အပိုင်း ၂၇ တောင်ပေါ်တွင် တစ်ခုခုဖြစ်သွားခြင်း
အဝေးတွင် ကျောင်းလေးယု ဓားစိတ်ဆန္ဒများ၏ ပြောင်းလဲမှုကို နောက်တစ်ကြိမ်ခံစားလိုက်ရ၏။ သူမ မျက်မှောင်ကြုပ်လိုက်ပြီး ၎င်းက ထိုတပည့်ငယ်နှင့် ဆက်စပ်နေမလားဟု တွေးတောလိုက်သည်။
တခဏကြာပြီးနောက် သူမ ခေါင်းခါလိုက်၏။
သူမသည် ဤဓားစိတ်ဆန္ဒများနှင့် အကြာကြီး အတူနေထိုင်ခဲ့ပြီး သူတို့တွင် ခံစားချက်ရှိသော်လည်း အသိစိတ်မရှိသည်ကို သိသည်။
အကယ်၍ ဤဓားစိတ်ဆန္ဒများ၏ ခံစားချက်များက သူမဆီသို့ ချစ်ခင်ခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ပြသခဲ့ပါက ထိုခံစားချက်များက ဘာဖြစ်ကြမည်နည်း… အညံ့ခံခြင်းလော။
ဓားစိတ်ဆန္ဒများသည် ဓားများကိုသာ အညံ့ခံကြလိမ့်မည်ဖြစ်ပြီး လူသားများကို ဘယ်တော့မှ အညံ့ခံကြလိမ့်မည်မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ တောင်ပေါ်တွင် နောက်ထပ်ကျော်ကြားသော ဓားတစ်လက် မွေးဖွားတော့မည်လော။
***
ဓားစိတ်ဆန္ဒများဖြင့် ပြည့်နေသည့် တောင်ထဲတွင် ကျင်းကျူး နောက်ဆုံးတွင် သူလိုချင်နေသည့် ဓားကို တွေ့လိုက်သည်။
ရာချီသော ဓားစိတ်ဆန္ဒများသည် သူ့ဆန္ဒကို ခံစားမိလိုက်ကြပြီး တဖြည်းဖြည်း ငြိမ်သက်လာခဲ့ကြကာ တောင်ဆီသို့ ပြန်သွားခဲ့ကြသည်။
ကျင်းကျူး ကမ်းပါးဆီ သွားလိုက်၏။
ဓားတစ်လက်က ထိုကမ်းပါးမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းက အနည်းငယ် ထူးဆန်းပုံရ၏။
ဓားသည် မဲနက်ပြီး မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုရှိသည်။ ၎င်းက အနည်းငယ် သာမန်ဖြစ်ပုံပေါ်၏။ ဓားစိတ်ဆန္ဒများ၏ သန့်စင်မှုတွင် ၎င်းသည် အခြားဓားများနှင့် နှိုင်းယှဉ်ပါက ထူးကဲပြောင်မြောက်ခြင်းမရှိပေ။
ဤသည်မှာ လွန်ခဲ့သည့်နှစ်ဝက်က ကွယ်လွန်သွားခဲ့သည့် ဆရာသခင်မို၏ ဓားဖြစ်သည်။
၎င်းက ကျင်းကျူး လိုချင်နေသည့် ဓားလည်းဖြစ်၏။
ကျင်းကျူး ဓားကိုယ်ထည်ကို ထိကြည့်လိုက်ပြီး ၎င်းက ကျယ်ပြန့်သည်ကို တွေ့လိုက်ရသည်။ သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
သူ ဓားကို ယူတော့မည့်အချိန်တွင် ရုတ်တရက် တစ်ခုခုကို တွေ့လိုက်ရပြီး အရှေ့ဘက်ကို ကြည့်လိုက်သည်။
