အပိုင်း ၂၆ မျက်လုံးတစ်စုံကို မြင်တွေ့ခြင်း
ညနက်နေပြီဖြစ်ပြီး မည်သူမျှ တောင်ခြေတွင် ရှိမနေပေ။ ယွမ်ရှင်းတောင်ထွတ်၏ အစောင့်များက ကျင်းကျူးရောက်လာခြင်းကို သတိမပြုမိခဲ့ကြပေ။
ဓားကတ်ပြား၏ တည်နေရာကို ပြသနေသည့် အဆောက်အဦငယ်ထဲရှိ ဝင်္ကဘာမြေပုံတွင် ကျောင်းလေးယု၏ ဓားကတ်ပြားကိုသာ တိမ်တိုက်အနက်ပိုင်းတွင် မြင်တွေ့နိုင်ပေသည်။
ကျင်းကျူးပိုင်ဆိုင်သည့် ဓားကတ်ပြားသည် ဂူဗိမာန်၏ ထောင့်နားတွင် တိတ်ဆိတ်စွာ လဲလျောင်းနေ၏။
ဂူအပြင်ဘက်တွင်တော့ မျောက်အနည်းငယ်က ကမ်းပါးများကြား ဟိုနား သည်နား ခုန်လွှားနေခဲ့ကြသည်။
ကျင်းကျူး ဓားတောင်ပေါ် တက်လိုက်၏။
ဓားတောင်ပေါ်တွင် သစ်ပင်များ မရှိကြသလို ကမ်းပါးများကြားရှိ ကျောက်ဆောင်များက ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ ပေါင်းပင်များကလွဲ၍ တခြားအပင်များအတွက် ဤနေရာတွင် ရှင်သန်ရန် ခက်ခဲ၏။ (PS/ ပေါင်းပင်တွေက ဘယ်နေရာမှာဖြစ်ဖြစ် ရှင်တယ်၊ တမင်တကာစိုက်တဲ့ အပင်တွေပဲ သေကုန်ကြတာ Zzzz)
တောရိုင်းသားကောင်များအတွက်မူ တစ်ကောင်မှ ရှိမနေပေ။ မျက်စိဖြင့် မြင်နိုင်သလောက် ၎င်းသည် အထီးကျန်ဆန်ပြီး လှုပ်ရှားမှု ကင်းမဲ့သည်။
သာမန် အတွင်းစည်း တပည့်များအတွက် ဓားတောင်တွင် လမ်းလျှောက်ရန် အလွန်ခက်ခဲ၏။ ဓားတစ်လက်ကို အောင်မြင်စွာ ရယူခဲ့ပြီးသည့် လူများသည်ပင် ဓားတောင်ပေါ်ရှိ ခံစားချက်ကို သူတို့တွေးလိုက်သည့်အချိန်တိုင်း အကြောက်တရားကို ခံစားရပေလိမ့်ဦးမည်။ သို့သော် ကျင်းကျူးအတွက်မူ ဓားတောင်သည် မည်သည့်ထူးခြားမှုမျှမရှိဘဲ တခြားနေရာများနှင့် အတူတူပင်။
သူ တောင်ထွတ်များအကြား သူက ညီညာသော မြေပြင်တွင် လမ်းလျှောက်နေသည့်အလား လျှောက်နေခဲ့၏။ ပျံသန်းခြင်းလောက် သူ မြန်မြန်ဆန်ဆန် လမ်းမလျှောက်နိုင်သော်လည်း သူ့ အမြန်နှုန်းက အလွန်အမင်းမြန်ဆန်ပေသည်။
ကမ်းပါးယံများက မည်မျှ မတ်စောက်နေပါစေ သူ တွယ်တက်ရန် သူ့လက်များကို အသုံးမပြုခဲ့ပေ။ သို့သော် မည်သို့ဖြစ်ပါစေ သူ ကမ်းပါးများအပေါ် အမြဲရောက်နိုင်ခဲ့၏။
မကြာမီ ဓားတောင်၏ အလယ်သို့ သူ ရောက်လာခဲ့ပြီး တိမ်တိုက်အစွန်အဖျားသို့ ရောက်လာခဲ့သည်။
တကယ်၍ တစ်ယောက်ယောက်က တောင်ခြေမှ မော့ကြည့်လိုက်ပါက ကျောက်ဆောင်များကြားရှိ အနက်ရောင်အစက်အပြောက်တစ်ခုကိုသာ မြင်တွေ့ပေလိမ့်မည်။
