ကောင်းကင်ဘုံသို့လျှောက်သောလမ်း
အပိုင်း ၂၅ ဓားတစ်လက် လိုအပ်ခြင်း
လီရှီရှူး ဓားပညာကို ဂုဟန်ဆီမှ လေ့လာနေခဲ့သော်လည်း သူသည် လျန်းဝမ်တောင်ထွတ်ကို ဝင်ရန် အရည်အချင်းမပြည့်မီသောကြောင့် ဓားဆေးကြောခြင်းစံအိမ်နားတွင် လေ့ကျင့်နေခဲ့သေးသည်။
ကျင်းကျူး ထိုနေရာကို သိသော်လည်း သူ သူ့ဂူဗိမာန်ကို ဘယ်တုန်းကမှ မစွမ့်ခွာခဲ့သောကြောင့် ထိုနေရာကို တစ်ခါမှမရောက်ခဲ့ဖူးပေ။
ဓားဆေးကြောခြင်းစမ်းချောင်းအတိုင်း အပေါ်ကို လျှောက်သွားကာ ရေက တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ အဆုံးတွင် ပေရာချီမြင့်သည့် ချောမွေ့သော ကျောက်နံရံတစ်ခုရှိနေ၏။
ထိုကျောက်နံရံမှနေ၍ ကြည်လင်သောရေက စီးဆင်းနေပြီး သိပ်သည်းစွာ ပြည့်နှက်နေသည့် ဓားအပေါက်များကို ဖြတ်သွားကာ လှိုင်းဂယက်များကို ဖြစ်ပေါ်နေစေပြီး အလွန်လှပလှသည်။
လုံးဝိုင်းသည့် ကျောက်တုံးများက ပေအနည်းငယ်တိုင်းတွင် ရေထဲမှ ထွက်ပေါ်နေပြီး ချောမွေ့ပြီး စိုစွတ်ကြကာ ငြိမ်သက်စွာ ရပ်ရန် ခက်ခဲစေသည်။
တပည့်ဆယ်ယောက်ကျော်တို့သည် ထိုကျောက်တုံးများအပေါ် ရပ်နေကြပြီး ဓားပညာကို လေ့ကျင့်နေကြ၏။
ဓားစိတ်ဆန္ဒများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ မကြာခဏဆိုသလို လေကို ဖြတ်သန်းနေသည့် အသံများ ထွက်ပေါ်လာပြီး အဖြူရောင်အလင်းက လင်းလက်သွားကာ ဓားများက ပျံထွက်လာတတ်သည်။
အချို့ဓားပျံများသည် ကျောက်တုံးနံရံထဲ ထိုးဖောက်သွားကာ ပြန်၍ ပျံထွက်လာသည်။ ထိုတပည့်များက တည်ငြိမ်ပြီး ယုံကြည်မှု ရှိပုံရ၏။
အချို့ဓားပျံများသည် ကျောက်တုံးနံရံမှ ပေအနည်းငယ်ဝေးကွာနေကြသေးချိန် ရေထဲ ပြတ်ကျသွားခဲ့ကြသည်။ ထိုတပည့်များသည် ၎င်းတို့ကို ပြန်ယူရန် ရေထဲခုန်ဆင်းသွားကြပြီး ရှက်ရွံ့နေကြပုံပေါ်၏။
အချို့တပည့်များက အနည်းငယ်ဝေးကွာသည့် ကမ်းစပ်ပေါ် ရပ်နေကြပြီး ဤမြင်ကွင်းကို မနာလိုအားကျစွာ ကြည့်နေကြသည်။
သူတို့သည် ဓားတောင်မှ ဓားများကို အခုထိ မယူနိုင်ကြသေးသော်လည်း ဤတပည့်များသည် ဆယ်ပေကျော်မှ ဓားပျံများဖြင့် နံရံကို ထိုးဖောက်နိုင်နေပြီဖြစ်ပြီး ပြီးပြည့်စုံသော ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆင့်ကို ဝင်ရောက်နေပြီဖြစ်သည်။
လီရှီရှူးသည်လည်း စမ်းချောင်းထဲရှိ ကျောက်တုံးပေါ် ရပ်နေသည်ကို ကျင်းကျူး မြင်တွေ့လိုက်ပြီး လျှောက်သွားလိုက်သည်။