***
တောင်ထိပ်တွင် ဓားစိတ်ဆန္ဒများသည် အလွန်အားကောင်းကြပြီး တိမ်တိုက်များက အလွန်ထူထပ်ကြကာ ကြယ်ရောင်များ မကျရောက်နိုင်ပေ။ ဓားသိစိတ်ဖြင့် တစ်စုံတစ်ခုကို မြင်တွေ့ရန် ခက်ခဲ၏။
ဤနေရာရှိ ပတ်ဝန်းကျင်ကို တကယ့်ကို မဲမှောင်သည်ဟု ပြော၍ရသည်။
မီတာသုံးရာကျော်အကွာအဝေးရှိ မြင်ကွင်းကို မြင်နိုင်ရန် လူတစ်ယောက်သည် အနည်းဆုံး မရှုံးနိမ့်နိုင်သော အဆင့်ကို ရောက်နေရပေမည်။ ထို့ထက်ပို၍ မြင်ချင်ပါက လူတစ်ယောက်သည် ပိုမြင့်သော အဆင့်ကို ရောက်နေရပေမည်။
ကျင်းကျူးအတွက် ဤသည်က ပြဿနာတစ်ခုမဟုတ်ပေ။ သူ့အဆင့်သည် နိမ့်နေသေးသော်လည်း ဓားစိတ်ဆန္ဒများက သူ့ကို မသက်ရောက်နိုင်ကြပေ။ ထို့အစား သူတို့က သူ့ကို ရှင်းလင်းစွာ မြင်နိုင်စေရန် ကူညီကြ၏။
ကမ်းပါးရှေ့ သံမဏိသိမ်းငှက်တစ်ကောင် ဆင်းသက်လာသည်ကို သူ တွေ့လိုက်ရသည်။
သံမဏိသိမ်းငှက်များသည် ဓားတောင်ပေါ်တွင် ရှင်သန်နိုင်သည့် တစ်ခုတည်းသော သက်ရှိသတ္တဝါဖြစ်သည်။
သံမဏိသိမ်းငှက်များ၏ အမွေးအတောင်များသည် သံမဏိထက် မာကျောကြပြီး ၎င်း၏ အရိုးများက ဝိဉာဉ်ကျောက်တုံးများကဲ့သို့ ဖြစ်ကြသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မြှားများနှင့် လေးများအတွက် အဖိုးတန်ဆုံး ပစ္စည်းဖြစ်သည်။
၎င်းကို စစ်ရေးတွင် အသုံးပြု၍မရသည့်အချက်နှင့် အာအိုးယာမာဂိုဏ်း၏ ကာကွယ်ရေးငှက်အဖြစ် မှတ်ယူထားသည့် အချက်တို့ကြောင့်မဟုတ်ခဲ့ပါက ဤရှားပါးသော ငှက်မျိုးစိပ်သည် တော်ဝင်ရုံးတော်၏ မျိုးတုံးသည်အထိ အမဲလိုက်ခြင်းကို ခံခဲ့ရပေလိမ့်မည်။
ထိုသည်မှာ ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များ ရထားသည့် သိမ်းငှက်လေးတစ်ကောင်ဖြစ်၏။ ၎င်းသည် ထိုကမ်းပါးအပေါ် ရုန်းကန်နေသော်လည်း မရပ်နိုင်ခဲ့ပေ။ ၎င်း၏ ဗိုက်က သွေးများ အဆက်မပြတ်စီးကျနေ၏။
ဤသိမ်းငှက်ငယ်လေးက အပြင်ဘက်လောကရှိ ရန်သူ၏ ဓားပျံကြောင့် ဒဏ်ရာကခဲ့သလား သို့မဟုတ် တောင်ထိပ်ရှိ ဓားသန္ဓေသား မွေးဖွားလာခြင်းကြောင့် ဒဏ်ရာရသွားသည်အထိ ကံဆိုးခဲ့သလား မသိရပေ။
ကျင်းကျူး တွေးလိုက်၏။
လောကရှိ အရာရာတိုင်းတွင် ၎င်းတို့၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းလမ်းကြောင်း ရှိကြသည်။ သူ ဤကိစ္စတွင် ဝင်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။ သူ နောက်ထပ် ဘာဖြစ်မည်ကိုသာ ကြည့်ချင်ပေသည်။