ဓားတောင်ကို ပထမဆုံးအကြိမ်တက်ရောက်ပြီး တိမ်တိုက်၏ အစွန်အဖျားကို ရောက်လာနိုင်ကြသည့် လူများအားလုံးတို့သည် ထူးချွန်သော အတွင်းစည်းတပည့်များ ဖြစ်ကြသည်။
တိမ်တိုက်များထဲ တိုက်ရိုက်ဝင်ရောက်သွားနိုင်သည့် လူများမှာ ပို၍ပင် ရှားပါးကြ၏။
သို့သော် ကျင်းကျူး ဝင်ရောက်သွားခဲ့သည်။
***
ယွမ်ရှင်းတောင်ထွတ်တွင် တိမ်တိုက်များသည် အမြဲရွေ့လျားနေကြသည်။
ထူထပ်ပြီး စိုစွတ်သော တိမ်တိုက်များသည် ကောင်းကင်ဆီ လှိမ့်တက်လိုက် လှိမ့်ဆင်းလာလိုက် ဖြစ်နေကြပြီး နေအလင်းရောင်အားလုံးကို ပိတ်ပင်နေကာ နေရာတိုင်းကို မဲမှောင်နေစေလေသည်။
ဤနေရာတွင် ဓားစိတ်ဆန္ဒများသည် ပိုများပြီး ပို၍ကြောက်စရာကောင်းကြကာ သာမန်တပည့်တစ်ယောက်က တခဏမျှပင် ဤနေရာရှိ ဓားစိတ်ဆန္ဒများကို တောင့်ခံနိုင်မည်မဟုတ်ပေ။
ဤဓားစိတ်ဆန္ဒများနှင့် အမှောင်ထုတို့သည် ကျင်းကျူးအပေါ် သက်ရောက်မှု မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် တိမ်များထဲ သူ ရောက်လာပြီးနောက် သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်စရာမလိုတော့သောကြောင့် သူ့အမြန်နှုန်းက ပို၍မြန်ဆန်လာသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ပေဒါဇင်ချီ ရောက်၏။ သူ့နားများသည် လေနှင့်အတူ လှုပ်ရှားနေပြီး မည်သည့်အတားကိုမျှ သူ မကြုံဆုံသည်ကို သေချာစေရန် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အသံကို နားထောင်နေသည်။
မသိရသော အချိန်ကာလတစ်ခုကြာပြီးနောက် ကျင်းကျူး ရပ်တန့်လိုက်၏။
ဤနေရာသည် တောင်ထိပ်မှ မဝေးကွာလောက်ပေ။ လင်းဝုကျိ၏ ခန့်မှန်းမှုက မှန်ကန်၏။ ရှီးယွီတောင်ထွတ်၏ စီနီယာဆရာသခင်မို မကွယ်လွန်မီ သူ့ဂုဏ်ယူမှုသည် ကျင်းကျူး၏ စကားများကြောင့် အမှန်တကယ် နိုးထသွားခဲ့ပြီး သူ သူ့ကန့်သတ်ချက်ကို ချိုးဖျက်ကာ သူ့ဓားကို ဤမျှ မြင့်မားသည့် နေရာဆီ ပြန်လည်ပို့ဆောင်ခဲ့သည်။
တိတ်ဆိတ်စွာ ကျင်းကျူး သူ့အနားရှိ နည်းပါးလာခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းလာသည့် ဓားစိတ်ဆန္ဒရာချီကို ခံစားလိုက်သည်။ သူတို့က အမြင့်တွင် ရှိနေလောက်သေးသည်ဟု သူ ခန့်မှန်းလိုက်ပြီး သူ ခုန်လိုက်၏။
အသံတစ်ချက်မျှ မထွက်ဘဲ သူ့ခြေဖဝါးက မြေပြင်အပေါ် ဆင်းသက်သွားခဲ့သည်။
ထူထပ်သည့် တိမ်တိုက်များက တဖြည်းဖြည်း ပြန့်ကျဲသွားကြ၏။
