တွေးမိ၏။
လုကျိုးသည် သူ၏ အတွေးများကို ပြတ်ပြတ်ထင်ထင် ဖတ်မိကြားနိုင်သည့်အလား၊ ပြောလာလေသည်။ “ခုနက ဝင့်ထည်မောက်မာနေတဲ့ ခင်ဗျားရဲ့ အချိုးလေး ဘယ်ရောက်သွားလဲ”
“မင်း… ကျုပ်ကို လာတွန်းအား ပေးမနေနဲ့…” လော့ချန်းဖုန်း စောင်းခဲကာ ကြည့်နေလေသည်။
“တွန်းအားပေးရင်ရော ခင်ဗျား ဘာလုပ်မှာလဲ”
“. . .”
အကြောက်တရားကို အံတုရင်း လော့ချန်းဖုန်း ဆက်ပြောလိုက်တော့သည်။
“နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူတွေရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာကို သုံးကြိမ်ဆက်တိုက် မင်း သုံးထားတာ၊ ဆက်တိုက်နေဦးမယ်ဆိုရင် မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားတွေ ကုန်ခမ်းကုန်မှာပဲ… ဝိညာဥ် အမီဖမ်း ခြေကွက်ကို ထမင်းစား ရေသောက်လို သုံးလို့ရမယ် ထင်နေတာလား၊ ဒုက္ခမိုင်တစ်ရာ ရှုကွင်းဟာလဲ နတ်သိုင်းတစ်မျိုးလို့ ပြောလို့ရတယ်…”
သူ ပြောချင်သည့် စကား တစ်ဝက်တစ်ပျက်သာ ရှိသေး၊ လုကျိုး သူ့ရှေ့တည့်တည့်မှာ ရုတ်တရက် ပေါ်လာလေသည်။ မျက်စိတစ်မှိတ်ကာလအတွင်း၊ သူ့နောက်၌ ဒုက္ခ မိုင်တစ်ရာ ရှုကွင်း ဝိညာဥ်သဏ္ဍာန်လည်း ပေါ်လာပြီး ဆုတ်လမ်းကို ပိတ်ထား၏။
ကျင့်ကြံခြင်းလောက၌ ဒုက္ခ မိုင်တစ်ရာ ရှုကွင်း ဝိညာဥ်သဏ္ဍာန် ထုတ်လွှတ်နိုင်သော ကျင့်ကြံသူ လက်တစ်ဆုတ်စာပင် မရှိချေ။ ရွှေရောင်ကြာပွင့်က ၎င်း သဏ္ဍာန်၏ အမှတ်လက္ခဏာဖြစ်ပြီး ပွင့်လွှာချပ်အရေအတွက်ကတော့ အသုံးပြုသူ၏ ကျင့်ကြံခြင်း အဆင့်အပေါ် မူတည်သည်။ ကျိထျန်းတောက်မှာ ပွင့်ချပ် ရှစ်လွှာရှိသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်လေသည်။
ထိုမျှမက၊ သူ၏ ရွှေကြာပန်းလွှာများမှာ ပွင့်ချပ်ထပ်ကွဲထွက်နိုင်မည့် အရိပ်အယောင်များ ပြသနေသည်။ ရှစ်လွှာမှသည် ပွင့်ချပ် ကိုးလွှာ၊ ထိုမှသည် ပွင့်ချပ် ဆယ်လွှာအထိ ပြောင်းလဲတိုးတက်သွားနိုင်သည်။ ပွင့် ချပ်ဆယ်လွှာ ကြာပန်းကတော့ လောက နယ်ပယ်တစ်ထောင် ဝဲဂယက်၏ အမှတ်သင်္ကေတ ဖြစ်ချေ၏။
“ကျုပ်က အစွမ်းထက်ဆုံး သိုင်းကွက်တွေပဲ သုံးတတ်တာ” လုကျိုး၏ အသံက သူ့ထံ လွင့်မြောလာသည်။
လော့ချန်းဖုန်းလည်း ခုခံဖို့ရာ မေ့လျော့သွားမိတော့ငည်။
လုကျိုးသည် သူ၏ စိတ်ဝိညာဥ်သဏ္ဍာန်ကို တစ်ခါသုံးပြီးဖြစ်၏။
ပွင့်ချပ်ခုနစ်လွှာသာရှိသော ဒုက္ခ မိုင်တစ်ရာ ရှုကွင်းနှင့် ပွင့်ချပ်ရှစ်လွှာ ဒုက္ခမိုင်တစ်ရာ ရှုကွင်းအကြား ကွာခြားချက်က မိုးနှင့်မြေပမာ ခြားနားလွန်းလှသည်။ ထိုမျှမက၊ လော့ချန်းဖုန်းသည် ကောင်းကင်ဓားတံလျှပ်ကို လည်း ထုတ်သုံးပြီးသားဖြစ်နေသည်။
ဤနေရာအထိ ပြေးလာနိုင်ဖို့ သူ အတတ်နိုင်ဆုံး ကြိုးစားပြီးသား။ ထို့ကြောင့် တစ်ချိန်လုံး အစွမ်းထက်ဆုံး သိုင်းပညာများ အသုံးပြုနေသည့် ကောက်ကျစ်သူ လူယုတ်မာအိုကြီးကို သူ အဘယ်မှာ ခုခံနိုင်ပါတော့မည်လဲ။
“ခဏ ရပ်ဦး…!” လော့ချန်းဖုန်း လက်တစ်ဖက် ကာပြလိုက်၏။
“အားနာစရာကြီး… ရပ်လို့ မရတော့လို့”
“ဘာ”
ဒုက္ခ မိုင်တစ်ရာ ရှုကွင်း သဏ္ဍာန်ကြီးက တောင်မဟာကြီးသဖွယ် သူ့အပေါ်ကို ဖိချေလိုက်တော့သည်။
ဝုန်း…!