ကျောင်းလေးယု ထိုကမ်းပါးပေါ် ထိုင်နေ၏။
သူမသည် ကျင့်ကြံခြင်း၏ အရေးကြီးဆုံးသော အခိုက်အတန့်ကို ရောက်နေပြီး စိတ်ရှိတိုင်း မထနိုင်ပေ။
သူမ ထိုရုန်းကန်နေသည့် သံမဏိသိမ်းငှက်ကို တိတ်တဆိတ်ကြည့်နေသည်။ သူမ၏ မျက်လုံးထဲတွင် သနားခြင်း သို့မဟုတ် တခြားခံစားချက်များ ရှိမနေပေ။
ကျင်းကျူး သူမကို တိတ်တဆိတ်ကြည့်လိုက်၏။
ကျောင်းလေးယု လှုပ်ရှားသွားသည်။
သူမ ခေါင်းမော့လိုက်ပြီး အစိမ်းရောင် ဓားအလင်းရောင်တစ်ခုက သူမ၏ လက်မောင်းအိုးထဲမှ ထွက်လာကာ ထိုသိမ်းငှက်ငယ်၏ ရှေ့ကို ရောက်ရှိလာသည်။
ကျင်းကျူး သူ့မျက်ခုံးကို အနည်းငယ် မြင့်လိုက်၏။
သူမ ဓားကို မောင်းနှင်လိုက်သည့် နည်းလမ်းမှနေ၍ သူမသည် စိတ်ဆန္ဒဆက်ခံခြင်းအဆင့်ကို အမှန်တကယ် ဝင်ရောက်သွားပြီဖြစ်သည်။
သူမက တာအိုအမျိုးအစားဖြင့် မွေးဖွားလာသည်မှာ အံ့အားသင့်စရာမရှိပေ။ သို့သော် သူမက ဘာကြောင့် ဤအမှန်တရားအား ဖုံးကွယ်ထားခဲ့သည်ကို သူ မသိပေ။ ယခုချိန်အထိ ထိုအကြောင်းကို အာအိုးယာမာဂိုဏ်းတွင် မည်သူမျှ မသိပေ။
ကျောင်းလေးယု ထိုသံမဏိသိမ်းငှက်လေးကို မြန်မြန်သေခွင့်ပေးရန် မသတ်ခဲ့ပေ။
ထိုအစိမ်းရောင်ဓားက လေကို ထိုးခွဲပြီး ပြန်လာခဲ့ကာ ထိုသိမ်းငှက်လေးကို ပြန်ယူလာခဲ့သည်။
သူမ သူမ၏အဝတ်စတစ်စကို ဆွဲဖြဲလိုက်ပြီး ထိုသံမဏိသိမ်းငှက်အား ဂရုတစိုက် ပတ်တီးစည်းပေးလိုက်၏။
ဤအရာကို မြင်သည်နှင့် ကျင်းကျူး ခေါင်းခါလိုက်ပြီး အဝေးရှိ နေရာတစ်နေရာကို ကြည့်ရန် ခေါင်းမော့လိုက်သည်။
မီးခိုးရောင်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ပေတစ်ထောင်အဝေးရှိ ကမ်းပါးယံအပေါ် ပေါ်လာခဲ့သည်။
မဲမှောင်ပြီး ဓားစိတ်ဆန္ဒများ ပြည့်နေသည့် တောင်ထိပ်ပေါ်တွင် ကျောင်းလေးယု သူမ၏အဆင့်ကြောင့် သူ့ကို မြင်နိုင်ခဲ့လောက်မည်မဟုတ်ပေ။
သူမ ခေါင်းငုံ့ထားပြီး သိမ်းငှက်ငယ်ကို ဆက်လက်ပတ်တီးစည်းပေးနေခဲ့၏။ သူမအလုပ်ပြီးသွားသောအခါမှသာ သူမ ခေါင်းမော့ခဲ့ပြီး ထိုနေရာကို ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူမ တစ်ဖက်လူကို တွေ့ရှိသွား၏။