သူ့ကို တွေ့သည်နှင့် တပည့်များ အလွန်အံ့ဩသွားကြပြီး စတင်ဆွေးနွေးလိုက်ကြ၏။
တောင်ပိုင်းထင်းရှူးစံအိမ်တွင် ခြံငယ်လေးမှ သူ ပထမဆုံးအကြိမ်ထွက်လာချိန်ကကဲ့သို့ပင်။
လီရှီရှူး သူ့ဓားပျံကို ပြန်ယူလိုက်ပြီး ကျောက်နံရံရှိ ထင်ရှားသော အပေါက်ကို ကြည်ကာ သူ့တိုးတက်မှုကို ကျေနပ်သွားသည်။ ထို့နောက် ကျင်းကျူးကို သူ မြင်တွေ့သွား၏။
သူ အလွန်အံ့ဩသွားသော်လည်း မကြာမီ တော်တော်လေး စိတ်ပူသွားခဲ့သည်။ သူ့အတွက် စကားပြောရန် အဆင်မပြေသောကြောင့် ကျင်းကျူးကို ခေါင်းခါပြလိုက်ကာ သူ့အား အရင်ဆုံးပြန်ပြီး သူ နောက်မှ သူ့ကို လာရှာမည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။
အလွန်နောက်ကျသွားခဲ့၏။
ဂုဟန် သူ့နောက်ကွယ်ရှိ လှုပ်ရှားမှုကို သတိပြုမိသွားခဲ့သည်။ သူ ကျင်းကျူးကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်၏။
“ဘာကိစ္စရှိလို့လဲ”
မျက်လုံးဒါဇင်ချီက ကျင်းကျူးအပေါ် ရောက်လာ၏။
ကျင်းကျူး သူ့ကို ကြည့်လိုက်သော်လည်း စကားမပြောခဲ့ပေ။
လူတိုင်း ကျင်းကျူး၏ မျက်လုံးထဲရှိ အမူအရာကို မမြင်နိုင်ကြသော်လည်း သူ့ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
‘ဘာကိစ္စမှ မရှိရင် ငါ ဘာလို့ ဒီကို ရောက်နေမှာလဲ’
‘ဒါကြောင့် မင်းရဲ့ မေးခွန်းက အဓိပ္ပာယ်မရှိဘူး။’
စမ်းချောင်းဘေးရှိ လေထုက ချက်ချင်း တော်တော်လေး စိုးရိမ်စရာဖြစ်လာ၏။
မမျှော်လင့်စွာဖြင့် ဂုဟန် ဒေါသမထွက်ခဲ့ပေ။ ထို့အစား သူ မေးလိုက်၏။
“အဲဒါက ဘာလဲ”
ကျင်းကျူး ပြောလိုက်သည်။
“အဲဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး”
ကမ်းစပ်က အုတ်အော်သောင်းတင်းဖြစ်သွား၏။ တပည့်များဖြစ်စေ ဆရာများဖြစ်စေ သူတို့အားလုံး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်။
သာမန်တပည့်တစ်ယောက်က လျန်းဝမ်တောင်ထွတ်၏ စီနီယာအစ်ကိုဂုဟန်ကို ထိုပုံစံဖြင့် စကားပြောရဲခဲ့သည်။
ကျင်းကျူး ဂုဟန်ကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲရန် မရည်ရွယ်ခဲ့ပေ။ လူတိုင်းက ဘာကြောင့် ထိုမျှ အံ့ဩတုန်လှုပ်နေကြသည်ကိုပင် သူ နားမလည်ခဲ့ပေ။
သူ ဂုဟန်၏ မေးခွန်းကိုသာ ဖြေခဲ့ခြင်းဖြစ်သည်။
သူ လုပ်ချင်သည့်အရာမှာ ဂုဟန်နှင့် ဘာမှမဆိုင်ခဲ့ပေ။
သို့သော် သူ့အဖြေက လူအုပ်ကြီးအတွက် မည်သို့ဆိုလိုခဲ့သည်ကို သူ နားမလည်ခဲ့ပေ။