မြေပြင်ကြီးလည်း တုန်ခါသွားသည်။ ပုရွက်ဆိတ်တစ်ကောင်ကို လက်ချောင်းတစ်ချောင်းတည်းနှင့် ဖိချေသည့်ပမာ လွယ်ကူလွန်းလှသည်။ ခုခံတွန်းလှန်ခြင်းငှာ မစွမ်းသာ။ မျက်စိတစ်မှိတ်အတွင်း လော့ချန်းဖုန်းဟူသော လူသားတစ်ယောက် တမုဟုတ်ချင်း ပျောက်ကွယ်သွားတော့လေသည်။ ဤလောကတွင် သူ၏ အကြွင်းအကျန်ကို စိုးစင်းမျှပင် ချန်မထားနိုင်ခဲ့။
လုကျိုးသည် ကျန်ချိန်ကို စစ်ကြည့်လိုက်သည်။ အချိန်အနည်းငယ် ရသေးသည်။ သို့ရာ၌ သူ ကျန်သည့် ကျင့်ကြံသူများနောက် လိုက်ရန် မလိုတော့။ သူ လိုက်မီခဲ့လျှင်တောင် အများဆုံးမှ နှစ်ယောက် သုံးယောက်သာ သတ်နိုင်လိမ့်မည်။ သို့သော် အထွတ်အထိပ်အတွေ့အကြုံကတ် သက်တမ်း အချိန်လွန်သွားသည်နှင့် သူ အန္တရာယ်ထဲ ကျရောက်သွားနိုင်လေသည်။
ယခုတိုက်ပွဲအပြီးမှာတော့ အထွက်အထိပ် အသွင်ယူ ကတ်၏ တန်ဖိုးကို လုကျိုး ကောင်းစွာ သိရှိသွားလေသည်။ ခက်ခဲ ဆိုးရွားနေသော အခြေအနေတစ်ခုကို ပြောင်းပြန်လှန်နိုင်လောက်အောင်ပင် အစွမ်းထက်သည်။ ထို့ကြောင့် သူ အလွယ်တကူ မဖြုန်းတီးလိုက်သင့်။
ကျန်ရှိနေသေးသောအချိန်အတွင်း သူသည် နတ်သိုင်းတစ်မျိုးကို ထပ်သုံးလိုက်ပြီး ရွှေဥယျာဥ်နန်းတောင်ဆီ ပြန်လာခဲ့လိုက်လေသည်။
…
သမာသမတ် ကျင့်ကြံသူများကတော့ လူစုခွဲသွားလေပြီ၊ အမြီးကုပ်၍ ပြေးကုန်ကြပြီ။ တစ်ဖက်မှာလည်း အသက်ရှင်ကျန်နေသေးသော ထိပ်သီး ကျင့်ကြံသူ ကိုးယောက်တို့သည် မိမိတို့ အသက်ရှင်နိုင်ချေကို မြှင့်တင်ရန်အတွက် မတူညီသော ဦးတည်ရာ ၉ ခုသို့ ခွာရှောင်ပြေးကြတော့၏။
သူတို့သည် မိုက်မဲလွန်းသူများ မဟုတ်ကြ။ မိုးကုတ်စက်ဝန်းအစွန်း၌ ဒုက္ခ မိုင်တစ်ရာ ရှုကွင်း သဏ္ဍာန်ကို တွေ့လိုက်ရသည်နှင့် လော့ချန်းဖုန်း တစ်ခုခုဖြစ်သွားမှန်း သူတို့ သိလိုက်ကြသည်။
ထို့နောက်တွင်တော့ ဘာ ထူးထူးခြားခြားမှ မရှိတော့။
…
“တင်း…! အကြိုလိုအပ်တာဝန်ကို ပြီးမြောက် အောင်မြင်ပါသည်၊ ကုသိုလ်မှတ် သုည ရောက်သည်”
“အဓိက တာဝန် စတင် ဖော်ဆောင်သတ်မှတ်လိုက်သည်၊ [ယုတ်မာဆိုးသွမ်းသော တပည့်များကို ထိန်းကျောင်းသွန်သင်ပါ] တစ်ရက် သွင်သင် ဆုံးမသူက တစ်သက် အဖပမာ မည်၏။ ဆရာကို အာခံ၍ သစ္စာဖောက်သူများသည် သစ္စာမဲ့ကြသည်၊ ထိုသစ္စာမဲ့သူများသည် ခွေး ဝက်တို့ထက် ယုတ်ညံ့ကြကုန်၏၊ တပည့်များကို သွန်သင်ပဲ့ပြင်လိုက်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုကို မြှင့်တင်လိုက်ပါ”