“မင်းက တကယ့်ကို တာအိုအမျိုးအစားနဲ့ မွေးဖွားလာတဲ့ ဓားပညာရပ်မှာ ရှားပါးတဲ့ပါရမီရှင်တစ်ယောက် ပီသပါပေတယ်။ မင်းက ဒီလောက်အဝေးကနေ ငါ့ကို အမှန်တကယ် တွေ့ရှိနိုင်တယ်။”
ထိုမီးခိုးရောင်ဝတ် သက်လတ်ပိုင်းအရွယ် ကျောင်းလေးယုကို ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“လျန်းဝမ်တောင်ထွတ်ပေါ်က အဲကောင်တွေ မင်းကို အရူးအမူးဖြစ်နေကြတာ မအံ့ဩတော့ဘူး။”
“ရှင်က ဘယ်သူလဲ”
ညအမှောင်ထုထဲရှိ တစ်ဖက်လူရှိနေသည့် နေရာကို ကြည့်နေကာ ကျောင်းလေးယု မေးလိုက်သည်။
မီးခိုးရောင်ဝတ် သက်လတ်ပိုင်းအရွယ် ပြောလိုက်၏။
“ငါ့မျိုးရိုးနာမည်က ဇိုး”
တခဏတိတ်ဆိတ်နေပြီးနောက် ကျောင်းလေးယုပြောလိုက်သည်။
“ရှင်က ဘီးဟူတောင်ထွတ်ရဲ့ စီနီယာဆရာသခင်ဇိုးပဲ”
ဤဆရာသခင်ဇိုးသည် သူ့နောက်ကျောပေါ် ဓားတစ်လက်ကို မသယ်ဆောင်ထားသောကြောင့် သူသည် မရှုံးနိမ့်နိုင်သော အဆင့်တွင် ရောက်နေသည့် ဓားသမားတစ်ယောက် ဖြစ်ရပေမည်။
ကျောင်းလေးယု၏ လက်ထဲရှိ သိမ်းငှက်လေးကိုကြည့်ကာ ဆရာသခင်ဇိုးပြောလိုက်သည်။
“ဒီကောင်လေးက မင်းရဲ့ ကျင့်ကြံခြင်းကို မနှောက်ယှက်ခဲ့ပေမယ့် မင်းရဲ့ အဆင့်ကို ဖော်ထုတ်ခဲ့တယ်။ မင်းက မင်းရဲ့ တကယ့်အဆင့်ကို ဖုံးကွယ်ထားပြီး ဒီလောက်ငယ်ရွယ်တဲ့ အသက်အရွယ်မှာ စိတ်ဆန္ဒဆက်ခံခြင်းအဆင့်ကို ရောက်ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက တကယ့်ကို အံ့အားသင့်စရာပဲ။”
ကျောင်းလေးယု ဒဏ်ရာရထားသည့် သိမ်းငှက်ငယ်ကို နောက်သို့ ပို့လိုက်ပြီး မဖြေခဲ့ပေ။
ဆရာသခင်ဇိုး ဆက်ပြောလိုက်၏။
“အခု ငါ ကိစ္စနှစ်ခုကို သိချင်တယ်။ ပထမ ဘယ်တောင်ထွတ်က ဓားဆက်ခံခြင်းတပည့်အဖြစ် မင်းကို ရွေးချယ်ထားတာလဲ။ ဂိုဏ်းသခင်ပဲလား။ ဒုတိယ ဒီည မင်း တိတ်တဆိတ် မသေခဲ့ရင် ကျင့်ကြံခြင်းသမိုင်းမှာ မင်း ဘယ်လို သမိုင်းမျိုးတွေ ရေးထိုးမလဲဆိုတာ ငါ မသိဘူး။ ဒီအကြောင်း တွေးကြည့်ရင် ငါ မင်းသေတာကို ကြည့်ချင်နေပြီ။”
သူ ကျောင်းလေးယုကို သတ်ရန် လာခဲ့ပေ၏။
အာအိုးယာမာဂိုဏ်းသည် ကျောင်းလေးယုကို ရတနာတစ်ပါးအဖြစ် သဘောထားခဲ့သော်လည်း တစ်စုံတစ်ယောက်က သူမကို သတ်ချင်နေခဲ့သည်လော။
ကျင်းကျူး အမှာင်ထုထဲတွင် ရပ်နေကာ အဝေးရှိ ထိုလူကို ကြည့်လိုက်ပြီး စကားဝိုင်းကို နားထောင်ကာ ခေါင်းရှုပ်သွားခဲ့သည်။