လီရှီရှုး အလွန်အမင်း ပူပန်သွားပြီး စမ်းချောင်းမှ လျင်မြန်စွာ ပြန်ပြေးလာခဲ့သည်။
သူ ကျင်းကျူးအတွက် ရှင်းပြချင်ခဲ့သော်လည်း ဂုဟန်၏ ရပ်တန့်ခြင်းကို ခံလိုက်ရသည်။
“နှစ်ဝက်ရှိသွားခဲ့ပြီဖြစ်ပေမယ့် မင်း ဘာတိုးတက်မှုမှ မရှိခဲ့သေးဘူး။ မင်းက ဓားသစ်သီးရဲ့အရိပ်ကိုတောင် မမြင်နိုင်သေးဘူး။”
ဂုဟန် ကျင်းကျူးကို အမူအရာကင်းမဲ့စွာကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းက စီနီယာဦးလေးမိုရဲ့ ဓားကို အသုံးပြုချင်တယ်လို့ ငါကြားခဲ့တယ်။ မင်းက အရည်အချင်းပြည့်မီတယ်လို့ မင်းထင်လား။”
ကျင်းကျူး ပြောလိုက်၏။
“အင်း”
***
ကမ်စပ်နားတွင် တိတ်ဆိတ်နေ၏။
တစ်စုံတစ်ယောက်သည် မနေနိုင်ဘဲ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်မိသည်။
လူများသည် ဂုဟန်၏ အပြစ်တင်ခြင်းအား ကျင်းကျူး မည်သို့မည်ပုံ တုံ့ပြန်မည်ဆိုသည်ကို တွေးထားကြသော်လည်း သူက စကားတစ်လုံးတည်းဖြင့် အဆုံးသတ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
“အင်း”ဟု ပြောလိုက်ချိန် သူ တွေးပင် မတွေးခဲ့ပေ။
ဂုဟန်၏ မျက်နှာ မဲမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
“ဆေးလုံးတွေကို အားကိုးပြီး ကောင်းကင်ဘုံကို သွားတဲ့ လမ်းစဉ်အပေါ် မင်း ဘယ်တော့မှ ခြေချလို့ရမနိုင်ဘူး။ မင်း ဒီအတွေးကို စွန့်လွှတ်သင့်တယ်။”
ဤတစ်ကြိမ် အဖြေပေးလိုက်သူမှာ ကျင်းကျူးမဟုတ်ဘဲ သိမ်မွေ့ပြီး ခမ်းနားထည်ဝါသော အသံဖြစ်၏။
“ကောင်းကင်ဘုံကို သွားတဲ့လမ်းက အများကြီးရှိတယ်။ ဘယ်နည်းလမ်းက မှန်ကန်သလဲဆိုတာ ဘယ်သူက ဆုံးဖြတ်နိုင်လို့လဲ။”
လူအုပ်ကြီး ပြန့်ကျဲသွားပြီး ဂုဟန်သည်လည်း အနည်းငယ် ဦးညွှတ်လိုက်သည်။
စကားပြောလိုက်သူမှာ ချင်းရောင်တောင်ထွတ်၏ စီနီယာဆရာသခင် မိန်းလီဖြစ်၏။ သူမ၏ မျက်နှာက နှင်းထဲရှိ ဆောင်းရာသီဇီးသီးပန်းပွင့်ကဲ့သို့ဖြစ်ပြီး လှပသော်လည်း အေးစက်သည့် ခံစားချက်ကို ထုတ်လွှတ်မနေပေ။
သူမ ဂုဟန်ကို ကြည့်နေပြီး ပြောလိုက်သည်။
“ဘယ်သူက မင်းကို ခေါ်ခဲ့ပါစေ ကျင့်ကြံခြင်းက မင်းအပေါ် မူတည်တယ်။ ကျင်းကျူး ဘယ်လိုကျင့်ကြံသလဲဆိုတာက မင်းနဲ့ ဘာမှမဆိုင်တာကြောင့် မင်း သူ့ကို ဂရုမစိုက်သင့်ဘူး။”
ဂုဟန် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
“ကျွန်တော် သူရဲ့သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်ဘူး။ ကျွန်တော် သူ့ပါးစပ်ကိုပဲ ထိန်းချင်တာပါ။”