ကျင်းကျူး မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
ထိုမျက်လုံးတစ်စုံက အလွန်လှပ၏။ အဖြူရောင် သူငယ်အိမ်များက ပြဒါးကဲ့သို့ဖြစ်ကြပြီး အနက်ရောက် သူငယ်အိမ်များက မင်စက်များကဲ့သို့ဖြစ်ကြသည်။
အကယ်၍ သာမန်လူတစ်ယောက်က ဓားတောင်ထိပ်ရှိ တိမ်တိုက်များထဲတွင် ထိုကဲ့သို့သော မျက်လုံးတစ်စုံကို ရုတ်တရက် မြင်တွေ့လိုက်ရပါက သူတို့ သေချာပေါက် တုန်လှုပ်သွားကြပေလိမ့်မည်။
အလားတူ ထိုမျက်လုံးတစ်စုံ၏ ပိုင်ရှင်သည်လည်း တုန်လှုပ်သွားပေလိမ့်မည်။
သို့သော် ကျင်းကျူးဖြစ်စေ၊ ထိုမျက်လုံးများ၏ ပိုင်ရှင်ဖြစ်စေ သာမန်လူများ မဟုတ်ခဲ့ကြပေ။
ထို့ကြောင့်လည်း အော်သံများ ထွက်မလာခဲ့ပေ။ တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။
သူတို့သည် အခြားတစ်ယောက်၏ မျက်လုံးများကိုသာ မြင်တွေ့နိုင်သောကြောင့် သူတို့၏မျက်နှာများက အလွန်နီးကပ်သည်ဟု ဆိုလိုပေသည်။
“တောင်းပန်ပါတယ်၊ ဒီမှာ လူတစ်ယောက်ရှိတာ ငါ မသိလိုက်ဘူး။”
ကျင်းကျူး ပြောလိုက်၏။
ကျင်းကျူး ခြေတစ်လှမ်းဆုတ်လိုက်ပြီး တစ်ဖက်လူ၏ မျက်နှာကို တွေ့လိုက်ရသည်။
ကျင်းကျူး၏ မျက်နှာလောက် မချောမောသော်လည်း ထိုမျက်နှာသည်လည်း အလွန်ချောမောလှ၏။
သို့သော် ထိုကောင်မလေး၏ မျက်ခုံးများက အနည်းငယ် တိုတောင်းပြီး မဲနက်ကာ သူမ၏ ဆံပင်က အလွန့်အလွန်တိုသည်။
ထိုကောင်မလေး၏ မျက်နှာနှင့် ဆံပင်တို့က ညစ်ပတ်နေပြီး သူမက ရေအကြာကြီး မချိုးခဲ့ရသည့်အလား ဖြစ်သည်။
ဤသည်က ကမ်းပါးနံရံတစ်ခုဖြစ်ပြီး နံရံတွင် အပေါက်တစ်ခုရှိကာ သုံးပေလောက် မြင့်သည်။
ဤကောင်မလေးသည် ထိုအပေါက်ထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး ကျောက်ရုပ်တစ်ရုပ်နှင့်တူသည်။
ကျင်းကျူး သူမကို မှတ်မိပေ၏။
အာအိုးယာမာဂိုဏ်းတစ်ခုလုံးတွင် တစ်နှစ်ပတ်လုံး ဓားတောင်ပေါ် နေနေပြီး ဓားစိတ်ဆန္ဒများဖြင့် လေ့ကျင့်နေသည့်လူ တစ်ယောက်သာရှိသည်။ ကျောင်းလေးယု..။
“ရှင်က ဘယ်သူလဲ”
ကျောင်းလေးယု မေးလိုက်၏။
သူမ၏ အသံသည် အလွန်ချိုသာပြီး ဓားတစ်လက်၏ အသံကဲ့သို့ ရှင်းလင်းလှသည်။ နောက်ဆုံးအသံသည် အနည်းငယ်မြင့်တက်သွားပြီး ဆောင်းဦးရေကြောင့် ကွေးသွားသည့် ဓားတစ်လက်က ပြန်ကန်ထွက်လာသကဲ့သို့ဖြစ်သည်။
“ကျင်းကျူး”
တခဏတွေးပြီးနောက် ကျောင်းလေးယု ပြောလိုက်၏။