‘ဒီလူက တခြားဂိုဏ်းက သူလျှိုတစ်ယောက်လား။ ဒါမှမဟုတ် သူက အာအိုးယာမာဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ ကျောင်းဂီမြို့က လူသတ်သမားတစ်ယောက်လား။’
ယွမ်ချီကျင်း စောင့်ကြပ်နေသည့် နေရာတစ်ခုတွင် သူလျှိုတစ်ယောက် မည်ကဲ့သို့ ရှိနေရသနည်း။ ဤသည်က တကယ့်ကို မယုံနိုင်စရာပင်။
ဘီးဟူတောင်ထွတ်မှ ဆရာသခင်ဇိုးသည် သူ့ခံစားချက်များကိုသာ ဖော်ပြနေခြင်းဖြစ်ပြီး ကျောင်းလေးယု၏ အဖြေကို မမျှော်လင့်ပေ။
ဤအသံနှင့်အတူ အားနည်းသော်လည်း အေးစက်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ပေသုံးရာကျော် အဝေးတစ်နေရာမှနေ၍ ကျောင်းလေးယုအပေါ် ကျဆင်းလာခဲ့သည်။
သူသည် မရှုံးနိမ့်နိုင်သော အဆင့်ကို ရောက်နေသည့် ဓားသမားတစ်ယောက်ဖြစ်သော်လည်း သူ့ထက်များစွာ အားနည်းသည့် တပည့်ငယ်တစ်ယောက်ရှေ့တွင် သတိကြီးစွာ ပြုမူခဲ့သေးသည်။ အကြောင်းမှာ သူ သတ်ချင်သည့် ပုဂ္ဂိုလ်က ကျောင်းလေးယုဖြစ်သောကြောင့်ဖြစ်၏။
ကျောင်းလေးယု၏ တကယ့်အဆင့်က စိတ်ဆန္ဒဆက်ခံခြင်းအဆင့်ဖြစ်သည်ကို သူ သိရှိခဲ့ပြီးဖြစ်သောကြောင့် ကျောင်းလေးယုမှ ပေသုံးရာအတွင်း သူ လာလိမ့်မည်မဟုတ်ပေ။
စိတ်ဆန္ဒဆက်ခံခြင်းအဆင့်တွင် ရှိနေသည့် လူတစ်ယောက်အတွက် ဓားပျံဖြင့် ရန်သူကို သတ်ဖြတ်နိုင်သည့်အကွာအဝေးက ပေသုံးရာအတွင်းဖြစ်သည်။
သူမက မည်မျှ ပါရမီရှိပါစေ ကျောင်းလေးယုသည် ဤအကွာအဝေးမှ သူ့ကို မတိုက်ခိုက်နိုင်ပေ။
ထိုအကွာအဝေးတွင် မရှုံးနိမ့်နိုင်သော အဆင့်ကို ရောက်နေသည့် ဇိုးစီတျန်းသည် သူ့ရန်သူကို သတ်ဖြတ်ရန် လက်တစ်ချက်ဝေ့ရုံသာ လိုအပ်သည်။
ဤသည်က ရင်ခုန်စရာမကောင်းသည့် တိုက်ပွဲတစ်ခုဖြစ်ပေလိမ့်မည်။
ကျင်းကျူး ညကောင်းကင်ယံကို ကြည့်လိုက်ကာ ဓားပျံက သတင်းစကားကို အချိန်မီပို့နိုင်လိမ့်မည်မဟုတ် ဟု အတည်ပြုလိုက်သည်။
“ရှင်ဆိုလိုတဲ့အရာကို ကျွန်မ နားမလည်ဘူး ဆရာသခင်”
ကျောင်းလေးယု ကမ်းပါးနံရံရှိ ထိုဂူထဲတွင် ထိုင်နေသေး၏။ ဓားစိတ်ဆန္ဒကို ယဉ်ပါးအောင်လုပ်ခြင်းက အရေးကြီးသော အခိုက်အတန့်ကို ရောက်နေသောကြောင့် သို့မဟုတ် သူမက လက်လျှော့လိုက်ပြီဖြစ်သောကြောင့် သူမက ထွက်ခွာ၍ မရခြင်းလား မရှင်းလင်းပေ။