လူအုပ်ကြီး နောက်တစ်ကြိမ်ပြန့်ကျဲသွားပြီး လဲလန်စီရင်စုမှ လူငယ်လေးယွမ်နှင့် ညီမငယ် ယုချန်းတို့က လင်းဝုကျိနှင့်အတူ အလျင်စလိုရောက်လာခဲ့သည်။
လင်းဝုကျိ ဂုဟန်ကို ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ညီငယ်လေးဂု ကျင်းကျူးက ငါ့အတန်းက ကျောင်းသားတစ်ယောက်ဖြစ်တယ်။ မင်း သူ့ကို ထိန်းချင်ရင်တောင် မင်း အလှည့်မဟုတ်ဘူး။”
ဂုဟန် သက်ပြင်းရှိုက်လိုက်ပြီး ကျင်းကျူးကို တခဏမျှ စိုက်ကြည့်လိုက်ကာ ထို့နောက် အပြင်ဘက်သို့ လှည့်ထွက်သွားခဲ့သည်။
“အခုကစပြီး မင်း ဘယ်လိုသွားမလဲ ဆုံးဖြတ်ပါ။”
သူ ဤစကားကို ကျင်းကျူးအား ပြောလိုက်ခြင်းမဟုတ်ဘဲ လီရှီရှူးအား ပြောလိုက်ခြင်းဖြစ်ပြီး အဓိပ္ပာယ်က ရှင်းလင်းလှသည်။
အကယ်၍ လီရှီရှူး သူ့နောက်မလိုက်ဘဲ ကျင်းကျူးနှင့် နေနေခဲ့ပါက သူ လျန်းဝမ်တောင်ထွတ်ကို တက်ရန် ကြိုးစားစရာမလိုတော့ပေ။
လီရှီရှူး ကျင်းကျူးကို ကြည့်လိုက်ပြီးနောက် အဝေးရှိ ဂုဟန်ကို လှည့်ကြည့်လိုက်ကာ သူ့မျက်နှာက တုံ့ဆိုင်းမှုနှင့် ရုန်းကန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ကျင်းကျူး လှည့်လိုက်ပြီး တခြားတစ်ဖက်ကို လျှောက်သွား၏။
သူ့နောက်ကျောကို ကြည့်ကာ ချင်းရောင်တောင်ထွတ်၏ စီနီယာဆရာသခင် မိန်းလီက အသိအမှတ်ပြုသည့် အမူအရာတစ်ခုကို ပြသလိုက်သည်။
“ကျင်းကျူး မင်း ကြိုးစားရမှာဖြစ်ပြီး ဓားကို ဖြစ်နိုင်သမျှ မြန်မြန်ယူရမယ်။”
သူမ အဝေးကို လျှောက်သွားနေသည့် ကျင်းကျူးကို ပြောလိုက်သည်။
ကျင်းကျူး လှည့်မကြည့်ခဲ့သလို လမ်းလျှောက်ခြင်းကိုလည်း မရပ်တန့်ခဲ့ပေ။
“အိုး… ဟုတ်ပြီ”
***
စမ်းချောင်း အကွေ့တွင် ပျောက်ကွယ်သွားသည့် ကျင်းကျူးကို ကြည့်ကာ စီနီယာဆရာသခင် မိန်းလီ မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားပြီး တစ်ခုခုကို တွေးတောနေသည်။
လင်းဝုကျိ သူမ ဘေးကို လျှောက်လာပြီး အပြုံးဖြင့် ပြောလိုက်၏။
“စီနီယာဆရာသခင် ချင်းရောင်တောင်ထွတ်ကလည်း ကျင်းကျူးကို စိတ်ဝင်စားတာလား။”
စီနီယာဆရာသခင်မိန်းလီ သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါက ဂိုဏ်းသခင်ရဲ့ အကြံဆိုရင် ငါတို့ ယှဉ်ပြိုင်မှာမဟုတ်ဘူး။”
လင်းဝုကျိ ပြောလိုက်၏။
“အဲဒါက စီနီယာဆရာသခင်မိုရဲ့ အကြံပဲ။ ကျင်းကျူးမှာ အခွင့်အရေးရှိသလား ဆိုတာကို သူ ကြည့်ချင်နေတယ်။”