“ကျွန်မ ရှင့်ကို ကြားခဲ့ဖူးသလိုပဲ”
ကျင်းကျူးပြောလိုက်သည်။
“ငါလည်း မင်းကို ကြားခဲ့ဖူးတယ်။”
ကျောင်းလေးယု ခေါင်းစောင်းလိုက်ပြီး သူ့မျက်နှာကို ကြည့်လိုက်ကာ ရုတ်တရက် ပြောလိုက်သည်။
“ရှင်က ကောလဟလတွေပြောသလောက် မချောပါဘူး။”
“ကောလဟလတွေက ချဲ့ကားလွန်းတာဖြစ်နိုင်တယ်”
ကျင်းကျူး သူမကို ခေါင်းညိတ်ပြလိုက်ပြီး ချောက်ကမ်းပါးကို ချန်ခဲ့ကာ ပိုမြင့်သည့်နေရာကို သွားလိုက်သည်။
ကျောင်းလေးယု သူ့ကို အာရုံမစိုက်ခဲ့ပေ။ အများကြီး တွေးမနေဘဲ သူမ မျက်လုံးမှိတ်လိုက်ပြီး သူမအနားရှိ ဓားဆန္ဒကို ဆက်လက် အာရုံခံစားနေသည်။
အကယ်၍ သင်သည် သင့်စိတ်ကို သဘာဝနောက် လိုက်ပါခွင့်ပေးပြီး သဘာဝကို အသုံးပြုပါက သဘာဝသည် သင့်ကို အကျိုးပြုပေလိမ့်မည်။
သူမ၏ အသက်ရှူသံက ဓားဆန္ဒများနှင့်အတူ တက်လိုက်၊ ကျလိုက်ဖြစ်နေပြီး တဖြည်းဖြည်း ငြိမ်သက်လာကာ အလွန်အမင်းနှေးကွေးလာပြီး နောက်ဆုံး ၎င်းတို့ကြား ကြာချိန်မရှိတော့ပုံရသည်အထိဖြစ်သည်။
သူမ၏ နှလုံးခုန်သံသည်လည်း နှေးကွေးလာခဲ့ပြီး ၎င်းက လေတိုက်သံများနှင့် ကမ်းပါးပေါ်ရှိ ပရမ်းပတာဖြစ်နေသော ဓားဆန္ဒများအလယ် ကြားရရန် ခက်ခဲသည်။
***
ကျင်းကျူး ဓားတောင်၏ နောက်ဘက်ခြမ်းရှိ ကမ်းပါးနံရံဆီ သွားခဲ့၏။
သူ ကျောင်းလေးယုအကြောင်း တွေးတောနေဆဲပင်။
ဤနာမည်ကို အကြိမ်များစွာ ကြားခဲ့ရသောကြောင့်လား သူ မသိသော်လည်း ၎င်းက ရင်းနှီးသည်ဟု သူ ခံစားခဲ့ရပြီး အရင်က ကြားခဲ့ဖူးသကဲ့သို့ဖြစ်သည်။
ထို့အပြင် ထိုကြည်လင်သည့် အနက်ရောင်နှင့် အဖြူရောင် မျက်လုံးများ… သူက ၎င်းတို့ကို အရင်က တစ်နေရာရာတွင် တွေ့ခဲ့ဖူးသည့်အလား သူ ခံစားရ၏။
ဂိုဏ်းတစ်ခုလုံးနှင့် ဆရာသခင်များ၏ မျက်နှာသာအပေးခံရဆုံး တပည့်တစ်ယောက်၊ ဓားဆက်ခံခြင်းပြိုင်ပွဲပြီးနောက် တောက်ပလာမည့် ကြယ်ပွင့်တစ်ယောက်အနေဖြင့် ကျောင်းလေးယုကို အားလုံးတို့က သူမ၏ မျက်လုံးထဲတွင် ရန်လိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့် ခံစားချက်များ ပိုင်ဆိုင်ထားမည်ဟု ယုံကြည်ထားကြသည်။
သို့သော် ကျင်းကျူး၏ မျက်လုံးထဲတွင် သူမ၏ မျက်လုံးများက ထိုမျှ မရိုးရှင်းကြပေ။ သူမက တစ်ခုခုကို ဖုံးကွယ်ထားပုံရပြီး သူ သူမ၏မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုကို ခံစားမိခဲ့သည်။