“တာဝန်ခွဲ #၁။ ။ စီယွမ်အာ၏ သစ္စာစောင့်သိမှုကို ၈၀% ထက် တိုးလာစေရန်”
“တာဝန်ခွဲ #၂။ ။ အကျင့်မကောင်းသော တပည့်သုံးယောက်ကို အပြစ်ပေးရန်”
…
“ဒီစနစ်က ကပ်စေးကို နည်းလွန်းတယ်၊ ငါ ကျင့်ကြံသူ သောင်းနဲ့ချီပြီး တိုက်ထုတ်နိုင်ခဲ့တာတောင် ဘာဆုမှ မပေးဘူး၊ အနည်းဆုံးတော့ အထွတ်အထိပ် သဏ္ဍာန် ကတ်တစ်ကတ်လောက်တော့ ပေးသင့်တာပေါ့၊ ဘာကိစ္စ ဘာတစ်ခုမှ မပေးတာတုန်း”
“အကြံပြုချက် #၁။ ။ အထွတ်အထိပ်သဏ္ဍာန်ပြောင်းကတ်မှာ တန်ဖိုးကြီးပစ္စည်းဖြစ်ပြီး စနစ်ရှင် အင်အားနည်းနေသောကြောင့် ချပေးခြင်းဖြစ်သည်၊ လက်လွှတ်စပယ် မသုံးပါနှင့်”
“အကြံပြုချက် #၂။ ။ မိမိအစွမ်း တိုးတက်ပြောင်မြောက်လာစေရန် မိမိကိုယ်ကိုယ် အားကိုး၍ ကြိုးစားပါ”
“အထွတ်အထိပ်သဏ္ဍာန်ကတ် အသုံးပြုချိန် ကုန်လွန်သွားပါပြီ”
ထိုသတိပေးသံနှင့်အတူ လုကျိုးသည်လည်း မိမိခန္ဓာကိုယ်တွင်းမှ အားအင်များ ချက်ချင်း ပျောက်ဆုံးသွားသလို ခံစားရလိုက်သည်။
အတုမဲ့ အင်အားကြီးသည့် ခံစားချက်က လွန်စွာ ကောင်းသည်။ သူ့ဘာသာ ကျင့်ကြံကြိုးစားမည်ဆိုလျှင် ထိုအဆင့်သို့ရောက်ရန် မည်မျှ ကြာနိုင်မလဲ သူ သိချင်သွားမိသည်။
ကတ်ဆိုသည်မှာ ကတ်သာဖြစ်၍ သူ့ကိုယ်ပိုင် အစွမ်းအစကို ကိုယ်စား မပြုပေ။ အစွမ်းတန်ခိုးမရှိပါ ဘဲနှင့် လူသာမန်များကို အနိုင်ကျင့် ရိုက်ပုတ်သည်ကလွဲ၍ သူ ဘာမှ တတ်နိုင်တော့မည်မဟုတ်ချေ။
ဤ အိုမင်းပျက်ယွင်းနေပြီဖြစ်သော ခန္ဓာနှင့် ကျင့်ကြံသူများကို အောင်နိုင်မည် မဟုတ်။
…
သူ ပြန်လာသည့်အချိန် ဒဏ်ရာရ တပည့်သုံးယောက်နှင့် ယွမ်အာလေးတို့ တောင်မုခ်ဝမှာ ဒူးထောက်နေသည်ကို တွေ့လိုက်ရသောအခါ၊ လုကျိုး စိတ်ထဲ တည်ငြိမ်နေဟန်ဆောင်လိုက်လေသည်။ သူသည် ဟိတ်ဟန် အပြည့်နှင့် ဖြစ်ရမည်။ လူငယ်လေးတစ်ယောက်သဖွယ် စိတ်လိုက်မာန်ပါ ဟော့ဟော့ရမ်းရမ်း မဖြစ်သင့်ပေ။ ကလေးဆန်လွန်းနေပေမည်။
‘အတွေ့အကြုံရင့်သန်နေပြီး အမြော်အမြင်ရှိတဲ့ ပုံမျိုးလုပ်ရမလား’
လုကျိုး ဤ စကားလုံးဝိသေသများကို တွေးမိသည်နှင့် လက်နောက်ပစ်လိုက်ကာ သူတို့အနား လျှောက်လာလိုက်တော့သည်။ ယခင်အတိတ်က ကျိထျန်းတောက်နှင့် အမူအကျင့် တူ မတူကိုတော့ သူ အရေးမစိုက်တော့ပေ။
သူ ဤနေရာ ဤကာလ ဤလောကကို ရောက်နေနှင့်ပြီး ဖြစ်၍ စဥ်းစားအတွေးများနေလျှင်လည်း အပိုသာ ဖြစ်ချေရော့မည်။