စီနီယာဆရာသခင် မိန်းလီ သရော်လိုက်ပြီး ပြောလိုက်သည်။
“ဒါဆို မင်း တွေးစရာမလိုတော့ဘူး။ ကျင်းကျူးက အဲဓားကို ဆက်ခံနိုင်သရွေ့ သူက ငါတို့ရဲ့ ချင်းရောင်တောင်ထွတ်ကို သေချာပေါက် ဝင်ရောက်လိမ့်မယ်။ သူ့ရုပ်ရည်ကိုပဲကြည့်လိုက်၊ သူ ငါတို့ရဲ့တောင်ထွတ်ကို မလာရင် တခြားဘယ်နေရာကို သွားလို့ရမှာလဲ။”
သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် လမ်းခွဲသွားခဲ့ကြသည်။
အာအိုးယာမာဂိုဏ်းအတွက် ဓားဆက်ခံခြင်းပြိုင်ပွဲသည် တောင်ထွတ်များ၏ အမွေနှင့် ရင်းမြစ်များအပေါ် ကြီးမားသော လွှမ်းမိုးမှုရှိသည်။
အကယ်၍ သူတို့သည် တကယ့်ကို ထူးချွန်ပြောင်မြောက်သည့် တပည့်တစ်ယောက်ကို ရရှိနိုင်ခဲ့ပါက ဆယ်စုနှစ်အနည်းငယ်အတွင်း သို့မဟုတ် နှစ်ပေါင်း ရာချီအတွင်း ကျိုးပျက်နေသော ပင်လယ်အဆင့်တွင်ရှိသည့် နောက်ထပ်ဓားသမားတစ်ယောက်ကို ရရှိပေလိမ့်မည်။
အကယ်၍ သူတို့သည် ထိုထူးချွန်ပြောင်မြောက်သည့် တပည့်ကို လက်လွှတ်ခဲ့ပါက ဤဓားသမားကို အခြားဓားတောင်ထွတ်သို့ ပေးလိုက်ခြင်းနှင့် အလားသဏ္ဌာန်တူပေမည်။
ကျင်းကျူးက သာမန်မဟုတ်သည့် တပည့်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားသောကြောင့် မည်သူက သူ့ကို အာရုံမစိုက်ဘဲ ရှိမည်နည်း။ အကယ်၍ သူသည် နောက်ဆုံးတွင် အမှိုက်ကောင်ဖြစ်သည်ဟု သက်သေပြခဲ့ပါက အဆင်ပြေပေလိမ့်မည်။ သို့သော် ဓားဆက်ခံခြင်းပြိုင်ပွဲမတိုင်မီ နှစ်ဝက်ကျန်သေးပြီး နောက်ထပ် ဓားဆက်ခံခြင်းပြိုင်ပွဲ ရှိပေလိမ့်ဦးမည်။ မည်သူက မျှော်လင့်ချက်အားလုံးကို ကြိုတင်၍ စွန့်လွှတ်လိမ့်မည်နည်း။
အမွေဆက်ခံခြင်းကို မလိုအပ်ဘဲ ပါရမီရှင်များ လစ်လပ်မနေသည့် လျန်းဝမ်တောင်ထွတ်သာ ဂုဟန်ကဲ့သို့ တစ်စုံတစ်ယောက် ရှိနိုင်ပေလိမ့်မည်။
****
ချင်းရောင်တောင်ထွတ်၏ မိန်းလီနှင့် လင်းဝုကျိတို့က သူ့ကို ဘာကြောင့် ကူညီရန် ထွက်လာခဲ့ကြသည်ကို ကျင်းကျူး ရှင်းရှင်းလင်းလင်းသိသော်လည်း ဂရုမစိုက်ခဲ့ပေ။
သူ ခုချိန်အထိ မည်သည့်တောင်ထွတ်ကို သွားချင်သလဲ မသေချာသေးပေ။
ဂူဗိမာန်ထဲတွင် သူ လက်ဝါးဖြန့်လိုက်ပြီး လက်ဝါးထဲရှိ မိုးပြာရောင်ဆေးလုံးကို ကြည့်လိုက်ကာ တခဏမျှ တိတ်ဆိတ်နေသည်။
ဤဆေးလုံးကို ရွှမ်းကျီဆေးလုံး ဟု ခေါ်ပြီး ၎င်းက ပြီးပြည့်စုံသော ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆင့်ကို ရောက်နေသည့် တပည့်များ၏ ဓားဆေးလုံးကို တည်ငြိမ်အောင် ကူညီပေးနိုင်သောကြောင့် အလွန်ရှားပါးသည်။