သို့သော် ၎င်းက သူနှင့် ဘာမှမဆိုင်ပေ။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်ကာ သူရှာနေသည့်ဓားက ဤနေရာတွင် ရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ သူ၏ ဓားအသိ(ထိုးဖောက်သိမြင်ခြင်း)ကို အတွေးတစ်ချက်ဖြင့် ထုတ်လွှတ်လိုက်၏။
ပေတစ်ထောင်လောက် ကျယ်ပြန့်သည့် သူ့ဓားအသိစက်ကွင်းအတွင်း တောင်၏ အနက်ပိုင်းတွင် ပုန်းကွယ်နေသည့် ဓားများအားလုံး တုန့်ပြန်လာခဲ့ကြသည်။
ကမ်းပါးယံများက အနည်းငယ်တုန်ရီသွားပြီး လေပြေလေး တိုက်ခတ်ခံလိုက်ရသကဲ့သို့ဖြစ်ကာ အချို့ကျောက်တုံးများက စတင် ပြုတ်ကျသွားခဲ့ကြသည်။
ဓားစိတ်ဆန္ဒများမှ အလင်းရောင်များစွာတို့သည် သူတို့၏ ပုန်းအောင်းရာ နေရာများမှ ထွက်လာရန် လုပ်လိုက်ကြသော်လည်း သူ့ဓားအသိကို ထိတွေ့မိလိုက်သည်နှင့် သူတို့ ကမ်းပါးများဆီ ချက်ချင်း ပြန်သွားခဲ့ကြပြီး နောက်တစ်ခေါက် မထွက်ရဲကြတော့ပေ။
သူတို့သည် အန္တရာယ်ကို ခံစားမိလိုက်သည့် ယုန်များအလား ပြုမူနေခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်သည့်မည်သူမဆို ၎င်းက ရယ်စရာကောင်းသည်ကို တွေ့ရပေလိမ့်မည်။
သို့သော် ဓားတောင်၏ တိမ်တိုက်ထဲရှိ မြင်ကွင်းကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။
သူတို့ ထိုထဲတွင် ရှိနေမှသာ မြင်နိုင်ပေလိမ့်မည်။
ဓားတောင်၏ အရှေ့ဘက်ခြမ်းရှိ ကမ်းပါးများကြားတွင် ကျောင်းလေးယု မျက်စိဖွင့်လိုက်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကြားရှိ ဓားစိတ်ဆန္ဒများ၏ အနည်းငယ်ပြောင်းလဲမှုကို ခံစားလိုက်မိကာ ဘာဖြစ်သွားသလဲ ဟု တွေးတောနေသည်။
တောင်၏ အခြားတစ်ဖက်တွင်…
ထိုဓားစိတ်ဆန္ဒများ၏ နောက်ဆုတ်သွားခြင်းနှင့် တိတ်ဆိတ်မှုတို့ကို ခံစားလိုက်မိကာ ကျင်းကျူးပြောလိုက်သည်။
“မင်းတို့က ငါနဲ့မထိုက်တန်ဘူးလို့ မထင်နဲ့။”
တခဏရပ်ပြီးနောက် သူ ထပ်ပြောလိုက်သည်။
“ဒါပေါ့ မင်းတို့က တကယ် ငါနဲ့မထိုက်တန်ဘူး။”
ဓားတောင်ရှိ ဓားများက တိတ်ဆိတ်နေကြသေး၏။
“ငါ အရင်ကလို တောင်ထဲမှာပဲ နေတော့မှာမဟုတ်ဘူး။”
ကျင်းကျူး သူတို့ဆိုလိုသည့်အရာကို နားလည်ပေသည်။ သူ တခဏမျှ တွေးလိုက်ပြီး ပြောလိုက်၏။
“ဒီတစ်ခါ ငါ အပြင်ထွက်ပြီး တစ်ချက်ကြည့်မယ်။”
ဓားစိတ်ဆန္ဒများအားလုံး စိတ်လှုပ်တရှား ရှေ့သို့ ပြေးလာခဲ့ကြသည်။
*****************************