“ငါ အမှုမဲ့အမှတ်မဲ့ရောက်လာခဲ့ပေမယ့် အနည်းဆုံး ငါဘာလို့ ထွက်ခွာလာသလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ သိဖို့ လိုအပ်တယ်။”
ဆရာသခင်လု ပြောလိုက်၏။
“ငါ မင်းကို သတ်ချင်တဲ့အကြောင်းပြချက်က မင်း အဲဒီကိစ္စတွေကို စုံစမ်းနေတာကြောင့်ပဲ။”
ကျောင်းလေးယု ပြောလိုက်သည်။
“ရှင် ဘာအကြောင်း ပြောနေသလဲ ကျွန်မမသိဘူး။”
ဆရာသခင်လု ပြောလိုက်၏။
“မင်း အဲကိစ္စတွေကို မစုံစမ်းသင့်ဘူး။ မင်းက အဲကိစ္စတွေကို စုံစမ်းဖို့ အရည်အချင်း မပြည့်မီဘူး။”
တိတ်တဆိတ် ကျောင်းလေးယု သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဆိုတော့… တကယ်ပဲ တစ်ခုခုရှိနေတာပေါ့။”
“ဒါပေါ့။ ဒီလိုမှမဟုတ်ရင် တောင်သခင်က ဘာလို့ ရူးသွားမှာလဲ။ မင်းကို သတ်ဖို့အထိ ငါ ဘာလို့ စွန့်စားမှာလဲ။”
ဆရာသခင်ဇိုး သူမကို ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“တကယ်တော့ ငါနားမလည်ဘူး။ မင်းမှာ တောက်ပတဲ့အနာဂတ်ရှိတယ်။ မင်းဘာလို့ ဒီကိစ္စကို သုံးနှစ်လောက် စုံစမ်းနေခဲ့ရတာလဲ။ မင်း ဘယ်လို သိခဲ့တာလဲ။ မင်း ဘာလို့ စုံစမ်းချင်တာလဲ။ နောက်ပြီး… မင်း ဘာကို သိချင်တာလဲ။ တကယ်လို့ ငါ့မှာ ကန့်လန်ကာနောက်ကွယ်ထဲက လူတွေထဲမှာ မိတ်ဆွေဟောင်းတစ်ယောက်မရှိခဲ့ရင် စုံစမ်းစစ်ဆေးနေခဲ့တာက မင်းဖြစ်တယ်ဆိုတာ ငါ သိခဲ့မှာမဟုတ်ဘူး။”
သူ့လေသံက နောင်တရားနှင့် သနားမှုတို့ဖြင့် ပြည့်နေသည်။ ထိုသည်မှာ သူက ကျောင်းလေးယုအား အမှန်တကယ် မသတ်ဖြတ်ချင်ပုံပင်။
တိတ်တဆိတ် ကျင်းကျူး ဘာမှမပြောဘဲ နားထောင်နေခဲ့သည်။ သူ သူ့ကိုယ်သူပင် မဖော်ပြခဲ့ပေ။
“ကျွန်မကို သတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်တွေကို ရှင်တွေးခဲ့ဖူးလား။”
ညကောင်းကင်ယံကို ကြည့်နေစဉ် ကျောင်းလေးယု ပြောလိုက်၏။
သူမသည် အာအိုးယာမာဂိုဏ်း၏ တန်ဖိုးထားရသော အနာဂတ်ဖြစ်ပြီး တောင်ထွတ်တစ်ခုနှင့် နက်ရှိုင်းသော ဆက်နွယ်မှုရှိသည်။
မီးခိုးရောင်ဝတ်လူသည် သူမ၏ စီနီယာဆရာသခင်ဖြစ်ခဲ့လျှင်ပင် သူ သူမကို တိုက်ခိုက်ရဲခဲ့ပါက သူ့တွင် ဆိုးရွားသော အဆုံးသတ်တစ်ခုရှိသွားပေလိမ့်မည်။
ဆရာသခင်ဇိုး သက်ပြင်းချလိုက်၏။
“ငါတို့က ဒီထက်အများကြီးဆိုးတဲ့ ကိစ္စတွေကို လုပ်ခဲ့တယ်။”
******************************