မနေ့က ညီမငယ်ယုချန်းသည် သူ့ကို ဓားဆက်ခံခြင်းပြိုင်ပွဲအကြောင်း ပြောပြခဲ့ပြီး ရှီရှူးက ၎င်းကို လိုအပ်နိုင်သည်ဟု သူ တွေးခဲ့သောကြောင့် ယနေ့ သူ သွားခဲ့ခြင်းဖြစ်ပြီး ယနေ့ဖြစ်ရပ်များကို သူ ကြုံတွေ့ခဲ့ပေသည်။
သူ ထွက်ခွာမသွားမီ ဂုဟန် သူ့ကို ကြည့်လိုက်သည့် အကြည့်အကြောင်း တွေးတောကာ ကျင်းကျူး မျက်ခုံးအနည်းငယ် မြင့်လိုက်ပြီး သူ၏ လှပသော မျက်နှာအပေါ် အပြုံးရေးရေးလေးပေါ်လာကာ ရေရွတ်လိုက်သည်။
“စိတ်ဝင်စားစရာပဲ”
ကျင်းကျူးအတွက် ပျင်းရိငြီးငွေ့ခြင်းက ရှားပါးသော ခံစားချက်တစ်ခုဖြစ်ပြီး စိတ်ဝင်စားခြင်းကလည်း အတူတူပင်။
ဂုဟန် ထွက်ခွာမသွားမီ ကျင်းကျူးကို ဂရုတစိုက်ကြည့်ရှုခဲ့ကာ ထိုးဖောက်သိမြင်နိုင်သောဓားကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်၏ အတွင်းဘက်နှင့် အပြင်ဘက်တို့ကို စစ်ဆေးခဲ့သည်။
သူသည် ၎င်းကို အထက်စီးဆန်ပြီး ရန်လိုသော ပုံစံဖြင့် ပြုလုပ်ခဲ့ကာ ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ယောက်က မည်သည့်အကြောင်းပြချက်နှင့် မျှတမှုတို့မျှ မရှိဘဲ သူ့ငယ်သားကို ကြည့်နေသကဲ့သို့ဖြစ်သည်။
ကျင်းကျူး ဤသို့သော အရာတစ်ခုကို နှစ်ပေါင်းများစွာ မကြုံတွေ့ခဲ့ရပေ။
သူ ၎င်းကို အသားမကျခဲ့သလို သဘောမကျခဲ့ပေ။
အကယ်၍ နှစ်များစွာအကြာက သူ ဤသို့သော အရာမျိုးကို ကြုံတွေ့ခဲ့ရပြီး မပျော်မရွှင် ခံစားခဲ့ရပါက သူ ဘာလုပ်ခဲ့လိမ့်မည်နည်း။
ကျင်းကျူး တိတ်တဆိတ် ပြန်တွေးတောလိုက်သည်။
သေချာပေါက် သူ ယခု ၎င်းကို မပြုလုပ်နိုင်ပေ။
ဂုဟန်၏အမှားက သေရန် မထိုက်တန်ခဲ့ပေ။
သူသည် သတ်ဖြတ်ရခြင်းကို နှစ်သက်သည့်လူ မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ သူ သူ့ကို ဓားတစ်လက်ဖြင့် သတ်ရပေမည်…
ပထမဆုံး သူ့တွင် ဓားတစ်လက်ရှိရပေမည်။
သူ့တွင် အခု ဓား မရှိပေ။
ထို့အပြင် ဓားတစ်လက်မရှိဘဲ ဓားဆက်ခံခြင်းပြိုင်ပွဲတွင် သူ ပါဝင်၍ မရပေ။
ကြည့်ရသည်မှာ သူ တကယ်ဓားတစ်လက် လိုအပ်ပုံရ၏။
သူ့လက်ကောက်ဝတ်ရှိ လက်ကောက်က အနည်းကယ် တုန်ရီလာခဲ့သည်။
“ငါ မင်းကို သုံးလို့မရဘူး။”
ကျင်းကျူး ပြောလိုက်သည်။
“နောက်ပြီး မိုလေးကိုလည်း ငါ ကတိပေးထားတယ်။”
****
သူ့တွင် ဓားတစ်လက်ရှိရပေမည်။
ဓားတောင်ပေါ်ရှိ ထိုဓား…
********************************